Wednesday, October 15, 2008

ပဝါရဏာပြုခြင်း

လူအဖွဲ့အစည်းတစ်ခု၏ ငြိမ်းချမ်းသာယာရေးကို စည်းလုံး ညီညွတ်မှုကသာ ဖော်ဆောင်နိုင်သည်။ စည်းလုံး ညီညွတ်မှုကိုလည်း ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ ရိုးသားပွင့်လင်းစွာ အပြန်အလှန် ဝေဖန် ထောက်ပြခြင်းတို့ဖြင့် တည်ဆောက်ရသည်။ ထို့ကြောင့် ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို ဖန်တီးရန်အတွက် ရိုးသားပွင်းလင်းစွာ ဆွေးနွေးညှိနှိုင်းနိုင်သော, ဝေဖန် ပြုပြင်နိုင်သော အခြေခံအဆောက်အအုံကို ဦးစွာ တည်ဆောက်ရပေမည်။

သံဃာ အဖွဲ့အစည်း၏ ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ထိုအခြေခံအုတ်မြစ်ကို တည်ဆောက်ရန် ဗုဒ္ဓမြတ်စွာသည် ဝိနည်းတော်ဟူသော စည်းကမ်းဥပဒေကို ပညတ်တော်မူခဲ့သည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတို့ ပဝါရဏာပြုခြင်းသည် သံဃာအဖွဲ့အစည်း၏ အခြေခံဥပဒေမှ လုပ်ထုံးလုပ်နည်းတရပ်ပင် ဖြစ်သည်။

မြတ်စွာဘုရား လက်ထက်တော်အခါက များစွာသော ရဟန်းတော်တို့သည်ကောသလတိုင်း၊ နယ်ကျောင်းတစ်ကျောင်း၌ ဝါဆိုတော်မူကြ၏။ ထိုရဟန်းတော်တို့သည် ငြင်းခုံခြင်း၊ ဝါဒကွဲပြားခြင်းသည် စကားပြောဆိုခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး အငြင်းမပွားရပဲ၊ ညီညွတ်ချမ်းသာစွာ နေထိုင်နိုင်ရန်အတွက် စကားမပြောပဲ နေထိုင်ကြရန် သဘောတူကြ၏။ တစ်ဝါတွင်းလုံး စကားမပြောကြပဲ လက်ဟန် ခြေဟန်ဖြင့်သာ သန့်ရှင်းရေးလုပ်ခြင်း၊ သောက်ရေသုံးရေတို့ ခပ်ခြင်း, လဲခြင်း၊ ဆွမ်းအတွက်ပြင်ဆင်ခြင်းစသော အမှုကိစ္စတို့ကို ဆောင်ရွက်နေခဲ့ကြသည်။ ဝါကျွတ်သောအခါ မြတ်စွာဘုရားရှိရာ ဇေတဝန်ကျောင်းတော်သို့ ဘုရားဖူးရန် ထွက်ခဲ့ကြသည်။

မြတ်စွာဘုရားသည် ထိုရဟန်းတော်တို့အား “ကျန်းမာကြပါလော။ အငြင်းအခုံမရှိ, ညီညီညွတ်ညွတ် ချမ်းချမ်းသာသာ ရှိပါ၏လော။ ဆွမ်းအတွက် မပင်မပန်းရှိပါ၏လော” ဟုမေး၏။ ဘုရားရှင်တို့ မည်သည် မသိ၍ မေးခြင်းမဟုတ်။ အကျိုးအတွက် ရည်မျှော်၍ မေးခြင်းသာ ဖြစ်သည်။ ရဟန်းတော်တို့ကလည်း မိမိတို့သည် ကျန်းမာကြကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြရကြောင်းနှင့်တကွ စကားမပြောပဲ ညီညွတ်ချမ်းသာစွာ နေထိုင်ခဲ့ကြပုံတို့ကို ပြန်လည် လျှောက်ထား၏။

စကားမပြောပဲနေခြင်းကို ဗုဒ္ဓမြတ်စွာက မချီးမွမ်း။ “သင်တို့သည် မချမ်းသာပဲလျှက် ချမ်းသာစွာနေရသည်ဟု ဆိုကြ၏”ဟု အပြစ်တင် လေသည်။ စကားမပြောပဲနေခြင်းအား နွား၊ ဆိတ်တို့ကဲသို့ တိရစ္ဆာန်တို့၏ နေခြင်းဟု ကဲ့ရဲ့ရှုတ်ချ၏။ တိတ္ထိတို့၏ ‘မူဂဗ္ဗတ’ ခေါ် စကားမပြော, တုံဏိဘာဝေဆိတ်ဆိတ်နေသော အကျင့်မျိုးကို ကျင့်၏ ဟုကဲ့ရဲ့ရှုတ်ခြ၏။ ရဟန်းတို့သည် ဤသို့ စကားမပြောသော အကျင့်ကို မကျင့်အပ်။ ကျင့်ပါက ဒုက္ကအာပါတ် အပြစ်သင့်သည်ဟု ပညတ်တော်မူသည်။ စကားမပြောသော လူ့အဖွဲ့အစည်းသည် တိရစ္ဆာန်အုပ်တို့နှင့် မခြားတော့သော အန္တရာယ်ကြောင့် ဖြစ်သည်။

