Sunday, June 7, 2009

မေတ္တာ - ရန်ပွဲ

မေတ္တာဟူသည် ရန်သူမိတ်ဆွေမခွဲခြားပဲ တစ်ဖက်သားအပေါ် ကောင်းစေလိုသော စိတ်ဖြစ်သည်။ ပူလောင်သည့် သဘောရှိသော ဒေါသ၏ ဆန့်ကျင်ဖက်ဖြစ်သော မေတ္တာစိတ်သည် အေးမြ၏။ အလွန်အေးမြ၍ အင်အားကြီးသော ရန်သူများကိုပင် ပျော့ပြောင်းသွားစေနိုင်သည်။ မေတ္တာလက်နက်ဟု တင်စားလေ့ ရှိကြသော်လည်း မေတ္တာဖြင့် အနိုင်ယူခြင်းသည် ရန်သူကို ချေမှုန်းပစ်လိုက်ခြင်း မဟုတ်။ စင်စစ် ရန်သူသည်လည်း အောင်မြင်မှုရသွား၏။ လူဆိုးကြီး အင်္ဂုလိမာလသည် ရဟန္တာမထေရ်တစ်ပါး ဖြစ်သွားခဲ့သည်။ ဗုဒ္ဓခြေတော်ရင်းသို့ ၀ပ်စင်းသွားသော နာဠာဂီရိဆင်သည်လည်း ရာဇဂြိုဟ်ပြည်သူတို့၏ ကောင်းချီးပေးမှုကို ခံရသည်။ မေတ္တာလက်နက်သည် ရန်သူကို မိမိဖက်ပါလာအောင် စည်းရုံးနိုင်သော လက်နက်မျိုးဖြစ်၍ မေတ္တာဖြင့် အောင်နိုင်ခြင်းသည် win-win ခေါ် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အနိုင်ရခြင်းမျိုးဖြစ်သည်။

မေတ္တာသည် အေးမြ အစွမ်းထက်သည့်အားလျော်စွာ မေတ္တာအကြောင်း ဆွေးနွေးရခြင်းသည်လည်း ကောင်းမြတ်၏။ တရားဆွေးနွေးခြင်းကို “ဓမ္မသာကစ္ဆာ” မင်္ဂလာဟုခေါ်သည်။ တရားဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး အမြင်ခြင်း, အတွေ့အကြုံခြင်း ဖလှယ်နိုင်သည်။ အကြောင်းအရာတစ်ခုအပေါ်တွင် ရှုထောင့်အမျိုးမျိုးမှ ကြည့်မြင်တတ်၊ ပိုင်းခြားဝေဖန်တတ်လာ၍ အမြင်ကျယ်စေသည်။ ဗုဒ္ဓက ရှုထောင့်တစ်ခုတည်းမှသာ တစ်ဖက်သတ်မြင်တတ်သော “ဧကံသ၀ါဒ”ကို အားမပေး။ ရှုထောင့်စုံမှ ဝေဖန်ပိုင်းခြား၍ မြင်တတ်ပြောတတ်သော “၀ိဘဇ္ဇ၀ါဒ” ကိုသာ အားပေးသည်။ တရားစကားဝိုင်းများက ၀ိဘဇ္ဇဉာဏ် ရင့်သန်စေနိုင်သည်။ အမြင်ကျယ်စေ, သဘောထားကြီးစေ၍ unity in diversity ခေါ် မတူကွဲပြားသော အမြင်များအကြား ညီညွတ်မျှတစွာနေထိုင်တတ်ရန် လေ့ကျင့်ပေးရာလည်း ရောက်သည်။

ဓမ္မသာကစ္ဆာ မင်္ဂလာအရ ဒုက္ခအကြောင်း, ငရဲအကြောင်း, အသုဘကမ္မဋ္ဌာန်းအကြောင်းတို့ ဆွေးနွေးရခြင်းသည်လည်း မင်္ဂလာပင်ဖြစ်သည်။ သို့သော်လည်း ဒုက္ခ, ငရဲ, အသုဘကမ္မဋ္ဌာန်းတို့သည် အကြောင်းအရာပိုင်းအရ စက်ဆုပ် ရွံရှာဖွယ်များဖြစ်နေ၍၊ မေတ္တာ အကြောင်းဆွေးနွေးရသော မင်္ဂလာက ပို၍ ငြိမ်သက်အေးမြပါသည်။ မေတ္တာစကားဝိုင်းသည် အကောင်းတကာ အကောင်းတို့ စုနေသော မင်္ဂလာဖြစ်သည်။

