လသာညရဲ့ ဦးခေါင်းသေးတဲ့ ရောဂါ ပို့စ် ဖတ်ပြီး
ကျောင်းသားဖြစ်ပြီး စာမကြည့်ပဲ တီဗွီရှေ့ချည်း ထိုင်နေတဲ့ သားကြီးကို “ဟဲ့ စာကြည့်ဦးလေ” ပြောလိုက်ရင် “ခဏ မေမေ ၉-နာရီခွဲ သတင်းလေး ကြည့်လိုက်ဦးမယ်” တဲ့။ ကမ္ဘာ့ဖလားဘောလုံးပွဲ ရာသီမှာလည်း ပြောလိုက်တဲ့ နိုင်ငံအလိုက် ဘောလုံးအသင်းတွေအကြောင်း၊ ဘောလုံးသမားတွေအကြောင်း တတွတ်တွတ်နဲ့။ ကိုယ့်မှာ ဘာမှ နားမလည်တဲ့ ဘာသာရပ်ကို သူပြောလာရင် ရွှီးနိုင်အောင်လို့ သူကျောင်းသွားနေတုန်း ဘလော့ဂ်တွေ ဖတ်ပြီး လေ့လာထားရတယ်။ ဒါတောင် ဘယ်အသင်းနဲ့ ဘယ်အသင်း ပြိုင်တယ်၊ ဘယ်သူနိုင်လို့ ဘယ်သူရှုံးတယ် ဆိုတာလောက်ပဲ ခေါင်းထဲမှတ်နိုင်တာ။ သူ့ထက် ငါးနှစ်ကျော်ငယ်တဲ့ အငယ်ကောင်က အကိုနဲ့ အပြိုင် အပြန်အလှန် ပြောနိုင်လို့ တော်သေးရဲ့ အောက်မေ့ရတယ်။ Star Players နာမည်တွေ ခေါ်ခေါ်ပြီး ဆယ်ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ တအုံးအုံးနဲ့ ကန်လိုက်ကြတာ။ တခါတခါလည်း “လာ မေမေ CNN သတင်းတွေ တူတူကြည့်ရအောင်” လို့ ခေါ်တတ်ပြန်သေးတယ်။ ဒီအရွယ်နဲ့ တကမ္ဘာလုံးမှာ ဖြစ်နေတာတွေ ဘာဖြစ်လို့ သိချင်နေမှန်း မသိဘူးလို့ စိတ်ထဲက အချဉ်ပေါက်မိတယ်။ ပြီးရင် လာပြောပါပြီ… “မေမေ ဟိုနိုင်ငံမှာ ဟိုဟာဖြစ်သွားတာလေ သိလား…။ ဒီလူ ကတော့ တော်တော် ဘာဖြစ်တယ် ညာဖြစ်တယ်” နဲ့။ အိမ်ထဲနေတဲ့ မအေ့ခေါင်းပေါ် ဦးထုပ်တွေ လာလာဆောင်းနေတာ...။
အငယ်လေးကလည်း လာသေးတယ်။ အိပ်ခါနီးရင် စာအုပ်တွေ ဆွဲလာပြီး “ဒါဖတ်ပြ” လို့ လုပ်တတ်သေးတယ်။ ကိုယ့်မှာ အသံ မထွက်တတ်တာတွေရော၊ အဓိပ္ပါယ် မသိတာတွေရောကို အိုက်တင်ကြီးတခွဲသားနဲ့ မနည်း အောင့်အီး ဖတ်ရတယ်။ စိတ်ထဲကတော့ လာပြန်ပြီ တယောက် ငါ့ခေါင်းပေါ် မတော်တရော် ဦးထုပ်တွေ လာတင်နေပြန်ပြီ လို့…။
ကလေးတွေ အိပ်သွားတော့ ဟိုလူကြီးက လာပြန်ပါရော။ “ဒါလေး နားထောင်ကြည့် … သူပြောသွားတာ တော်တော် ကောင်းတယ်” နဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဟောပြောပွဲတွေ, မိန့်ခွန်းတွေကို နားထောင်ခိုင်းပြန်ပါလေရော… အောင်မလေး လို့သာ အော်ပြေးချင်လျက်နဲ့ပဲ … ဧရာမ ဦးထုပ်ကြီးတွေ ခေါင်းပေါ် အတင်ခံရပြန်ပါရော… ။
မသီတာ တဖြေးဖြေး ဦးခေါင်း သေးတဲ့ ရောဂါ ရနေပါကြောင်း ဘလော့ဂ်ကတဆင့် ဗျို့ဟစ်လိုက်ရပါတယ်။
*****
မသီတာ သူငယ်တန်း တက်ခါစက စာလိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဖတ်စာ (၉) အရောက်မှာ...
