Wednesday, June 24, 2009

ဘလော့ဂ် တာ...(၂)

ဘလော့ ဆိုတဲ့ အသံကြားဖူးတော့ “ဘယ်လိုဟာတုန်း”လို့ နီးစပ်ရာ လိုက်မေးမိတယ်။ စိတ်ဝင်တစားတော့လည်း မဟုတ်သေးဘူး။ ကိုဧရာကတော့ သူကြိုက်ရာဘလော့တွေ လိုက်ဖတ်နေပြီ။ သိပ်ကို အားနေပေမဲ့ ဘယ်အရာကိုမှ စိတ်မဝင်စားတဲ့ ကိုယ့်ကို “ဘလော့လုပ်ပါလား ဘလော့လုပ်ပါလား” နဲ့ တနေ့တနေ့ သွေးတိုးစမ်းနေတယ်။ အခုလောက်ဆိုရင်တော့ ပရိသတ်ကြီးလည်း သဘောပေါက်လောက်ပါပြီ သူရေးချင်လို့ သူများကို ဘလော့ထောင်ခိုင်းတယ် ဆိုတာကို…။ အတိုချုံးလိုက်မယ်…ဘလော့တခု ပိုင်ခဲ့ပါပြီပေါ့။

ကိုဧရာက တနေ့က မေးလာပါတယ်။ “ကိုတို့ အိမ်မှာ ဘလော့စလုပ်တာ ဘယ်သူလဲသိလား” တဲ့။ ကိုယ်လည်း အမြဲတန်း အိပ်ချင်နေသလို မှေးနေတဲ့ မျက်လုံးကို ကြိုးစားပြူးပြီး “မသိဘူး” လို့ ဖြေလိုက်ပါတယ်။ “သားကြီးလေ” တဲ့။ “ကိုကိုနိုင် လာတုန်းကလေ” တဲ့။ အယ် ဟုတ်သား… (အဲ့ဒီအကြောင်းလေးတော့ မှတ်တမ်းတင်ထားဖို့ လိုတယ်) ကိုဧရာ့ညီ ဝမ်းကွဲ ကိုကိုနိုင် စင်္ကာပူလာလည်တော့ သူက တနေကုန် ကျောပိုးအိပ်လေးလွယ်ပြီး တစ်ယောက်ထဲ လျှောက်လည်တယ်။ ညဖက်ရောက်ရင်တော့ သူက စာကျက်တယ်ကိုး…။ အိမ်မှာ ရှိချိန်တော့ အင်တာနက်လည်း သုံးတယ်ပေါ့။ သားသားတို့လည်း သူအနားပဲ ဝိုင်းနေတော့တာ။ တနေ့တော့ သားကြီးက “မေမေဒီမှာ သားသား email”။ “ဘလော့လည်းရှိတယ်” ဆိုပြီး လာပြပါတယ်။ “ကိုကိုနိုင် လုပ်ပေးတာ” တဲ့။ “မေမေ ကော်မန့်ရေးပေး” တဲ့…။ ကိုယ်လည်း ခပ်တည်တည်နဲ့ လေယာဉ်ပျံပုံတွေနဲ့ ကာတွန်းပုံတွေကလွဲလို့ ဘာမှမရှိတဲ့ သူ့ဘလော့မှတဆင့် ဘလော့ ဆိုတာကို လေ့လာခဲ့ရပါတယ်။ ကိုကိုနိုင့်ကိုလည်း မေးရင်းစမ်းရင်းပေ့ါ။

