Sunday, October 5, 2008

Celebration Children Day

အောက်တိုဘာလ ၁ ရက်နေ့က ကလေးများနေ့ပါ။ (ကျမတို့နိုင်ငံမှာတော့ ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ကို ကလေးများနေ့ အဖြစ်သတ်မှတ်ထားပါတယ်။)

စက်တင်ဘာလ ၂၄ရက် ဗုဒ္ဓဟူးနေ့ နံနက်စောစော ၇နာရီ ၁၅မိနစ်လောက်မှာ အိမ်က ဖုန်းမြည်လာပါတယ်။ ကျမ ဖုန်းကိုင်လိုက်တော့ သားကြီး အတန်းပိုင်ဆရာမ ကျောင်းကနေ ဆက်တာပါ။ ဆရာမဆီက ဖုန်းလာရင် ကျမ ရင်မောရပါတယ်။ ဘာစာအုပ်ကျန်ခဲ့ပြန်ပါသလဲ? Hand-in လုပ်ဖို့ ဘယ် Assignment ပါမသွားပြန်ဘူးလဲ? Homework ကိုပြီးအောင်ရော လုပ်ထားရဲ့လား? တစ်သီကြီးတွေးပြီး အသင့်အနေအထားနဲ့ ဖုန်းကိုနားထောင်ရပါတယ်။ ကျမ ရင်ထဲက ကြိုတွေးနေတာတွေ တစ်ခုမှ မဟုတ်ခဲ့ပါဘူး။ သားတို့ အတန်းက ဒီနေ့မှာ Children Day Celebration လုပ်ဖို့အတွက် Singapore Science Centre ကို သွားမှာမို့ Parent Volunteer အဖြစ်လိုက်ခဲ့ဖို့ ခေါ်တာပါ။ ကျောင်းက ၈နာရီထွက်မှာမို့ ၇း၄၅နာရီ ကျောင်းကို ရောက်ရင်ရပါတယ်ဆိုလို့ သားငယ်ကို ကျောင်းပို့ဖို့ ပြင်ဆင်ပါတယ်။ သားငယ် ကျောင်းကားက ရး၄၀နာရီ အိမ်ရှေ့လာခေါ်တာမို့ သားငယ်ကို ကျောင်းကားပေါ်တင်ပြီး သားကြီးကျောင်းကို ထွက်ခဲ့ပါတော့တယ်။

သားကြီးတို့ အတန်းမှာ ယောက်ျားလေး ၂၃ ယောက်နဲ့ မိန်းကလေး ၁၇ယောက် စုစုပေါင်း ၄၀ ရှိပါတယ်။ ကားလာတော့ အတန်းပိုင်ဆရာမနဲ့ ကျမ ကလေးတွေကို လူရေပြီးကားပေါ်တင်၊ ကားထွက်ပြီး လမ်းထိပ်ရောက်တော့ ကားကနာရီကိုလှမ်းကြည့်လိုက်တယ်။ ၈း၀၂နာရီ။ ကျမရင်ထဲမှာ ဘာကိုသဘောကျသွားတယ် ဆိုတာ ကျမကိုယ်ကျမသိပါတယ်။ (ဟိုမစောင့်ရ၊ ဒီမစောင့်ရ၊ အချိန်တိကျ။)

