Monday, September 25, 2017

မြန်မာအက္ခရာ သံပေါက်ကဗျာ သမိုင်း

ဆရာကြီး မင်းသုဝဏ် ရေးသား ပြုစုခဲ့တဲ့ မြန်မာအက္ခရာ သံပေါက်ကဗျာလေးရဲ့ သမိုင်းပါ။ နောင်တော့ အခြားဆရာတစ်ဦးကို ပြင်ရေးခိုင်းပြီး သူငယ်တန်း ပြဋ္ဌာန်းစာအုပ်တွေမှာ သုံးစွဲခဲ့ပါတယ်။

 
****
ထိုစနေနေ့က မိုးအတော်သည်းပါသည်။ ညနေ ကျွန်တော် အိမ်သို့ ပြန်ရောက်သောအခါ ကျွန်တော်၏ သားငယ်သည် သုံးထပ်သား ကျောက်သင်ပုန်းတွင် မြေဖြူနှင့် ရေးနေပါသည်။
“ဟေ့ လူလေး ဘာတွေများ ရေးနေသလဲ” ဟု ကျွန်တော်က မေးလိုက်သည်။
“မြန်မာစာတွေ ရေးနေတယ် အဘ ဖတ်ပြစမ်းပါ” ဟု ပြောကာ ကျောက်သင်ပုန်းကို ပြပါသည်။ သူရေးထားသော စာလုံးများကို မြင်ရသောအခါ ကျွန်တော် အံ့သြမိပါသည်။ လွန်ခဲ့သော နှစ်များက သူ့ကို သူ့ကျောင်းတွင် အေဘီစီကိုသာ သင်ပေးခဲ့ပါသည်။ ယခု ကျောင်းဖွင့်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ မြန်မာစာလုံးများကို ရေးနေလေပြီ။ ဘာစာ လုံးတွေပါလိမ့်။ ကျွန်တော် လှမ်းကြည့်လိုက်ပြီးလျှင် “ဆ၊ မ၊ တ ပေါ့ကွ - လူလေးက မြန်မာစာတွေကိုတောင် ရေးနေပြီလား …၊ ကိုင်း ဖတ်ပြစမ်းပါ” ဟု ကျွန်တော်က တုန့်ပြန် မေးခွန်းထုတ်လိုက်ပါသည်။ ထိုအခါ လူလေးက ရေးထားသည်ကို ဖျက်ပစ်ပြီးနောက် ဆလိမ်အက္ခရာကို ပြန်ရေးပြီးလျှင် “ဆ-ဆရာကြီး ခေါင်းလောင်းတီး” ဟု ဆိုပြပါသည်။ ကျွန်တော်၏ ဝမ်းသာခြင်း အားရခြင်းတို့ကား အတိုင်း မသိတော့ပေ။ ညောင်းညာသည်ကိုမျှ သတိမရ။ လူကလေးအနားတွင် ထိုင်ကာ “ကိုင်း ကကြီးက စပြီး ရေးစမ်းပါဦး” ဟု ခိုင်းမိသည်။ ထိုအခိုက်အနားတွင် ရှိနေသော သမီးထွေးကလည်း အားကျမခံ ဝင်လာကာ “ချိုချိုလည်း ရေးတတ်တယ် အဘ” ဟု ကျောက်သင်ပုန်းကို လုလေသည်။ ထို့ကြောင့် အခြား ကျောက်သင်ပုန်းတစ်ခု ရှာပေးကာ “ကဲ တစ်ယောက်စီ ရေးကြ၊ အဘ ကြည့်နေမယ်” ဟု ပြောလိုက်သောအခါ သူတို့ မောင်နှမနှစ်ဦးသည် ဂုဏ်တုဂုဏ်ပြိုင် အော်ဟစ် သီဆိုကာ ရေးကြပါသည်။
“က - ကစွန်းပင်၊ ရေမှာ ရွှင်။ ခ - ခရမ်းသီး၊ ဓားနှင့်လှီး”
