Sunday, November 30, 2008

ရောင့်ရဲခြင်းနှင့် သည်းခံခြင်း


ရောင့်ရဲခြင်းသည် အလိုနည်းခြင်းဖြစ်သော်လည်း၊ ရည်မှန်းချက်ကင်းမဲ့ခြင်း, ပျင်းရိခြင်း, လုံ့လနည်းခြင်းမဟုတ်။ သည်းခံခြင်းသည် အမျက်မထွက်ခြင်းဖြစ်သော်လည်း၊ လက်လျော့ အရှုံးပေးခြင်းမဟုတ်။

ရောင့်ရဲခြင်း၊ သည်းခံခြင်းတရားတို့အား မင်္ဂလာတရားများအဖြစ် မြတ်ဗုဒ္ဓက ဟောကြားခဲ့သည်။ စင်စစ် ထိုတရားတို့သည် ဗုဒ္ဓအဆုံးအမ၌သာမဟုတ် အခြားသော ဘာသာအယူဝါဒတို့ အတွက်လည်း လေးစားအပ်သော တန်ဖိုးများ ဖြစ်ပါသည်။ အချို့က ရောင့်ရဲခြင်း, သည်းခံခြင်းတို့သည် တိုးတက်မှု၏ အတားအဆီးများဖြစ်သည်ဟု ယူဆလာကြခြင်းသည် ထိုတရားတို့၏ အနက်အဓိပ္ပါယ်ကို လွဲမှားစွာ နားလည်ထားကြ၍သာ ဖြစ်ပေမည်။

ရောင့်ရဲခြင်း (သန္တောသ)သည် အလိုကြီးခြင်း, အလိုဆိုးခြင်းတို့၏ ဆန့်ကျင်ဖက်ဖြစ်သည်။ သူတစ်ပါးတို့၏ ပစ္စည်း, ဥစ္စာ, ဂုဏ်တို့အား မတရားသဖြင့် မက်မောလိုလားခြင်းသည် အလိုကြီးခြင်းဖြစ်သည်။ မိမိအစွမ်းအစဖြင့် ရထားသော ပစ္စည်း, ဥစ္စာ, ဂုဏ်တို့နှင့် ကျေနပ်နှစ်သိမ့်ခြင်းသည် ရောင့်ရဲခြင်းဖြစ်သည်။ ဤသို့ မိမိအရည်အချင်း အလျောက် ရသင့်သလောက်နှင့် ရောင့်ရဲတင်းတိမ်ခြင်းအား ‘ယထာလာဘသန္တောသ’ ဟု ခေါ်သည်။ မိမိအရည်အချင်း အလျောက် ရရှိလာသော ပစ္စည်းတို့ကိုလည်း ရသလောက် မယူရ။ ယူသင့်သလောက်သာ ယူရသည်။ မိမိတွင် ရောဂါဝေဒနာရှိနေပါက မိမိနှင့် သင့်တင့်သော အစားအသောက်နှင့်သာ ရောင့်ရဲရသည်။ ဤသို့သော ရောင့်ရဲမှုမျိုးအား ‘ယထာဗလသန္တောသ’ ဟု ခေါ်သည်။ မိမိ၏ ကျန်းမာရေးနှင့် သင့်တော်စေကာမူ၊ မိမိထက် ပို၍ ထိုက်တန်သင့်လျော်သူတို့ရှိပါက မိမိမသုံးစွဲပဲ ပို၍ သင့်တော်သူတို့ကို သုံးစွဲစေရသည်။ ဤသို့သော ရောင့်ရဲခြင်းမျိုးအား ‘ယထာသာရုပ္ပသန္တောသ’ ဟုခေါ်သည်။

