Sunday, July 25, 2010

ပန်းမြိုင်လယ်က ဥယျာဉ်မှူး

“ရှင်းနေတာတွေကို ရှုပ်အောင်လုပ်၊ ပြီးတော့မှ ပြန်ရှင်း၊ အဲ့ဒါဆို ပိုရှင်းသွားရော...” (ပန်းမြိုင်လယ်က ဥယျာဉ်မှူး)
“ရှင်းနေတာ” ဆိုသောစကားသည် ရိုးရှင်းခြင်း (simplicity) ဟူသော အဓိပ္ပါယ်ရသလို၊ ပြည့်ပြည့်၀၀ နားလည် သဘောပေါက်ခြင်း (comprehensiveness) ဟူသော အဓိပ္ပါယ်လည်း ရပါသည်။ တစ်စုံတစ်ခုဖြင့် တားဆီး ပိတ်ဖုံး ထားခြင်းမျိုး မရှိဘဲ ရိုးရှင်းနေမှလည်း ဘက်ပေါင်းစုံမှ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်နိုင်ပါသည်။ သို့သော်လည်း (မျက်လှည့်ဆရာတို့ ပြကွက်အစတွင် ပရိသတ်အား ကြည့်ခိုင်းသကဲ့သို့) ရှုထောင့်တစ်ခု, ပြကွက်တစ်ခုတည်းမှသာ ဖွင့်ပြပေးသော ရိုးရှင်းမှုမျိုးသည် အမှန်တကယ် နားလည်ခြင်း မရှိပါဘဲလျှက် သိသယောင်, နားလည်သယောင် အထင်ရောက်စေနိုင်သည့် Over-simplification လှည့်ကွက်တစ်ခု ဖြစ်နေတတ်ပါသည်။ ၀မ်းနည်းစရာကောင်းသော အချက်မှာ ကျွန်တော်တို့နှင့် လက်ပွန်းတတီးဖြစ်ခဲ့ရသည့် ပညာသင်ကြားရေးတွင် Simplification ထက် Over-simplification က ပိုများ နေခဲ့ရခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့ဟု ဆိုရာတွင် မြန်မာနိုင်ငံမှ ပညာရေးစနစ်တစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ပါ။ ဆန်းစစ်ဝေဖန်တတ်သော အသိဉာဏ် (Critical thinking) ဖွံ့ဖြိုးမှုထက် ဘာသာရပ် အကြောင်းအရာများ (Subject matter) ကိုသာ ဦးစားပေးလွန်းသော ပညာရေးတိုင်းတွင် ဤပြဿနာမျိုး ရှိနေတတ်ပါသည်။

“ကြက်တူရွေး နှုတ်တက်” ပညာသင်ကြားနည်းမျိုးသည် စဉ်းစားဝေဖန်မှုကို လျစ်လျူအရှုဆုံး သင်ကြားနည်းဖြစ်သည်။ ဥပမာအားဖြင့် နယူတန်၏ ရွေ့လျားမှုဆိုင်ရာ ပထမနိယာမကို သင်ကြားသည် ဆိုပါစို့။ ဆရာက ဖတ်စာ စာအုပ်ထဲမှ နိယာမကို သင်ပုန်းပေါ်တွင် ကူးရေး၍ တပည့်များကို စာလိုက် ကူးစေမည်။

“ပြင်ပမှ အားသက်ရောက်ခြင်း မရှိပါက၊ တသမတ် အလျင်ဖြင့် ရွေ့လျားနေသော ၀တ္ထုတို့သည် ဆက်လက် ရွှေ့လျား၍၊ ရပ်တည်နေသော ၀တ္ထုတို့သည် ဆက်လက် ရပ်တည်နေမည်။”
ဆရာက နိယာမအား ဖတ်ပြ, အနည်းငယ်ရှင်းပြပြီး တပည့်အချို့အား ဖတ် ခိုင်းမည်။ ထို့နောက် နိယာမများ, အဓိပ္ပါယ် သတ်မှတ်ချက်များအား “၏, သည်” မမှားရအောင် အကျက်ခိုင်းပါသည်။ သို့မှသာ စာမေးပွဲတွင် အမှတ်များများ ရမည်ဟု မှာကြားပါလိမ့်မည်။ သင်ပုန်းပေါ်မှ “၏, သည်” မမှားအောင် စာလိုက်ကူးရသော သင်ကြားမှုမျိုးကို တက္ကသိုလ်တန်းများ၌ပင် တွေ့ရဖူးပါသည်။