Sonata-Cantata ကို စရေးတော့ အဲ့ဒီတုန်းက အိမ်နီးနားချင်းညီမလေး ရတနာစိုးက လိုအပ်တာတွေ ကူညီခဲ့ပါတယ်။ သုတတွေရော ရသတွေရော အဖုံဖုံ အသွင်သွင် အစုံအလင်သော ဘလော့တွေ လည်နေရင်း၊ ပို့စ်တွေ ဖတ်နေရင်း၊ တနေ့တော့ ဒီကို လာလည်တဲ့ ငယ်သူငယ်ချင်းတယောက် နဲ့ ဆုံဖြစ်ပါတယ်။ သူ shopping ထွက်တာကို ကိုယ်က အဖေါ်လိုက်ပေးရင်းပါ။ နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ ဆရာဝန် သူငယ်ချင်းနဲ့ ကိုယ်မှာ ပြောစရာတွေ ရေပက်မဝင်အောင် ရှိနေပါတယ်။ သွေးလွန်တုတ်ကွေးအကြောင်းပဲ ပြောမလား။ ဆီးချိုနဲ့ သွေးတိုးအကြောင်းပဲ စမလား။ ကလေးခွဲမွေးမလား။ သားအိမ်ထုတ်မလား လာထား… ပြောပစ်လိုက်မယ် ခပ်များများ ဆိုသလို ဖြစ်နေတော့ သူလည်း ကိုယ့်ကို အံ့သြသလိုကြီး ဖြစ်ပြီး “နင်က သိလှချည်းလား” ဆိုလာပါတော့တယ်။ “ငါစာတွေ ဖတ်တယ်ဟ…။ ဆရာဝန်တွေ ရေးတဲ့ ဘလော့မှာလေ” လို့ ပြောမိတော့ … သူက “အော် ဘလော့ဂါတွေ” လို့ ..ပြောလိုက်မှပဲ ကိုယ်လည်း ပါးစပ်ပိတ်သွားပါတော့တယ်…။ သူ့ လေသံအနေအထားအရ မကြည်လင်တဲ့ အမြင်တွေ ရှိတယ်ဆိုတာ ခံစားမိလို့ ကိုယ်ဘလော့ရေးတယ် ဆိုတာကို ကြုံတုန်းလေတောင် ပြောမထွက်တော့ပါဘူး…။ မြိုချ မြိုချ…။

ငယ်ငယ်ကတော့ ကာတွန်းစာအုပ်တွေ ဖတ်ရင် အဖေက သိပ်ဆူတယ်ကိုး။ သူမသိအောင် ခိုးဖတ်ရတာ။ ငြုပ်သီးထောင်း၊ ရေခပ်၊ မိဘကူ မလုပ်ပဲ အချိန်ဖြုန်းတယ်လို့ အယူအဆရှိပါတယ်။ ခုခေတ်ကလေးတွေ ဂိမ်း ကွန်ပြူတာနဲ့ အချိန်ကုန်ရင် ကိုယ်တို့ ကြည့်မရသလိုပေါ့။ အမေကတော့ မျက်စိတဖက်မှိတ် အနေအထားလေးနဲ့ပါ။ ရင်းနှီးတဲ့ ဘလော့ဂါတွေ ထဲမှာလည်း သူတို့ ဘလော့နေတာ ဆိုင်ရာပိုင်ရာက မသိအောင် မျက်စိတဖက်မှိတ် အနေအထားမျိုးတွေ ရှိကြောင်း ဘလော့ စာမျက်နှာတွေပေါ်မှာ ဖော်ပြကြပါတယ်။ ဒီအရွယ်ကြီးကျမှ ပိုက်ဆံထွက်မရှာပဲ ဘလော့ထိုင်ဖတ်နေတာသာ အဖေသိရင် ထရိုက်လေမလားလို့လည်း တွေးမိပါသေးတယ်။ အာဏာရှင်စနစ်အကြောင်းတွေးမိရင် အဖေအကြောင်း ပို့စ်ရေးချင်မိတဲ့ စိတ်ကို မနည်းဘရိတ်အုပ်နေရတယ် ဆိုတာပါသိရင် သတ်ချင်မလားတောင် မသိ။ လွတ်မြောက်နယ်မြေက မို့လို့သာ ဒီလောက်လေး ဆန္ဒဖော်ထုတ်ရဲတာပါ အဖေ…။ ဟိုက မိသားစုကလည်း ကိုယ့်ဘလော့ကို မဖတ်နိုင်ကြပါဘူး။ ဒီမှာအတူနေတဲ့ တူမလေးတောင် မဖတ်ပါဘူး။ တခါတော့ ပြောလာပါတယ် “အန်တီတာ့ ဘလော့ကိုလေ (သူ့အမေဘက်ကတော်တဲ့ အမဝမ်းကွဲ) မမက အမြဲ ဖတ်တယ်တဲ့၊ ဖတ်ကြည့် အပျင်းပြေတယ် လို့ပြောတယ်” …။ “ဟေ အေးအေး…” ပဲလိုက်ရတာပေါ့။ ရန်ကုန် လူကြုံကောင်းကောင်းရှိတုန်းကတော့ ပို့စ်အချို့ print out ထုတ်ပြီး မကြီးဆီ ထည့်ပေးလိုက်တယ် ဘယ်သူ့မှ မပြနဲ့လို့ စာလည်း ရေးထည့်ပေးလိုက်သေးတယ်။ မကြီးဆီကလည်း သဘောကျတဲ့ အကြောင်း ပြန်စာရပါတယ်။ တလောက မကြီးနဲ့ ဖုန်းပြောဖြစ်တော့ သူက သတိတရ မေးရှာပါတယ်… “ညီမလေး စာတွေ ရေးသေးလား” တဲ့ “ရေးတယ်လေ ရေးတယ်…အင်တာနက်မှာ တင်နေတာပဲ” ဆိုတော့… “မကြီး မကြည့်တတ်ပါဘူး” တဲ့… “နောက်ကြုံရင် ပို့ပေးဦးလေ ဖတ်ရတာ အပျင်းပြေတယ်” တဲ့ … တိန် …။