ထို့ကြောင့် ရောင့်ရဲခြင်းသည် အလိုကြီးခြင်း၏ ဆန့်ကျင်ဖက်ဖြစ်သည့် အားလျော်စွာ၊ ရက်ရောခြင်းနှင့် ဆက်စပ်နေသည်။ ထိုရောင့်ရဲခြင်းနှင့် ရက်ရောခြင်းအစုံသည် မိမိပတ်ဝန်းကျင်အကျိုး၊ အများအကျိုးအတွက် စွန့်လွတ်အနစ်နာခံခြင်းအတွက် ပထမခြေလှမ်းဖြစ်သည်။ ရောင့်ရဲခြင်းသည် ရည်မှန်းချက်ကင်းမဲ့ခြင်း၊ ပျင်းရိခြင်း၊ လုံ့လဝီရိယနည်းခြင်းတို့မဟုတ်။ အသိပညာရှေ့ဆောင်သော အားထုတ်မှုဖြစ်သည်။

ရည်မှန်းချက် ပြည့်မြောက်အောင် မလျော့သော ဇွဲလုံ့လဖြင့် အားထုတ်ရသည်။ အခက်အခဲ အတားအဆီးတို့ ကြုံလာပါကလည်း ရည်မှန်းချက်ကို အလျော့မပေးပဲ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ရသည်။ သည်းခံနိုင်ရသည်။ အလောင်းတော် မဟာဇနကမင်းသည် မင်းအဖြစ်သို့ရောက်သောအခါ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်၍ အောက်ပါ အဓိပ္ပါယ်ရှိသော ဥဒါန်းကို ကျူးရင့်သည်။

ယောက်ျားကောင်းမှန်က မြတ်သော ရည်မှန်းချက်ထားရာ၏။ ကြိုးစားလုံ့လပြုရာ၏။ မပျင်းရိရာ။
အခြားမကြည့်လင့်။ သမုဒ္ဒရာမှ လွတ်မြောက်၍၊ မိမိ အလိုရှိသည့်အတိုင်း မင်းအဖြစ်သို့ရောက်သော
ငါ့ကိုပင် သက်သေထား၍ ဆိုသတည်း။

ဆင်းရဲဒုက္ခ ကြုံတွေ့ရသော်လည်း ရည်မှန်းချက်ကို မစွန့်ရာ။ ဆင်းရဲကို သည်းခံ၍ မလျော့သော လုံ့လပြုရာ၏။ ‘ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်’ဟူသော လောကဖြစ်မြဲဓမ္မတာကို နှလုံးမမူပဲ၊ ပျင်းရိခြင်းကို ရှေ့တန်းတင်ကာ လုံ့လလျော့သူတို့သည် သမုဒ္ဒရာတွင် ငါးလိပ်စာသာဖြစ်ကြရသည်။ ဆင်းရဲမှ မလွတ်ကင်းနိုင်။

လောကတွင် လူတို့သည် မကြံစည်ပဲ ဖြစ်လာတတ်သည် ရှိသလို၊ ကြံစည်တိုင်းလည်း ဖြစ်မလာတတ်။ လုံ့လရှိသူတို့သာ အထမြောက်အောင်မြင်နိုင်သည်။

ဖြစ်ချင်သော ဆန္ဒတို့ကို လုပ်ချင်သော လုံလဝီရိယတို့နှင့် ညှိပေးရသည်။ ရည်မှန်းချက်တို့ မြင့်လေ ပို၍ အားစိုက်ပေးရလေ ဖြစ်သည်။ ထိုသို့ မိမိ၏ အားထုတ်မှု အလျောက် ရရှိလာသည့်တို့နှင့် ကျေနပ်နှစ်သိမ့်ခြင်းကို ရောင့်ရဲခြင်းဟုခေါ်သည်။ ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုသလို ထင်သလိုမဖြစ်ပဲရှိပါက မိမိ၏ ရည်မှန်းချက်တို့ကို မစွန့်ပဲ ဆင်းရဲဒုက္ခကို သည်းခံနိုင်ရသည်။ လောကဓံကို သည်းခံနိုင်ရသည်။

ရောင့်ရဲမှုမရှိသူ၊ သည်းခံမှုမရှိသူတို့က ထိုသို့သောအခြေနေတွင် အမှန်တရားကို လက်လျော့အစွန့်ပေး၍၊ လာဘသက္ကာရတို့ကို မက်မောပြီး အမှားဖက်သို့ ကူးပြောင်းသွား တတ်သည်။ ခန္တီတရားနှင့် ပြည့်ဝသူ၊ သန္တောသတရားနှင့် ပြည့်ဝသူတို့ကား မည်သို့သော ဆင်းရဲဒုက္ခများ၊ သတ်ဖြတ်၊ နှိပ်စက်ခြင်းများနှင့် တွေ့စေကာမူ ဓမ္မလမ်းကြောင်းပေါ်တွင် ကြံ့ကြံ့ခံ၍ ရပ်တည်သွားနိုင်သည်။

