Sunday, October 9, 2011

မှောင်နေသော လင်းလင်းကြီးနှင့် လူမည်းဖြစ်သွားသည့် တရုတ်များ


မသီတာက “မိုးတွေရွာမှဖြင့်” တွင် “ဘာမှ မသဲမကွဲသော မှောင်နေသည့် လင်းလင်းကြီး” ဟုရေး၍ ကိုညီလင်းသစ်က “…ဒါမှ မဒန်ရင် ဘယ်ဟာက ဒန်ဦးမှာလဲ…” ဟု မှတ်ချက်ပေးတော့ အူတက်အောင် ရယ်မိသည်။ နောက်တော့ “အကယ်၍များ လကွယ်ညသန်းခေါင်ယံ မိုးသားတွေအပြည့်ဖုံးနေတဲ့ တောအုပ်အလယ်မှာ လျှပ်စီးတချက် လင်းကနဲလက်လိုက်လျှင် စူးစူးလင်းလင်းကြီးဖြစ်သွားပေမယ့်၊ အချိန်က တိုလွန်းတော့ ဘာမှ သဲသဲကွဲကွဲ မမြင်လိုက်ရ။ ဒီလိုမျိုးလား…” ဟု စာရေးဆရာမကြီးကို မေးကြည့်တော့ “မဟုတ်”ဟု ခပ်ပြတ်ပြတ် ဆိုသည်။ ရသစာပေ ခံစားမှုအားနည်းသော ကျွန်တော်က ကိုယ်နားလည်နိုင်သော အရာမျိုး မဟုတ်ဟုသာ မှတ်ချက်ချလိုက်ရ၏။

မနက်လင်းတော့ နံနက်စာစားရင်း မဂ္ဂဇင်းအဟောင်းတခုကို လှန်ကြည့်မိရာ စာတစ်ပုဒ်ကို ဖတ်မိ၏။
“လူသားအစ မြန်မာမှ” ဟူသော အယူအဆကို ကမ္ဘာက လက်ခံလာချိန်တွင် “မြန်မာအစ မြန်မာက” ဟူသော အယူအဆသည် မြန်မာသမိုင်းနယ်ပယ်၊ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ရှေးဟောင်းသုတေသန နယ်ပယ်များတွင် ပို၍ ပို၍ ခိုင်မာလာခဲ့ပြီ။ ယခင်က “မြန်မာအစ တကောင်းက” “မြန်မာအစ ကျောက်ဆည်က” ဟူသော အယူအဆများရှိခဲ့ပါသည်။ (ယဉ်ကျေးမှုမဂ္ဂဇင်း - စာမျက်နှာ ၅၃။ ၂၀၀၄-ခုနှစ် ဧပြီလ)


လူသားအစ မြန်မာမှဟူသော အယူအဆကို ကမ္ဘာက ဘယ်အချိန်တွင် လက်ခံလိုက်မှန်းတော့ မသိပါ။ သတင်းတွေ သိပ်မဖတ်၍ ဖြစ်ပါလိမ့်မယ်။ ဤအယူအဆအား ၂၀၀၃-ခုနှစ်၊ နိုဝင်ဘာလ ၁၁-ရက်နေ့တွင်ထုတ်သော ထုတ်ဝေသော PNAS: Preceeding of National Academy of Science ဂျာနယ် အတွဲ (၁၀၀) အမှတ် (၂၃)၊ စာမျက်နှာ ၁၃၁၇၃-၁၃၁၇၈ တွင် “The Anthropoid Status of a Primate from the late middle Eocene Pondaury Formation (Central Myanmar): Tarsal evidence” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်ဟု ဆိုပါသည်။ အကယ်၍ ဤအယူအဆကို ကမ္ဘာက လက်ခံလိုက်ပြီဆိုလျှင်လည်း၊ မြန်မာအစ မြန်မာကဟူသော အဆိုအား ပို၍ ခိုင်မာအောင် သက်သေပြနေရန်ပင် လိုမည် မထင်တော့။

ရှေးကတော့ မြန်မာလူမျိုးတို့သည် သာကီဝင်နွယ်ဖွား၊ တကောင်း အဘိရာဇာမှ ဆင်းသက်လာခဲ့သည်ဟူသော အယူအဆ ရှိခဲ့ကြသည်။ ကုလားဟူသော စကားသည်ပင် “ကုလ” (အမျိုးအနွယ်) ဟူသည့် စကားက ဆင်းသက်လာသည် ဆို၏။ အချို့ကလည်း ကုလားဟူသော “ကာလ (ကာဠ) - အမည်း” မှဆင်းသက်လာ၍ အသားအရောင်မည်းသော လူမျိုးဟု ဆိုသည်။ အိန္ဒိယ ရုပ်ရှင်ကားတစ်ခုတွင် အာဖရိကလူမည်းများအား “ကလား” ဟု သုံးနှုန်းသွားသည်ကို တွေ့မိ၍ ဒုတိယအယူအဆက ပို၍ မှန်နိုင်သည်ဟု ထင်မိ၏။ ကျောင်းသားဘဝက သမိုင်းသင်ခန်းစာများတွင် မြန်မာတို့သည် တိဗက်မြန်မာ အုပ်စုမှဆင်းသက်လာသည်ဟု သင်ခဲ့ရသည်ကိုလည်း မှတ်မိသည်။ မြန်မာစကားတွင် တိဗက်စကား အရိပ်အငွေ့များ တွေ့ရသည်ဟုလည်း ပညာရှင်တို့က ဆို၏။ တရုတ်ဟူသော စကားနှင့်စပ်၍ “တရုတ်တရက်တို့ နှောက်ယှက်လေသောကြောင့်…” ဟု ရာဇဝင်ကျမ်းများတွင် အစောဆုံး စတင် သုံးနှုံးထားသည်။ ဤတွင် “တ” က အလွန်အမင်းဟု အဓိပ္ပါယ်ရ၍ “ရုတ်ရက်” ဟူသော စကားက “ရှုတ်ထွေးအောင် နှောက်ယှက်ခြင်း” ဟု အဓိပ္ပါယ်ရသော တိဗက်စကားက ဆင်းသက်လာသည်ဟု BBC အသံလွင့်ဌာနမှ လွှင့်သွားသည့် အလင်္ကာပုလဲပန်း အစီအစဉ်တခုတွင် နားထောင်ဖူး၏။ မြန်မာလူမျိုးတို့သည် ကုလားမှ ဆင်းသက်လာသလော၊ တိဗက်မှ ဆင်းသက်လာသလော၊ တရုတ်မှ ဆင်းသက်လာသလော၊ သို့တည်းမဟုတ် မြန်မာ, ကုလား, တရုတ်မကျန် လူသားမှန်သမျှသည် မြန်မာမှပင် ဆင်းသက်လာလေသလော။ ရှေးမြန်မာသတ်ပုံကျမ်း တစ်စောင်တွင် (ဝဏ္ဏဗောဓနသတ်အင်းလား၊ ဝေါဟာရလီနတ္ထပကာသနီလား မမှတ်မိတော့) လူသားတို့သည် ဗြဟ္မာကြီးလေးဦးမှ ဆင်းသက်လာ၍ ဗြဟ္မာ၊ ဗြမာ၊ ဗမာဟု ရေးမှ အမှန်ဟု ဖတ်ဖူး၍ “လူသားအစ ဗမာက” ဟု ရေးသင့်သလော။ ရှေးဟောင်းသုတေသနတို့ ဘာသာဗေဒတို့နှင့် အလှမ်းဝေး၍ မိမိ နားလည်နိုင်သော အရာမဟုတ်ဟုသာ မှတ်ချက်ချရ ပြန်၏။