ဒီမှာ သူငယ်ချင်းသမီးလေး မွေးနေ့ပွဲ လုပ်တော့ သွားတယ်။ ဒီလိုမှလည်း ဆုံရတာကိုး။ စကားတွေ ဟိုပြောဒီပြောနဲ့ ဘလော့အကြောင်း ရောက်လာတယ်။ အဲဒီနေ့က မြန်မာ ပညာတတ် အခြေအနေရှိ လူတစုရဲ့ စကားဝိုင်း အနေအထားနဲ့ စကားအသွားအလာအရတော့ ဘလော့ဂင်းခြင်းနဲ့ ဘလော့ဂါတွေက အနှုတ်ဖက်မှာပဲ ရှိနေသေးတယ်။ ဘလော့ဂါကြီးဘဲ ဒီလောက်တော့ အကဲခတ် ဘယ်ညံ့လိမ့်မလဲ။

ဒီတပိုင်းအတွက် နိဂုံးချုပ်လိုက်မယ်… ဘလော့တာ အပြစ်မရှိဘူး။ ဘေးကင်းတယ်။ (ခက်တာက နေရာတိုင်း၊ အချိန်တိုင်း အတွက် မမှန်သေးဘူး ဖြစ်နေတယ်) ကိုယ့်အတွက်တော့ ပို့စ်မှ မရေးရင် တစ်ယောက်နဲ့ တစ်ယောက်က စကားပြောစရာတောင် မရှိသမို့ …
ယုံကြည်ရာလမ်းမ S-C လေးအပေါ်
လျှောက်သွားရင်းနဲ့ လမ်းမှာ အဖေါ်… (ကိုကိုဧရာကြီးလေ)
ဘလော့ဂါအပေါင်း သူတော်ကောင်းတို့
လမ်းဆက်လျှောက်မယ်…
လမ်းဆက်လျှောက်မယ်…
လမ်းဆက်လျှောက်မယ်…။

ဘလော့ဂ် တာ...(၁) က ဒီမှာ

24 comments:

khin oo may said...