တေမိမင်းသားသည် ဆွဲဆောင်ဖျားယောင်းမှုအမျိုးမျိုး, ခြိမ်းခြောက်မှုအမျိုးမျိုးကို သည်းခံကာ မိမိ၏ အဓိဋ္ဌာန်ကို မဖျက်ခဲ့။ ဓမ္မနှင့် အဓမ္မယှဉ်ပြိုင်ရာတွင် ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့သည် မိမိရပ်တည်ချက်ကို မစွန့်ပဲ အသက်သာ အသေခံသွားခဲ့သည်။ အဓမ္မဝါဒီတို့၏ ရှုထောင့်တွင် ခန္တီဝါဒီရသေ့သည် ရှုံးနိမ့်သွားသည်ဟု ဆိုကောင်း ဆိုပေလိမ့်မည်။ စင်စစ်ကား ပါရမီထိုက်သော သည်းခံခြင်းဖြင့် အနိုင်ယူသွားခြင်းသာ ဖြစ်သည်။

ဧရာ (မန္တလေး)
စာညွှန်း။
ခုဒ္ဒကပါဌအဋ္ဌကထာ - မင်္ဂလသုတ္တဝဏ္ဏနာ
ဦးသြဘာသ - မဟာဇနကဇာတ်တော်ကြီးဝတ္ထု
ဦးရွှေအောင် - ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်
ဦးရွှေအောင် - ဘဝအမြင်သစ်

("ချင်" ကိုဖတ်ပြီး ကော်မန့် ရေးပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းများအတွက်)

Wednesday, November 26, 2008

မပျော်တဲ့ တော်ရာ...

“ချင်” ပို့စ်ကို မတင်ခင် တုန်းက လက်ထဲမှာ ရေးပြီးစ သုံး၊ လေးပုဒ် ရှိနေတယ်။ (အဟဲ လေသံကတော့ တကယ့် ဝါရင့် စာရေးဆရာကြီး အတိုင်း.. ဂလို ပြောချင်နေတာ ကြာပြီ..အဂုလို ပြောလိုက်ရလို့ ဝမ်းသာလိုက်တာ)
ကိုဧရာကိုတောင် တစ်ပြိုင်ထဲ သုံးပုဒ် တင်လိုက်ရမလား လို့ ညှိကြည့်သေးတယ်။ သူက တစ်ပုဒ်ချင်းပဲ တင်ပါဆိုလို့ “ချင်” ကို တင်လိုက်တယ်။

ဘလော့ဂ်ပေါ်က မိတ်ဆွေ သူငယ်ချင်းတွေကို အထူးကျေးဇူးတင်တယ်။ မသီတာ ပြောချင်တာတွေကို နားထောင်ပေးပြီး၊ စိတ်ဝင်တစား အမြင်လေးတွေ ဆွေးနွေးပေးကြလို့။ အပြင်လောကမှာ ဒီလောက်ကြီး ပြောပြဖို့ အခြေအနေအရ အခွင့် မသာဘူး။
ဒီတော့ အခွင့်သာသလို နှိပ်စက်လိုက်ဦးမယ်… ဖတ်ကြည့်ကြပါဦး… မသီတာရဲ့ မပျော်ပုံ နောက်တစ်မျိုး


****

ကျနော် အဲ့ဒီ အိမ်ရှေ့က ဖြတ်လျှောက်တော့ ဘယ်ကြောင့်မှန်းမသိ အိမ်ထဲဘက်ကို ခေါင်းငဲ့ကြည့်လိုက်မိတယ်။ သြော် ဟိုအမျိုးသမီး ဟင်းချက်နေတယ်ကိုး။ အိမ်ရှေ့ တံခါးပေါက်ကနေ လှမ်းကြည့်လိုက်ရင် ဧည့်ခန်းကိုကျော်လို့ အိမ်နောက်ဖေး မီးဖိုချောင်ထိ လှမ်းမြင်နေရတယ်လေ။ အိမ်ချင်းကပ်လျက် ဆိုပေမဲ့ ကျနော်တို့က အခေါ်အပြော မရှိကြပါဘူး။