တီဗွီသတင်းကို ဖွင့်၍ နားထောင်လိုက်တော့ တောင်အာဖရိကနိုင်ငံမှာ တရုတ်လူမျိုးတွေကို လူမည်းအဖြစ် သတ်မှတ်လိုက်ကြောင်း ကျေညာသွားသည်။ “ဟာ… ငါ ဒီနေ့ ဉာဏ်မမီတာတွေ ချည်း တွေ့နေရပါလား” လို့ ပြူးတူးပြဲတဲ သတင်းကို နားထောင်လိုက်သည်။ တောင်အာဖရိကနိုင်ငံများတွင် အခြေချနေထိုင်ခဲ့ကြသော တရုတ်လူမျိုးများသည် အာဖရိကလူမည်းများနည်းတူ အသားအရောင်ခွဲခြားမှု ဒဏ်ကြောင့် အခွင့်အရေးများ ဆုံးရှုံးခဲ့ကြရသဖြင့် ယခုကဲ့သို့ အသားအရောင်ခွဲခြားမှုကို ပယ်ဖျက်လိုက်ပြီး၊ နစ်နာခဲ့သူများအား အခွင့်အရေးများပြန်လည်ပေးရာတွင် တရုတ်လူမျိုးများလည်း အာဖရိကလူမည်းများနည်းတူ အကျိုးခံစားခွင့်ရရှိစေရန် ဤသို့ သတ်မှတ်လိုက်သည် ဆို၏။ တရုတ်တွေကို လူမည်းလို့ မသတ်မှတ်ဘဲ ဤအခွင့်ရေးများအား ပေး၍ မဖြစ်လေသလော…။ ဥပဒေပညာဆိုတာကို အလွန်ပျင်းစရာကောင်းသည့် ဘာသာရပ်တခုအဖြစ် သတ်မှတ်ထားသော ကျွန်တော့်အတွက် ကိုယ်နားမလည်သော အရာစာရင်းတွင် သွင်းလိုက်ရပြန်ပါသည်။

14 comments:

ShwunMi- said...

ဘာမှ မသဲကွဲသော မှောင်နေသည့် ဟင်းလင်းကြီး ဟု ဖြည့်တွေးပေးပါရန် ..

=)
ဒီနေ့အဖို့ အမြင့်စားတွေ ဖတ်လိုက်ရတယ်..

Maung Myo said...

ဇစ်မြစ်ကိုလိုက်ရင်တော့ တော်တော် ရှုပ်မယ့် သဘောပဲ ခုတောင် မူးတူးတူးနဲ့း)

မဓောဝီ said...

မှောင်နေသော လင်းလင်းကြီးမှသည် ကိုဧရာတယောက် ဖြန့်ကျက် အတွေးဆန့်လိုက်သည်မှာ မြန်မာအစ ဘာညာက အစချီ၍ တရုတ် ကုလား ဝေါဟာရ ရာဇ၀င် အလယ် ... နောက်ဆုံး တရုတ်လူမည်း အကြောင်းတွင် နိဂုံးချုပ် သွားလေသတည်း။

Anonymous said...

I can't stop loughing....Ko Ayar.Though you are not good at in archaeology and linguistics{as you said},it gave me so many things.MAY i add a scentence at the end of your post,
I KNOW THAT I KNOW NOTHING:}
Gyidaw

စုချစ် said...

ရေးထားတာကို နားမလည်ဘူး... ဒါပေမယ့် နားလည်တယ် လို့ ထင်တယ် ဆရာ... နားမလည်စွာ နားလည်ခြင်းလို့ပဲ ပြောလို့ ရမလား မသိ....စုချစ်

seesein said...

အခုတလော ဥာဏ်မမီတဲ့စာတွေချည်း ဖတ်နေရပါတကားးးးးးးး
ကျွန်တော်အတွက် ကိုယ်နားမလည်သော အရာစာရင်းတွင် သွင်းလိုက်ရပြန်ပါသည်....
အဲလို အမှန်တွေရေးရေးနေလို့ ဖတ်ရတာ ကြိုက်တာဗျို့။ အဟက်...ဟက်..

sosegado said...

ကျနော်လည်း အဲဒီသတင်းကိုကြည့်ပြီး စဉ်းစားနေတာ တရုတ်တွေ အဖြူကနေ အမည်းပြောင်းသွားလို့၊
သူ့အရပ် သူ့ဇာတ်ပေါ့။

kay said...

ကိုဧရာ ပြောမှ
၂၁ ရာစု အသားအရောင်ခွဲခြားမူ အသစ် အကြောင်း သိတော့တယ်။
အော..ကမ္ဘာကြီး ပြောင်းလဲ နေပုံ များ..
ဗြဟ္မာကြီး တွေ မြင်ရင် တော့..အော်ရီ ချင် မှာပဲ..
ဗြဟ္မာကြီး တယောက်က.. ဗမာ ပြည်က..မိုင်ဂရန့် လုပ်လာတာတဲ့..။ :D

ညီလင်းသစ် said...