ကျားကြီး ခြေရာကြီးအဲ့ဒီ စာပုဒ်က ကိုယ့်အတွက် တော်တော် ခက်နေတယ်။ စကားပုံတွေနဲ့ စတင်မိတ်ဆက် လိုက်တာဆိုတော့ အဲ့ဒီအရွယ်က ကိုယ့်ဦးနှောက်နဲ့ လိုက်မမှီသလို ဖြစ်ပြီး စာမကျေညက်သလို ခံစားရမိတယ်။
ပျော်ပျော်နေ သေခဲ
မေးဖန်များ စကားရ
ကျီစားသန်က ရန်များ၏။
“သမီး ဒီဟာ သိပ်မရဘူး... သင်ပေး” လို့ အမေ့ကို ပထမဦးဆုံးအကြိမ်အဖြစ် (ထင်တယ်) စာသင်ခိုင်းမိတယ်။
တန်းလျားလေးပေါ်မှာ သားအမိနှစ်ယောက် အမေက ဖတ်စာအုပ်ကြီး ကိုင်လို့
“လိုက်ဆို” တဲ့။ “က ကြီး ယပင့် ရေးချ ကျာ… ရှေ့ကပေါက် ကျား”
ကိုယ်ကလည်း လိုက် ဆို လိုက်တယ်ပေါ့…။ နည်းနည်းတော့ ဆန်းနေသလိုပဲ...
စိတ်ထဲက ငါ စာ မကျေသေးလို့ ဆန်းသလို ဖြစ်နေတာလို့ပဲ ထင်လိုက်တာပေါ့လေ။
အမေက ဆက်ဆိုတယ်။
“က ကြီး ရရစ် လုံးကြီးတင် ဆန်ခတ် ကြီ… ရှေ့ကပေါက် ကြီး”
ဒီတခါမှတော့ ဘာ ဆန်းနေတာ လဲ ဆိုတာ သိပြီ။
“ဟီးဟီး... ရှေ့ကပေါက် ကြီး တဲ့” ဆိုပြီး အော်ရယ်လိုက်တာ။
အမေက “ကောင်မလေး ဘာရယ်တာလဲ”ဲ တဲ့။
“အဲ့ဒါ ၀စ္စနှစ်လုံးပေါက်ပါ”...။ အမေက “ရှေ့ကပေါက်ပါ” နဲ့ သားအမိနှစ်ယောက် ငြင်းကြတာ...။
“သမီးတို့ကို ၀စ္စနှစ်လုံးပေါက်လို့ ဆရာမကသင်တယ် အမေ” ဆိုမှ
“ညီးတို့ဟာတွေ မသိဘူးအေ” လို့ ပြုံးပြုံးကြီးနဲ့ “သွား ကောင်မလေး ငါ့ကိုနောက်တယ်… မသင်တော့ဘူး” လို့ ပြောခဲ့တာ…။
ဦးထုပ် ဆောင်းပေးလိုက်မိလို့ ရှက်သွားတဲ့ အမေ့ မျက်နှာကို ပြန်လည်မြင်ယောင်မိပါတယ်။