ဤသို့ ဆိုကြ ရေကြရာ ဆယ့်လေး ငါးလုံးကို အမှားမပါ အထစ်အငေါ့ မရှိ၊ ဆိုတတ် ရေးတတ်နေသည်ကို တွေ့ရပါသည်။ ထိုမျှတိုတောင်းလှသော ကာလအတွင်း ထိုမျှ လိုလိုချင်ချင်၊ ပျော်ပျော်ပါးပါးနှင့် ထိုမျှသော အက္ခရာတို့ကို တတ်ကြသည့်အတွက် ထိုအက္ခရာသံပေါက်ကလေးများကို ရေးသားသူ ကျွန်တော့်မှာ ဝမ်းသာလုံး ဆို့မိသည်ဆိုလျှင် အပြစ်တင်ဖွယ် ရှိလိမ့်မည် မဟုတ်ဟု ယူဆမိပါသည်။ ထိုမျှမကသေး ထိုအက္ခရာ သံပေါက်ကလေးများ ဖြစ်ပေါ်လာရပုံ အထုပ္ပတ္တိကိုပင် လူသိရှင်ကြား ပြောပြချင်လာမိပါတော့သည်။ ထို့ကြောင့် …
ကျွန်တော်သည် ငယ်ရာမှ ကြီးလာရသူ တစ်ယောက်ဖြစ်သည့်အတိုင်း ကလေးဘဝက စာသင်ခဲ့ရသည့် အခက်အခဲ ဒုက္ခတို့ကို မမေ့နိုင်သေးပါ။ ဘုန်းကြီးကျောင်းတွင် နမောဗုဒ္ဓါယက စ၍ နှုတ်တိုက် သင်ခဲ့ရပုံတို့မှာ စိတ်ဆင်းရဲစရာပင် မဟုတ်ခဲ့စေကာမူ စိတ်ပျော်စရာကား မဟုတ်ခဲ့ပါ။ ကျွန်တော်တို့၏ ကျောင်းသားဘဝသည် အလိုက်အထိုက်အားဖြင့် ပျော်စရာပင် ဖြစ်ခဲ့စေကာမူ သင်နည်းစနစ်၊ သင်ရသော စာအုပ်၊ နေရသော ကျောင်းအဆောက်အအုံတို့ကို အခြား ခေတ်မီစနစ်၊ ခေတ်မီစာအုပ်၊ ခေတ်မီကျောင်းတို့နှင့် ယှဉ်လိုက်ပါမူ များစွာ အောက်ကျနောက်ကျ ဖြစ်လျှက်ရှိပါသည်။ ထိုအစွဲမှာ ကျွန်တော့အား အမြဲလိုလိုပင် နှိုးဆော်တိုက်တွန်းလျှက် ရှိပါသည်။ ထို့ကြောင့်လည်း ကျောင်းသားလူငယ်တို့၏ ဘဝ ကြည်သာရွှင်ပျရှိနိုင်အောင် သူတို့အဖို့ သီချင်းများ၊ ပုံဝတ္ထုများကို ကျွန်တော် ကြံစည်ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားသည့် စာတို့တွင် ဤအက္ခရာသံပေါက်များလည်း ပါဝင်နေပါသည်။
သက္ကရာဇ်အားဖြင့်ဆိုသော် ၁၉၄၇ ခုနှစ်က ဇွန်လအတွင်းတွင် ကျွန်တော်သည် တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးရန် ဖျာပုံမြို့သို့ သွားရပါသည်။ ထိုအခါက ဖျာပုံ ရာဇဝတ်ဝန်မှာ ယခုအခါ ရန်ကုန် ရဲမင်းကြီး ဖြစ်နေသော ဦးခင်မောင်မောင် ဖြစ်ပါသည်။ ဦးခင်မောင်မောင်မှာ ကျွန်တော်၏ တပည့်အရင်း ဖြစ်သည်က တစ်ကြောင်း၊ စာမေးပွဲကိစ္စနှင့် သွားရာတွင် လုံခြုံမှုအတွက် အရပ်ထဲတွင် မတည်းခိုချင်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်သည် လူပျိုကြီး ဦးခင်မောင်မောင်ဆီတွင် တည်းခိုပါသည်။ ကံအားလျော်စွာ ဖျာပုံ အရေးပိုင် မစ္စတာရောဘတ်မိုး (Mr. Robert Mole) သည်လည်း ဦးခင်မောင်မောင်နှင့် အတူနေလျက် ရှိနေပါသည်။ မိုးဆိုသူက ဗိုလ်ချုပ်တို့နှင့် အတူ ကွယ်လွန်ရှာသော ဦးအုန်းမောင်၊ စစ်အတွင်းက ရခိုင် စစ်မျက်နှာတွင် ဆုံးရှာသူ မစ္စတာဗင်ဝိုက်၊ ယခုပညာရေးဝန်ကြီးဌာန အတွင်းဝန် ဦးဘကျော်တို့နှင့် အတူ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ဘီစီအက်အတန်း တက်ခဲ့သူဖြစ်သဖြင့် ကျွန်တော်နှင့်လည်း တက္ကသိုလ်တစ်ခုတည်း နေခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ သုံးယောက်သားမှာ အလုပ်သိမ်း၍ အိမ်ပြန်ရောက်သောအခါ များ၌ ရှေးဟောင်းနှောင်းဖြစ်များကို ပြောကာ အားရဝမ်းသာဖြစ်လျက် ရှိကြပါသည်။
တစ်ခုသော နံနက် ကျွန်တော် စာမေးပွဲစစ်ရာ ကျောင်းသို့ သွားခါနီးတွင် ကျွန်တော့် ဝါသနာကို သိသော မိုးက အင်္ဂလိပ် ကဗျာစာအုပ် တစ်အုပ်ကို လှမ်းပေး၍ စာမေးပွဲ စစ်တုန်း အပျင်းပြေ ဖတ်ဖို့ပေါ့ဟု ပြောလိုက်ပါသည်။ ကျွန်တော်လည်း စာအုပ်ကို လှမ်းယူကာ ကသောကမျော ထွက်ခဲ့ပါသည်။ စာမေးပွဲ မေးခွန်းများ ပေးအပြီး၍ စာမေးပွဲစောင့်သူတို့ကို နေရာတကျ စီစဉ်ကာ စိတ်ချရသောအခါကျမှ မိုး ပေးလိုက်သော စာအုပ်ကို ကြည့်မိရာ၊ ဝေါ်လတာ ဒီလမဲယား (Walter de la Mare) တည်းဖြတ်သည့် “Nursery Rhymes for Certain Times” ခေါ် စာအုပ် ဖြစ်နေသည်ကို တွေ့ရပါသည်။ လူပျိုကြီး အရေးပိုင်က ကလေးချော့ သီချင်းစာအုပ်ကို ရှာရှာဖွေဖွေ ဖတ်တတ်ပလေဟု တွေးကာပြုံးမိပါသည်။ ဒီလမဲယားမှာ ကျွန်တော် ကြိုက်သော အင်္ဂလိပ် စာဆိုကျော်တစ်ဦး ဖြစ်သဖြင့် သူ ရွေးချယ် တည်းဖြတ် ထားသော ကဗျာတို့မှာလည်း ကျွန်တော့် အကြိုက်နှင့် အတော်ပင် တိုက်ဆိုင်လျက် ရှိပါသည်။ ထိုကဗျာတို့တွင် “Tom Thumb’s Alphabets” ခေါ် ငလက်မ၏ အက္ခရာ သံပေါက်များလည်း ပါဝင်နေပါသည်။ ထိုသံပေါက်များကို ဖတ်ရင်း စာမေးပွဲ ဖြေနေသော ကျောင်းသားကလေးများကို လှမ်း၍ ကြည့်မိပါသည်။ စာမေးပွဲ အခက်အခဲတို့ကြောင့် သူတို့၏ မျက်နှာကလေးများမှာ ညှိးငယ် နွမ်းလျ နေသည်ကို သတိပြုမိပါသည်။ နောက်ပေါက် ကလေးများလည်း စာသင်ရ အခက်အခဲတို့ကို တွေ့ကြရပါဦးမည်။ သို့သော် ထိုလာလတ္တံ့သော ကလေးများအတွက် ပျော်စရာ အက္ခရာသံပေါက်ကလေးများကို စီကုံး ရေးသားရလျှင် မကောင်းပေဘူးလား ဟူသော အတွေး ဝင်လာပါသည်။ ထို့ကြောင့် ကျွန်တော်သည် စက္ကူစကလေး တစ်ခုပေါ်တွင် …
“ကကြီး - ကဆုန်၊ မိုးမှုန်မှုန်၊ ခခွေး - ခမောက်၊ မိုးမကြောက်” စသည်ဖြင့် စတင်ရေးသား မိပါသည်။ ဇွန်လမိုးသည် ခဏခဏ ရွာလျက် ရှိပါသည်။ စာမေးပွဲစစ်ရာ ကျောင်းမှ လှမ်းမျှော် ကြည့်လိုက်လျှင် မြစ်ဝကျွန်းပေါ် လယ်ကွင်းများကို ရေဖွေးဖွေးနှင့် တွေ့ရပါသည်။ လယ်ကွင်းသည် လယ်သမားကို ညွှန်ပြ၍ လယ်သမားသည် ခမောက်ကို လက်ညှိုးထိုးကာ ခမောက်သည် တဖြိုင်ဖြိုင် ရွာလျက်ရှိသော မိုးကို သတိရစေပါသည်။ ထို့ကြောင့် “ကကြီး - ကဆုန်၊ မိုးမှုန်မှုန်” စသည်တို့ကို ရေးမိခြင်း ဖြစ်ပါတော့သည်။ ထိုနေ့ အဖို့ ကျောင်းမှ ပြန်လာသောအခါ ကျွန်တော့်တွင် စာမေးပွဲတာဝန် အပြင် အက္ခရာ သံပေါက်ရေးဖို့ တာဝန်သစ်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။
ညစာ ထမင်းဝိုင်းတွင် လူချင်းဆုံမိသောအခါ ကျွန်တော်က မိုးအား ပြောပါသည်။
“မစ္စတာမိုး၊ ခင်ဗျားမှာ ယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်များ ရှိပါသလား”
“ရှိပါတယ်။ ဘာလုပ်ချင်လို့လဲ”
“ကျွန်တော့ကို ခဏငှားစမ်းပါ၊ ကလေးကဗျာ ရေးချင်လို့ပါ”
“ကလေးကဗျာ ရေးဖို့အတွက် အဘိဓာန် လိုသေးသလား”
“လိုတာပေါ့ဗျာ၊ ခင်ဗျား ငှားလိုက်တဲ့ ကလေးကဗျာ စာအုပ်ထဲက အက္ခရာ သံပေါက်ကလေးမျိုး ရေးမလို့၊ ကလေးတွေအတွက် လွယ်ကူတဲ့ စကား၊ ပျော်စရာကောင်းတဲ့ စကား၊ သူတို့ ဘဝနဲ့ နီးစပ်တဲ့ စကား၊ လက်ဟန် ခြေဟန်နဲ့ ဆိုလို့ရတဲ့ စကားတွေကို ရွေးရအောင် အဘိဓာန် လိုတာပေါ့၊ နောက်ပြီး ကကြီးခခွေးနဲ့ ရေးရမှာမို့ အဘိဓာန်နဲ့ လုပ်မှ ဖြစ်မယ်။”
