အဘိဓမ္မာ ဒေသနာတော်အရ ရုပ်နာမ်တရားတို့သည် မိမိပင်ကိုယ် သဘာဝအားဖြင့် ဖြစ်တည်နိုင်စွမ်း မရှိ။ အကြောင်းမဲ့ ဖြစ်ပေါ်လာသည်လည်း မဟုတ်။ တန်ခိုးရှင်တဦးဦးက ဖန်ဆင်းထားခြင်းလည်း မဟုတ်။ ရှေးကံအကြောင်းတရား သက်သက်ကြောင့် ဖြစ်ရသည်လည်း မဟုတ်။ အကြောင်းတရားများစွာ ပေါင်းဆုံ၍ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
အကြောင်းတရားတို့အား ပစ္စည်း (ပစ္စယ) ဟုလည်းကောင်း၊ ထိုအကြောင်းတရားတို့ကို မှီ၍ ဖြစ်ပေါ်လာသော အကျိုးတရားများအား ပစ္စယုပ္ပန် (ပစ္စယုပ္ပန္န) ဟုလည်းကောင်း ခေါ်၏။ မဖြစ်သေးသော အကျိုးတရားတို့ ဖြစ်ပေါ်စေရန်၊ ဖြစ်ဆဲ အကျိုးတရားတို့ ဆက်လက် တည်တံ့စေရန် အကြောင်းတရားတို့၏ အထောက်အပံ့ မကင်းသည်ကိုပင် -အကြောင်းတရားတို့က အကျိုးတရားတို့အား ကျေးဇူးပြုနေသည်ဟု ဆိုသည်။ အကြောင်းတရားတို့က အကျိုးတရားတို့အား ထောက်ပံ့ ကျေးဇူးပြုနေပုံ အခြင်းအရာ သတ္တိအား - ပစ္စယသတ္တိဟု ခေါ်သည်။
ပဋ္ဌာန်းဒေသနာတော်တွင် အကြောင်းတို့က အကျိုးတို့အား ကျေးဇူးပြုပုံ ပစ္စယသတ္တိ - ၂၄-မျိုးကို ဟောကြားထား၏။ ဤ ၂၄-မျိုး၏ အမည်အကျဉ်းမျှသည် ပစ္စယုဒ္ဒေသ (ပစ္စယ+ ဥဒ္ဒေသ - အကျဉ်း) မည်၏။ “မည်သည့် အကြောင်းတရားတို့က မည်သည့် အကျိုးတရားတို့အား မည်သည့် ပစ္စယသတ္တိဖြင့် ကျေးဇူးပြုနေသည်” ဟူ၍ ပစ္စယသတ္တိ ၂၄-မျိုး၏ အဓိပ္ပါယ် အကျယ်သည် ပစ္စယနိဒ္ဒေသ (ပစ္စယ + နိဒ္ဒေသ - အကျယ်) မည်၏။ ပစ္စယနိဒ္ဒေသသည် အဓိပ္ပါယ်အကျယ်ဟု ဆိုသော်လည်း စင်စစ်အားဖြင့် ပဋ္ဌာန်းကျမ်း (၇) ကျမ်း၏ နိဒါန်းမာတိကာမျှသာ ဖြစ်ပါသည်။
ပစ္စယုဒ္ဒေသ ( ၂၄-ပစ္စည်း အကျဉ်း)
၁။ ဟေတုပစ္စယော - မူလရင်းမြစ်အားဖြင့် ကောင်းစွာတည်တံ့စေ၍ ကျေးဇူးပြုခြင်း
၂။ အာရမ္မဏပစ္စယော - အာရုံအဖြစ် ကျေးဇူးပြုခြင်း
၃။ အဓိပတိပစ္စယော - အကြီးအမှူးအဖြစ် ကျေးဇူးပြုခြင်း
၄။ အနန္တရပစ္စယော- အခြားမဲ့ဖြစ်၍ ကျေးဇူးပြုခြင်း
၅။ သမနန္တရပစ္စယော - ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုခြင်း
၆။ သဟဇာတပစ္စယော - အတူတပြိုင်နက်ဖြစ်၍ ကျေးဇူးပြုခြင်း
၇။ အညမညပစ္စယော - အချင်းချင်းအပြန်အလှန် အမှီပြု၍ ကျေးဇူးပြုခြင်း
၈။ နိဿယပစ္စယော - တည်ရာမှီရာအဖြစ် ကျေးဇူးပြုခြင်း
၉။ ဥပနိဿယပစ္စယော - အားကြီးသောမှီရာအဖြစ် ကျေးဇူးပြုခြင်း
၁၀။ ပုရေဇာတပစ္စယော - ရှေးကဖြစ်နှင့်၍ ကျေးဇူးပြုခြင်း
