Wednesday, February 6, 2008

ပန်းတွေ ပွင့်ပါစေ...

ပန်းပင်တွေမစိုက်ချင်ခြင်းသည်... ပန်းပင်တွေစိုက်ချင်ခြင်းမှ အစပျိုးခဲ့လေသည်....။

ငယ်ငယ်က စာတော်သော ကျွန်မကို အောင်စာရင်းထွက်ပြီးပြီဆိုရင်ဖြင့် ဥစ္စာဓန မကြွယ်ဝလေသော အဖွားသည် အိုးနှင့်အသင့်ထည့်ပြီးပန်းပင်လေးတွေကို ဆုအဖြစ် နယ်မှပို့ပေးတတ်လေ၏။

ကျွန်မ ပထမဆုံးရသော ပန်းအိုးမှာ အဖြူရောင်နှင့် ဝတ်ဆံမှာ အဝါရောင် ပန်းပွင့်လေးတွေပွင့်သော သစ်ခွပန်းပင် တစ်ပင်ဖြစ်ပါသည်။

ကျွန်မ၏ ပထမဦးဆုံးသော ကိုယ်ပိုင်အပင်လေးကို ကျွန်မ ချစ်ပါသည်...။
နောက်ပြီး ဒါက.. ကျိုးစားမှုရဲ့ ရလဒ်ဖြစ်သလို... အလိုလို တော်နေခြင်းရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်သည်။
ထိုအပင်လေးကို မည်သူမှ မထိရ... မကိုင်ရ။ ကြည့်ချင်လျှင်တောင် ခပ်လှမ်းလှမ်းမှ ကြည့်ရမည်။

ရေလောင်းပါသည်....တနေ့ကို ၂ကြိမ်..၃ကြိမ်လောင်းသည်။ တခါတရံ မရေမတွက်နိုင်အောင်လည်း လောင်းသည်။
အစပိုင်းတော့ အိုးထဲမှာပါလာသည့် မီးသွေးခဲတွေကို ဟိုချဲဒီချဲလုပ်သည်။ နောက်တော့ အိမ်က မီးသွေးတွေထပ်ထည့်သည်။
အပင်လေး နေရောင်ခြည်ရအောင်လည်း ခေါင်းရင်းရွှေ့၊ ခြေရင်းရွှေ့၊ ဟိုရွှေ့၊ ဒီရွှေ့လုပ်ပါသည်။

သို့ပါသော်လည်း... အဖွားပို့ပေးလိုက်စဉ်က တစ်ပါတည်းပါလာသည့် ပန်းပွင့်လေးတွေကို တစိမ့်စိမ့်ကြည့်ရင်း ကျွန်မလက်ထက်မှာ ပန်းတွေ ထပ်ပွင့်လား၊ မပွင့်ဘူးလားဆိုတာကို မမှတ်မိနိုင်စဉ်မှာပင် ပန်းပင်လေး သေသွားခဲ့ပါသည်။

‘သြော်.. သူ့အပွင့်လေးတွေနုသလို၊...တော်တော်နုတဲ့အပင်အမျိုးအစားပါလား..။’ လို့သာ ကျွန်မမှတ်ချက်ချခဲ့ပါသည်။
*****
နောက်တစ်နှစ် ရောက်လာသော အပင်မှာ “စပိုင်ဒါ” ဟုခေါ်သော သစ်ခွပန်းပင် တစ်ပင် ဖြစ်ပါသည်။

‘မနှစ်က အပင်က နာမည်တောင် ဘယ်လိုခေါ်မှန်း မသိတော့ သူ့ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ငါဘယ်လိုလုပ်သိပါ့မလဲ’... ( ဆိုင်လားမဆိုင်လားတော့ မသိ။ ကျွန်မ အမှန်ပင် ထိုကဲ့သို့ တွေးခဲ့ပါသည်။)
‘အခုအပင်ကတော့ နာမည်လည်းငါ သိတယ်... အရိုးတွေကလည်း ပိုတောင့်တယ်...သူ့ အပွင့်လေးတွေ ကိုယ်တိုင်ကိုက အဝါရောင်ပေါ်မှာ အစင်းတွေ အပျောက်တွေနဲ့...။ သူ့ကိုကြည့်ရတာ ကျားတွေလိုပဲ ငါ့မှာ အားတွေရှိတယ်လို့ ပြောနေသလိုပဲ...။ ငါအကိုင်အတွယ် မတတ်တောင်..သူ့ဟာနဲ့သူ အဆင်ပြေနေမယ့်ပုံ...။’
‘နောက်ပြီး အဖွားက မှာလိုက်သေးတယ်လေ...။ သမီး ဒီအပင်မျိုးတွေက သိပ်ပွားတယ်တဲ့။ အင်း... ငါတော့ သူတို့မှီတက်ဖို့ တိုင်တွေအများကြီး ရှာထားရဦးမယ်...။’

