Sunday, October 16, 2011

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၅ (ပုရေဇာတပစ္စည်း၊ ပစ္ဆာဇာတပစ္စည်း)

ပုရေဇာတပစ္စည်း



ပုရေဇာတပစ္စယောတိ -
၁။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၂။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၃။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၄။ ဇိဝှါယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၅။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၆။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၇။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၈။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၉။ ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၁၀။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၁၁။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၁၂။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတပစ္စယေန ပစ္စယော။ ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။



ဦးစွာအရင်ဖြစ်နှင့်၍ တည်ဆဲအခိုက်တွင် ရောက်နေသော ရုပ်တရားတို့က နောက်မှဖြစ်သော စိတ် စေတသိက်တို့အား ကျေးဇူးပြုခြင်းသည် ပုရေဇာတ (ပုရေ - ရှေးဦးအရင် + ဇာတ - ဖြစ်ခြင်း) မည်၏။ အရင်ဖြစ်သည် ဆိုသော်လည်း မရှိတော့ဘဲ ချုပ်ပျောက်သွားပြီးဖြစ်သော် ရုပ်တရားတို့ကို မဆိုလို။ ဖြစ်တည်ဆဲအခိုက် (ဌီခဏ) တွင် ရှိသော ရုပ်တရားတို့ကို ဆိုလိုပါသည်။ ဤနေရာတွင် ရုပ်တရားတို့၏ သက်တမ်းသည် နာမ်တရားတို့ထက် ပို၍ ရှည်ကြာသည်ကို သတိပြုသင့်၏။

၁။ အရင်ဖြစ်နှင့်သော စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ ဟဒယဝတ္ထုဟူသော မှီရာဝတ္ထုရုပ် ၆-မျိုးတို့သည် စက္ခုဝိညာဏ်၊ သောတဝိညာဏ်စသော ဝိညာဏခန္ဓာ ၇-မျိုးတို့အား တည်ရာမှီရာအဖြစ် ကျေးဇူးပြုနေသော ဝတ္ထုပုရေဇာတ နိဿယပစ္စည်း
၂။ အရင်ဖြစ်နှင့်သော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဟူသော ပဉ္စာရုံ ငါးပါးတို့သည် ဝိညာဏခန္ဓာ ၇-မျိုးတို့အား အာရုံအဖြစ် ကျေးဇူးပြုနေသော အာရမ္မဏ ပုရေဇာတ ပစ္စည်းဟု နှစ်မျိုးရှိသည်။



ပုရေဇာတပစ္စယနိဒ္ဒေသ၏ ဝါကျ အမှတ် ၁ မှ ၅ အထိ ငါးမျိုးတို့သည် ဝတ္ထုပုရေဇာတ နိဿယပစ္စည်းများ ဖြစ်၏။ အဓိပ္ပါယ်အကျယ်သည် နိဿယပစ္စယနိဒ္ဒေသ ဝါကျ အမှတ် ၆ မှ ၁၀ အထိနှင့် အတူတူပင်ဖြစ်သည်။ “နိဿယပစ္စယေန ပစ္စယော” အစား “ပုရေဇာတပစ္စယေန ပစ္စယော” ဟု ပြောင်းသွားသည်သာ ထူးသည်။

၁။ စက္ခာယတနံ - မျက်စိအကြည်ဟူသော ဖြစ်တည်ရာသည်
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ သောတာယတနံ - နားအကြည်ဟူသော ဖြစ်တည်ရာသည်
သောတဝိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ဃာနာယတနံ - နှာခေါင်းအကြည်ဟူသော ဖြစ်တည်ရာသည်
ဃာနဝိညာဏဓာတုယာ - နံသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၄။ ဇိဝှါယတနံ - လျှာအကြည်ဟူသော ဖြစ်တည်ရာသည်
ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ ကာယာယတနံ - ကိုယ်အကြည်ဟူသော ဖြစ်တည်ရာသည်
ကာယဝိညာဏဓာတုယာ - တွေ့ထိသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ပုရေဇာတပစ္စယနိဒ္ဒေသ၏ ဝါကျ အမှတ် ၆ မှ ၁၁ အထိ ၆-မျိုးသည် အာရမ္မဏ ပုရေဇာတ ပစ္စည်းများ ဖြစ်ကြသည်။ အာရမ္မဏပစ္စယနိဒ္ဒေသ၏ ဝါကျ အမှတ် ၁ မှ ၆ အထိ ၆-မျိုးနှင့် အတူတူပင်ဖြစ်၍၊ “အာရမ္မဏပစ္စယေန ပစ္စယော” အစား “ပုရေဇာတပစ္စယေန ပစ္စယော” ဟု ပြောင်းသွားသည်သာ ထူး၏။