ထိုသို ရှောင်ကြဉ်ရန်အချက်ကို ပြဋ္ဌာန်းတော်မူပြီးနောက်၊ ဆောင်ရန်အတွက် ပဝါရဏာပြုခြင်း ဝိနည်းကံကို ပညတ်တော်မူခဲ့သည်။ ဝိနည်းကံဟူသည် သံဃာအဖွဲ့အစည်း၏ လုပ်ထုံးလုပ်နည်းဖြစ်သည်။ ‘ပဝါရဏာ’ သည် ‘ဖိတ်ကြားခြင်း’ဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ချို့ယွင်းချက် အပြစ်များအား မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ သံသယရှိလျှင်ဖြစ်စေ ဝေဖန်ညွှန်ပြကြပါရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။

ရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့တွင် “သုဏာတု မေ ဘန္တေ သံဃော” အစချီကာ အောက်ပါအတိုင်း သုံးကြိမ်တိုင်တိုင် ဖိတ်ခေါ်၍ ပဝါရဏာပြုရသည်။

“သံဃံ, အာဝုသော, ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။ ဝဒန္တု မံ အာယသ္မာတော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ။”

“ငါ့ရှင်တို့ … သံဃာအား ဖိတ်ကြားပါ၏။ မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ သံသယရှိလျှင် ဖြစ်စေ အရှင်တို့သည် အကျွန်ုပ်အား အစဉ်သနားသောအားဖြင့် ပြောဆိုကြပါကုန်လော့။ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့။”

ဗုဒ္ဓသည် ရဟန်းတော်တို့အားသာ ပဝါရဏာပြုစေသည်မဟုတ်ပဲ၊ မိမိကိုယ်တော်တိုင်၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာအား ကဲ့ရဲ့အပြစ်တင်စရာရှိက ဝေဖန်ရန် သံဃာတော်တို့အား ဖိတ်ကြားတော်မူလေ့ရှိသည်။

ထိုသို့ဖိတ်ခေါ်ခြင်းဖြင့် (၁) အချင်းချင်း မဆန့်ကျင်ပဲ လိုက်လျောညီထွေ ဖြစ်စေသည် (အညမညာနုလောမတာ)။ ရိုးသားပွင့်လင်းမှုကို အခြေခံ၍ အပြုသဘောဖြင့် ဝေဖန်ကြသလို၊ အဝေဖန်ခံရသုူတို့က ရိုးသားဖြောင့်မတ်စွာ အချိန်မီ အပြစ်ကို ကုစားနိုင်သည်။ (၂) ထို့ကြောင့်ပင် အပြစ်မှ ကင်းလွတ်နိုင်ကြသည် (အာပတ္တိဝုဋ္ဌာနတာ)။ (၃) စည်းကမ်းဥပဒေအား ရှေ့တန်းတင် အလေးထားရာရောက်သည် (ဝိနယပုရေက္ခတာ)။ ဤအချက်သုံးပါးသည် ဗုဒ္ဓမြတ်စွာ ညွှန်ပြသော ပဝါရဏာပြုခြင်း၏ အကျိုးကျေးဇူး သုံးပါးပင်ဖြစ်သည်။

ရိုးသား ပွင့်လင်းစွာ ဝေဖန်ရေးကိုအခြေခံ၍ အဖွဲ့အစည်း အတွင်းညီညွတ်မှုရစေရန်၊ ချို့ယွင်းချက်များကို အချိန်မီ ပြုပြင်နိုင်ရန်၊ ဥပဒေကို လေးစား ရှေ့တန်းတင်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်စေရန် ချမှတ်တော်မူခဲ့ခြင်း ဖြစ်သည်။

စာညွှန်း။
၁။ ဝိနည်း မဟာဝဂ်၊ ပဝါရဏာက္ခန္ဓက
၂။ သဂ္ဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ၈-ဝင်္ကီသသံယုတ်၊ ၇-ပဝါရဏာသုတ္တံ (သံ-၁-၂၁၅)

ဧရာ (မန္တလေး)

7 comments:

tg.nwai said...