ငယ်စဉ်က အတန်းပညာ သင်ကြားခွင့် မရခဲ့ကြတဲ့ အဖေရော အမေပါ ကျမတို့ကိုတော့ အတတ်ပညာတွေ သင်ယူနိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးပေးခဲ့ကြရင်း၊ “ဒီအဖိုးကြီး အဖွားကြီးတွေ ငါတို့လောက် မသိပါဘူး မတတ်ပါဘူး” ဆိုတဲ့ အတွေးမျိုး မ၀င်နိုင်အောင် ကြီးမားတဲ့ စေတနာ, မေတ္တာတွေနဲ့ အသိပညာတွေ ပေးနိုင်ခဲ့ကြပါတယ်။
*****
ခေတ်နဲ့ အညီ ပြောင်းလဲနေတဲ့ ဦးထုပ်တွေက ကျမတို့ကို ဦးခေါင်း သေးသေးသွားစေတဲ့ ခံစားမှုတွေ ပေးမှာ မလွဲမသွေပါ။ ဒါပေမဲ့ ကျမတို့ ဘိုးဘွားမိဘတွေ လက်စွဲကျင့်သုံးခဲ့ကြတဲ့ ရိုးသားခြင်း၊ မေတ္တာတရား၊ တန်ဖိုးထားတတ်မှုတွေနဲ့ နှလုံးသားတွေ ကြီးမားအောင် ကြိုးစားရင်း၊ ကြီးရင့်လာတဲ့ အသက်အရွယ်နဲ့ လိုက်ဖက်ညီအောင် အလှဆင်သင့်ကြောင်း ရေးသားလိုက်ရပါတယ်။
23 comments:
ဖတ်ပြီး သဘောကျလို့ ရယ်လိုက်ရတာ အစ်မရာ။ ဟုတ်ပ ဟုတ်ပ ခေါင်းတွေ သေးသေးလာတာ။ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူးး)))
မမသီတာ ဘာများဖြစ်လို့လဲဆိုပြီး အိပ်ခါနီးဆဲဆဲ လာကြည့်တာ။ တော်သေးတာပေါ့ တကယ်ဦးခေါင်းသေးတာ မဟုတ်ဘဲ ဦးထုပ်ကြောင့် ဦးခေါင်းသေးတာ ဖြစ်နေလို့။
နောက်ဆုံးစာပိုဒ်လေးကို အစ်မနဲ့အတူ ထောက်ခံမိကြောင်းပါ။
ရှေ့ကပေါက်တာ ဟုတ်သားပဲနော်။ အောက်ကမြစ်လဲ ရှိသေးတာဆိုတော့ ရှေ့ကပေါက် ကမှ မှတ်ရတာ လွယ်သေးတယ်။ ၀စ္စ၂လုံး ဆိုတာမှ ကလေးတွေ အဓိပ္ပါယ်ေ၀၀ါးနိုင်သေးတာ။ တချို့ကတော့ ၀စ္စိ ၂ လုံးပေါက်တဲ့ ပြောတာ ကြားဖူးတယ်။ :)
အင်း မသီတာပြောသလိုပါပဲ ဦးခေါင်းတွေ သေးလာပေမဲ့ နှလုံးသားတွေကတော့ သေးမသွားဘူးဆိုတာ လေးစားစွာ ထောက်ခံလိုက်ပါတယ်။
ဦးထုပ်ချောင်လာတာ ဦးထုပ်ကျပ်သွားတာထက်စာရင် တော်သေးတာပေါ့ အစ်မရာ..
:D
အမရဲ့ အိုင်ဒီယာကတော့ မိုက်သလားမမေးနဲ့..