၆။ ရူပါယတနံ - အဆင်းအာရုံသည်၊
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၇။ သဒ္ဒါယတနံ - အသံအာရုံသည်၊
သောတဝိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၈။ ဂန္ဓာယတနံ - အနံ့အာရုံသည်၊
ဃာနဝိညာဏဓာတုယာ - နံသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၉။ ရသာယတနံ - ရသာအာရုံသည်၊
ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၁၀။ ဖောဋ္ဌာဗ္ဗာယတနံ - အတွေ့အာရုံသည်၊
ကာယဝိညာဏဓာတုယာ - အတွေ့ထိသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
 
၁၁။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ - အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ထိအာရုံတို့သည်၊
မနောဓာတုယာ - မနောဓာတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဓာတ်နှင့် ယှဉ်၍ဖြစ်သော တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဟူသော ဝတ္ထုရုပ် ၅-မျိုးသည် မုချအားဖြင့် အရင်ဖြစ်နှင့် ပြီးမှသာလျှင် ပဉ္စဝိညာဏ်တို့အား ကျေးဇူးပြု၏။ ထို့အတူပင် ထိုပဉ္စဝိညာဏ်သိစိတ်တို့ ဖြစ်သော ဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဟူသော မနောဓာတ်သည်လည်း အရင်ဖြစ်နှင့်ပြီးသော ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်သည်။ သို့သော်လည်း မနောဝိညာဏ်စိတ်သည် ဘဝဖြစ်ဆဲ ပဝတ္တိကာလ၌ အရင်ဖြစ်နှင့် ပြီးသော ဟဒယဝတ္ထုရုပ်အား မှီ၍ဖြစ်ပြီး၊ ဘဝအစ ပဋိသန္ဓေကာလ၌မူ ဟဒယဝတ္ထုရုပ်နှင့် အတူတပြိုင်နက်ဖြစ်သည်။ တနည်းအားဖြင့် ဟဒယဝတ္ထုရုပ်သည် မနောဝိညာဏ်စိတ်အား ပဝတ္တိကာလတွင် ပုရေဇာတ နိဿယပစ္စည်းဖြင့် ကျေးဇူးပြု၍၊ ပဋိသန္ဓေကာလတွင် သဟဇာတ နိဿယပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုရ၏။ (အဓိပ္ပါယ် ပိုမိုရှင်းလင်းစေရန် နိဿယပစ္စယနိဒ္ဒေသ ဝါကျ အမှတ် ၁၁နှင့် သဟဇာတပစ္စယနိဒ္ဒေသ ဝါကျ အမှတ် ၆ တို့နှင့်လည်း ပြန်လည်တိုက်ဆိုင် ကြည့်နိုင်ပါသည်)။

၁၂။ ယံ ရူပံ နိဿာယ - အကြင် (ဟဒယဝတ္ထု) ရုပ်ကို မှီ၍၊
မနောဓာတု စ - မနောဓာတ်သည်၎င်း၊
မနောဝိညာဏဓာတု စ - မနောဝိညာဏ်ဓာတ်သည်၎င်း၊
ဝတ္တန္တိ - ဖြစ်ကြကုန်၏။
တံ ရူပံ - ထို (ဟဒယဝတ္ထု) ရုပ်သည်၊
မနောဓာတုယာ - မနောဓာတ်အား(၎င်း)၊
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဓာတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
မနောဝိညာဏဓာတုယာ - မနောဝိညာဏ်ဓာတ်အား(၎င်း)၊
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဝိညာဏ်ဓာတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ကိဉ္စိကာလေ - အချို့ကာလ၌ (ပဝတ္ထိကာလကို ဆိုလို)
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ကိဉ္စိကာလေ - အချို့ကာလ၌ (ပဋိသန္ဓေကာလကို ဆိုလို)
န ပုရေဇာတပစ္စယေန ပစ္စယော - ပုရေဇာတပစ္စည်းဖြင် ကျေးဇူးမပြု (ရှေးဦးအရင်မဖြစ်နှင့်) ကြ။

ပုရေဇာတပစ္စည်းအားလုံးတို့သည် ဖြစ်တည်ဆဲ ရုပ်တရားက နာမ်တရားကို ကျေးဇူးပြုခြင်း ဖြစ်သည်။ ရုပ်တရားတို့သည် စိတ်စေတသိက်တရားတို့နှင့် အကြောင်းအကျိုး ဆက်စပ်နေသော်လည်း တသားတည်း ရောယှက်နိုင်သည် မဟုတ်၍ ပုရေဇာတ ဝိပ္ပယုတ္တ ပစ္စည်းဟုလည်း မည်၏။ ဖြစ်တည်ဆဲ ရှိဆဲ ရုပ်တရားတို့က ကျေးဇူးပြုနေခြင်းဖြစ်၍ ပုရေဇာတ အတ္ထိ ပစ္စည်းဟုလည်း မည်၏။ မချုပ်ပျောက်သေးသော ရုပ်တရားတို့က ကျေးဇူးပြုနေခြင်းဖြစ်၍ ပုရေဇာတ အဝိဂတ ပစ္စည်းဟုလည်း  မည်၏။