သို့သော် တခါတရံတွင် ဆွေးနွေးသူတို့က မိမိ၏ အသိအမြင်ကိုသာ ဦးစားပေးလွန်းပါက တဖက်အမြင်တို့နှင့် ညှိနိုင်းမယူနိုင်တော့ပဲ တစ်ဖက်သားအား အထင်အမြင်သေးခြင်း၊ ကဲ့ရဲ့ရှုတ်ချလိုခြင်းတို့ ဖြစ်ပေါ်လာတတ်သည်။ ဆွေးနွေးပွဲအဖြစ်မှ ရန်ပွဲအသွင် ကူးပြောင်းသွားတတ်သည်။ ရန်ပွဲတကာ ရန်ပွဲတို့တွင် မေတ္တာအကြောင်း ဆွေးနွေးရင်း ဖြစ်ပေါ်ရသော ရန်ပွဲက အရုပ်ဆိုး အကျည်းတန်လွန်းသည်ဟု တွေးမိပါသည်။ မေတ္တာ၏ win-win သဘောထားတို့လည်း မထားနိုင်တော့။ ဓမ္မသာကစ္ဆာမှ ရနိုင်မည့် unity in diversity အကျိုးလည်းမရနိုင်တော့။ မူလ ရည်ရွယ်ချက်ကောင်းများမှလည်း သွေဖီသွားသည်။ မေတ္တာသုတ်လာ ဂါထာတစ်ပိုဒ်ဖြင့် မေတ္တာရန်ပွဲများ ကင်းရှင်းပါစေဟု မေတ္တာအာသီသ ပြုလိုက်ရပါသည်။

“န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။”

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

ဧရာ (မန္တလေး)

13 comments:

Mae said...

ရေးထားတာ ပညာပါလိုက်တာ၊ သေချာဖတ်သွားပါတယ်၊ အဲ့ဒီလို စဉ်းစားဖူးပေမယ့် မသီတာလိုတော့ မရေးတတ်ဘူး

ရွာသားလေးဝိုင်တီယူ said...

အမရေ လာရောက်မှတ်သားသွားပါတယ်ခင်ဗျာ

sonata-cantata said...

Mae နဲ့ ရွာသားလေးရေ မသီတာ ရေးတာ မဟုတ်ပါဘူး၊ ကိုဧရာရေးတာပါ။

ညီမလေး said...

ပြန်လည်မျှဝေခွင့်ပြုပါ...

sonata-cantata said...

ရပါတယ် ခင်ဗျာ

sonata-cantata said...

(C Box မှ)
Jun 09, 03:26
tg: သီတာရေ.. တခါတခေါက် ရောက်ခဲ့ ဖတ်ခဲ့.. နေကောင်းကြလား

တန်ခူး said...

စာတပုဒ်လုံးက အနှစ်သာရပြည့်ဝ မှတ်သားအတုယူဖွယ်မို့  ကျေးဇူးပါဆရာ... ခုလောလောဆယ် မြင်တွေ့ ကြားနေရတဲ့ ပြဿနာတွေအတွက် ဆေးကောင်းတခွက်ပါပဲ... မတူကွဲပြားသော အမြင်များအကြား ညီညွတ်မျှတစွာနေထိုင်ကြိုးစားအောင်မြင်တဲ့နေ့  အမြန်ရောက်ချင်လှပေါ့...

Yu Wa Yi said...