ဆက်ရေးဦ.။ ဖတ်နေတယ်။ အဖော်ရှိတယ။်

SDL said...

ကဲရီးအွန်.. အန်တီတာ.. အဲ.. မသီတာ...။

PAUK said...

သူများ လမ်းဆက်လျှောက်တဲ့နောက်..
တကောက်ကောက် လိုက်ချင်လို့..

imaginary clouds no 2 said...

ကျနော်ဖတ်သွားပါတယ် အမ ။ အမှတ် ၃ ကိုစောင့်ဖတ်နေပါတယ် ။

သီဟသစ် said...

အနှူတ်အပေါင်းက ဘယ်သူသတ်မှတ်လဲ မမသီတာရဲ့

အနော်တို့ကတော့ အပေါင်းပဲ

(လမ်းဆက်လျှောက်မယ်) အင်ဖန်နတီ

ခင်မင်စွာဖြင့်
သီဟသစ်

P.Ti said...

ဖတ်မယ့်သူ တစ်ယောက်ပဲကျန်နေသေးရင်တောင် ဆက်ရေးဦးမှာ... ဆက်လျှောက်...

ဝေလေး said...

ဆက်လျှောက်ကြတာပေါ့မမ...... :)

tg.nwai said...

အင်း..ဆက်လျှောက်မယ်ဆိုတော့လည်း လိုက်ရသေးတာပေါ့..။ ကိုယ်တို့က တားဆီးနယ်မြေက (အလိုလိုနေရင်းကို ဖြစ်သွားရတဲ့) ခိုးကြောင်ခိုးဝှက် ဘလော့ဂါလေးပါ။ လမ်းကြိုလမ်းကြားကပဲ..လမ်းဆက်လျှောက်နေမယ်..:)

မီယာ said...

မသီတာရေ စိတ်ထဲ ရေးချင်တာသာ ချရေးပါ။ စိတ်ချမ်းသာဖို့ အရမ်း အရေးကြီးပါတယ်။ အမရေးတာတွေက အမြဲ ဖတ်တယ်။ စကားပြောတာကို အနားမှာ နားထောင်နေရသလိုပဲ။

Nge Naing said...

ကျွန်မလည်း ငယ်ငယ်တုန်းက မိဘမသိအောင် ရုပ်ပြတို့ ၀တ္ထုစာအုပ်တို့ ခိုးဖတ်ခဲ့ရသလို အခုလည်း ပြီးခဲ့တဲ့နှစ်ကအထိ ဘလော့ဂ်ဖတ်တာ အရေမရအဖတ်မရ အချိန်ဖြုန်းတယ်လို့ ယူဆခဲ့တဲ့ ယောက်ျား မသိအောင် ဘလော့ဂ် ခိုးဖတ်ရတာ ရှိခဲ့ပါတယ်။ အခုတော့ ဘလော့ဂ် ရေးတာဟာ အနုပညဖန်တီးမှု တမျိုးလို့ ယေက်ျားက ပြောလာတာ တွေ့တော့ ဘလော့ဂ်ရေးချင်လို့ ယောက်ျားကို တနှစ်ကျော် စည်းရုံးလာရတာ ကျိုးနပ်သွားပြီ။ ဒါပေယ့် အခုသူ ခွင့်ပြုပြီဆိုတဲ့အချိန်မှာ၊ အကူအညီပေးမယ့် သူတွေကလည်း အဆင်သင့် ဖြစ်နေတဲ့ အချိန်မှာမှ ကိုယ်က မအားပဲ ဖြစ်နေလို့ ဘလော့ဂ် မလုပ်ဖြစ်ပဲ ဖြစ်နေတယ်။ ဘလော့ဂ်တွေကို ဖတ်ရတာ ရေးသူတွေရဲ့ ကိုယ်ပိုင် ခံစားမှု၊ အတွေးအမြင် ဘ၀အတွေ့အကြုံတွေကို ဟန်ဆောင်မှု မပါ၊ အဆောင်အယောင် ဘာမှမပါပဲ မျှဝေ တင်ပြထားတာတွေဖြစ်လို့ Formal literatiure တွေကို ဖတ်ရတာထက် ကျွန်မ ပိုပြီး စိတ်ဝင်စားတယ်၊ သဘောကျတယ်။
အားပေးလျက်ပါ။

Thant said...