ဒုတိယသင်ကြားမှုမျိုးမှာ စဉ်းစားဝေဖန်မှု အထိုက်အလျောက်ပါသော်လည်း၊ ရှုထောင့်တစ်ခုမှ မြင်ကွင်းတစ်ခုသာ ပြ၍ သင်ကြားသော နည်းဖြစ်သည်။ ဥပမာအားဖြင့် ဆရာက စားပွဲအား ညွှန်ပြပြီး

“ဒီ စားပွဲက ရပ်နေတယ် မဟုတ်လား။ မင်းတို့ ဒီစားပွဲကို မတွန်းရင် ရွေ့ပါ့မလား”
“မရွေ့ပါဘူး… ”
“အေး အဲဒီလို ရပ်နေတဲ့ ၀တ္ထုတွေကို ရွေ့အောင် တွန်းပေးတာကို ‘အား’ လို့ ခေါ်တယ်။ ဒီလိုဘဲ လိမ့်လာတဲ့ ဘော်လုံး တစ်လုံးကို ခြေထောက်နဲ့ ဖမ်းထိန်းလိုက်ရင် ရပ်မသွားဘူးလား…”
“ရပ်သွားပါတယ်…”
အေး… ဒီလို ရွေ့နေတယ့် အရာဝတ္ထုတွေကို ရပ်အောင် လုပ်နိုင်တာကိုလည်း ‘အား’ လို့ခေါ်တယ်။”
“ဒါဆို လိမ့်နေတဲ့ ဘော်လုံးကို ခြေထောက်နဲ့ ဖမ်းမထိန်းရင် မရပ်တော့ဘူးလား”
“ရပ်ပါတယ်”
“ဒီနိယာမအရ အပြင်က ‘အား’ သက်ရောက်မှုမရှိရင် ရွေ့နေတဲ့ ၀တ္ထုတွေက ဆက်ရွေ့ရမယ်။ ဘယ်က ‘အား’ သက်ရောက်တာလဲ… မြေကြီးနဲ့ ပွတ်တိုက်သွားတဲ့အတွက် ပွတ်တိုက်အားကနေ ဘော်လုံးကို ရပ်ခိုင်းလိုက်တာ”
စသဖြင့် အတော်အသင့် ရှင်းပြပြီးနောက် ဆရာနှင့်အတူ တပည့်တို့အား နိယာမကို လိုက်ဆိုကောင်း ဆိုစေပါသည်။ ဆရာက အာဘော်အာရင်းသန်သန် ပြောတတ်လျှင် ပြောတတ်သည့်အလျှောက် တထိုင်တည်း နားလည်သွားနိုင်သလို စာပြန်ကြည့်ရန် မလိုဘဲ အလွတ်ရသွားတတ်ကြပါသည်။ အသင်အပြကောင်းသည်ဟု နာမည်ရသော ဆရာအများစု၏ သင်ကြားနည်းသည် ဤနည်းမျိုးဖြစ်သည်။ ကျောင်းသားများ နားလည်လွယ်လောက်သည့် ရှုထောင့်ကို ရွေးချယ်ပေး၍ ပြဿနာများကိုလည်း ဆရာကပင် ဦးဆောင် ဖြေရှင်းပေးသွား၍ ကလေးငယ်များအား မိဘက အစာကို ၀ါးခွံ့သကဲ့သို့ သင်ကြားမှုမျိုးဖြစ်သည်။ ပထမသင်ကြားမှုမျိုးလောက် လှေနံဓားထစ်ဝါဒကို သွတ်သွင်းပေးခြင်း မဟုတ်သော်လည်း၊ ဘက်ပေါင်းစုံက ရှုမြင်နိုင်သည့် အကျင့်ကို လေ့ကျင့် သင်ကြားပေးခြင်းလည်း မဟုတ်ပါ။