ပစ္ဆာဇာတပစ္စည်း



ပစ္ဆာဇာတပစ္စယောတိ -
ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။





အရင်ဖြစ်နှင့်သော ရုပ်တရားတို့အား နောက်မှဖြစ်သော နာမ်တရားတို့က ထောက်ပံ့ပေးခြင်းအား ပစ္ဆာဇာတပစ္စည်း (ပစ္ဆာ - နောက်မှ + ဇာတ - ဖြစ်ခြင်း) ဖြင့် ကျေးဇူးပြုသည် မည်၏။ ပစ္ဆာဇာတပစ္စည်းသည် ရုပ်တရား အသစ်တို့အား ဖြစ်ပေါ်စေရန် ထောက်ပံ့ခြင်းမျိုး မဟုတ်ဘဲ၊ (ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားတို့ကြောင့်) ဖြစ်ပေါ်ပြီးသား ရုပ်တရား အစုအဝေး (ကာယ) အား ဆက်လက်တည်တံ့အောင် ထောက်ပံ့ပေးခြင်းမျိုး ဖြစ်သည်။ မိုးဦးတွင် စိုက်ပျိုးကြသော ကောက်စပါးတို့အား မခြောက်မသွေ့ဘဲ တိုးတက်စည်ပင်စေရန် မိုးလယ်၊ မိုးနှောင်း၌ ရွာသော မိုးတို့က စောင့်ရှောက် ထောက်ပံ့သကဲ့သို့ ဖြစ်သည်ဟု ရှေးဆရာတို့က ဥပမာ ပေးကြ၏။ သတ္တဝါတို့ အသက်ရှင်သန်နေခြင်းသည် အာယု (အသက် ဇီဝိတိန္ဒြေ)၊ ဥသ္မာ (ကိုယ်ငွေ့ - ကမ္မဇတေဇော) နှင့် ဝိညာဏ (သိစိတ်) ဟူသော တရားသုံးပါးက စောင့်ရှောက်ထားခြင်းကြောင့် ဖြစ်ပြီး၊ ထိုတရားသုံးပါး ကင်းကွာသွားပါက ငှက်ပျောတုံး၊ လက်ပံတုံးကဲ့သို့ အသက်မဲ့သော အသေကောင် ဖြစ်သွားရကြောင်း သုတ္တန်ဒေသနာတို့တွင် ပြဆို၏။ ဤတွင် ဝိညာဏ်ခေါ် စိတ်စေတသိက်တို့က ကိုယ်ကာယအပေါင်းအား ထောက်ပံ့ပေးထားခြင်းသည် ပစ္ဆာဇာတပစ္စည်း၏ သတ္တိပင် ဖြစ်သည်။

ပစ္ဆာဇာတာ - နောက်မှဖြစ်သော
စိတ္တစေတသိကာ ဓမ္မာ - စိတ်စေတသိက်တရားတို့သည်
ပုရေဇာတဿ - အရင်ဖြစ်နှင့်သော
ဣမဿ ကာယဿ - ဤ ရုပ်အစုအဝေးအား
ပစ္ဆာဇာတပစ္စယေန ပစ္စယော - နောက်မှဖြစ်၍ (ပစ္ဆာဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ပစ္ဆာဇာတပစ္စည်းသည် နောက်မှဖြစ်သော နာမ်တရားတို့က အရင်ဖြစ်နှင့်သော ရုပ်တရားအား ကျေးဇူးပြုရာတွင် ရောယှက်ခြင်း မရှိသည်ဖြစ်၍ ပစ္ဆာဇာတ ဝိပ္ပယုတ္တ ပစ္စည်းလည်း မည်၏။ နာမ်တရားတို့ ရှိဆဲ၌သာလျှင် ကျေးဇူးပြုနိုင်၍ ပစ္ဆာဇာတ အတ္ထိ ပစ္စည်း၊ ပစ္ဆာဇာတ အဝိဂတ ပစ္စည်းလည်း မည်၏။

ဆက်ရန် ...

2 comments:

Burmese Buddhist Society, BC said...

ပဋ္ဌာန်းမှတ်စုတွေ မှတ်ရတာ တော်တော်ကောင်းမွန်ပါသည်။ ဘုန်းဘုန်းလည်း ပဋ္ဌာန်းပို့ချနေတာမို့ လူတွေ နာလည်းအောင် သင်ကြားပေးရာမှာ တော်တော်အထောက်အကူ ပြုပါသည်။ မြတ်စွာဘုရားတရာတော်တွေ ဆထက်တပို ဖြန့်ဖြူးနိုင်ပါစေ..
လိုအင်ဆန္ဒတွေလည်း ပြည့်ဝပါစေ..
ဘုန်းဘုန်း ၊ ကနေဒါ

sonata-cantata said...

ဘုန်းဘုန်း
အကျိုးရှိကြောင်း သိရ၍ ၀မ်းသာရပါသည်
အမှားတွေ့လျှင်လည်း ထောက်ပြစေလိုပါသည် ဘုရား

ဧရာ