ဒီလောက် ဟင်းလေးအို:ကြီးလို အရသာအစုံပေးနေတဲ့ ဘလော့ရွာကြီးကိုများ အနှုတ်လို့ ဘယ်သူကများပြောသလဲနော် ။ ဘယ်သူတွေပြောပြော ကိုယ့်အတွက်တော့ အပေါင်းမှ အပေါင်းပဲ ။ Cheers !!!

ခင်မင်းဇော် said...

ကိုယ့်ဘာသာ ကိုယ် ရေးတာ
ဘာဖြစ်လဲ ဘာဖြစ်လဲ..
မတတ်နိုင်ပါဘူး မရေးရမနေနိုင်....
မဖတ်ရမနေနိုင်...
မလည်ရ မနေနိုင်...
အော် ဘလော့ ဘလော့.......

မမသီရိ said...

စိတ်ထွက်ပေါက်ရတယ်
သူငယ်ချင်း မိတ်ဆွေတိုးတယ်
ခံစားချက်တွေ မျှဝေလို့ရတယ်
..
အတင်းလဲ တုပ်လို့ ရသေး..း)
..
လွတ်လွတ်လပ်လပ်ကြီး..း)
..
စာပေစိစစ်ရေး တင်စရာမလို
အယ်ဒီတာ့မှတ်ချက်မလို
သူများ စာပြင်ပေးခံရတာမလို
..
ကိုယ်ခံစားရတာ ကိုယ်ရေး
ကိုယ်ပြောချင်တာတွေ ကိုယ်ရေး
ကဲ.. ဒိထက်ကောင်းတာ ဘာရှိမလဲ..း)
..
..
မြန်မာပြည်ထဲလဲ မကြာခင်တော့ပြောင်းလဲ
လာမှာပါ..
..
ဘာကြောင့်ဘလော့ ဘလော့
ဆက်ဘလော့ကြတာပေါ့ မသီတာရေ..း)

rose of sharon said...

ကျမ အတွက်တော့ဘလော့ ကအဖော်ကောင်းလေးပါ..
ကျမပျော်ရင်လဲသူ့ဆီဘဲပြေးတယ်..စိတ်ရှုတ်ရင်လဲသူ့ဆီဘဲပြေးရတာပါ..
ကျမ ဘလော့လေးကအင်္ဂါမစုံတော့လာလည်ပါလို့မဖိတ်ရဲ
ဘူး..
ပြောပြကူညီသူလဲမရှိပါဘူး..
ကျမ နေ တဲ့ဗီယက်နမ်မှာမြန်မာအရမ်းနည်းတယ်

khinelay said...

မသီတာငြိမ်း

အစ်မကဒေါက်တာဌေးဝင်းညီမ
ကေသီငြိမ်းအစ်မလား မသိဘူး
အစ်မကိုကျွန်မသိနေသလိုပါပဲ..
ကျွန်မလည်းအလုံမှာနေပါတယ်..
အစ်မက ကျွန်မသိတဲ့သီတာငြိမ်းဆိုရင်
ကျွန်မကိုအစ်မသိမှာပါ..

ပထမဦးဆုံးတကြိမ်အစ်မဘလော့ကိုရောက်လာရင်း
မထင်မှတ်ပဲ အစ်မ tag ကိုဖတ်မိတာကနေ.အစ်မကို
ကျွန်မသိခဲ့ဘူးတဲ့ အစ်မသီတာငြိမ်းလို့ စိတ်ထဲကနေ
ထင်မိတာပါ..