တတိယနည်းသည် ဘက်ပေါင်းစုံမှ ရှုမြင်တတ်အောင် သင်ကြားပေးသောနည်း ဖြစ်သည်။ ဘာသာရပ် အကြောင်းအရာများထက် ထိုအကြောင်းအရာအား ချဉ်းကပ်ပုံကို ဦးစားပေးသည့် နည်းဖြစ်သည်။ ဤနည်းဖြင့် သင်ကြားသောအခါ မူလက နားလည်သည်ဟု ထင်ထားသည်များပင် ပို၍ ရှုပ်သွားသလို ဖြစ်တတ်သောကြောင့် “နားမလည်ဘဲ မျက်စိလည်သွားသည်” ဟု ဝေဖန်ခံရမည့် သင်ကြားနည်းဖြစ်သည်။ စင်စစ် ပိုရှုပ်သွားသည်မဟုတ်, ယခင်က ရှင်းသယောင်ထင်နေ၍ ပြဿနာဟု ထင်မထားသည့် ရှုထောင့်မှ ထုတ်ပြလိုက်ခြင်းသာ ဖြစ်သည်။ ထိုအရှုပ်ကို ရှင်းလိုက်နိုင်ပါက ပို၍ ရှင်းလင်းသွားတတ်ပါသည်။

“အင်ဂျင်တစ်လုံး ဆွဲတဲ့ ရထားနဲ့ နှစ်လုံး ဆွဲတဲ့ ရထား… ဘယ်ရထားက ပိုမြန်သလဲ… ”
“နှစ်လုံးဆွဲတဲ့ ရထားက ပိုမြန်ပါတယ်”
“အေး… ဒါက Common Sense ကွ။ နယူတန်မတိုင်ခင်က လူတွေလဲ ဒီလောက်တော့ သိတယ်။ ‘အား’  များများသုံးရင် မြန်မြန်သွားမယ် ပေါ့ကွာ။ နယူတန်က သူတို့ မှားနေတာ ရိပ်မိတယ်။ နှေးတယ် မြန်တယ်ဆိုတာက Absolute မဟုတ်ဘူး။ Relative to observer… ။ ဥပမာ သင်္ဘောနှစ်စီး ယှဉ်မိတဲ့အခါ တခါတလေ ကိုယ့်သဘောင်္က ရွေ့နေတာလား, သူ့သဘောင်္က ရွေ့နေတာလား မသိရဘူး… တခါတလေလည်း နှစ်စီးလုံးသွားနေပါလျက် ရပ်နေသလို ထင်ရတယ်။ ရပ်နေတဲ့ သဘောင်္ကို ရွေ့နေတဲ့ သဘောင်္ပေါ်ကနေ Observe လုပ်ရင် ရွေ့နေတယ်လို့ ထင်ရမယ်။ ဒီတော့ ရပ်နေတာနဲ့ ရွေ့နေတာ ဘာများသိပ် ထူးသလဲ”
“မထူးပါဘူး Observer ပေါ်မူတည်ပြီး ရပ်တာ, ရွေ့တာကို ခေါ်ရတာပါ”
“အေး … ရပ်တယ်ခေါ်ခေါ်, ရွေ့တယ် ခေါ်ခေါ် သိပ်မထူးဘူး။ ‘အား’ က မြန်တယ်, နှေးတယ်ဆိုတဲ့ အလျင်နဲ့ မဆိုင်ဘူး။ အရှိန်ဆိုတဲ့ အဲဒီ အလျင်ပြောင်းလဲမှုနှုန်းနဲ့ပဲ ဆိုင်တာ။ ဒီတော့ အပြင်က အားသက်ရောက်မှု မရှိရင် ဘာဖြစ်မလဲ”
“အလျင်နှုန်း ပြောင်းလဲမှု မဖြစ်ပါဘူး”
“ဟုတ်တယ် … နယူတန်ရဲ့ ပထမနိယာမက ဒါကိုပြောတာ။ တနည်းအားဖြင့် ‘အား’ များများ သက်ရောက်ရင် အလျင်နှုန်းပြောင်းလဲမှုဆိုတဲ့ အရှိန်ပို များများရမယ်။ ဒါကို သူ့ရဲ့ ဒုတိယ နိယာမမှာ ဆက်ပြောလိမ့်မယ်။”
...
ဤသင်ကြားနည်းသည် ဒုတိယနည်းလောက် နားလည်ရ မလွယ်ကူသော်လည်း (နယူတန် ကိုယ်တိုင် ချဉ်းကပ်ခဲ့သော နည်းဖြစ်၍) ပို၍ နက်နဲစွာ နားလည် သဘောပေါက်စေနိုင်ပါသည်။ နယူတန်က ရှင်းသယောင်ထင်ခဲ့သည့် ပြဿနာအား အိုင်းစတိုင်းက အလင်းအလျင်၏ ထူးဆန်းသည့် သဘာဝနှင့် ဆက်စပ်၍ ပိုရှုပ်အောင်လုပ်၏။ နယူတန်က relativity of velocity လောက်သာမြင်ပြီး၊ အိုင်းစတိုင်းက relativity of time ကိုပါ မြင်တော့သည်။