အဲ့ဒီ အိမ်ဆိုသည်မှာ အိမ်ထောင်ဦးစီးဖြစ်မဲ့ ယောက်ျားရယ်, ခုန ဟင်းချက်နေတဲ့ မိန်းမရယ်, သူတို့ ရဲ့ သားနှစ်ယောက်ရယ် … မိသားစု ပုံစံလေးကတော့ စုံစုံလင်လင်ပါပဲ။ ဒါပေမဲ့ အဲ့ဒီ မိသားစုပေ့ါ စိတ်ဝင်စားစရာ ကောင်းလောက်အောင် ပျင်းစရာကောင်းတဲ့ ကျနော့်ရဲ့ အိမ်နီးချင်းတွေ… ။

ကဲပါလေ အစဉ်လိုက်အတိုင်း စလိုက်ရအောင်။ အိမ်ထောင်ဦးစီး ဆိုတဲ့ ထိုယောက်ျား။ မနက်အစောကြီး အိမ်ကထွက်တယ်၊ ညမိုးချုပ်မှ အိမ်ပြန်လာတယ်။ အဲ့ဒီလူကတော့ ပန်းချီကားထဲက လူဗျ။ ဘယ်အချိန်တွေ့တွေ့ ဒီအတိုင်းပဲမို့ပါ။ ကျနော် သူ့အပြုံးကို မမြင်ဖူးသလို သူ့အသံကိုလည်း မကြားဖူးဘူး။ ကဲ မထူးဆန်းဘူးလား။

ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် အမြဲတမ်း အိပ်ချင်နေတဲ့ မျက်လုံးတွေနဲ့ အခုမှ အိပ်ယာက ထလာတဲ့ ပုံစံနဲ့ မမကတော့ အခုနက ဟင်းချက်နေတဲ့ မမပေါ့။ သူ့ ကလေးနှစ်ယောက်နဲ့ ဟိုနားဒီနား သွားတာ မြင်တယ်။ ကျနော့် မိန်းမလို့ လှလှပပ ပြင်ပြင်ဆင်ဆင် တစ်ခါမှ မတွေ့ရဘူး။ ယုတ်စွ အဆုံးဗျာ အဲ့ဒီ မိန်းမကို စကတ်လေး၊ ဒရတ်စ် လေးနဲ့တောင် မမြင်ဖူးဘူး။

ပိန်လှီ ခြောက်ကပ်နေတဲ့ သူတို့ ကလေးနှစ်ယောက်ကတော့ ၂၁ ရာစုရဲ့ ဖွံဖြိုးပြီးနိုင်ငံ တစ်ခုက ကလေးတွေပါဆိုတာ ကျိန်တွယ်ပြီး ပြောရတော့ မလို …။ နေနိုင်လိုက်ကြတာဗျာ playground ဆိုတာလည်း သူတို့နဲ့ မဆိုင်သလို။

သေချာတာကတော့ သူတို့ဟာ လူတွေနဲ့ မတူပေမဲ့ စက်ရုပ်တွေတော့လည်း မဟုတ်ကြဘူးဗျ။

ခင်ဗျားတို့ အကျယ်ချုပ် အကျဉ်းကျခံနေရတယ် ဆိုတာ ကြားဖူးကြလား။ အကျယ်တွေရော အကျဉ်းတွေရော မျက်စိတော့ ရှုပ်ကုန်ကြမှာပဲ။ ကျနော်မြင်တာတော့ အဲဒ့ီ အတိုင်း.. အဲဒီ အတိုင်းပဲဗျာ။
ကဲ ဗျာ ဒီလောက်ပါပဲ...။

