အချိန်ကာလတို့ အရေအတွက်တို့နဲ့ တိုင်းတာမယ်ဆိုရင် sonata-cantata ရဲ့ နှစ်ပတ်လည် ပို့စ်အားဖြင့် ရာပြည့်ခဲ့ပြီ။
-- ဘလော့ဂ် မစမီ အခြေအနေ
ဘဝပေးအခြေအနေက သိပ်ကိုကျဉ်းမြောင်းတယ် ဆိုတဲ့ ဒေါမနဿတွေ... နေ့နေ့ညည ခံစားနေရခြင်းနှင့်အတူ
လောဘကြီးနေတယ်ပဲဆိုဆို၊ အတ္တလွန်ကဲနေတယ်ပဲပြောပြော၊ ဖဲမရိုက် အရက်မသောက်သော်လည်း အဓမ္မတွေမှာပဲ တဝဲလယ်လယ် ကျင်လည်နေတဲ့အဖြစ်က ထွက်ပေါက်ရှာတာတဲ့… တငိုငိုတရီရီနဲ့ မင်္ဂလာမရှိစွာ ဂျီကျနေခြင်းပါ။ --
- မျိုးရိုးစဉ်ဆက် ပွင်းလင်းမှု နည်းပါးပြီး ချုပ်တည်း မြိုသိပ်ရလွန်းတဲ့ အခြေအနေတွေကြောင့်
အနည်းဆုံး ဒိုင်ယာရီရေးတာမျိုးလို ဖွင့်ချမှတ်တမ်းတင်တတ်တဲ့ အလေ့အထ နည်းပါးလာတယ်။
- မည်သည့် အခြေအနေတွင်မဆို ခေါင်းကို တွင်တွင်ကြီးသာ ငြိမ့်ရဖန်များလာသောအခါ ခံစားချက်၊ အတွေးအမြင်တွေကို မှန်ကန်စွာ မထုတ်ဖေါ်နိုင်တော့ဘူး။
- မသေချာဘူး၊ မရေရာဘူး၊ မဖြစ်သေးဘူးတွေသာ အခြေခံအုတ်မြစ်ဖြစ်ပြီး ယောင်ဝါးဝါး သံသရာမှာ နေသားကျလာတယ်။
ဒီအမှားတွေကို ပြင်သင့်ပြီဆိုတဲ့ အသိတရား တစ်စွန်းတစ်စရချိန်မှာ ဘလော့ဂ် လုပ်ပါလားဆိုတဲ့ ကိုဧရာရဲ့အကြံကို လက်ခံလိုက်တယ်။
မောဟဥခွံထဲကနေ ကြိုးစားပြီး တိုးထွက်ကြည့်မယ်။ ဦးခေါင်းလေး စထွက်မယ်။ ဖြေးဖြေးချင်း ကိုယ်လုံးလေး ထိုးထွက်မယ်။ တနေ့မှာတော့ ကျေနပ်လောက်တဲ့ လွတ်မြောက်ခြင်းကို ရရှိမယ်လို့ ယုံကြည်ရင်း…
ဘလော့ဂ်တွေမှတစ်ဆင့် ကိုယ့်ကိုကိုယ်နဲ့ မြန်မာပြည်သူ၊ ပြည်သားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ၊ အားလုံး ကို နားလည် လာမယ်လို့ မျှော်လင့်ရင်း…
ဘလော့ဂ် ဆိုတာကို ဘလော့ဂ်ရေး ရင်း နားလည်အောင် ကြိုးစားနေတဲ့ ဘလော့ဂါ တစ်ယောက်ပါ။
*****
ဘလော့ဂ်စတော့ နာမည်တစ်ခု ရွေးဖို့ လိုလာတယ်။
sonata, cantata ဆိုတဲ့ စာလုံးလေးတွေကို ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ အမြင့်သို့ အာရုံညွန့်တက်ခြင်း (သို့မဟုတ်) ကဗျာဆိုတဲ့ စာအုပ်ထဲက ရပါတယ်။
ကိုဧရာ နဲ့ မသီတာ - ကိုဧရာက sonata ဖြစ်လိုက်၊ မသီတာက cantata ဖြစ်လိုက်။ အပြန်အလှန် ဖြစ်လိုက်နဲ့ ခရီးစခဲ့ပါပြီ။