ထင်ခဲ့သည်...။ ထင်ခဲ့ပါသည်လေ...။

သို့သော် ကာလတခုကျော်လွန်ပြီးချိန်တွင် တစ်တိုင်ထဲသော ထိုတိုင်လေးမှာ သူကိုခြောက်ကပ်စွာတွယ်ကပ်နေသည့် ပင်စည်ရိုးတွေကို..ရင်နာစွာဖယ်ရှားရင်း...နှုတ်ပယ်ခဲ့ရပါလေသည်။
*****
ကျွန်မ အပင်က ပန်းတွေ မပွင့်ကြောင်းသိသွား၍ ပေလားမသိ...။
ဖွားဖွားဆီမှ နောက်တစ်နှစ်ရောက်လာသော ပန်းပင်မှာ ဇော်မွှားဟုခေါ်သော ရွက်လှပန်းအိုးဖြစ်လာ၏။

ပထမတော့ ပန်းအိုးလေးကို ကြည့်ရင်း ကျွန်မ ဝမ်းနည်းသလို ဖြစ်မိသေးသည်။ ဤအပင်မှ ပန်းမပွင့်ကြောင်း ကျွန်မသိသည်။ ဤအပင် ပွားမပွားကိုတော့ ကျွန်မသေချာမသိပါ။
ပန်းအိုးဝိုင်းဝိုင်းလေးမှ ကြက်လည်ဆံမွှေးလို ပတ်ပတ်လည် ဖြာကျနေသည့် ရွက်လှလေးတွေကို ကြည့်ရင်း.. ‘ငါအဖွားဆီက ဆုတွေ ရနေသေးသားပဲ...။ ဒီအပင်ကမှ..သဘာဝနဲ့ ပိုနီးစပ်သေး...’ လို့ ကျွန်မကိုကျွန်မ အားပေးခဲ့ပါသည်။

မကြာပါ.. သိပ်ကိုမကြာလိုက်ပါ...အထဲမှာ မြေကြီးသာကျန်တော့သော ပန်းအိုးဝိုင်းဝိုင်းလေးကို ကြည့်ပြီး..ကျွန်မ အမေ့ကို ကြေညာလိုက်တာက..
‘အမေ... ဒီတခါဖွားဖွားဆီက.. ပန်းပင်တွေရောက်လာခဲ့ရင်.. သမီးမကိုင်ချင်တော့ဘူး...။ အမေပဲ ရေလောင်းတော့...။ အမေပဲ ဂရုစိုက်လိုက်ပါတော့....။’ ဟူ၍သာ...။

နောက်တော့ ကျွန်မ လက်နှစ်ဖက်ကို ဖြန့်မကြည့်မိအောင် သတိထားရင်း...။
‘ငါ့လက်တွေ... ငါ့လက်တွေ...’ ဟု... စိတ်ထဲက.. မကြာခဏ အကြိမ်ကြိမ် ပြောနေမိပါသည်။
*****
ဒီနှစ်တော့ ကျွန်မ ဆယ်တန်းအောင်သောနှစ် ဖြစ်ပါသည်။

ဖွားဖွားဆီက ရလိုက်သောဆုမှာ အဖြူရောင်အစ ပေါ်တွင် အခက် အရွက်နှင့် ရောင်စုံပန်းပွင့်လေးတွေ ထိုးထားသော အဖုံးနှင့် စွတ်ထားသည့်၊ အနီရောင်ပေါ်တွင် စွင့်စွင့်ကားကား ပွင့်နေကြသည့် ရောင်စုံပန်းပွင့်ကြီးတွေ ရိုက်ထားသောပိတ်စ ထူထူနှင့်ချုပ်ထားသည့်၊ ခေါင်းအုံးသေးသေးလေး တစ်လုံး ဖြစ်ပါသည်။ ထိုခေါင်းအုံးလေးကို ကျွန်မ အုံးလည်းမအုံးပါ...။ ပွေ့လည်း မပွေ့..ဖက်လည်းမဖက်ပါ...။

ကျွန်မအိပ်ယာ ခေါင်းရင်းထောင့်မှာသာ အသာလေးချထားခဲ့ပါသည်။
*****
ကျွန်မ စက်မှုတက္ကသိုလ်ကို စက်ရုပ်တစ်ရုပ်လိုတက်ခဲ့သော ကာလများတွင် ဆုဆိုသောအရာသည် ကျွန်မနှင့် မထိုက်တန်သော အရာဖြစ်၍ ပန်းပင်တွေ ဘယ်လိုစိုက်ရမယ်ဆိုတာလည်း အတွေးထဲတောင် ရောက်မလာခဲ့တာ အလွန်သေချာပါသည်။