*****

တော်ရာမှာ မပျော်တဲ့ အကြောင်းလေးတွေ ပိုပိုမိုမို ဖွဲ့နွဲ့သည်ပေါ့… သယ်ရင်းတို့ ..များကို သနားပြီး ငိုမနေကြနဲ့ဦး။
စိတ်ဆရာဝန်များ ဖတ်မိရင် “မသီတာ ကျနေပြီ .. ကောက်တင်ဦး” လို့ ပြောမှာလည်း ကြောက်လို့ (ဒီက အယူးပါး)

Thursday, November 20, 2008

ကျွန်စိတ်၊ ပညာရေး နှင့် လွတ်လပ်မှု


“A Slave is one who waits for someone to come and free him” [Ezra Pound]
 
‘ပညာရွှေအိုး လူမခိုး’၊ ‘ပညာရဲရင့် ပွဲလယ်တင့်’ စသော ဆိုရိုးစကားတို့ဖြင့် မြန်မာလူမျိုးတို့၏ ပညာအပေါ် တန်ဖိုးထားမှုကို နားလည်နိုင်သည်။ ပညာဟူသည် အမှားအမှန်ကို ပိုင်းခြားခြင့်ချိန်နိုင်သော အသိဖြစ်၍ ထိုအသိက လူ၏ အတွေးအမြင်, အကျင့်အကြံတို့ ပြောင်းလဲသော ဖြစ်စဉ်ကို ဦးဆောင်သည်။ ဗဟုသုတအကြားအမြင်များစေရန် လေ့လာမှတ်သားရသည်။ ထိုဗဟုသုတတို့ကို အခြေခံ၍ စဉ်းစားတွေးခေါ်မှုကို ရင့်သန်စေရန် လေ့ကျက်ရသည်။ အမှားကို ရှောင်၍ အမှန်ကို လိုက်နာကျင့်ကြံရန် ထပ်တလဲလဲ လေ့ကျက်ရသည်။ ဤသို့ သုတမယ, စိန္တာမယ, ဘာဝနာမယဟူ၍ အဆင့်ဆင့် တိုးတက်သွားခြင်းကိုပင် လူတို့၏ စိတ်ဓာတ်၊ အကျင့်အကြံတို့ ပြောင်းလဲသောဖြစ်စဉ်ဟု ဆိုရ၏။ အမှန်တရားနှင့် လိုက်လျောညီထွေမည့် အတွေးအခေါ်၊ အကျင့်စရိုက်တို့ ပြောင်းလဲခြင်းမရှိပါက ပညာအစစ်မဟုတ်။ အတုအယောင်သာ ဖြစ်သည်။ ဘာသာရေးနယ်ပယ်၌် ပညာစစ်သည် ကိလေသာ၏ ကျေးကျွန်ဘဝမှ လွတ်မြောက်မှုအရသာ ‘ဝိမုတ္တိရသ’ ကို ပေး၏။ ထို့အတူပင် လောကီနယ်၌လည်း ပညာက လွတ်လပ်မှုကို ဆောင်ကျဉ်း ပေးသည်။ 

မြန်မာတို့သည် ပညာ၏ အရေးပါမှုကို နားလည်ခဲ့ကြသည်။ ကိုလိုနီခေတ် အင်္ဂလိပ်တို့၏ ပညာရေးကို ကျွန်ပညာရေးဟု နားလည်ခဲ့ကြသည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တရားတွင် အသုံးချရန်အတွက်သာ ရည်ရွယ်ခဲ့သော အတုအယောင်ပညာရေး အဖြစ်နားလည်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၂၀-ခုနှစ်တွင် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေအား ကျွန်ပညာရေးအဖြစ် သပိတ်မှောက်ခဲ့သည်။ လွတ်လပ်ရေးနှင့် ဆီလျော်မည့် အမျိုးသားကျောင်းများ ဖွင့်လှစ်ခဲ့ကြသည်။ အမျိုးသားပညာရေးမှ ချပေးခဲ့သော မျိုးစေ့များသည် နဂါးနီစာအုပ်အသင်း၊ ဘားမားဘုတ်ကလပ် စသော လူထုပညာပေး အသင်းအဖွဲ့များကို မွေးဖွားပေးခဲ့သည်။ သခင်အောင်ဆန်း, သခင်နု စသော လွတ်လပ်ရေး ခေါင်းဆောင်များကို မွေးထုတ်ပေးမည့် ဒို့ဗမာအစည်းအရုံးကို ဖြစ်ပေါ်စေခဲ့သည်။ အမျိုးသားပညာရေးသည် ကျွန်စိတ်မှ သခင်စိတ်သို့ ပြောင်းလဲပေးခဲ့သည်။

