Wednesday, October 22, 2008

တတိယလှိုင်းနှင့် သမုဒ္ဒရာဇ်နိုင်ငံတော်

Nineteen Eighty-Four 1984 သည် George Orwell ၏ အအောင်မြင်ဆုံး ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ ထိုဝတ္ထု၏ အဓိက ဇာတ်ကောင်ဖြစ်သော Winston သည် သစ္စာတရားဝန်ကြီးဌာန (Ministry of Truth) တွင် အမှုထမ်းသည်။ ဤဝန်ကြီးဌာနက သမိုင်းမှတ်တမ်းများကို ပါတီ၏ မူဝါဒများနှင့် ကိုက်ညီစေရန် ပြုပြင်ပေးရသည်။ လိုအပ်ပါက လူအချို့၏ သမိုင်းမှတ်တမ်းများကို ဖျောက်ဖျက်ပေးသည်။ ထိုသူတို့၏ အကြောင်းရေးသားထားသော စာအုပ်, ဆောင်းပါး, သူတို့၏ ဓာတ်ပုံများကို ဖျောက်ဖျက် ပေးရသည်။ ယုတ်စွအဆုံး သူ့နှင့် နီးစပ်သော မိတ်ဆွေအသိုင်းအဝိုင်း၊ ဆွေမျိုးသင်္ဂဟတို့ကပင် ထိုသူတို့ကို မေ့ပျောက်သွားအောင် ကူညီပေးရသည်။ ဤသည်မှာ သစ္စာတရားဝန်ကြီးဌာနတွင် Winston ဆောင်ရွက်ရသော တာဝန်များဖြစ်သည်။

ဤသို့ဆန်ကျင်ဘက် အယူအဆတို့ကို တပြိုင်နက်တည်း လက်ခံထားနိုင်မည့် အရည်ချင်းများကို သမုဒ္ဒရာဇ် (Oceania) နိုင်ငံသားတို့အား ပြုစုပျိုးထောင်ပေး ထားသည်။ မုသားကိုလည်း မိမိစိတ်တွင် နှစ်နှစ်ကာကာ ယုံကြည်ပြီး ပြောဆိုနိုင်ရမည်။ မိမိတို့အတွက် အဆင်မပြေသည့် အမှန်တရားတို့ကိုလည်း မေ့ပျောက်ထားနိုင် စွမ်းရမည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်ပေးရခြင်းအား သမုဒ္ဒရာဇ်နိုင်ငံတော်၏ “ဘာသာစကားသစ်” (Newspeak) တွင် “ဒွိဟအမြင်” (Doublethink) ဟုခေါ်သည်။ ဒွိဟအမြင်သည် သာမာန် ကြောင်သူတော်အရည်ခြုံ ဟန်ဆောင်ခြင်းမျိုး မဟုတ်တော့။ အမှားကို နှစ်နှစ်ကာကာ လက်ခံနိုင်ခြင်းဖြစ်သည်။ အမှန်ကို လိုလိုလားလား မေ့ပျောက်နိုင်ခြင်းဖြစ်သည်။ ဒွိဟအမြင်ကို နားလည်နိုင်ရန် ဒွိဟအမြင်ရှိဖို့လိုသည်။ ဒွိဟအမြင်သည် သာမာန်တွေဝေခြင်းမျိုး မဟုတ်။ စနစ်တကျ ပြုစု ပျိုးထောင် (ဖျက်ဆီး) ထားရသော အရည်အသွေးဖြစ် နေ၍၊ ထိုဒွိဟအမြင်အား သာမာန်နည်းလမ်းဖြင့် ကုစား၍ မရ။ ဤကား ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ အရှိန်မရသေးခင် ၁၉၄၉-ခုနှစ်မှ စပိန်, ဂျာမဏီနှင့် ဆိုဗီယက်နိုင်ငံတို့ကို လေ့လာကာ၊ အနာဂတ် ကွန်မြူနစ်အာဏာရှင်စနစ်၏ အန္တရာယ်ကို ပုံဖော်ရန် ရေးသားခဲ့သော “1984” ဝတ္ထု၏ ကျောရိုးဖြစ်သည်။