ဘလော့ဂ်ရေးတော့ စာတွေရေးရုံတင် မဟုတ်ဘူး၊ သူများဘလော့ဂ်က စာတွေလည်း ဖတ်တယ်။ ကော်မန့်တွေရေးတယ်။ ကိုယ်ရေးတာတွေအတွက်လည်း ကော်မန့်တွေ ရတယ်။ သဘောကျလို့ အမြဲဖတ်ဖြစ်ပေမဲ့ ကော်မန့် မရေးဖြစ်တဲ့ ဘလော့ဂ်တွေ ရှိသလို အမှတ်တမဲ့ ရောက်သွားတဲ့ ဘလော့ဂ်တွေမှာ ကော်မန့်တွေ ရေးဖြစ်ခဲ့တာလည်းရှိတယ်။ တွေးတယ်။ ရေးတယ်။ ဖတ်တယ်။ ဖေါ်ထုတ်တယ်။ လက်ခံတယ်။ ငြင်းဆန်တယ်။ အားလုံးဟာ စေတနာအစု သင်္ခါရက္ခန္ဓာ အလုပ်တွေမို့ အလွန်နှစ်သက်တဲ့ ‘တာ’ ဆိုတဲ့ ဝေါဟာရလေးကိုပဲ ဒီနေရမှာ ယူသုံးလိုက်ပါရစေ။ ဘာပဲဖြစ်ဖြစ် ဒါတွေ အားလုံးဟာ sonata-cantata ရဲ့တာ အတွင်းမှာ ရိုးသားစွာ တည်ရှိနေကြပါတယ်။
tag ခံရရင် ကိုယ်ကပြန် tag ရတယ်ဆိုတာလည်း ပထမဦးဆုံးtag ပို့စ်ရေးပြီးတဲ့ အချိန်နားမလည်သေးလို့ ပြန် မtag မိတဲ့ အမှားပါးပါးလေး အတွက် ဒီနေရာက တောင်းပန်လိုက်ပါတယ်။ မသိခြင်းဟာ ဆိုးဝါးပါတယ်။
User on line ထည့်ထားဖူးတယ်။ User on line 2, 4 နဲ့ ပြနေတာ တွေ့တော့ ရင်တွေခုန်လိုက်တာ.. တစ်ခါတော့ ည သန်းခေါင် ၁နာရီ လောက်မှ User on line 20 တောင်ပြပြီး ချက်ချင်းဆိုသလိုပဲ 1 ကို ပြန်ရောက်သွားတော့.. ဘာများဖြစ်သလဲပေါ့.. နောက်တော့ ဟို သီချင်းစာသား (ရင်ခုန်ရလွန်းလို့ ရူးမှာပဲ) ကိုကြောက်လို့ ဖြုတ်ထားလိုက်တော့တယ်။ နုနုလေးမို့… Hit Counter ပါထည့်ရင် ကျော်မကောင်း ကြားမကောင်းတွေ (Hit မတက်လို့ suicide လုပ်သွားပါတယ် ဆိုတာမျိုး) ဖြစ်မှာစိုးလို့ ကိုဧရာပြောနေပေမဲ့ တင်းခံထားတယ် မထည့်ဘူး။ ဘလော့ဂ် အတွက် ဘယ်လောက် အချိန်ပေးနေသလဲ။ ဘလော့ဂ်ကို ဘာတွေနဲ့ လဲလှယ်နေသလဲ။ monitor လုပ် စောင့်ကြည့်ခြင်းဟာ လိုအပ်တဲ့ အလုပ်ဖြစ်ပေမဲ့ ဘာအတွက် ဘာကို စောင့်ကြည့်ပါသလဲ ဆိုတာ ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ်ခြင်းမို့ အကျိုးသွားရလဒ်ဟာ ကိုယ့်ရဲ့ တာဝန်သာဖြစ်တယ်။
sonata-cantata ဟာထီးတည်း ဖြစ်တည်နေတာမဟုတ်ပါဘူး။ သူ့ကို ...အဓိပတိတွေ, အညမညတွေ, အတ္ထိတွေ, နတ္ထိတွေ, ...တွေ, ...တွေ, ကျေးဇူးတရားတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတယ်။
ကျေးဇူးတင်စွာဖြင့်...