ခေါင်းတွေသေးတာဟုတ်ဘူးအမ ဦးထုပ်ကကြီးနေတာပါ။
အဟီး
မြတ်နိုး
မမြတ်နိုး ပြောသလို ပြောတော့မလို့။
ခေါင်းက မသေးပါဘူး။ ဦးထုပ်တွေကိုက ကြီးနေတာပါ။
မသီတာ ရေ
ဟားဟားးးးးးးးးးးး လသာည ရဲ့ ဦးခေါင်းသေး တဲ့ ရောဂါ က မသီတာ မှ ရနေတာ အစစ်ပါလား ကိုဧရာ ရော သား၂ယောက် ရော ဦးခေါင်းကြီးနေကြတော့ သနားပါတယ် မသီတာကို
ခင်မင်စွာဖြင့်
ရွှေစင်ဦး
သီတာ့လက်ရာ ဒီပိုစ့်လေးကို သိပ်ကြိုက်တယ်...။ ကိုယ်လဲ အဲလိုအချိန်တွေမှာ ငိုရမလို ရယ်ရမလိုပါ သီတာရယ်...။
ပုံ
နဂိုထဲက ဦးခေါင်းသေးရောဂါရှိသူ သူငယ်ချင်းတဦး
အစ်မက သားတွေမွေးထားတာကိုး။ ယောက်ျားလေးတွေက သတင်းတို့၊ သိပံနည်းပညာတို့ အားကစားတို့ စိတ်ဝင်စားတော့ ကျွန်မတို့ သိတာတွေနဲ့ သိပ်မတူဘူး ဖြစ်နေတာပေါ့။
မိန်းခလေးကျတော့ သူနဲ့ ကိုယ် စိတ်ဝင်စားတာလေးတွေ တူတော့ ခေါင်းသေးတဲ့ ရောဂါက အဲလောက်မဆိုးဘူး အစ်မ။ ဒီထက်ကြီးတဲ့ ဦးထုတ်လာဆောင်းပေးရင်တော့ သူ့အဖေဆီ လွှဲလိုက်တယ်။
အစ်မရေးတိုင်း သိပ်ဖတ်ကောင်းတာပဲ။ များများရေးပါအစ်မ။
ဒီမှလည်းဦးခေါင်းသေးရောဂါသည်တဦးရှိပါသေးတယ်။း)
အမရယ် ကိုယ့်ကို သားတွေက ဦးထုတ်သေးသေးလေးတွေ လာဆောင်းပေးတာထက် စာရင်၊ ဒါက အပုံကြီး ပိုကောင်းတာပေါ့။
နောက်တခုက စိတ်ဝင်စားတာချင်း မတူတာနဲ့လည်း ဆိုင်ပါတယ်။ မီးမီးချောဆို အကောင်ဘလောင်တွေ သိပ်စိတ်ဝင်စားတာ။ လှလှပပ အကောင်တွေတင် မကဘူး၊ ငါးမန်းလို၊ ဝံပုလွေလို အကောင်မျိုးကိုလည်း သိပ်ကြိုက်တာ။ အဲဒီအကောင်တွေ အကြောင်းသူက ကိုယ့်ထက်တောင် ပိုသိနေသေးတယ်။
ဦးထုတ် ဒီဇိုင်းမတူတာ ဖြစ်မှာပါ .. :P
14 Jul 10, 03:38
ဖြိုးဖြိုး: :pada2 မ ... သီ ... တာ ဦးခေါင်းသေးရောဂါဆိုလို့ .. အမြန်ပြေးလာတာ :D
ဂုဏ်ယူစရာပဲနော် မသီတာ... သားတွေက ငယ်ငယ်နဲ့ ဦးထုတ်ကြီးကြီးတွေ ဆောင်းနေကြတာ
ဂွတ်တယ် အစ်မရေ...
ခေါင်းတွေသေးတာဟုတ်ဘူးအမ ဦးထုပ်ကကြီးနေတာပါ..တဲ့
ဟုတ်ပါရဲ့ ။ ကျွန်မလည်းအဲဒါပြောမလို့ ။ ဦးထုပ်ပြုတ်ကျမှာစိုးလို့ တောင်ကိုင်ကိုင်ထားရတာ။
အတွေးလေးတွေ ကောင်းပါသည်။
ယုဝရီ
ရှေ့ကပေါက်ပါ..
ကျနော်တို့ဆီမှာလဲ ရှေ့ကပေါက် လို့ပဲ သင်ရတယ်။
(သင်တဲ့ဆရာမတွေနဲ့ ဆိုင်တာထင်တယ်နော်)
ခေါင်းသေးတာ ကောင်းတာပေါ့။
ကိုယ်ခန္ဓာမတော်တဆပိန်သွားရင်..