၁၁။ ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်၍ ကျေးဇူးပြုခြင်း
၁၂။ အာသေဝနပစ္စယော - အဖန်တလဲလဲဖြစ်ကာ အထုံရစေ၍ ကျေးဇူးပြုခြင်း
၁၃။ ကမ္မပစ္စယော - ကံတရား၏ ပြုလုပ်အားထုတ်ခြင်း သဘောဖြင့် ကျေးဇူးပြုခြင်း
၁၄။ ဝိပါကပစ္စယော - ကံအကျိုးတရားတို့အချင်းချင်း ဗျာပါရကင်း၍ ငြိမ်သက်စွာ ကျေးဇူးပြုခြင်း
၁၅။ အာဟာရပစ္စယော - ထောက်ပံ့၍ ကျေးဇူးပြုခြင်း
၁၆။ ဣန္ဒြိယပစ္စယော - အစိုးရသည်ဖြစ်၍ ကျေးဇူးပြုခြင်း
၁၇။ ဈာနပစ္စယော - စူးစိုက် တည့်မတ်စေသည်ဖြစ်၍ ကျေးဇူးပြုခြင်း
၁၈။ မဂ္ဂပစ္စယော - (အကောင်း အဆိုး) ထွက်မြောက်ရာ လမ်းအဖြစ် ကျေးဇူးပြုခြင်း
၁၉။ သမ္ပယုတ္တပစ္စယော - အတူယှဉ်တွဲရောယှက်၍ ကျေးဇူးပြုခြင်း
၂၀။ ဝိပ္ပယုတ္တပစ္စယော - အတူမယှဉ်တွဲ မရောယှက်သည်ဖြစ်၍ ကျေးဇူးပြုခြင်း
၂၁။ အတ္ထိပစ္စယော - ရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်း
၂၂။ နတ္ထိပစ္စယော - မရှိသည် ဖြစ်၍ ကျေးဇူးပြုခြင်း
၂၃။ ဝိဂတပစ္စယော - ကင်းသည်ဖြစ်၍ ကျေးဇူးပြုခြင်း
၂၄။ အဝိဂတပစ္စယော - မကင်းသည်ဖြစ်၍ ကျေးဇူးပြုခြင်း
အချို့သဒ္ဓါတရား ထက်သန်သော ဗုဒ္ဓဘာသာဝင် သူတော်စဉ်တို့သည် ပစ္စယနိဒ္ဒေသပါဠိတော်အား ရွတ်ဖတ်ပူဇော်လေ့ ရှိကြ၏။ ထိုသို့ရွတ်ဖတ်ရာတွင် အဓိပ္ပါယ်ကိုပါ မိမိတို့ ဉာဏ်စွမ်းရှိသလောက် နားလည်ပါက ပို၍ ကောင်းသော်လည်း မူလတန်းကျောင်းသားက တက္ကသိုလ်တန်းစာအား နားလည်ရန် မဖြစ်နိုင်သကဲ့သို့၊ အဘိဓမ္မာအခြေခံမရှိသူတို့အတွက် ပစ္စယနိဒ္ဒေသ ပါဠိတော်ကို ပြည့်ပြည့်၀၀ နားလည်ရန်ဆိုသည်မှာ မဖြစ်နိုင်ပါ။ သို့သော် အိုင်းစတိုင်း၏ နှိုင်းရသီအိုရီအား တက္ကသိုလ်တန်း မတက်ရသေးသူတို့ မှန်းဆနားလည်နိုင်စေရန် ရေးသားကြသကဲ့သို့၊ အဘိဓမ္မာအခြေခံကို မသင်ယူဖူးသေးသူတို့ အနေဖြင့် မိမိတို့ ဉာဏ်စွမ်းရှိသလောက် မှန်းဆနားလည်နိုင်ကြစေရန် ဆရာတော်များက ပဋ္ဌာန်းဒေသနာတော်အား ကြိုးပမ်း ဟောကြားတော် မူခဲ့ကြပါသည်။ ထိုသို့သော ဆရာများ၏ နည်းကိုမှီး၍ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသပါဠိတော်၏ အဓိပ္ပါယ်နှင့် မိတ်ဆက် ပေးလိုပါသည်။ ထိုသို့ မိတ်ဆက်ပေးရာတွင် ပဋ္ဌာန်း ၂၄-ပစ္စည်း၏ အစီအစဉ်အတိုင်း မဟုတ်ပဲ၊ အဘိဓမ္မာ အခြေခံနည်းသူများ ပစ္စယနိဒ္ဒေသပါဠိတော်၏ အဓိပ္ပါယ်ကို နားလည် ကျက်မှတ်လွယ်မည့် အစီအစဉ်အတိုင်း ဖော်ပြသွားပါမည်။
သမ္ပယုတ္တပစ္စည်း