ဒီပို့စ်လေးကို ဖတ်ပြီး မြတ်စွာဘုရားရဲ့ အဆုံးအမကို နာယူကြည်ညိုသွားပါတယ်။ တစ်ယောက်ကို တစ်ယောက် ကောင်းအောင် ဝေဖန်ခြင်းမျိုးက ဆိတ်ဆိတ်နေပြီး ဘာမှ မပြောတာထက် ပိုအကျိုးများစေတာပေါ့နော်..။ ကိုယ့်အပြစ်ကိုလည်း ကိုယ်ပြုပြင် ပြင်ဆင်နိုင်ဖို့က ငါမှ ငါဆိုတဲ့ အတ္တစွဲတွေ လျော့နည်းနေမှ ဖြစ်နိုင်မယ်ထင်တယ်..။ သာဓု သာဓု သာဓု ပါ သီတာ..

sonata-cantata said...

tg ရေ ကိုဧရာ ရဲ့ ဓမ္မဒါနပါ။ သီတာကတော့ ဝေယျာဝစ္စ ကုသိုလ်လေးနဲ့ လိုက်နေရတာပါ။ (Post တင်ပေးတယ်လေ)

sonata-cantata said...

16 Oct 08, 10:03
မြတ်နီုး: အမ..အဆင်မြင့်တဲ့ စာတွေ လက်မခံသေးဘူး အဟီး..။ ငယ်ငယ်ကတော့ သင်ဘူးပါတယ်..။ အခုတော့ ခေါင်းစားနေလို့..အဟီး
16 Oct 08, 10:03
မြတ်နီုး: နောက်မှ လာဖတ်ရမယ် ဘလော့ကြီး မပျက်သေးသ၍ ဒီစာက ရျိနေမှာပဲဟာ
17 Oct 08, 11:19
S-C: ကောင်းမြတ်သော ဘလော့ကြီး အရှည်ခန့်၍ တည်တံ့ပါစေကြောင်း ဆုတောင်းပထနာ ပြုလိုက်သလိုပါလား မြတ်နိုးရေ

တန်ခူး said...

အရမ်းကို မှတ်သားနာယူဘွယ် အဆုံးအမပါ ဆရာ… ဆရာပြန်ဖော်ပြလိုက်တာက မမေ့လျော့အောင် သတိပေးလိုက်သလိုပါပဲ… တခါတလေ ပြောလဲအလကားပါပဲ နေပါစေ မပြောပဲနေတာက အေးသေး… စကားနဲ ရန်စဲ ဆိုပြီး နေမိပါတယ်… နိဂုံးလေးက ထိမိပါ့ဆရာရေ… ကျေးဇူးပါ…

Ko Paw said...

မှတ်သားထိုက်ပါပေတယ်။ “ဆိုရေးရှိက ဆိုအပ်လှ၏” ဆိုတဲ့စကားကိုရော....
“ဟုတ်မှန်မယ်၊ အကျိုးရှိမယ်ဆိုရင် နားထောင်သူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အခါအားလျော်စွာပြောကြားအပ်သည်” ဆိုတဲ့ အဆုံးအမကိုပါ ပူးတွဲသတိရမိပါတယ်။
ကျေးဇူးတင်ပါတယ်။

မုဒိတာ said...

ဟုတ်ကဲ့ပါ မှန်ပါတယ် အမရေ
ဆရာကြီးဦးဘခင် ဦးဂိုအင်ဂါတို့
တရားစခန်းပါ
ထိုင်နိုင်တယ် ဆိုကတည်းကကောင်းပါတယ်
အမရေ
အမလဲထိုင်ဘူးတယ်
ဆိုလို့ ၀မ်းသာပါတယ်
အမပေးတဲ့ဆုလည်းပြည့်မှာပါအမရေးထားတဲ့ ပို့စ်ကလည်း
မှတ်သားလောက်ပါတယ်

sonata-cantata said...

လာဖတ်ကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရေးတယ်လို့ ပြောလို့မရပါဘူး။ “၀ိနည်း-မဟာဝါ ပ၀ါရဏာက္ခန္ဓက” ကို အကျဉ်းခြုံးပြီး ဖော်ပြပေးထားတာပါ။ Dr. နန္ဒမာလာဘိဝံသကလည်း “အဘိဓမ္မာ နေ့မြတ်မဟာ” တရားတော်မှာ ဟောကြားထားတာ ရှိပါတယ်။ “အမှားတွေ့ရင် ပွင့်ပွင့်လင်းလင်း ဝေဖန်ကြဖို့၊ မှားမှန်းသိရင် အချိန်မီပြင်ကြဖို့” အတွက် infrastructure ကို သံဃာအဖွဲ့အစည်းရဲ့ constitution လို့ခေါ်ရမယ့် ၀ိနည်းတော်မှာ ဘုရားရှင် ပြဋ္ဌာန်းပေးခဲ့တာကို သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့ နဲ့ကြုံကြိုက်တုန်း ဓမ္မဒါနအဖြစ် မျှဝေတာပါ။