ဘာသာရပ် အကြောင်းအရာသက်သက်ကိုသာ ဦးစားပေးသင်ကြားနည်းက အချက်အလက် ဗဟုသုတကို သာပေးသည်။ ထိုအကြောင်းအရာအား ရှုထောင့်အမျိုးမျိုးမှ ချဉ်းကပ်ပုံကို ဦးစားပေးသင်ကြားသောနည်းက ဝေဖန်ပိုင်းခြားတတ်သော အသိဉာဏ်နှင့် အကြောင်းအရာတို့အား ဆက်စပ်သိမြင်နိုင်သည့် ဉာဏ်ကို ပေးသည်။ ရှုထောင့်အမျိုးမျိုးမှ ချဉ်းကပ်သဖြင့် ပို၍ ရှုပ်ထွေးသွားသယောင် ထင်ရသော်လည်း ရှုထောင့်တစ်ခုတည်းမှ မြင်သော အမြင်ထက် ပို၍ ရှင်းလင်းစွာ နားလည် သဘောပေါက်နိုင်ပါလိမ့်မည်။

9 comments:

ywartharlay-ytu said...

အစ်ကိုရေ ကျနော်တို့ ငယ်စဉ်က သမိုင်း သင်တဲ့ သမိုင်းဆရာကို ပြေးမြင်မိတယ်။ စာတစ်ပုဒ် မသင်ခင်မှာ ပုံပြင်တွေလို ကျနော်တို့ စိတ်ဝင်စားအောင် အရင်ပြောပြတတ်တယ်။ ကျနော်တို့ ညွှတ်နေပြီဆိုမှ သူ သင်မယ့်သမိုင်းကြောင်းကို ချပြတယ်။

နောက်ဆရာတယောက်ကတော့ သမိုင်းကို ရှုဒေါင့်တွေကနေ ဝေဖန်ခိုင်းတယ်။ သူသာဆို ဘယ်လိုလုပ်ခဲ့မယ်ဆိုတာမျိုး၊ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး၊ မင်းတို့သာဆိုရင် ဘယ်လို လုပ်ကြမလဲဆိုတာမျိုး..

ဒီဆရာတွေသင်တဲ့ စာတွေကရင်ထဲမှာစွဲကျန်နေခဲ့တာ။ စာသင်ရတယ်ဆိုတာထက် စိတ်ပါဝင်စားပြီး စိုက်လိုက်မတ်တပ်လေ့လာချင်မိသွားတာမျိုး ကို ရောက်ရောဗျာ...

ဇွန်မိုးစက် said...

ငယ်ငယ်က ဘာသာရပ်တွေ သင်ရတဲ့အခါ စာအုပ်ထဲက အကြောင်းအရာချည်းထက် အဲဒါနဲ့ဆက်စပ်ပြီး ပြောသွားတဲ့ ပြင်ပကအကြောင်းအရာတွေကို ပိုစိတ်ဝင်စားမိတယ်။

ပညာရေးစနစ်အရ ဆန်းစစ်ဝေဖန်ပိုင်းခြားမှုမှာ အားနည်းခဲ့တာ အမှန်ပဲ။ ဒါကြောင့်လည်း သင်္ချာနဲ့ ရူပဗေဒလို ဘာသာရပ်မျိုးမှာ ပညာရှင်ဖြစ်လောက်တဲ့အထိ စိတ်ဝင်စားမှုမရှိခဲ့တာများလားလို့ တွေးနေမိတယ်။

Ko Paw said...