သို့ဆိုက အကြမ်းမဖက်သော နည်းတို့ဖြင့် တုန့်ပြန်၍ မရနိုင်လောက်သော အဓမ္မတို့၏ ရန်ကို အညံ့ခံရတော့မည်လော…။ အဓမ္မကြီးစိုးမှုကို လက်ပိုက်ကြည့်နေရတော့မည်လော…။ မြစ်တစ်ဖက်ကမ်းသို့ ကူးခပ်လိုသော ယောက်ျားသည် သစ်ဝါးတို့ကို အမှီပြု၍ ကူးရသည်။ အကယ်၍ သစ်ဝါးတို့ မရပဲ ခွေးသေကောင်ပုတ်သာ ရပါကလည်း တစ်ဖက်ကမ်းသို့ရောက်ရေးကိုသာ ပဓာနထား၍ စက်ဆုပ်ရွံရှာဖွယ် ခွေးသေကောင်ပုတ်ကိုပင် အမှီပြုကာ ကူးသင့်ကူးရပေမည်။ စက်ဆုပ်ဖွယ် အကုသိုလ်ဖြစ်မှန်း သိသော်လည်း၊ ထိုအကုသိုလ်ကြောင့် အပါယ်ဘ၀ကျရမည်ကို သိသော်လည်း မိမိ၏ ဘ၀ကိုအနစ်နာခံ၍ မိမိ၏ ပတ်ဝန်းကျင် ကောင်းစားရေး, အဓမ္မမထွန်းကားရေးတို့ကို ဆောင်ရွက်ကြရသည်။ ဇာတ်တော်တို့တွင် ဘုရားအလောင်းတော်သည်လည်း ဓားလမ်းစဉ်ကို သုံးခဲ့ဖူးသော သာဓကများစွာရှိသည်။ သို့ကြောင့်လည်း အလောင်းတော်ဘ၀တွင် အပါယ်ငရဲ ကျရသည်များလည်း ရှိသည်။ တိရစ္ဆာန်ဘ၀ ရောက်ရသည်များ လည်းရှိသည်။ ဓားလမ်းစဉ်သည် ခွေးသေကောင်ပုတ်ကဲ့သို့ပင် စက်ဆုပ်ဖွယ်ဖြစ်၍ ပန်းတိုင်ရောက်ရေး အတွက်သာ ဖြစ်ပြီး၊ ဆက်လက် ဖက်တွယ်ထားရမည့် လမ်းစဉ်မျိုး မဟုတ်။ မိမိဘ၀ကောင်းစားရေး, မိမိ မိသားစုစားဝတ်နေရေးအတွက် ဓားလမ်းစဉ်ကို ကိုင်စွဲခဲ့ခြင်းမဟုတ်ပဲ အနိုင်ကျင့် အဓမ္မ၀ါဒတို့ မလွှမ်းမိုးစေရန် ဆောင်ရွက်ခြင်းသာ ဖြစ်ရသည်။

အဲဒီပို့ စ်လေးနဲ့ ယှဉ်ပြီးဖတ်ကြည့်မိပါတယ်။

Ko Paw said...

ကိုဧရာ ခင်ဗျား….

မေးစရာလေးတခုပေါ်လာလို့ပါ။ ပို့စ်နဲ့တော့ ဆိုင်တယ်လည်းမဟုတ် မဆိုင်ဘူးလဲမဟုတ်။

ဒီလိုပါ။ နိုင်ငံရေးအယူအဆအရဆိုရင်တော့ ကျနော်ဟာ အကြမ်းမဖက်နည်းလမ်းကို အကြွင်းမဲ့ ယုံကြည်ထောက်ခံသူပါ။

ဒါပေမယ့် အောင်ခြင်းရှစ်ပါးနဲ့ ပတ်သက်လို့ စဉ်းစားစရာလေးတွေ ပေါ်လာလို့ပါ။ ကျနော့်နည်းတူ အတွေးတူတဲ့ လူတွေ၊ ရေးသားတာ ပြောဆိုတာလည်း ကြားဖူးပါတယ်။

ဒီလိုပါ။ အောင်ခြင်းရှစ်ပါးမှာ မေတ္တာဓါတ်နဲ့ ဗုဒ္ဓက အောင်မြင်တယ်ဆိုတဲ့နေရာမှာ နာဠာဂီရိဆင်တို့ ဘာတို့မှာ ကျနော် တွေးယူနားလည်ကြည့်လို့ ရပါတယ်။