ဧရာသီတာ
22 comments:
ဂုဏ်ယူပါတယ် ကိုဧရာနဲ့ မသီတာတို့ရဲ့ တန်ဖိုးရှိ ဘလော့ဂ်လေးရဲ့ ရာပြည့်မှသည် ထောင်သောင်းတိုင် အတွေးအမြင်များ ဖလှယ်ရင်း..အဲ..ရှယ်များကို ရှယ်ရင်း.. ဆက်လက် ချီတက်နိုင်ပါစေလို့။
ချစ်တဲ့
tg
သီတာတို့ကိုတော့ အားကျမိပါရဲ့။ မောင် တစ်ပို့စ် မယ် တစ်ပို့စ်ပဲ။ တို့များတော့ ကိုယ့်ပို့စ်ကို သူ့မေးလ်ထဲ အရောက်ထည့်ပေးနေရတယ်။ :(
ကိုဧရာနဲ့ မသီတာတို့ ဘလော့ရာပြည့်မှ ဆထက်တံပိုး စာကောင်းပေမွန်များ ဆက်လက် ဖန်တီး တင်ပြနိုင်ပါစေလို့ ... ဆုတောင်းလိုက်ပါတယ်။
စိတ်ဓာတ်မကျပါနဲ့ မtg ရယ်။ ဖြစ်လာမှာပေါ့..း)
ကိုဧရာနဲ့ မသီတာရေ.. ဖတ်လို့လည်းကောင်းပါတယ်။ ချီးလည်းချီးကျူးပါတယ်။ အော်.. လက်ဆောင်လေးကို အသိအမှတ်ပြုလို့ အတိုင်းထက်အလွန်ပါပဲနော်..း)
ပို့စ် ရာပြည့်မှ ထောင်၊ သောင်း အထိ
ပျော်ရွှင် ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ပါစေ.........။
ဗေဒါလိုပဲ ဆန္ဒပြုပါတယ် ကိုဧရာနဲ့ မသီတာ :)
ပို့စ်ထောင်ပေါင်းများစွာ ဆက်ရေးနိုင်ပါစေ။
တရာမှသည် တသန်းဆီအထိဗျာ....
ဆုမွန်ကောင်းများ... တောင်းပေးပါတယ်...။
လူတယောက်ရေးတဲ့စာမှာ... စေတနာကို... တွေ့ရပါတယ်... ခံစားရပါတယ်...
စာကိုမြင်ရတဲ့အခါ... အဲလူရဲ့ နှလုံးသားကို... ထိတွေ့ရသလိုပါပဲ...
အကျိုးရှိတဲ့စာတွေ... ရေးနေသူတိုင်း...
ကံ၊ ကံ၏ အကျိုးကို... ခံစားရတယ်-လို့... ယုံကြည်ပါတယ်။
ကိုဧရာနဲ့ မသီတာလို...
လက်တွဲ ညီတဲ့ မောင်မယ် ဘ၀မျိုးကို... ဘလော်ဂါအားလုံး... လိုချင်ကြတာပါပဲ...။
တယောက်တလှည့်... ရေးကြလို့...
ဘယ့်လောက်ပျော်စရာကောင်းလိုက်ပါဘိသလဲ...။
ကျနော်က... အဲလို မောင်နှံတွေကို အားကျနေတာ...။
Wish you Merry X'Mas &
Very Happy New Year!!!!