ဒီပို့စ်ကိုလည်း သဘောကျတယ် ကိုဧရာ။

အမှန်တော့ ကျနော်တို့ ငယ်ငယ်က ကြုံခဲ့ရတဲ့ ပညာရေးစနစ်က “၏၊သည်” မရွေး တလုံးမလွဲအောင် အလွတ်ကျက်ပြီး ဖြေတာကို အားပေးတဲ့စနစ် ဖြစ်နေခဲ့တော့ မှတ်ဉာဏ်အတန်အသင့်ရှိမယ်၊ ကြိုးစားအားထုတ်မှုအသင့်အတင့်လည်းရှိမယ်ဆိုရင် စာတော်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကလေးကို အလွယ်တကူ ရတော့တာပါပဲ။ စဉ်းစားတတ်တဲ့ အလေ့တော့ နည်းသွားတာပေါ့။

တက္ကသိုလ်ရောက်တဲ့အထိ ကျောင်းသားတွေဟာ unseen ဆိုတဲ့ မမြင်ဘူးတဲ့ ပုစ္ဆာအသစ်အဆန်းကို အင်မတန် ကြောက်ကြတာ တွေ့ရတယ်။

ကျနော်ကတော့ သူများတွေလို မဟုတ်ဘူး။ Unseen လာရင် ပျော်တာပဲ။ စာကြေလို့ တွေးတတ်လို့တော့မဟုတ်ဘူး။ ကိုယ့်အတွက်က အရာရာဟာ Unseen လို ဖြစ်နေတယ်။ ဒီတော့ seen ကိုပဲ အကြိမ်ကြိမ် ထပ်ဖန်တလဲလဲ အလွတ်နီးပါးလောက်ရအောင် တွက်ထားတဲ့သူတွေနဲ့ တန်းတူရည်တူ ဖြေဆိုခွင့်ရသွားလို့ ပျော်တာ။း-) (အမှန်ကတော့ ကျနော့်နည်းကလဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နည်းတော့ မဟုတ်ပါဘူး။)

ဒါထက် စကားမစပ် ပြောရရင်.....

ဗုဒ္ဓဘာသာမှာ ဘုန်းကြီးတွေ တရားဟောလို့ရှိရင် တလမ်းသွား၊ (တဖက်သတ်) One way ပဲ ဟောကြတာ ကျနော်တို့ အခုနောက်ပိုင်းခေတ်မှာ ကျနော်တို့ လူနေမှုစနစ်က ဆုတ်ယုတ်သွားလို့လား။ အရင်တုန်းကဆိုရင် ဗုဒ္ဓကို မေးလျှောက်တာတွေရော၊ နောက် မိလိန္ဒတို့ ဘာတို့ အမေးပုစ္ဆာတွေ ရှိတယ်။ ဒီဖက်ခေတ်က တရားထောက်က ဘုန်းကြီးက ရေလာမြောင်းပေး မေးတာကို နောက်ကနေ အလိုက်သင့် လိုက်ဖြေတာမျိုးတွေ တွေ့ရတော့ ဘာသာတရားလို နက်နဲတဲ့ စဉ်းစားစရာကောင်းတဲ့ စဉ်းစားဆင်ခြင်ရမယ့် အရာတွေမှာပါ ကျနော်တို့တွေ လှေနံဓားထစ် မှတ်နေကြပြီလားလို့ တွေးမိပါတယ်။ ခုခေတ် ဘာသာရေးမဂ္ဂဇင်းတွေ၊ အွန်လိုင်းတွေ၊ တရားဆွေးနွေးပွဲတွေမှာတော့ အပြန်အလှန်ဆွေးနွေးမှုဟာ နည်းနည်းတော့ ပြန်လည် အသက်ဝင်လာပါပြီ။ ဒါပေမယ့် နည်းသေးတယ်။

နောက်တခုက ဗုဒ္ဓဘာသာမှာ သာသနာ့ဒါယိကာ ဖြစ်ဖို့အတွက်ဆိုရင် သားတွေက သာသနာ့ဘောင် သွတ်သွင်းရတယ်။ ကလေးတွေကို သူ့ဘာသာသူ စဉ်းစားခွင့်မပေးဘဲ ကျနော်တို့က တဖက်မြင် မြင်အောင် သိမ်းသွင်းရာ ကျလေမလား။ ဗုဒ္ဓဘာသာရဲ့ သဘောကတော့ စောကြောဖို့၊ ဆန်းစစ်ဖို့ အားပေးပေမယ့် ကျနော်တို့ လိုက်နာသူတွေက ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ကလေးတွေအပေါ်မှာ ပြဌာန်းသလိုရော ဖြစ်နေမလား... စသဖြင့် ကိုဧရာရဲ့ ပို့စ်ကို အခြေခံပြီး တွေးတောမိပါတယ်။

sonata-cantata said...