သမ္ပယုတ္တပစ္စယောတိ -
စတ္တာရောခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။
ပဋ္ဌာန်း ၂၄-ပစ္စည်း ပစ္စယနိဒေသတွင် သမ္ပယုတ္တပစ္စည်းသည် ကျက်မှတ်ရ လွယ်ကူရုံသာမက အဘိဓမ္မာ၏အခြေခံ သဘောတရားများလည်း ပါဝင်နေ၍၊ အဘိဓမ္မာအခြေခံ မရှိသေးသူများအတွက် သမ္ပယုတ္တ ပစ္စည်းမှ စ၍ လေ့လာနိုင်ပါသည်။
အဘိဓမ္မာ အခြေခံသဘောတရားဆိုသည်မှာ မြင်ခြင်း, ကြားခြင်းစသော အာရုံသိမှု အတွေ့အကြုံများအား ခွဲခြမ်းစိတ်ဖြာ၍ နားလည်ခြင်းပင် ဖြစ်သည်။ အာရုံသိမှုအတွေ့အကြုံဖြစ်ပေါ်ရာတွင် ပါဝင်ပတ်သက်နေသော တရားအလုံးစုံအား ခြုံငုံမိစေရန် ခန္ဓာ ၅-ပါးဟူ၍ လည်းကောင်း၊ အာယတန ၁၂-ပါးဟူ၍ လည်းကောင်း၊ ဓာတ် ၁၈-ပါးဟူ၍ လည်းကောင်း၊ သစ္စာလေးပါးဟူ၍ လည်းကောင်း အဘိဓမ္မာဒေသနာတွင် သိမ်းကျုံး၍ ပြလေ့ရှိသည်။
ခန္ဓာသည် အစုအပေါင်း (ရာသိ) ဟူသော အဓိပ္ပါယ်ရသည်။ အတိတ်-အနာဂတ်-ပစ္စုပ္ပန်၊ အတွင်း-အပြင်စသည့် အလုံးစုံသော ရုပ်အပေါင်းအစုအား ရူပက္ခန္ဓာဟု ခေါ်သည်။ ဥပမာ မြင်ခြင်း အတွေ့အကြုံ ဖြစ်သောအခါတွင် အပြင် ဗဟိဒ္ဓဖြစ်သော အဆင်းအာရုံနှင့် အတွင်း အဇ္ဈတ္တဖြစ်သော မျက်စိအကြည်ရုပ်တရား အပေါင်းအစုသည် ရူပက္ခန္ဓာတွင် အကျုံးဝင်လေသည်။ အဆင်းအာရုံသည် မျက်စိအကြည်ဓာတ်ပေါ်သို့ ထင်လာသောအခါတွင် ထိုအာရုံအား နှလုံးသွင်းမှုရှိပါက ထိုအဆင်းအာရုံအား သိမှု ဝိညာဏ် (ဝိညာဏ) ဖြစ်ပေါ်သည်။ အလုံးစုံသော သိမှု အပေါင်းအစုအား ဝိညာဏက္ခန္ဓာဟုခေါ်သည်။ အာရုံသိမှု ဝိညာဏ်အား စိတ်ဟုလည်း ခေါ်သည်။
အာရုံသိစိတ် ဖြစ်သည်ဆိုရာတွင် စိတ်တခုတည်း ဖြစ်သည်မဟုတ်။ အာရုံအပေါ်တွင် စိတ်ကြည်နူးခြင်း၊ စိတ်မသာမယာဖြစ်ခြင်းစသော ခံစားမှု ဝေဒနာလည်း ဖြစ်သည်။ အာရုံအား အဖြူ အနီစသဖြင့် မှတ်သားခြင်း သညာလည်း ဖြစ်သည်။ စေ့ဆော်မှု စေတနာ ဦးဆောင်သော လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ မေတ္တာ၊ ပညာ စသည့် ပြုပြင်စီရင်မှု သင်္ခါရာတရားတို့လည်း ထိုက်သလို ဖြစ်ကြသည်။ ထိုသို့ အာရုံသိစိတ်နှင့် အတူယှဉ်တွဲ၍ ဖြစ်ပေါ်နေသော ဝေဒနာ၊ သညာ၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ မေတ္တာ၊ ပညာ စသောတရားများအား စေတသိက်တရားများဟု ခေါ်သည်။ ဤသို့အားဖြင့် အာရုံသိမှု အတွေ့အကြုံဖြစ်ပေါ်ရာတွင် ပါဝင်ပတ်သက်နေသော တရားအလုံးစုံအား ရုပ်တရား အစုဖြစ်သော ရူပက္ခန္ဓာနှင့် စိတ်စေတသိက်တရား အစုဖြစ်သော “ရုပ်မဟုတ်သည့် ခန္ဓာလေးပါး” (တနည်း နာမ်ခန္ဓာလေးပါး) ဟူ၍ ခွဲခြား နားလည်နိုင်သည်။