ATN
တစ်နှစ်လည်း ပြည့်၊ ပို့စ်တစ်ရာလည်း ပြည့် ပျော်စရာကြီး။ ကျွန်မရဲ့ ဆရာဟောင်း စိတ်ရောဂါ ပါရဂူကြီး တစ်ယောက်က ပြောဖူးတယ်။ သူ ဘယ်တော့မှ စာမရေးဘူးတဲ့။ (ပုံနှိပ်ထုတ်ဝေတဲ့စာကို ဆိုလိုတာပါ) ကိုယ့်အကြောင်းတွေ အတိုင်းအတာ တစ်ခုအထိ လူသိကုန်မှာမို့ အ၀တ်မပါပဲ လမ်းပေါ်ထွက်သလို ခံစားမိလို့တဲ့။ ရယ်လည်း ရယ်ရတယ်။ အတွေ့အကြုံတွေ နှမျောစရာလို့ တွေးမိပေမယ့် သူ့ခံယူချက်နဲ့ သူပဲလေ။
ကျွန်မအမြင်ကတော့ ဘယ်လောက်ပြောလဲ၊ ဘယ်လိုပြောလဲ၊ ဘာအတွက်ပြောလဲ ဆိုတာ ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ ဘလော့ဂ်ဟာ အဓိကအားဖြင့် ရေးသူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ရေးသူရော ဖတ်သူပါ အကျိုးရှိရင်တော့ ပိုကောင်းတာပေါ့။ မတူတဲ့အမြင်တွေကို ပွင့်လင်းပျူငှာစွာ ဖလှယ်နိုင်ခြင်းက တန်ဖိုး မဖြတ်နိုင်ဘူး ထင်ပါတယ်။ သုတပဲဖြစ်ဖြစ် ရသပဲဖြစ်ဖြစ် ဘာမှမဟုတ်တဲ့ နေ့စဉ်မှတ်တမ်းလေးပဲ ဖြစ်ဖြစ် ရေးချင်တာတွေကို ရေးချင်တဲ့အချိန်မှာ ရေးချင်သလောက် ရေးပါ။ ကျေးဇူးတင်စွာ အားပေးနေကြမယ့် အပေါင်းအသင်းတွေ ရှိပါတယ်။
ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေ။
*****
ရည်ရွယ်ချက်အတိုင်းပြည့်ဝနိုင်ပြီလို့ ထင်ပါတယ်။ ပြည့်ဝပါစေရှင်။
ဒါနဲ့ ကျွန်မနဲ့ တူတာက ဘာကောင်တာမထည့်မထားချင်တာပဲ။ စာဖတ်သူကို ကိုယ်ကစောင့်ကြည့်နေသလိုခံစားရပြီးလွတ်လပ်စွာ
မဖတ်ရဲတော့မှာစိုးလို့ ပါ။ ကိုယ့်အတွေးနဲ့ ကိုယ်လုပ်တတ်တာချင်းပါတူတာပေါ့လေ။
အိမ်က မောင်ရင်ကတော့ ဘလော့လုပ်ချင်တယ်ဆိုလို့ ကျွန်မကိုယ်တိုင်လုပ်ပေးထားတာ။ အမှန်တရားရှာဖွေခြင်း ဆိုတဲ့နာမည်ကို ရှမ်း
အသံထွက်နဲ့ ရေးပြီးနာမည်ပေးထားတာလေ။ ဘာပို့ စ်မှလည်းရေးတာမတွေ့ မိပါဘူး။ ဆက်လက်အကောင်အထည်ဖေါ်နိုင်ပါစေလို့ နော်
အမရေ ပို့စ်၁၀၀ပြည့်
တန်ဖိုးရှိတဲ့စာတွေ အတွေးအခေါ်တွေနဲ့ ဗဟုသုတတွေပေးဝေတာမို့ အမတို့ဘလော့လေးက ကြည်နူးစရာပါ..။
အများကြီး...ဆက်ရေး နိုင်ပါစေ
ကိုယ့်ရည်ရွယ်ချက်အတိုင်း ပျော်ရွှင်အဆင်ပြေစွာ ဆက်လက် ဘလော့ဂ်နိုင်ပါစေ။
အားပေးလျက်..
ပန်ဒိုရာ
I usually read your blog " sonata cantata " and like it.I wish the " sonata cantata " all the best and possess the universal truth of the nature.
Sai...
I usually read the "sonata cantata" blog and like it.I wish the "sonata cantata" creators all the best and possess the universal truth of the nature.
Sai...