မနေ့ကတည်းက လာဖတ်သွားတာ..၊ မမန့်ဖြစ်ခဲ့လို့သာ၊ မသီတာရဲ့ အဲဒီ “မသဲမကွဲ မှောင်နေသော လင်းလင်းကြီး” ကိုဖတ်ပြီး “မျက်စိ ကျိန်းလောက်အောင် စူးရှတောက်ပသည့် အမှောင်” လို့ ရေးရင်ကော ဆိုပြီး လျှောက်တွေးနေ မိတယ်၊ မသီတာရဲ့ အနုပညာ မှော်အပြည့်နဲ့ စာတစ်ကြောင်းက ကျနော့်ဦးနှောက်ကို ၄၈ နာရီနီးပါး သိမ်းပိုက်လိုက်တာ ပဲဗျ၊း) အသားအရောင် ခွဲခြားမှုကို အမည်းဖက်ကနေ တခါမှ မတွေးမိဘူး၊ ဒါလည်း ဟုတ်တာပဲ၊ The Day After Tomorrow ထဲကလို မုန်တိုင်းကြောင့် အမေရိကန်တွေ မက္ကဆီကို ဖက်ကို တရားမဝင် နယ်ခြားဖြတ်ကျော် သလိုမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆောင်းပါးတစ်ပုဒ်မှာ မြတ်စွာဘုရားတို့ရဲ့ မျိုးဆက်ဟာ မြန်မာပြည်ကနေ အိန္ဒိယကို ရောက်သွားတာ ဖြစ်နိုင်ကြောင်း ဖတ်ခဲ့ဖူးတယ်။
နောက် ဥတေနမင်းကြီးဟာ ရှမ်းလူမျိုးဖြစ်နိုင်ကြောင်း ရှမ်းရာဇဝင်တစ်ချို့မှာ ဖတ်ဖူးတယ်
လူတစ်မျိုးနဲ့တစ်မျိုး ကိုယ်သန်ရာသန်ရာ ထင်မြင်ယူဆကြတော့ ကွဲလွဲတဲ့ ရာဇဝင်တွေ ရှိနေတတ်ကြတယ်နော်
ကမ္ဘာအစ မြန်မာက ဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာဘဲနော
မဖြစ်ဘူးလို့ ဘယ်ပြောလို့ရမလဲ
တရုတ်တွေလဲ နောင်တစ်ချိန် မဲချင်မဲသွားဦးမှား)

Anonymous said...

ဘလော့ရိုးလ်မှာ တက်ကတည်းက လာမဖတ်ဘူး.။
အသက်ပြင်းပြင်းရှုပြီးမှ လာဖတ်တယ်..။
ဟောအခုဖတ်ပြီးတော့..
ူယဲ့ယဲ့လေးသာကျန်တော့တယ်..။
(စိတ်နော်.လူမဟုတ်..ဟီးး)


ပုံ..။
အမြင့် မမှီသူတဦး..။
(မသီတာ guessကြည့်ပါ ..။ ဘသူ
ဖြစ်နိုင်မယ်ဆိုတာ..ဟငိးဟင်း)

ပန်းချီ said...

အင်း..ဘာအစ ဘာတွေကပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ၊ မှတ်သားစရာတွေတော့ အပြည့်ပါပဲ အစ်ကိုရေ..။ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သလို ဆွေမျိုးမတော်ဖူးသူဘယ်ရှိလိမ့်မလဲနော်..တရုတ်ရော၊ ဗမာရော၊ ကုလားရော အမျိုးတွေကြီးပဲလေ..နော့..း))

mstint said...

တီတင့်တို့ငယ်စဉ်က လူကြီးတွေပြောသလိုပြောသလို 'သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတာပဲ' ဆိုသလိုပေါ့ကွယ်။ လူမျိုးတိုင်းမှာတော့ ကိုယ့်သမိုင်းနဲ့ ကိုယ်ပေါ့လေ။ ဒီပို့စ်လေးက ဖတ်လို့လည်းကောင်းတယ် ဒါပေမယ့် s-c ပြောသလိုပဲ တီတင့်နားမလည်သော အရာစာရင်းတွင်သွင်းလိုက်ပါတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုအောင်(ပျူနိုင်ငံ) said...

မြန်မာတွေက အာကာသက လာတာဗျ ...း)