ကလေးတွေကတော့ စိတ်လှုပ်ရှားပြီး တော်တော်လေး ပျော်နေကြပါတယ်။ တစ်ချို့တစ်လေပဲ သိပ်ပျော်ရွှင်တဲ့ဟန် မပြကြတာပါ။ အဲ့ဒီထဲမှာ ကျမ သားကြီး အပါအဝင်ပေါ့။ သားကြီးကတော့ ကျမ ဒီခရီးမှာပါလာတာကလည်း တစ်ကြောင်း၊ နောက် သူ့စရိုက်ကိုကလည်း ရှက်ကိုးရှက်ကန်းနဲ့ မပွင့်တပွင့်။ ဖြေးဖြေးနဲ့ မှန်မှန်မောင်းလာတဲ့ ကားကြီးက မိနစ်၂၀၊ ၂၅ လောက်လည်း မောင်းမိရော အရှေ့ပိုင်းနားမှာ ထိုင်နေတဲ့ ကလေးတစ်ယောက် ကားမူးပြီး အန်ချပါတော့တယ်။ အဲ့ဒီနေ့က မိုးရွာနေတဲ့ အတွက် အိမ်ကယူလာတဲ့ ကျွတ်ကျွတ်အိတ်ထဲက ထီးရေစိုကိုထုတ်လိုက်ပြီး အိတ်ကို ကလေးလက်ထဲထည့် သူ့လက်က အညစ်အပေတွေကို တစ်ရှူးနဲ့ သုတ်ပေးရပါတယ်။ (ဒီကလေးက ကားမူးပြီး အန်တတ်တဲ့ အကျင့်ရှိကြောင်း ဆရာမက ပြောပြပါတယ်။) ကျမလည်း အစီအစဉ်မရှိပဲ လိုက်လာရတာဖြစ်လို့ အိတ်ထဲမှာ ရှူဆေးဘူးလေး တောင်ပါမလာခဲ့ပါဘူး။ ပေ့ါပေါ့ပါးပါးဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုင်နေကြအိတ်ကို ယူမလာမိတဲ့ အမှားလည်း ပါပါတယ်။ (အဲ့ဒီအိတ်ထဲမှာတော့ ရှူဆေးဗူး၊ ပဝါပါးလေး၊ လက်သည်းညှပ်၊ နှုတ်ခမ်းဆိုး အဆီတောင့်၊ ဘီး… စတဲ့ စုံတကာတွေ တစ်လေးကြီး သယ်လေ့ ရှိပါတယ်။)

Science Centre ရှေ့ရောက်တော့ ပျော်စရာကြီး။ ကျောင်းပေါင်းစုံက ကားတွေ တစ်စီးပြီး တစ်စီး ထိုးဆိုက်။ အရွယ်ပေါင်းစုံတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေ ကိုယ့်ကျောင်းအစုနဲ့ကိုယ် Centre ထဲ တန်းစီဝင်သွားကြတာပါပဲ။ ကျမကတော့ တစ်နေရာကို သတိရနေပါပြီ။ ရုပ်နဲ့ နာမ်က ပူးလိုက်ကွာလိုက် ဖြစ်နေရခြင်းကတော့ ငါရောက်နေတဲ့ နေရာနဲ့ ငါတို့ဆီမှာ တစ်ထပ်တည်းဖြစ်မနေလို့ ဆိုတာ ခံစားဖူးသူတိုင်းသိကြမှာပါ။

ကျမတို့ ပထမဦးဆုံး Bubble mania Show ကို ကြည့်ကြရပါတယ်။ နောက်တော့ Water Exhibition ။ ကူညီပါရစေဆိုတဲ့ ဝန်ထမ်းတွေကလည်း နေရာတိုင်းမှာမို့ ဒီပွဲအတွက် တိုးခဲျ့ အင်အားဖြည့်ထားသလား လို့တောင် ထင်မိရပါတယ်။ ၁၀း၁၅နာရီကနေ ၁၀း၄၅ထိ မုံ့စားကြဖို့ breakပေးပြီး၊ ရုပ်ရှင်ကြည့်ဖို့ Omni Theatre ကို ချီတက်ကြပါတယ်။

Grand Canyon: River at Risk ကားကြည့်ခဲ့ကြရပါတယ်။ ပုံမှန်အားဖြင့် ရှပ်ရှင်ဆိုတာ တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်ရတာမျိုးဖြစ်ပေမဲ့ ကလေးတွေနဲ့ တဝေးဝေး တဝါးဝါး ကြည့်ရတဲ့ ဒီ show ကတော့ အခွင့်ထူးတစ်ခုပါ။

ကျောင်းကို ပြန်ရောက်တော့ ဆရာမက “Say thank you to Chris’ mum” ဆိုတော့ ကလေးတွေက တပျော်တပါး ဝိုင်းအော်ကြတာ “Thank you, Auntie, you’re rock” တဲ့။ သားတို့လည်း ပြန်လို့ရပြီဆိုတော့ သားအမိနှစ်ယောက် အတူတူပြန်ခဲ့ကြတယ်။ နေ့လည် ၁ နာရီ။ (သားတို့ ကျောင်းဆင်းချိန်က နေ့လည် ၁ နာရီ လေ။ ကွက်တိပဲနော်။)

ကျမ သားကြီး ကျောင်းမှာ Parent Volunteer အဖြစ် လိုက်ခဲ့ဖူးတဲ့ trip တွေက
၁။ Singapore Changi Airport - ၂၅.၀၅.၂၀၀၅
၂။ Singapore Zoological Garden - ၂၉.၀၇.၂၀၀၅
၃။ Singapore Science Centre -၂၄.၀၉.၂၀၀၈

5 comments:

tg.nwai said...

ကျေးဇူးပါပဲ TD ရေ.. အတွေ့အကြုံတွေ ဝေမျှတဲ့အတွက်..။

khin oo may said...

ဖုံးလာရင် ရင်မော ရသလား c့hris တို့ အမေ.။ မလွယ်ပါလား။ ရုံးမှာ ဘောစ် နဲ့တွေ့ရသလိုပါဘဲလား။ တို.ထင်တာ ကတော. ကလေးစောင်ရှောက်တာ ရုံးထက် အများကြီး ပင် ပန်း တယ် ထင် တာ ဘဲ။။

sonata-cantata said...

မမကတော့ ငိုချင်လျက်ကို လက်တို့ပါပြီ။
ကျန်ခဲ့တဲ့ အပတ် ဥပုသ်နေ့ကပေါ့။ မမတူ အကြောင်း တိုင်ရဦးမယ်။ (စပြီ၊ စပြီ၊ လေကြောင်းမိတော့မှာ ကြောက်ပြီး ထွက်မပြေးသွားနဲ့ဦးနော်။) မမကမှာထားလို့ ၀ါတွင်းဥပုဉ်လေးတော့ ငါဖြစ်အောင် စောင့်မယ်ဟဲ့ ဆိုပြီးClementi ကျောင်းသွား ဥပုသ် ယူတယ်။ ချက်ချင်းထပြန်မဲ့ဟာကို အသိအစ်မ တစ်ယောက်က ထမင်းစားပြီးမှ ပြန်ပါဆိုလို့ အခြားဥပုသ်သည် သုံးလေးဆယ်လောက်နဲ့ ထမင်းဝင်စားတယ်ပေါ့။ အလှူရှင် တစ်ယောက်ကလည်း ဒန်ပေါက်လှူတာတဲ့။ စားနိုင်ရင်စားပါဆိုလို့ ဒန်ပေါက်ကို ထမင်းခပ်ဇွန်းကြီး တစ်ဇွန်းစားလောက်ခဲ့ပါတယ်။ ပြီးတော့ ပန်းကန်တွေ ၀ိုင်းကူဆေးပြီး အချိုပွဲက ကျောက်ကျော စိမ်းစိမ်းလေးတွေ (အုန်းနို့တော့ နဲနဲပါတယ်) သုံးလေးတုံး ပါးစပ်ထဲ ကောက်ထည့်ပြီး အိမ်ပြန်ခဲ့တယ်။ ရထားပေါ်မှာတင် အခြေအနေက မဟန်တော့ဘူး ခေါင်းတွေ ကိုက်တာ။ အိမ်ရောက်ရောက်ချင်း သံပုရာရည်ဖျော်။ အမေ့အတွက်ဟာကို သူက မသောက်သေးဘူးဆိုတော့ သိမ်းပြီး (သြော် ယောက္ခမကြီးကတော့ ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့သေးတယ်။) သံပုရာရည်ကိုသောက်။ ဟော သားတောာ်မောင် ကျောင်းကပြန်လာပါပြီ။ ဖိနပ်ချွတ်ရင်းပြောတယ်။ "မေမေ သားကျောင်းပြန်သွားရမယ်" တဲ့။ "ဘာဖြစ်လို့လဲ။" "သားကျန်ခဲ့တဲ့ အပတ်က Science ဖြေတာ ၂၀မှာ ၉မှတ်ပဲရလို့ ဆရာမက ပြန်သင်ပေးဖို့ ခေါ်တာ။" "ဒီနေ့ ကျူရှင်သွားရမယ် မဟုတ်လား။" "ကျူရှင်ဆရာမဆီ မလာနိုင်ကြောင်း message ပို့လိုက်တော့ မေမေ။" လုပ်ပြန်ပြီ။ သောကြာနေ့တုန်းကလည်း တရုတ်စာ အမှတ်နည်းလို့ ကျောင်းကဆရာမ ပြန်ခေါ်လို့ ကျူရှင်ဖျက်ထားရတယ်။ ဘယ်တတ်နိုင်မလဲ။ ကျူရှင်ဆရာမဆီ message ပို့တော့ message ပြန်လာတယ်။ ok ဘယ်unit ကိုတော့ အိမ်စာ လုပ်ထားပါပေါ့။ သားကတော့ ထမင်းစားပြီး ကျောင်းကို ပြန်ထွက်သွားပါပြီ။ ကိုယ်ကတော့ ခေါင်းတွေကိုက်လို့။ ညနေ ထမင်းစားချိန်ရောက်တော့ သူတို့နှစ်ယောက်ကို ထမင်းခွံ့ရသေးတယ်။ ယောင်ပြီး ကိုယ့်ပါးစပ်ထဲ တစ်လုပ်လောက် မထည့်လိုက်မိဖို့ သမာဓိ အကူအညီကို အပြင်းအထန် ယူထားရတဲ့ အစားငန်းတဲ့ ဥပုသ်သည်ရဲ့ ဖြစ်အင်။ ၅နှစ်သားငယ်ကို ခွံရတယ်ဆို ထားတော့ အဲ့ဒီ ၁၁နှစ်သားကလည်း ခွံ့ရတာပဲ။ ဒွက်ခဒွက်ခ ကိုယ့်အပူ ကိုယ်ရှာတာလေ နော်။ ထမင်းစားပြီးတော့ “သား အိမ်စာလုပ်။ ဆရာမ စာပေးထားတယ်” ပြောပြီး အိမ်ရှေ့ဝရံတာကို ထွက်ပြီး နေလိုက်တယ်။ သူတို့နားနေရင် အခြေအနေတွေက တစ်မျိုးမဟုတ် တစ်မျိုးနဲ့ တင်းမာလာနိုင်တယ်။ အိမ်ထဲပြန်ဝင်လာပြီး တော်တော်လေးနေတော့မှ TVရှေ့ရောက်နေပြီဖြစ်တဲ့ သားတော်မောင်ကို homework ပြီးပြီလားဆိုတော့ အင်း ဆိုလို့ စားပွဲပေါ်က စာအုပ်ကို ယူကြည့်လိုက်တော့ စာအုပ်ထဲမှာ ဟောင်းလောင်း အပေါက်တွေ။ ဥပုသ်သည် သိပ် သည်းမခံနိုင်တော့ဘူးပေါ့နော်။ စားပွဲပေါ်မှာလည်း စာရွက်တွေက ရှုပ်ပွ ဘောလ်ပင်တွေက ခေါင်းတခြား ကိုယ်တခြား။ အထဲက မှင်တံတောင် ဓားနဲ့ ပိုင်းဖြတ်ထားတာပါ ပါသေး။ မရတော့ဘူး မရတော့ဘူး လွှတ်ပြီ။ တင်ပြီ။ ဥပုသ်သည်တဲ့ ၀တ်ထားတဲ့ လုံချည်က ဒူးအထက်နားတက်ချင်နေပြီ။ ကလေးကို မ ရိုက်ဖို့ လှမ်းပြောနေကြတဲ့ သားရဲ့ အဖွား နှစ်ယောက်ကတော့ ကျမကို အရူးမ တစ်ယောက်လို ထိုင်ကြည့်နေကြလေရဲ့…ဟင်းးးးးးးးး

khin oo may said...

ပြန်လာဖတ်သွားတယ်။ နှမြောစရာကွယ်။ဘာဖြစ်လို.့ ကွန်မက် ထဲရေးတာလဲ။ ဒါ ဟာ ပိုစ် တစ်ခုပေါ.။ ခံစားလို.ရပါတယ်။ ဒီလို ကိုယ့်ဘဝကို နှစ် မြှုပ် ပေးထား ရတာ ကို အိမ်ထောင် ဦးစီး ကိုဧရာ က အသိအမှတ် ပြူဘို့ လိုအပ် တယ်။
(ထိုင် မငိုနဲ့နော်. ထပ် ချွန်မိပြန်ပြီ)

သက်ဝေ said...

မသီတာရေ...
အပေါ်က Comment ကို ပိုစ့်တစ်ခုလုပ်ပြီး တင်လိုက်ပါ...
အရမ်း သရုပ်ပေါ်လွန်းလို့ ပါ...။