ခင်မင်လေးစားစွာဖြင့်
ခိုင်ဝေ

MANORHARY said...

ဘလော့ကာအပေါင်းသူတော်ကောင်းတို့ ဆိုတော့
ကိုယ်ပါပါတယ်ထင်လိုက်တာပါပဲ..း)

Rita said...

+ လိုက် - လိုက် ဆိုတော့ AC Wave ပေါ့ မမ။ Oscillator နဲ့ ကြည့်ကြည့်မယ်။ (ဆက်မရေးတော့ဘူး။ တလွဲတွေ ထွက်လာတော့မယ်။ စာတွေက ကျောင်းပြန်ကုန်ပြီ)

JulyDream said...

အပျင်းပြေတယ်ဆိုတာ နည်းတဲ့ အရည်အချင်းလားနော်...

အပျင်းပြေအောင် မရေးတတ်လို့ အစ်မဆီမှာ လာ သင်အုံးမယ်။

Rita said...

Oscilloscope ပြောတာပါ မမရယ်။ ခုပဲ မှားကုန်ပြီ။
:D

Kay said...

မသီတာရေ-
လမ်းဆက်လျှောက်ပါ..
အဲလို ခံစားချက် မတူ တဲ့လူတွေကို.. သပ်သပ်ထားလိုက်ပေါ့.. ဟောဒီမှာ.. အဖော်တွေ တလှေကြီး..

ဟင်း..ဟင်း..ပြောလိုက်စမ်းပါ..
Blogger is not cheap လို့-
:D

ရွှန်းမီ said...

ဆက်လျှောက်ပါ..
ခြေရာလက်ရာ မချန်ဖြစ်လည်း ဖတ်ဖြစ်ပါတယ် ..
း)

ThuHninSee said...

ဖတ်တဲ့သူတစ်ယောက်မှ မကျန်လဲ ဆက်ရေးမှာပဲ။
(ပီတိထက်သာသွားပြီ အဟေ့)

စူး said...

အမ ..ကိုယ်ရေးချင်လို့ရေးတာ ရေးပေါ့
ကိုယ်နဲ့ သိသူတွေ မဖတ်တာ ပိုတောင်ကောင်းသေး ကိုယ်ပေါနေတာ လူမသိဘူးပေါ့..ဟီးးး


ဘလော့ထဲကနေ အင်ဂျင်နီယာ အမတွေနဲ့ သိခွင့်ရတာ နဲ့လား သူတို့မှ မသိတာ နေပစေ့

သက်ဝေ said...

ဟာ.. သီတာ့ဆီကို တရက်ကလေး လာမလည်မိတာ ကိုယ် တော်တော်ကို ခေတ်နောက်ကျနေပါပေါ့လား... အားပေးထားကြတဲ့ Comment တွေက နှစ်ထောင်းအားရ ရှိစရာပါ မသီတာရေ့.. (လူရွှင်တော် တွေ အသံနဲ့တောင် ဆင်ဆင်တူသွားပြီ)

စာတွေကို ဖတ်တဲ့သူ အပျင်းပြေအောင် ဝေဝေဆာဆာ ရေးတတ်တယ်ဆိုတာ နည်းတဲ့ အရည်အချင်း မှတ်လို့။ ပြီးတော့ ဘလော့ဂ်တာ အပြစ်မရှိ၊ ဘေးကင်း၊ ကိုယ်ဝါသနာပါရာကို ဘယ်သူ့ကိုမှ မထိခိုက်ပဲ လုပ်နေခြင်းသာဖြစ်၊ အနှုတ်ဖြစ် အပေါင်းဖြစ်ဖြစ် ကိုယ် ဂရုမစိုက်...။

လမ်းဆက်လျှောက်မယ်…
လမ်းဆက်လျှောက်မယ်…
လမ်းဆက်လျှောက်မယ်…။