စိတ်သည် ပင်ကိုယ် သဘာဝအားဖြင့် အကောင်း အဆိုးမရှိဘဲ ကြည်လင်သောသဘောရှိ၍ စိတ်နှင့် အတူဖြစ်သော စေတသိက်များကြောင့်သာ အကောင်းအဆိုး အရောင်အသွေး ကွဲပြားသွားရ၏။ စိတ်သည် ဒေါသနှင့်တွဲ၍ ဖြစ်သောအခါ ဒေါသစိတ် အကုသိုလ်တရား ဖြစ်သွားသည်။ စိတ်သည် မေတ္တာနှင့် တွဲ၍ဖြစ်သောအခါ မေတ္တာစိတ်ဖြစ်သွား၍ ကုသိုလ်တရား ဖြစ်သွားသည်။ ဤတွင် ဤကား စိတ်၊ ဤကား ဒေါသ၊ ဤကား မေတ္တာစသဖြင့် ခွဲခြားရန် မလွယ်။ ဆားနှင့် ရေရောလိုက်သောအခါ တသားတည်းဖြစ်သွား၍ ဆားရည်တွင် ဤကား ဆား၊ ဤကား ရေ ခွဲရခက်သကဲ့သို့ပင် ဖြစ်၏။
ထိုသို့ ခွဲခြားရန် ခက်ခဲရသည့် အကြောင်းမှာ စိတ်နှင့် စေတသိက်တရားတို့သည် အောက်ပါ အချက်လေးချက်ဖြင့် ပြည့်စုံနေ၍ ဖြစ်သည်။
(၁) အတူဖြစ်ခြင်း (ဧကုပ္ပါဒတာ)
(၂) အတူပျက်ခြင်း (ဧကနိရောဓတာ)
(၃) တူသော အာရုံရှိခြင်း (ဧကရမ္မဏတာ)
(၄) တူသော မှီရာဝတ္ထုရှိခြင်း (ဧကဝတ္ထုကတာ)
ထိုအချက်လေးချက်နှင့် ပြည့်စုံသဖြင့် စိတ်၊ စေတသိက်တရားတို့ အချင်အချင်း တသားတည်း အတူရောယှက် ယှဉ်တွဲနေခြင်းအား “သမ္ပယုတ္တ” ဟုခေါ်သည်။ ဆားရည် ဥပမာတွင် ဆားနှင့် ရေ တသားတည်းရောသည် မှန်သော်လည်း ဆားသည် ရေမရှိဘဲ တည်နိုင်သလို၊ ရေသည် ဆားမရှိဘဲ တည်နိုင်သေး၏။ စိတ်ကမူ စေတသိက်မရှိဘဲ မဖြစ်နိုင်၊ စေတသိက်သည်လည်း စိတ်မရှိဘဲ မဖြစ်နိုင်။ အချင်းအချင်း အပြန်အလှန်အမှီပြု၍ နေ၏။ ဤသို့ အတူယှဉ်ဖက်ဖြစ်သော စိတ်၊ စေတသိက် တရားတို့ အချင်းအချင်း အပြန်အလှန် အမှီသဟဲပြု၍ ဖြစ်ပေါ်နေခြင်းအား “သမ္ပယုတ္တပစ္စည်း” ဖြင့် ကျေးဇူးပြုသည် ဟုဆိုရသည်။
စတ္တာရောခန္ဓာ အရူပိနော - ရုပ်မဟုတ်သော ခန္ဓာလေးပါးတို့သည်
အညမညံ - အချင်းအချင်း အပြန်အလှန်
သမ္ပယုတ္တပစ္စယေန ပစ္စယော - အတူယှဉ်တွဲရောယှက်၍ (သမ္ပယုတ္တပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
ပစ္စယနိဒ္ဒေသပါဠိတော်တွင် “သမ္ပယုတ္တကာနံ ဓမ္မာနံ” ဟု မကြာခဏတွေ့ရတတ်သော ပုဒ်သည် အတူယှဉ်ဖက်ဖြစ်သော စိတ်၊ စေတသိက် တရားတို့ကို ဆိုလိုပါသည်။
ဝိပ္ပယုတ္တပစ္စည်း
ဝိပ္ပယုတ္တပစ္စယောတိ -
၁။ ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
၂။ အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ဝိပ္ပယုတ္တပစ္စည်းသည် သမ္ပယုတ္တပစ္စည်း၏ ဆန့်ကျင်ဖက် ဖြစ်သည်။