George Orwell သည် စက်မှုနည်းပညာများဖြင့် အနာဂတ် လူထုဆက်သွယ်ရေးကို တစ်စိတ်တစ်ဒေသ မှန်းဆနိုင်ခဲ့သော်လည်း၊ တတိယလှိုင်းဆက်သွယ်ရေးကိုမူ မမြင်နိုင်ခဲ့။ ပထမလှိုင်း စိုက်ပျိုးရေးခေတ်တွင် ဆက်သွယ်ရေးသည် လူအုပ်စုကို အခြေတည်ရသည်။ အမိန့်ကျေညာချက်များကို မောင်းကြေးနင်းခတ်၍ ကျေညာရသည်။ လူတို့က ဟစ်တိုင်တွင် အော်၍ မင်းဧကရာဇ်တို့ကို အသိပေးရသည်။ စီးပွားရေးကြော်ညာများ, နိုင်ငံရေးလှုံ့ဆော်ချက်များကို ပိုစတာများကပ်၍ ဖြန့်ဖြူးရသည်။ ကောလာဟလများ, တပေါင်များ, တီးတိုးစကားများသည် ပထမလှိုင်းဆက်သွယ်ရေးပုံစံဖြစ်သည်။

ဒုတိယလှိုင်း စက်မှုခေတ်၏ အဓိကလက္ခဏာသည် အမြောက်အများ ထုတ်လုပ်ရေးဖြစ်သည်။ ထို့အတူပင် စက်မှုခေတ် ဆက်သွယ်ရေးသည် သတင်းစာ၊ မဂ္ဂဇင်း၊ ရုပ်ရှင်၊ ရေဒီယို၊ ရုပ်သံများဖြင့် လူထု အမြောက်အများအား တစ်ချိန်တည်းထုတ်လွင့်သည့် ပုံစံဖြစ်သည်။ အလုပ်မသွားမှီ နံနက်စာစားရင်း သတင်းစာဖတ်ခြင်း၊ အိမ်ပြန်ရောက်၍ ညစာစားပြီးသော် ရုပ်သံသတင်း ကြည့်ရှုခြင်းသည် ဒုတိယလှိုင်းခေတ်မှ လူတို့၏ စတိုင်ဖြစ်လာသည်။ ရတနာပုံသတင်းစာသည် မြန်မာနိုင်ငံ၏ ဒုတိယလှိုင်း လူထုဆက်သွယ်ရေးသို့ ပြောင်းလဲရန် ကြိုးပမ်းမှု ဖြစ်သည်။ “ငါမကောင်းလျှင် ငါ့ကိုရေး။ … မင်းတို့ သတင်းစာတိုက်၌ အပြစ်မရှိ။” ဟု မင်းတုန်းမင်းကြီးကလည်း အားပေးခဲ့သည်။ သို့သော် George Orwell ၏ ဝတ္ထုမှ သမုဒ္ဒရာဇ်နိုင်ငံတော်ပါတီကမူ ဒုတိယလှိုင်း လူထုဆက်သွယ်ရေးအား ထိန်းချုပ်ကာ လူထု၏ အသိစိတ်ကိုပင် လွမ်းမိုး ကွပ်ကဲရန် ကြိုးပမ်းသည်။ Telescreen ခေါ် အသွားအပြန်ရသော ရုပ်သံများဖြင့် လူထုကိုဝါဒဖြန့်ရင်း တစ်ချိန်တည်း၌ပင် ထိုရုပ်သံတို့တွင် မြုတ်နှံထားသော အသံဖမ်း ကိရိယာများဖြင့် လူတို့ကို စောင့်ကြည့်နေလိမ့်မည်ဟု မှန်းဆခဲ့သည်။