သို့သော် သစ္စကပရဗိုဇ်လား၊ ဗကဗြဟ္မာလား မသိ။ အဲသည်နှစ်ဦးထဲက တယောက်ဟာ အမှားကို ၀န်မခံလိုဘူး။ အင်တင်တင်လုပ်နေတယ်ပေါ့။ အဲသည်အချိန်မှာ နောက်ကနေ (သိကြားမင်းလား) ဘီလူးယောင်ဆောင်ပြီး တင်းပုတ်နဲ့ ထုမယ်လုပ်မှ မှားပါပြီ ၀န်ခံဖော်ရတယ်။
(အလားတူပဲ…. အင်္ဂုလိမာလ၊ နန္ဒောပနန္ဒနဂါးမင်း၊ မာရ်နတ်မင်း၊ စိဉ္ဓမာဏ စတဲ့သူတွေမှာလည်း မေတ္တာသက်သက်နဲ့ အောင်နိုင်တာထက် တစုံတခုသော အခြား ပံ့ပိုးပေးတဲ့ နည်းလမ်းနဲ့ အောင်မြင်နေသလိုပဲ။)

အဲသည်အဖြစ်အပျက်ကို ကြည့်ရင် တချို့သောပုဂ္ဂိုလ်တွေဟာ မေတ္တာတို့ ဉာဏ်ပညာတို့သက်သက်နဲ့ ပြုပြင်လို့ ရနိုင်သလားဆိုတဲ့ အတွေးပေါ်လာပါတယ်။ သူတို့ နားလည်တဲ့ဘာသာစကား (တနည်း) သူတို့ကြောက်တဲ့အရာတခုခုကို ပြပြီးမှ ပြုပြင်လို့ ရနိုင်တာလား လို့ မေးစရာ ရှိလာပါတယ်။

ကိုဧရာ ဘယ်လိုမြင်ပါသလဲ။ ကိုဧရာ့အတွေးကို ကျနော့်ကို ဝေမျှပေးပါ။

လေးစားခင်မင်စွာဖြင့်…
ကိုပေါ

sonata-cantata said...

စာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကော်မန့်တွေကို တပေါင်းတစည်းထဲ ပြန်လိုက်ပါတယ်။

“မေတ္တာ, ကရုဏာ, မုဒိတာ” ရသခံစားမှုဆောင်းပါးများ စာအုပ် အမှာစာမှာ

“ဗုဒ္ဓဘုရားရှင်ဆိုတာ မေတ္တာအရှင်၊ ကရုဏာသခင် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှင်ရဲ့ တရားကို ဦးထိပ်ပန်ဆင်ပြီး မေတ္တာတရားကို လက်ကိုင်ထားပွားများကြပါတယ်။ ဒါပေမယ်လို့ မေတ္တာတရားကို နားမလည်တဲ့ နန္ဒောပနန္ဒနဂါးမင်းလို အရိုင်းအစိုင်းကို ရင်ဆိုင်တဲ့အခါကျတော့ ဗုဒ္ဓဘုရားသခင်ပင်လျှင် နဂါးနားလည်တဲ့ ဘာသာစကားဖြစ်တဲ့ တန်ခိုးစွမ်းအားကို သူ့ထက်အဆပေါင်းများစွာ သာလွန်ကြောင်း ပြသမာန်စွယ်ကျိုးစေပြီးမှ တရားပြ ချွတ်တော်မူခဲ့တာ ဖြစ်ပါတယ်။” လို့ လူထုစိန်ဝင်းက ရေးပေးခဲ့ပါတယ်။