စိတ်စေတသိက် တရားများသည် အာရုံကို သိ မှတ် ခံစားသောအားဖြင့် အာရုံသို့ ကိုင်းညွှတ်တတ်၊ အာရုံပြုတတ်သော အာရမ္မဏိကတရား များဖြစ်သည်။ ရုပ်တရားများသည် စိတ်စေတသိက်တို့ကဲ့သို့ အာရုံကို မသိတတ်၊ အာရုံမပြုတတ်၍ အနာရမ္မဏတရားမည်၏။ သဘောတရားခြင်း ဆီနှင့် ရေပမာ ကွာခြားသည်။
စိတ်စေတသိက် တရားတို့သည် အချင်းချင်း ခွဲရခက်လောက်အောင် ရောယှက်နေရခြင်းသည် သမ္ပယုတ်တရားတို့၏ အင်္ဂါလေးပါးနှင့် ညီညွှတ်၍ ဖြစ်သည်ဟု ဆိုခဲ့၏။ ရုပ်တရားတို့သည် အာရုံကို မသိတတ်သော အနာရမ္မဏတရားများ ဖြစ်သည်။ တဖန် စိတ်စေတသိက်တို့သည် ရုပ်တရားတို့ထက် သက်တမ်း တိုတောင်းလှ၍ အတူဖြစ်ခဲ့လျှင် အတူ မချုပ်နိုင်။ အတူ ချုပ်ခဲ့လျှင်လည်း အတူဖြစ်ခဲ့မည် မဟုတ်။ ရုပ်တရားနှင့် စိတ်စေတသိက်တရားတို့သည် သမ္ပယုတ်အင်္ဂါရပ် လေးချက်များနှင့် မကိုက် ညီ၍၊ ဆီနှင့် ရေပမာ တသီးတခြားစီဖြစ်၍ နေလေသည်။ ဤသည်ကိုပင် ဝိပ္ပယုတ္တပစ္စည်းဖြင့် ကျေးဇူးပြုသည် ဟုဆိုရ၏။
၁။ ရူပိနော ဓမ္မာ - ရုပ်တရားတို့သည်၊
အရူပီနံ ဓမ္မာနံ - ရုပ်မဟုတ်သော (စိတ် စေတသိက်) တရားတို့အား၊
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော - အတူ မယှဉ်တွဲ မရောယှက်ဘဲ (ဝိပ္ပယုတ္တပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
၂။ အရူပိနော ဓမ္မာ - ရုပ်မဟုတ်သော (စိတ် စေတသိက်) တရားတို့သည်၊
ရူပီနံ ဓမ္မာနံ - ရုပ်တရားတို့အား၊
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော - အတူ မယှဉ်တွဲ မရောယှက်ဘဲ (ဝိပ္ပယုတ္တပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
အဘိဓမ္မာကျမ်းများတွင် ဝိပ္ပယုတ္တပစ္စည်းအား
(၁) နာမ်တရားနှင့် ရုပ်တရားတို့ အချင်းချင်းမှီ၍ တပြိုင်နက်ဖြစ်သော်လည်း မယှဉ်တွဲ မရောယှက်သော သဟဇာတဝိပယုတ္တပစ္စည်း
(၂) အရင်စော၍ ဖြစ်နှင့်သော ဖြစ်ဆဲ ရုပ်တရားတို့က နောက်မှဖြစ်သည့် နာမ်တရားတို့နှင့် အတူ မယှဉ်တွဲ မရောယှက်ဘဲ ကျေးဇူးပြုသော ပုရေဇာတဝိပ္ပယုတ္တပစ္စည်း
(၃) နောက်မှဖြစ်သည့် နာမ်တရားတို့က အရင်စော၍ ဖြစ်နှင့်သော ဖြစ်ဆဲ ရုပ်တရားတို့ကို အတူ မယှဉ်တွဲ မရောယှက်ဘဲ ကျေးဇူးပြုနေသော ပစ္ဆာဇာတ ဝိပ္ပယုတ္တပစ္စည်း
ဟူ၍ သုံးမျိုး ခွဲပြထား၏။ သက်ဆိုင်ရာ သဟဇာတ၊ ပုရေဇာတ၊ ပစ္ဆာဇာတ အပိုင်းတို့ ရောက်လျှင် အဓိပ္ပါယ်ပိုမို ပေါ်လွင် ပါလိမ့်မည်။
ဆက်ရန် ...