တတိယလှိုင်း information ခေတ်၏ ပဓာနလက္ခဏာသည် လူထုသဘောထက် လူတစ်ဦးချင်းစီကို တန်ဖိုးထားသည်။ ပုံစံတူပစ္စည်းများကို အမြောက်များ ထုတ်လုပ်ခြင်းထက် စားသုံးသူ တစ်ဦးချင်းစီတို့၏ အကြိုက်အလိုက် customized လုပ်ထားသော ပစ္စည်းထုတ်လုပ်မှုဆီသို့ ကူးပြောင်းသွားသည်။ ယင်းကို de-massification ဟုခေါ်သည်။ ဆက်သွယ်မှုပုံစံများလည်း ပြောင်းလဲသွားသည်။ ရုပ်ရှင်ထက် DVD ခွေများခေတ်စား လာသည်။ ဗီဒီယိုကင်မရာများ၊ ဒစ်ဂျစ်တယ် ကင်မရာများသည် လူတိုင်းနီးပါး အသုံးပြုနိုင်သော ပစ္စည်းဖြစ်လာသည်။ လက်ကိုင်ဖုန်းများ တွင်ကျယ်လာသည်။ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံ, ဗီဒီယို ရိုက်နိုင်လာသည်။ မီဒီယာများကို ပုံစံတစ်မျိုးမှ တစ်မျိုးသို့ လွယ်လင့်တကူ ကူးပြောင်းပေးနိုင်သည်။ Online news, online magazines, e-books များက သတင်းစာ၊ မဂ္ဂဇင်းများကို အစားထိုးလာသည်။ မိမိအလိုရှိသော ဇာတ်လမ်း, အစီအစဉ်တို့ကို ရွေးချယ် ကြည့်ရှုနိုင်မည့် Video-On-Demand များ ထွန်းကားလာသည်။ အင်တာနက်ကွန်ရက်များက ကမ္ဘာတစ်ဝန်းမှ လူများကို ဆက်သွယ်ပေးသည်။ Blogများ ထွန်းကားလာသည်။ စာရေးသူနှင့် ဖတ်သူအကြား အပြန်အလှန်တိုက်ရိုက် ဆက်သွယ်လာနိုင်သည်။ လူတိုင်း နီးပါးပင် စာနယ်ဇင်းသမားများ ဖြစ်လာနိုင်ရန် တတိယလှိုင်း နည်းပညာက ပံ့ပိုးပေးသည်။

သို့သော် George Orwell သည် တတိယလှိုင်းခေတ်ကိုတော့ ကျော်မမြင်နိုင်ရှာတော့။ “Big Brother is watching you” ဟုရေးထားသည့် ပထမလှိုင်းလူထုဆက်သွယ်ရေးဖြစ်သော ပိုစတာကြီးများဖြင့် လူထုကို သတိပေးသည်။ ဒုတိယလှိုင်း ဆက်သွယ်ရေးကိရိယာတစ်မျိုး ဖြစ်သော Telescreen ခေါ် အသွားအပြန်ရသော ရုပ်သံဖြင့် လူတို့ကို ဝါဒဖြန့်ရင်း စောင့်ကြည့်နိုင်ပုံကိုတော့ စိတ်ကူးယဉ် ကြည့်ခဲ့သည်။ ထိုဝတ္ထုထဲမှ သမုဒ္ဒရာဇ်နိုင်ငံတွင် လူတန်းစားသုံးမျိုးရှိသည်။ Big Brother (BB) သည် နိုင်ငံတော်၏ အကြီးအကဲဖြစ်သည်။ လူဦးရေ၏ ၂% ထက်မပိုသော လက်တစ်ဆုပ်စာ လူတန်းစားတို့သည် အခွင့်ထူးခံ အတွင်းစည်းပါတီ (Inner Party) ဝင်များ ဖြစ်သည်။ လူဦးရေ ၈၅% သည် အခြေခံလူတန်းစား (proles) များဖြစ်သည်။ ထိုအခြေခံလူတန်းစားတို့အား လောင်းကစား, မူးယစ်သေစာ, အပျော်အပါးများဖြင့် နှစ်သိမ့်ထားသည်။ အားကစား, ပြစ်မှု, ဗေဒင်ဟောစာတမ်း, အတင်းအဖျင်း နှင့် အပေါစား ဝတ္ထုတို့လောက်သာ ပါသော prolefeed ခေါ် အပေါစား စာမျိုးတို့ကိုသာ ဖတ်စေသည်။ ကျန်လူတန်းစားတို့မှာ ပါတီ၏ မူဝါဒများကို အကောင်ထည်ဖော်ပေးရသော လက်ကိုင်တုတ်ဖြစ်သည့် အပြင်စည်းပါတီ (Outer Party) ဝင်များဖြစ်သည်။ အဓိက ဇာတ်ကောင်ဖြစ်သော Winston သည် အပြင်စည်းပါတီဝင် ဖြစ်သည်။ သို့သော် သူက ပါတီ အပေါ်တွင်မယုံ။ အမှန်တရားကို မြတ်နိုးသည်။ သို့သော်လည်း ပါတီကို မလွန်ဆန်နိုင်။ အခြေခံလူတန်းစားတို့ အသိပညာမရှိသမျှ ပါတီကိုတော်လှန်မည်မဟုတ်။ သို့သော်လည်း မတော်လှန်သေးသရွှေ့ အခြေခံလူတန်းစားတို့ အသိပညာရရှိလာရန်မှာ မဖြစ်နိုင်။ ယင်းမှာ ဒုတိယလှိုင်းတွင် ပိတ်မိနေသော Winston မြင်သည့် သမုဒ္ဒရာဇ်နိုင်ငံသားတို့၏ အကျပ်အတည်း ဖြစ်သည်။ သို့သော် တတိယလှိုင်း လူထုဆက်သွယ်ရေး မီဒီယာများဖြစ်သော DVD, Online-news နှင့် လက်ကိုင်ဖုန်းများသည် ရုပ်ရှင်, သတင်းစာ, ရုပ်သံများကို ထိန်းချုပ်ရသည်လောက် မလွယ်ကူတော့။ တတိယလှိုင်း ဆက်သွယ်ရေးဖြင့် အခြေခံလူတန်းစားများကို အသိပညာ ပေးနိုင်လာသည်။ တတိယလှိုင်းသည် Winston ၏ မျှော်လင့်ချက်အတွက် လင်းရောင်ခြည် ဖြစ်လာသည်ကို George Owrell မမြင်နိုင်ရှာခဲ့တော့။