ပျော်ရွှင်စွာနဲ့ ဆက်လက် Blogging နိုင်ပါစေ။
အရေအတွက်ထက် အရည်အချင်းက တန်ဖိုး ကြီးတာမို့ ဆက်လက် အားပေးလျက်ပါ။
လေးစားလျက်
http://winzaw-mdy.blogspot.com
sonata cantata
ဘာရယ်မဟုတ်လား..ဘာရယ်ဟုတ်လားတော့မသိ.. သူ့အတိုင်းသွားနေတဲ့..ရေစီးကြောင်းကြီးတခုမှာ.. အရိပ်တွေ..တွေ့ကြ..ခင်ကြ..လေးစားကြ.. ဝေဖန်ထောက်ပြကြ.. ပျော်လဲ ပျော်ကြပေါ့။
လူဆိုတာရဲ့..အတွင်းသဘောကိုလဲ..ဒီစာတွေပေါ်မှာပဲ..အရိပ်တွေအဖြစ် ထပ်တွေ့..စေတနာတွေလဲပါ..ခံစားချက်တွေလဲ အံကျ.. အပြစ်အနာလေးတွေလဲ..မလွတ်..။
တကယ်တော့.. ဘ၀ တစိတ်တပိုင်း ကို ဘလော့နဲ့ဖြတ်သန်းကြည့်ခြင်း ပေါ့။ ရိုးရိုးတွေး.လိုက်...ပေါ့ပေါ့ရေး..လိုက်.. အကာပါးလေး ဖုံးလိုက်.. စကားလုံးလေးတွေ ညွန့်လိုက်။
တကယ်တော့.. ဘလော့တွေကနေ..လူတွေကို မြင်နေ ဖတ်နေ..သိနေရတာ..တကယ့် ပဉ္စလက် ကြီး တခုပါပဲ။
ခင်မင်လေးစားလျက်-
အခုမှကော်မန့်ပေးဖြစ်တယ်။ နှစ်ယောက်လုံး ပျော်ရွှင်စွာနဲ့ စာတွေအများကြီးဆက်ရေးနိုင်ပါစေ။ အတွဲညီလို့ အားကျလိုက်တာ။
ရာပြည့်မှသည်ထောင်သောင်းဆီသို့ လက်တွဲအတူ ဝေမျှသူတွေဖြစ်ပါစေ။
မသီတာရေ...
ဆောရီးပါ... ရောက်လာတာ တော်တော်တောင် နောက်ကျနေပြီနော်။ တစ်နေ့ လုံး ချာချာလည်ရှုပ်ထွေး ပွေလီနေလို့ ပါ...
ကိုဧရာ မသီတာ ရဲ့  ပိုစ့် ၁၀၀ မြောက် ရွှေရတုမှသည်... နောင် ပိုစ့်ပေါင်း ရာ ထောင် သောင်းတိုင် တွေးနိုင်၊ ရေးနိုင်၊ မျှဝေ ဖေါ်ထုတ်ပေးနိုင်ပါစေလို့  ဆုတောင်းပါတယ်...
ဆက်လက် ရေးနိုင်ပါစေ
အမကတော့ ဘလော့ဆိုတာ မျှဝေရာ လဲ ဖြစ်တယ်လို့မြင်ပါတယ်..
ဘယ်သူမှ လာမဖတ်ဘူးဆိုလဲ ရေးချင်စိတ်ရှိရင် မှတ်တမ်းလေးတခုအဖြစ် တင်ထားချင်တဲ့ စိတ်နဲ့ ရေးနေဦးမှာပါပဲ..
တခုပဲ ရှိတယ် ကိုယ့်စိတ်ကိုတော့ အလွှမ်းမိုး မခံချင်ဘူးပေါ့.. ဒီလောက်လေးပါပဲနော်...
ကိုဧရာ မသီတာ တို့လဲခုလိုပဲ ဆက်လက်ဘလော့နိုင်ပါစေသော်ဝ်....
အတွေးအမြင်ကောင်းများ
အတွေးအခေါ် အယူအဆကောင်းများကို
SONATA-CANTATA ဘလော့မှ
ဆထက်တံပိုးဝေမျှနိုင်ပါစေ...
ဂုဏ်ယူပါသည်။
ဖတ်နေတယ်။
Post a Comment