7 comments:
အဘိဓမ္မာအခါတော်နေ့မှာ ပဋ္ဌာန်းကို တင်ပေးတာ အင်မတန် ကျေးဇူးတင်ပါတယ် ကိုဧရာနဲ့ မသီတာတို့ ရေ ...
သေသေချာချာလဲ ဖတ်သွားပါတယ်။ ငယ်ငယ်တုန်းက အဘိဓမ္မာသင်တော့ သင်ခဲ့ဖူးပေမယ့် ကြာတော့ မေ့နေပြီ။ အဖေကလဲ အဘိဓမ္မာထဲမှာ ပဋ္ဌာန်းကို အထူးစိတ်ဝင်စားပြီး လေ့လာရင်း ပြန်သင်ပေးနေတာမို့ နောက်ဆို အဖေနဲ့ စကားပြောရင် ဒီစာတွေကိုးကား ဆွေးနွေးလို့ ရပြီ။
ဒီပို့စ်အတွက် ၀မ်းမြောက်စွာ သာဓုခေါ်လိုက်ပါတယ်။ သာဓု သာဓု သာဓု
THADU,THADU,THADU.
"HAPPY THIDINGYUT TO YOU ALL"
Ready to read Setyan:)
Gyidaw
မြန်မာလို သိလိုက်ရတဲ့အတွက် ကျေးဇူးပါ၊
ကိုရင်ဝတ်တုန်းက စစ်ကိုင်း ပဋ္ဌာန်းသိပ္ပံကျောင်းမှာဝတ်ပါတယ်၊
ပဋ္ဌာန်းတရားတော်ကို ငယ်သေးလို့ သိပ်မသိလိုက်ဘူး၊
အမရေ ပရင့်ပါတခါတည်းထုတ်သွားလိုက်ပါတယ်း)
ကျေးဇူးပါနော်
ခင်မင်လေးစားလျှက်
မဒိုးကန်
စိတ်သည် ပင်ကိုယ် သဘာဝအားဖြင့် အကောင်း အဆိုးမရှိဘဲ ကြည်လင်သော စိတ် ရှိ၏.။။။
အဲဒီ အမြဲကြည်လင်တဲ့စိတ်ပိုင်ရှင် ဖြစ်ဖို့ အမသီတာရဲ့ ဓမ္မ မှတ်စုကို ဖတ်မှတ်သွားပါတယ် ဆက်ရန်ကိုမျှော်နေပါတယ်
ကျေးဇူးများလှပါတယ်
ဒီပို့စ်ကို ဖတ်ခွင့်ရတဲ့အတွက် လဲ ကျေးဇူးအထူးတင်ပါတယ်.....
ပြောမှာ ဆိုမှားရှိရင်လဲ သီးခံပေးတော်မူပါ အမနဲ့အကိုတို့ရေ။
ခင်မင်စွာဖြင့်
seesein
Thanks you for fully descriptions.
Please see BBC documentary :
Did Jesus Christ learn Buddhism !
http://www.youtube.com/watch?v=rmCS7P-vdRM&feature=related
Twenty four articles describe the principles of nature. A good reference is shown in "Where Science and Buddhism Meet".
http://www.youtube.com/watch?v=qj_i7YqDwJA&feature=related
Post a Comment