ထိုအခါ မိုးသည် သူ့အဘိဓာန်ကို ထုတ်ပေးပါသည်။ မိုးသည် အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ နေစဉ်ကပင် ရာဇဝင်ဆရာ မစ္စတာဟာဗေ သင်ပေးလိုက်သဖြင့် မြန်မာစာကို တတ်ခဲ့ပါသည်။ မြန်မာပြည် ရောက်သောအခါ ဆက်လက် ဆည်းပူးပြန်သဖြင့် စာကို အတော်အတန် တတ်လာ၍ စကားပြောကိုကား အတော့ကို တတ်နေသူ ဖြစ်ပါသည်။ သူ့အဘိဓာန်ကို ရသောအခါ ကျွန်တော်သည် အိပ်ခန်းထဲတွင် စကားလုံးများကို လှန်လှောရှာဖွေ၍ မှတ်တမ်း တင်ထားပါသည်။ နောက်တစ်နေ့ စာမေးပွဲခန်းသို့ ရောက်ပြန်သောအခါ လွန်ခဲ့သည့် နေ့က ရေးထားသည်တို့ကို ဖျက်ပယ်၍ အသစ် ရေးပြန်ပါသည်။ ထိုသံပေါက် အသစ်တို့ကား “က - ကစွန်းပင် ရေမှာရွှင်” စသဖြင့် ဖြစ်လာပါတော့သည်။ ထိုနေ့ ညနေ အိမ်ပြန်ရောက်၍ သုံးယောက်သား ဆုံမိပြန်သောအခါ ကျွန်တော်၏ စွန့်စားချက် သံပေါက်များ ဝရန်တာတွင် ဖတ်ပြပါသည်။ သံပေါက် တစ်ပုဒ်မှတပါး အားလုံးကို မိုးနှင့် ခင်မောင်မောင်တို့က သဘောကျ အတည်ပြုကြပါသည်။ သို့သော်လည်း “ဆ - ဆရာကြီး ခေါင်းကို ဖြီး” ဆိုသည့် အပုဒ်ကိုမူ ခင်မောင်မောင်က သဘာဝ မကျဟု ဆိုကာ “ဆ - ဆရာကြီး ခေါင်းလောင်းတီး” ဟု ပြင်ပေးပါသည်။ ကောင်းပေစွ။ အာဂ ပုလိပ်ပါတကား။ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးကို စောင့်ရှောက်နိုင်ရုံမက ငြိမ်ဝပ်ပိပြားရေး၏ အကြောင်းရင်း တစ်ရပ်ဖြစ်သော ကဗျာကိုလည်း နားလည်ပါပေသည်။ လူပျိုကြီးဖြစ်လျက်နှင့် သားသည် အဖေ ကျွန်တော့်ကိုလည်း ကျောသွားလေပြီ။ ထိုသို့ဖြင့် အရေးပိုင်၊ ရာဇဝတ်ဝန်၊ ကျောင်းဆရာ သုံးဦးသားတို့ စုပေါင်း မွေးထုတ်လိုက်သော မြန်မာအက္ခရာ သံပေါက်များသည် ဇွန်လမိုးထဲတွင် ဖျာပုံကွင်းထဲ၌ ကောက်ပင်များနှင့်အတူ ပေါ်ပေါက်ခဲ့ပါသည်။ ဤသို့ ပြုရ မြတ်ပုညကြောင့် ပုဒိအာနှင့် ပြည့်စုံရပါလို၏။ ဤကောင်းမှု၏ အကျိုးကို မိဘ နှစ်ပါးနှင့်တကွ သတ္တဝါအပေါင်းအားလည်း အမျှပေးဝေပါ၏။ အမျှယူကြပါစေလို။
မင်းသုဝဏ်
(ရှုမဝမဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၅၃)

0 comments: