“ပန်းတွေထဲမှာ ဘယ်ပန်းအကြိုက်ဆုံးလဲ”လို့ မေးလာခဲ့ရင်“ဘယ်ပန်းမှ မကြိုက်ဘူး”လို့ တုံးတိတိဖြေမဲ့ မိန်းမတစ်ယောက်ကို “ဘယ်လိုကြီးလဲ”လို့ သင် ပြန်ကြည့်မိလေမလား...။
တစ်ခုခုကို ဖြေကိုဖြေရမယ် အထင်ကြောင့် “သပြေပန်း အကြိုက်ဆုံး”လို့ ပြောလိုက်တဲ့ ကျွန်မကို “သပြေက ပန်းမှ မဟုတ်တာ”လို့ သင် ရယ်ချင်သွားဦးမလား...။
ခြူနာပါနာ လိုက်လွန်းတဲ့ သောကြာသမီး ကျွန်မကို ကျန်းမာရေးကောင်းအောင်၊ အန္တရာယ်ကင်း ဘေးကင်းအောင်၊ စာတော်အောင် အမေက သပြေပန်း (၉)ခက် သောကြာနေ့တိုင်း ဘုရားမှာလှူပေးနေကြပဲ။ အဲ့ဒီတော့ သပြေပန်း ကျွန်မကြိုက်တယ်လေ...။
ဟိုး...ငယ်ငယ်တုန်းကတော့ နွေရာသီကျောင်းပိတ်ရက် အဘိုးအဘွားတို့ရွာမှာ နေရရင် နံနက်စောစော အိမ်ရှေ့ဇလပ်ပင်က ကြွေကျတဲ့ ပန်းလေးတွေကောက်.. ရေဆေး.. ကော်ဖီပန်းကန်ပြားတစ်ချပ် အပြည့် ဘုရားလှူရတုန်းကလည်း ပွင့်ချပ်လေးတွေက အတွန့်အတွန့်လေးတွေနဲ့ အထပ်ထပ် ဖွေးဖွေးဖြူတဲ့ အဲ့ဒီ ပန်းလေးတွေက အခြားဇလပ်နဲ့ မတူဘူးဆိုပြီး ကျွန်မ ကြိုက်ခဲ့သေးသားပဲ...။
အလယ်တန်းကျောင်းရောက်တော့ ကျောင်းအဝင်လမ်း တစ်ဖက်တစ်ချက်မှာ ပွင့်နေကြတဲ့ ရိုးတံရှည်ရှည်နဲ့ သေးသေးဝါဝါ စိန်ချယ်ပန်းလေးတွေကလည်း ကျောင်းထဲဝင်လာတဲ့ ငါ့ကို ကြိုနေကြသလိုပဲလို့ ခံစားရတာ ဒီနေ့အထိပဲ...။
ဆယ်ကျော်သက်ရွယ်ရောက်တော့ တစ်နေ့တစ်ပွင့်ပေးခံခဲ့ရတဲ့ ဒေလီယာပန်းလေးတွေကို မမွှေးပေမဲ့ လှတော့လှသား..လို့ ထင်ခဲ့တယ်...။
ဆောင်းရာသီဆို မောင်နှမတစ်တွေနဲ့ သူငယ်ချင်းတွေစု မနက်စောစောထ ရွှေတိဂုံဘုရားကိုလမ်းလျှောက်၊ အပြန်မှာ ခရေပင်လမ်း တစ်လျှောက် လုကောက်ခဲ့ရတဲ့ပန်းတွေ ဘယ်သူပိုရလဲလို့ ရေကြည့်ခဲ့ကြသေးတယ်နော်...။
တက္ကသိုလ်ရောက်တော့ မျက်နှာရူးရူးနဲ့ ပြောင်ပြောင်တင်းတင်းပိုးတတ်တဲ့ လူတစ်ယောက်ကို တော်တော်ချဉ်ပေမဲ့ တစ်နေ့ ခုံထဲမှာ အပြည့်လာထည့်ထားတဲ့ ကံ့ကော်ပန်းလေးတွေကိုတော့ သနားစရာပါလားလို့ ထင်ခဲ့သေးတယ်...။
ဘွဲ့ယူမဲ့နေ့တုန်းက စီးပွားရေးကို အာရုံစိုက်လွန်းပြီး အိမ်ကပ်လေ့မရှိတဲ့ အဖေက ဈေးထဲ ကိုယ်တိုင်သွားပြီး ဝယ်ပေးခဲ့တဲ့ သစ်ခွပန်းတွေကလည်း တော်တော်လှခဲ့တာပဲ ...။(ပန်းဝယ်ပြီးမှ ပြန်လာတဲ့ အဖေက သမီးရယ် ပန်းပန်ချင်တာများ အိမ်ရှေ့ကအော်ရောင်းတဲ့ စပယ်တွေ၊ ရွှေတွေ၊ ငွေတွေ၊ ဇွန်ပန်းတွေ ဆိုတာကို ခေါ်ဝယ်ပြီး ပန်လည်းရသားပဲလို့ ပြောပြီး မျက်စောင်းထိုးခဲ့ရတာကိုလည်း မှတ်မိနေသေးတယ်။)
ကျွန်မ ရင်းနှီးတဲ့ပန်းက သိပ်တော့များများစားစား မရှိပါဘူးလေ...။
ကျွန်မ မွေးနေ့ကိုတောင် မှတ်မိလေ့မရှိတဲ့ ချစ်သူကို Valentine’s Day မှာ နှင်းဆီပန်းတစ်ပွင့် နှစ် နှစ်ဆက်တိုက်ပေးခဲ့ဖူးတယ်... (၃) နှစ်မြောက်မှာတော့ ကျွန်မ ပေးဖို့ရှက်သွားခဲ့ပြီ...။
"စပယ်ပန်းနံ့လေးတွေရရင် စိတ်ချမ်းသာတယ်" ဆိုတဲ့ ခင်ပွန်းသည် အတွက် ဘုရားမှာ မကြာခဏ တင်လှူရတဲ့ စပယ်ဖြူတွေ...
ပြီးတော့..
ကျွန်မကိုယ်တိုင်လှူချင်တဲ့ ကြာ (၃) ခိုင်...။
ကျွန်မ၏ အချစ်များကို ပန်းအမျိုးမျိုးဖြင့် တင်စားသည်။ (သား (၂)ယောက်အတွက် ပန်း မပါသေးပါ။)
4 comments:
ပန်းတွေကို ချစ်တဲ့ အတွေးချင်းတူတယ်နော်၊
ပန်းတွေကို ချစ်သူဟာ နူးညံ့တဲ့ နှလုံးသားရှိလေမလား။
ယောက်ျားလေးတွေ မွေးနေ့ မမှတ်မိတတ်တာက ဓလေ့လား...
သပြေကြိုက်သူ ပျော်ရွှင်ပါစေ
ကိုယ်စိတ်ချမ်းသာတာကိုယ်လုပ်ပါ။
သူတို့ကမမှတ်မိရင်ညကတည်းကကြိုပြောထားလိုက်ပေါ့။
သိတ်ခံစားနေစရာမလိုဘူး။
ရဘို့အဓိကဘဲ။
မမသီတာရဲ့ အချစ်အမျိုးမျိုးကို ပန်းလေးတွေနဲ့ တင်စားသွားတာ လှလိုက်တာ။း)
Post a Comment