ရွာသားလေး … ဒီလိုဆရာကောင်းတွေနဲ့ တွေ့ခွင့်ရတာ ကံကောင်းပါတယ်။

ဇွန်မိုးစက်… အချို့နိုင်ငံတွေမှာ သင်္ချာနဲ့ သိပ္ပံလို ဘာသာရပ်တွေမှာတောင် ဆန်းစစ် ဝေဖန်ပိုင်းခြားမှုနည်းလာတယ်လို့ သိရပါတယ်။ ဥပမာ အချက်အလက်တွေကိုပဲ ဝေေ၀ဆာဆာနဲ့ ပေးမယ့် Powerpoint slides တွေပဲ သုံးမယ့်အစား၊ ဆရာနဲ့အတူ လိုက်တွေးနိုင်အောင် Whiteboard ကို ပြန်သုံးဖို့ သင့်မသင့်ဆိုတာမျိုးတွေ ပြောလာကြတယ်။

ကိုပေါ… လူအများကို ဟောရတဲ့ တရားပွဲတွေမှာတော့ တစ်လမ်းသွားပဲ ဆက်ဖြစ်ဖို့များမယ် ထင်ပါတယ်။ တရားပွဲအပြီး အမျှမဝေခင်မှာ အမေးအဖြေကဏ္ဍလေး ထည့်ပေးတာမျိုးတော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ကိုယ်အလှူ့ဒါယကာဖြစ်ချင်တာနဲ့ပဲ ကလေးရဲ့ဆန္ဒမပါဘဲ အတင်း သာသာနာ့ဘောင် သွင်းတာကတော့ မသင့်လျော်ဘူးလို့ထင်ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေကို အစားအစာ အသစ်အဆန်းနဲ့ မိတ်ဆက်ပေးသလို ဘာသာတရားနဲ့ မိတ်ဆက်ပေးတာကတော့ မိဘတွေမှာ တာဝန်ရှိပါတယ်။ စားချင်လာအောင် လုပ်ပေးဖို့က ကိုယ့်အပိုင်း, သူတို့ မကြိုက်လို့ နောက်ဆက် မစားတာကတော့ သူတို့ အပိုင်းပေါ့။ ဒါတောင် အခြေခံကျတဲ့ အစားအစာတွေကိုတော့ ရအောင် ကျွေးရတာပါပဲ။

လသာည said...

ဖတ်လို့ တအားအရသာရှိတဲ့ ပို့စ်လေး..ပါ။
ဆရာဖြစ်မယ့် ဆရာလောင်းလေးတွေပါ ဖတ်ခွင့်ရရင် သိပ်ကောင်းမယ့် ပိုစ်အဖြစ်မြင်မိပါတယ်..

ဒီပိုစ်က အသိတချို့ရတဲ့အတွက် ကိုဧရာကို ကျေးဇူးတင်ပါတယ်။

စုချစ် said...

ဆရာ... ကိုပေါကို ဖြေထားတဲ့ အဖြေ သဘောကျတယ်... အဲသလို မေးတာတွေ ကြုံဖူးတယ်...
ကိုယ်ကိုယ်တိုင်က အူလည်လည်သမားမို့ ဘယ်လို ဖြေရမယ်မှန်းမသိဘူး...
ကျေးဇူးပါဆရာ...

သင်းနွယ်ဇင် said...

ဒုတိယသင်နည်းအထိတော့လိုက်နိုင်သေးတယ်။ တတိယသင်နည်းကိုတော့ကြိုးစားပါဦးမည်။

ညီမလေး said...

ဟုတ်တယ် ... ညီမလေးတို့တုန်းကတော့ ဆရာတော်တော်များများက နှတ်တိုက်သင်တယ် အဓိပ္ပာယ်နားမလည်ဘဲ ကျက်မှတ်ခဲ့တော့ ခေါင်းထဲမှာ မကျန်ဘူး ။ အဲ့တော့ ခုချိန်မှာမှ ငယ်ငယ်ကသင်ခဲ့တာတွေကို ပြန်ဖတ်ပြီး ကိုယ့်ဟာကို ဆင်ခြင်တွေးဆယူရတယ် ။ သိတဲ့အချိန်နောက်ကျပေမဲ့ အဲ့မှပဲ သေချာလက်ခံနိုင်လို့ အသိထဲမှာစွဲသွားတဲ့ အကြောင်းတွေအများကြီးရှိခဲ့တယ် ။ ဒါပေမဲ့ ဒါဟာ သူတို့ကိုယ်ချည်း အားကိုးလို့မရဘူး ကိုယ်လဲ ရှာဖွေ ဖတ်မှတ်လေ့လာဖို့ လိုတယ်လို့ သင်ခန်းစာရစေတယ်လားလို့ ...