ခေါင်းကြီး..ကြီးကျန်မနေတော့ဘူးပေါ့..။
ပေါက်
17 Jul 10, 17:00မန်းကိုကို: ကိုယ်လည်း ဟိုလူကြီး စာရင်းထဲပါလို့ တိတ်တိတ်ကလေး ပြန်ပြေးသွားပါတယ်။
CBox မှ
18 Jul 10, 18:03
ဂျင်ဂျင်း: မမသီတာရေ...ဦးခေါင်းသေးတဲ့အကြောင်းလာဖတ်သွားတယ်။ ဖတ်လို့တကယ်ကောင်းတယ်။ ဘာဖြစ်တယ်ရယ်မသိ။ မန့်လို့မရဘူး။
ချိုသင်းဆိုရင် ခေါင်းကသေးပြီး သူများလာဆောင်းပေးတဲ့ ဦးထုပ်တွေက ကြီးလွန်းလို့ ခေါင်းပေါ်မှာ ပတ်ချာလှည့် ကစားလို့တောင် ရနေတယ်။ :D
သဘောကျတယ် သီတာရေ...ဒါကလည်း ဘမျိုး ဘိုးတူတာလေ...ယောကျာင်္းလေးနဲ့ မိန်းကလေး စိတ်ဝင်စားတာချင်းလည်း ကွာနေသေးတာလဲ တကြောင်းပေါ့..။ တို့တွေလည်း သားငယ်တို့ စာတွေမေးရင် မသိတာတွေ အင်တာနက်ကနေ သူတို့နဲ့ အတူတူပြန်ရှာ.. သူတို့စာတွေ ပြန်ဖတ်ရင်း သူတို့ဆီက ဝေမျှသင်ယူနေရတာပဲ...။
တို့တွေ ငယ်ငယ်တုန်းက နယ်စုံလှည့်ပြီး စာသင်ခဲ့ရလို့လား မသိဘူး.. ၀စ္စနှစ်လုံးပေါက်ရော၊ ရှေ့ကပေါက်ရော၊ ရှေ့ဆီးရော ကြားဖူးနေခဲ့တယ်...။
tg
အပြုံးပန်းတို့တုန်းက
”ရှေ့စီး” လို့ တင်ရတယ်၊
ဝစ္စနှစ်လုံးပေါက်က အတော်ကြာမှပါ၊
နောက်ဆုံးအပိုဒ်ကို ထောက်ခံကြောင်းပါ၊
ဦးထုပ်ကြီးကြီးကို ဆောင်းချင်ကြတဲ့ သားအပါအ၀င်လူငယ်တွေက မေတ္တာတရားကို ဖြည့်စွက် ဆောင်းနိုင်ရင် အကောင်းဆုံးပါ။
တို့လဲနားမလည်တာတွေ အင်းအင်းနဲ့ နားထောင်ချင်ယောင်ဆောင်ြီပီးခေါင်းငြိမ့်နေရတယ် အေးရာအေးကြောင်း။
အမ အဲ့ဒီလိုရေးတော့ ကျနော်နဲ့ အမေ့ပြဿနာတွေကို သွားသတိရတယ်။ ရုပ်ရှင်ကြည့်ရင် သူကဘာပြောလိုက်တာလဲ ဆိုတာကိုတောက်လျှောက်ဘာသာပြန်ခိုင်း။ ကျနော့မှာလည်း မနည်းမှီအောင်လိုက်နားထောင်နဲ့။ တခါတလေပြောမိတယ် အမေတို့တုန်းက ဘာသာရပ်တွေအားလုံးကို အင်္ဂလိပ်လိုသင်ရတာဆိုလို့။ ဒီကိုအလည်လာတော့လည်း အင်္ဂလိပ်လို ပြောဖို့အရေးကို တွန့်ဆုတ်တွန့်ဆုတ်နဲ့။ မင်းကွန်းသွားတုန်းလည်း ဒုက္ခရောက်နေတဲ့ နိုင်ငံခြားသားကို သူက ၀င်ကူနေသေးတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် လိပ်ပတ်မလည်တော့ ငါ့သားက အင်္ဂလိပ်လိုတတ်တယ် မင်းပြောလိုက်တဲ့။ အမေရာလို့ ကျနော်က ပြောတော့ ဟဲ့ ငါသင်ဖူးတဲ့ဟဲ့ မသုံးတာ ကြာလို့ မေနေတာတဲ့ဗျာ။
အမလည်း မေ့နေတာဖြစ်မှာပါလေ...
Post a Comment