“မျှော်လင့်ချက်ရှိသေးလျှင်၊ ထိုမျှော်လင့်ချက်သည် အခြေခံလူတန်းစားတို့အပေါ်၌သာ တည်သည်။” [Winston]

စာညွှန်း။
1. George Orwell: Nineteen Eighty-Four
2. Alvin Tofler: PowerShift
ဧရာ(မန္တလေး)

6 comments:

Kay said...

ကိုဧရာ ရေးတာ လည်း ကောင်းချက်။
မောင် တပို့စ် မယ် တ ပုဒ် ရေးကြတယ်ပေါ့။ ကောင်းပါ့။း)

tg.nwai said...

ကောင်းလိုက်တာ...။ winston နောက်ဆုံး quote လေးကို သိပ်သဘောကျပါတယ်။ ဒါပေမယ့် စနစ်တကျ ဖျက်ဆီးခံထားရတဲ့ အမှန်တရားတွေကို ဘယ်လိုလုပ် ပြန်ရနိုင်မှာလဲ.. ဆက်ရန်ရှိသေးလား ဆရာ..

စူး said...


ကောင်းလိုက်တဲ့ စာသား
ဒီဘလော့ကတော့ သေသေချာချာ ဖတ်ရတယ်။
အပေါ်ယံဖတ်လို့ရဘူးတော့...

စာကြီးပေကြီးဆိုတာ ဒါကို ပြောတာ နေမှာ

Soe Mya Nandar Thet Lwin (Borros Roxo) said...

စိတ်ဝင်စားစွာဖြင့် ဖတ်သွား၏။

Thanks for your efforts!!

SMNTL

Yu Wa Yi said...

ဆရာ ကိုဧရာက မန္တလေးက မို့ လို့ ထင်ပါရဲ့။ အဟဲ ရေးထားတာက ဟဲဗီးဖြစ်တော့ မြတ်နိုး
ပြောသလိုပဲ ဖြည်းဖြည်းချင်း စဉ်းစားပြီး ထပ်လာဖတ်ရဦးမယ်။

SDL said...

ဖြည်းဖြည်းချင်း၊ တစ်ခေါက်ပြီးတော့နောက်တစ်ခေါက်
ဖတ်သွားပါတယ်