ဦးဧရာပြောတဲ့ တတိယနည်းဟာ ကောင်းတယ်ဆိုတာ သေချာပါတယ် ။ ဒါပေမဲ့ တဆင့်ချင်းသွားတယ်လို့ ညီမလေးက ထင်မိတယ် ။ အရင်ဆုံး ရှုထောင့်တခုက စမယ် ပြီးမှ တခြားရှုထောင့်ကကော ဆိုပြီး အတွေးကိုချဲ့မယ် .. အဲ့လိုဆိုရင်ကော ?? အဲ့ဒီမှာ group work တွေက အကျိုးသက်ရောက်မှုပိုရှိလာစေတယ်ထင်မိတယ် ။ တယောက်တည်းအမြင်၊ အတွေးမဟုတ်တော့ဘူး ။ ကိုယ်မမြင်မတွေးမိတဲ့ ရှု့ထောင့်ကိုတွေးသူ မြင်သူပါလာမယ်။အဲ့ဒီကနေ သင်ယူစရာတွေရမယ် ။ အသွင်မတူ ကွဲပြားတဲ့ တခြားသူတယောက်ရဲ့ အတွေးကို မှန်ကန်တယ်ဆိုရင် လက်ခံနိုင်တဲ့ အကျင့်ကိုလဲ ပြုစုပျိုးထောင်ပြီးသားဖြစ်သလို၊ ကိုယ်ကိုယ်တိုင် ကိုယ့်ထင်မြင်ယူဆချက် ကိုယ့်အတွေးကို လွတ်လပ်စွာ ၊ ရဲရင့်စွာ ဆွေးနွေးတင်ပြရဲသူလဲ ဖြစ်စေမယ်။ ဆရာလုပ်သူကတော့ မော်ဒရိတ်လုပ်ပေါ့ ။အဲ့လိုသင်နည်းမျိုးတွေကော လိုအပ်မယ်မထင်ဘူးလား ဆရာ.. ။ သင်နည်းနဲ့ပတ်သက်လို့ စိတ်ထဲမှာရှိတာလေးကို ဆွေးနွေးကြည့်တာပါ ။

ကိုပေါကိုဖြေတဲ့ အဖြေကို သဘောကျမိတယ်ရှင့် ။ ခက်တာက ဒီမှာ မိဘတွေကိုယ်တိုင်က မိတ်ဆက်ဖို့ မေ့နေကြတာ ပြသာနာလားလို့...

sonata-cantata said...

ညီမလေး... ဟုတ်ပါတယ်။ စာသင်တဲ့နေရာမှာ အစုအဖွဲ့လိုက် ဆွေးနွေးမှုတွေက ထိရောက်တယ်လို့ ထင်ပါတယ်။ အချို့ကျောင်းတွေမှာ အစုအဖွဲ့ ပရောဂျက်တို့ စာတမ်းတို့ လုပ်ခိုင်းတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အချေအတင် စဉ်းစား ဆွေးနွေးကျတာမျိုး မဟုတ်ဘဲ အများညီရာ Groupthink သဘောမျိုးဘဲဖြစ်ဖြစ်, စာတော်တဲ့သူတစ်ဦးတည်းကပဲ ဒိုင်ခံပြီး တွေးသွား,ပြောသွား, လုပ်သွားတာမျိုးဖြစ်ဖြစ် ရှိတတ်ပါတယ်။ ဘာပဲပြောပြော ညီမလေးပြောသလိုပဲ “အသွင်မတူ ကွဲပြားတဲ့ တခြားသူတယောက်ရဲ့ အတွေးကို မှန်ကန်တယ်ဆိုရင် လက်ခံနိုင်တဲ့ အကျင့်ကိုလဲ ပြုစုပျိုးထောင်ပြီးသားဖြစ်သလို၊ ကိုယ်ကိုယ်တိုင် ကိုယ့်ထင်မြင်ယူဆချက် ကိုယ့်အတွေးကို လွတ်လပ်စွာ ၊ ရဲရင့်စွာ ဆွေးနွေးတင်ပြရဲသူလဲ ဖြစ်စေ” တဲ့ အလေ့အကျင့်တွေကို ကျောင်းသားဘ၀မှာ ပြုစုပျိုးထောင်ပေးသင့် ပါတယ်။