“မေတ္တာတို့ ဉာဏ်တို့သက်သက်နဲ့ ပြုပြင်လို့ရနိုင်ပါသလား” ဆိုတဲ့မေးခွန်းမှာ ရတာတွေရှိသလို၊ မရတာတွေရှိပါတယ်။ ဘယ်လိုမှ ချွတ်လို့မရသူတွေလည်း ရှိပါတယ်။ ဒီလိုလူတွေအတွက် ဗုဒ္ဓက အချိန်ကုန်ခံပြီး ချွတ်မနေတော့ပါဘူး။ ဥပေက္ခာပြုလိုက်ပါတယ်။ ချွတ်လို့ရမယ့်သူဆိုရင်တော့ မေတ္တာ၊ ကရုဏာတွေနဲ့ ရှေးရှုပြီး ဘယ်လို ချွတ်ရင်ရမလဲလို့ ဆင်ခြင်ပါတယ်။ ကျွတ်ထိုက်သူ ဝေနေယျတွေရဲ့ ၀ါသနာစရိုက်ကို သိပြီး၊ ဘယ်လိုနည်းသုံးရမယ်ဆိုတာကို လည်းသိပါတယ်။ ယေဘုယျ အများစုကတော့ တရားဟောပြီး ချွတ်တာပါပဲ။ အောင်ခြင်းရှစ်ပါးမှာပါတဲ့ ချွတ်နည်းတွေက လူသိများပေမယ့် တကယ့် အနည်းစုလေးပါ။ မာန်စွယ်ကျိုးဖို့အတွက် ခြောက်လှန့်ဖို့လိုရင် ခြောက်လှန့်ရပါတယ်။ ချော့ဖို့ လိုရင် ချော့ရပါတယ်။ ဥပမာ အာဠာဝကဘီလူးကို ချွတ်တဲ့အခါ ဘီလူးက သူ့ဗိမာန်ထဲက ထွက်ဆိုရင်ထွက်၊ ၀င်ဆိုရင် ၀င်နဲ့ အလိုလိုက်ရတာမျိုးတွေရှိပါတယ်။ စကားစစ်ထိုးတာဖြစ်စေ, တန်ခိုးပြတာဖြစ်စေ နားထောင်မယ့်သူက မာန်မာနတွေကျပြီး ကိုယ့်စကားကို လက်ခံနိုင်လောက်မှ တရားဟောပါတယ်။ နန္ဒောပနန္ဒနဂါးကို ရှင်မဟာမေဂ္ဂလာန် ခြိမ်းခြောက်တာဟာ အနိုင်ကျင့်ဖို့ မဟုတ်ပါဘူး။ မာန်ကျစေဖို့ပါ။

သိပ်မဆိုင်ပေမဲ့ သစ္စကပရဗိုဇ်ချွတ်ခန်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့ အမြင်ကို ပြောပါရစေ။ စကားစစ်ထိုးရာမှာ (သိကြားမင်းက ဘီလူးယောင်ဆောင်) ခြိမ်းခြောက်ပြီး ဖြေခိုင်းလို့ အနိုင်ရသွားတယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် အတော်လေး ဘ၀င် မကျခဲ့ပါဘူး။ စကားပြိုင်ဘက်က “သုံးကြိမ်တိုင်တိုင် မေးတဲ့ မေးခွန်းကို မဖြေပဲရှောင်လွှဲနေခဲ့ရင် ဦးခေါင်းခုနှစ်စိတ်ကွဲမယ်” လို့ဆိုတာဟာ ဗုဒ္ဓခေတ် အိန္ဒိယနိုင်ငံက စကားစစ်ထိုးပွဲတွေမှာ အရေးနိမ့်ပြီဆိုတာကို တင်စားပြောဆိုတဲ့ စကားလို့ Jayatilleke ရဲ့ Early Buddhist Theory of Knowledge မှာ ဖတ်ရဖူးပါတယ်။ မူရင်းပါဠိတော်ထဲမှာ သိကြားမင်းက ဘီလူးယောင်ဆောင်တယ်လို့ အထင်အရှားပါပေမယ့် Jayatilleke ရဲ့ အယူအဆကို ပိုပြီး သဘောကျမိပါတယ်။

Ko Paw said...

အချိန်ယူဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဧရာ။ အဖြေကို နှစ်သက်လက်ခံပါတယ်။

သက်ဝေ said...

ပိုစ့်ကိုရော မှတ်ချက်တွေနဲ့ အမေးအဖြေတွေကိုပါ တစုတစည်းထဲ ဖတ်သွားပါတယ်။
မှတ်သားစရာ၊ စဉ်းစားစရာတွေ အများကြီးပါပဲ..။

Khin Yadana said...

သိပ်ကို အနှစ်သာရရှိတဲ့ ပို့စ်လေးကို ဖတ်မှတ်သွားပါတယ်ရှင်။ ပို့စ်တင်သူကိုရော ကွန်မက် ပေးသူတွေကိုပါ အထူးပဲ ကျေးဇူးတင်မိပါတယ်ရှင်။