ထိုခေါင်းအုံးကလေးသည် ဖွားဖွားဆီက ဆုအဖြစ် ကျွန်မနောက်ဆုံးရလိုက်သော လက်ဆောင်ပင် ဖြစ်ပါသည်။
*****
ကျွန်မ မွေးရပ်မြေမှ ခွဲခွါ၍ နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်ကိုင်မည်ဆိုသောအခါ မသွားမီတနေ့ ဖွားဖွားရောက်လာပြီး ကျွန်မတို့ မောင်နှမ (၇)ယောက် (အားလုံးဘွဲ့ဝတ်စုံနှင့်)၊ အဖေ၊ အမေ နှင့် ဖွားဖွား မိသားစု ဓါတ်ပုံရိုက်ကြပါသည်။ (ဓါတ်ပုံထဲတွင် ဖွားဖွားသည် အင်္ကျီအဖြူရောင်၊ လုံချည်မှာ အနက်ခံပေါ်တွင် အဝါရောင် ပန်းပွင့်လေးများ ပြန့်ကျဲနေသော အဆင်နှင့်၊ အဝါရောင် ပုဝါပါးလေးကို ပုခုံးမှာ အသာချထားပါသည်။)
နိုင်ငံခြားသွားမည့် ကျွန်မကို ဖွားဖွားက လက်ဆောင် အသစ်ထပ်မပေးခဲ့ပါ။

နောက်ဆုံးရထားသော လက်ဆောင်ခေါင်းအုံးလေးကိုသာ ကျွန်မနှင့် တစ်ပါတည်း ယူလာခဲ့ပါသည်။
*****
ဖွားဖွားမရှိတော့ပါ...။
ဖွားဖွားဆုံးပါးသွားချိန်ထိ.. ဖွားဖွားစိုက်စေချင်သော .. သစ်ပင်တွေ ကျွန်မ မစိုက်နိုင်ခဲ့ပါ။ ပန်းတွေ မပွင့်စေနိုင်ခဲ့ပါ။ မျိုးတွေ မပွားစေနိုင်ခဲ့ပါ။

အခုတော့ ကွန်ပြူတာရှေ့တွင် နေကုန် နေခန်းထိုင်၍ အလုပ်လုပ်နေရသော ကျွန်မနှင့် ဖွားဖွား၏နောက်ဆုံးလက်ဆောင် “မှီအုံး”ကလေးသည် မကွဲမကွာ အမြဲသာ အတူရှိနေရပါသည်ဟု ဆိုလျှင် .. ဖွားဖွားပြုံး၍ ကျေနပ်နေပါလိမ့်မည်...

(စီးကရက်သောက်တတ်သော၊ သတင်းစာဖတ်သော၊ အိမ်ကိုဧည့်သာလာလျှင် ‘ထိုင်ပါ’ ဟု မပြောမီ နံရံ၌ချိပ်ထားသော မိသားစု ဓါတ်ပုံကို ပြ၍ ‘မြေးတွေလေ’ ဟု အရင်ပြောတတ်သော၊ ကျွန်မမှတ်မိသလောက် အဖြူရောင် အင်္ကျီကိုသာ အမြဲဝတ်တတ်သော၊ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ခဲ့သော...ဖွားဖွားအား ရင်ထဲ၌ သိမ်းထားလျက်)*****
ကျွန်မက အခုတော့ ကိုယ့်အိုးကိုယ့်အိမ်နဲ့လေ...
အိမ်ဆိုမှတော့ အိမ်ရှေ့ သို့မဟုတ် အိမ်နောက်၊ အိမ့်ပတ်ဝန်းကျင်မှာ သီးပင်၊ စားပင် နဲ့ အနည်းဆုံးတော့ ပန်းပင်လေးတွေရှိမှ အိမ်ရယ်လို့ မည်တော့မပေါ့...

ပန်းပင်... အို.. မစိုက်ချင်ပါဘူး...
ပျော်ရွှင်ချမ်းမြေ့နေတဲ့ လူတစ်ယောက်ဟာ ပန်းပင်လေးတွေနားမှာ သီချင်းဆိုရုံနဲ့ ပန်းပွင့်လေးတွေ ပွင့်လာစေနိုင်တယ်တဲ့...။
ကျွန်မက ရောဂါသည်..

0 comments: