ဒီစာအုပ်ကို ကိုယ် အရှိန်အဟုန်နဲ့ ဖတ်နေတာ၊ လိုင်းတွေလည်း တားတယ်၊ စတား* တွေလည်းပြတယ်။
ကိုယ်က ခရီးသွားရင်း ရထားပေါ်မှာ စာဖတ်လေ့ရှိတယ်။
အခုစာအုပ်တဝက်လောက်ရောက်မှ စာကရှေ့မသွားတော့ဘူး။ ဖတ်သာဖတ်နေတယ်။ ခေါင်းထဲကို တစ်လုံးမှ မရောက်ဘူး၊ ကိုယ်သိတယ်။ နောက်တော့ လက်ရှော့ပြီး စိတ်ကို နှာသီးဝကို ပို့ထားလိုက်တယ်။
*****
မျက်နှာပြင်ပေါ်မှာ ရေညှိရေမှော်တွေ တက်နေတဲ့ ကန်တွေကို သင်တို့မြင်ဖူးကြပါသလား။ ကိုယ်ကတော့လေ အဲ့ဒီကန်မျိုးတွေကို သိပ်မုန်းတယ်။ သင်တို့ ကြားဖူးကြမှာပါ။ ကိုယ်တို့လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားငယ် ‘အောင်ဆန်းလင်း’ ဟာ ကစားရင်း အိမ်နားက ရေကန်မှာ နစ်လို့သေဆုံးခဲ့ရတယ်ဆိုတာ။ ဗိုလ်ချုပ် အိမ်က ရေကန်ကို ကိုယ်မမြင်ဖူးပေမဲ့၊ ဘောလုံးနောက်ကိုလိုက်ရင်း မသိရှာတဲ့ ကလေးဟာ၊ ဒီစိမ်းပြန့်ပြန့်တွေကို နင်းလို့ရတဲ့မြေပြင်လို့ ထင်မိရှာလို့ သူ့အသက်ဆုံးရှုံးခဲ့ရတာ။ ဒေါ်ခင်ကြည်ရဲ့ ဆုံးရှုံးမှု၊ ဦးအောင်ဆန်းရဲ့ ဆုံးရှုံးမှု၊ သူ့အစ်ကိုရဲ့ ဆုံးရှုံးမှု၊ သူ့ညီမရဲ့ ဆုံးရှုံးမှု၊ နိုင်ငံတစ်နိုင်ငံရဲ့ ဆုံးရှုံးမှု...
ဒီလိုကန်မျိုးပဲနေမှာ...
ငယ်ငယ်ကတည်းက အဲ့ဒီကန်မျိုး သွားရင်းလာရင်းတေ့ွရရင်တောင် ကိုယ် မကြည့်ချင်ဘူး။ မကြည့်ရဲဘူး။
နောက်နည်းနည်းကြီးလာတော့ အဲ့ဒီကန်မျိုးတွေ့ရင် အနီးအနားမှာ “ဖြတ်သန်းမသွားရ” ဆိုတဲ့ ဆိုင်းဘုတ်မျိုးမှ တပ်ထားရဲ့လား။ ကန်ကိုရော ခြံစည်းရိုးခတ်ထားရဲ့လား။ စူးစမ်းတတ်လာတယ်။
*****
အခုတော့ ကိုယ်သိတယ်။ ဆုတ်စေ၊ နစ်စေ၊ မြုပ်စေ တာ ကန်ရေပြင်ပေါ်မှာဖုံးအုပ်နေတဲ့ ရေညှိ၊ ရေမှော်တွေနဲ့ တူတဲ့ “နိဝရဏတရား” တွေ။
*****
အပြန်ခရီးမှာတော့ မဆိုးဘူး။ စာတွေခေါင်းထဲ ဝင်သင့်သလောက်ဝင်တယ်။
သြော် ကိုယ်ဖတ်နေတဲ့စာအုပ်က Dr. Walpola Rahula အရှင်သူမြတ် ရေးသားပြုစုသော WHAT THE BUDDHA TAUGHT ကို ဦးကိုလေး (ဇေယျာမောင်) မြန်မာဘာသာပြန်ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ
0 comments:
Post a Comment