မိမိဆန္ဒမပါဘဲ၊ အမှားအမှန် စဉ်းစားဝေဖန်ခွင့်မရှိဘဲ၊ တစ်ပါးသူ၏ အလိုကျ လုပ်ပေးရ, နေပေးရသောဘဝကို ကျွန်ဘဝဟု သတ်မှတ်သည်။ ‘ပေးတာယူ၊ ကြွေးတာစား၊ ခိုင်းတာလုပ်’၍ သူတစ်ပါးအလိုကျနေရသော သိမ်ငယ်သည့် စိတ်ဓာတ်မျိုးသည် ကျွန်စိတ်ဖြစ်သည်။ ကျွန်တို့၏ လုပ်အား၊ ရပိုင်ခွင့်တို့ကို အမြတ်ထုတ်သွေးစုတ်နေသူတို့က ကျွန်စိတ်ကို ရိုက်သွင်းပေးသည်။ ကျွန်မွေးသည်။ ကျွန်တို့ကလည်း မိမိဘဝရပ်တည်မှုအတွက် သခင်မွေးသည်။ ကျွန်သက်ရှည်ရခြင်းသည် ကျွန်စိတ်ကြောင့် ဖြစ်သည်။ ခေတ်သစ်ကဗျာဆရာတစ်ဦးဖြစ်သော Ezra Pound က  ‘ကျွန်ဟူသည် မိမိလွတ်မြောက်ရေးအတွက် သူတစ်ပါး လာရောက်ကယ်တင်မှုကို စောင့်ဆိုင်းနေသူ’’ ဟု အဓိပ္ပါယ် ဖွင့်ပေးခဲ့၏။ 

ကျွန်စိတ်သည် သိမ်ငယ်စိတ်ဖြစ်သည်ဟုဆိုလျှင် သခင်စိတ်သည် တာဝန်ယူစိတ်ဖြစ်သည်။ စိတ်ကို အစိုးရသည်မှာ ပညာဖြစ်၍ ပညာကို စာပေတို့မှတဆင့်ရသည်။ သခင်စိတ်ကို မွေးဖွားပေးနိုင်သော စာပေ၊ ပညာရေးတို့ ထွန်းကားပါမှ လွတ်လပ်ရေးကို ရယူနိုင်မည်။ ကိုလိုနီခေတ်မြန်မာတို့က ဤအချက်ကို ကောင်းစွာ နားလည်ခဲ့ကြသည်။ အမျိုးသားပညာရေးလှုပ်ရှားမှု၏ ခေါင်းဆောင် ဆရာကြီးသခင်ကိုတော်မှိုင်းက “ခေတ်ဆိုးလျှင် ခေတ်ကို အပြစ်မဆိုသာ။ ထိုခေတ်တွင်ရှိသော သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်းအပ်ပေသည်” ဟု ဂန္ထလောကမဂ္ဂဇင်းတွင် ရေးသား တိုက်တွန်းခဲ့၏။ ဤကား ၁၉၂၀-ခုနှစ်ကာလတွင် အစပျိုးခဲ့သော အမျိုးသားပညာရေးလှုပ်ရှားမှု၏ ယုံကြည်ချက်၊ ခံယူချက်များ ဖြစ်သည်။

ဧရာ (မန္တလေး)
၈၈ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်
၁၃၇၀ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ရက် (၂၂-၁၁-၂၀၀၈)

Saturday, November 15, 2008

နိကာယ်ငါးရပ် မိတ်ဆက်



ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါက ဗုဒ္ဓဟောကြားသော တရားတော်တို့အား “ဓမ္မဝိနယ” ဟု ရည်ညွှန်း ခေါ်ဆိုလေ့ရှိသည့်အားလျော်စွာ၊ ပထမအကြိမ် သံဂါယနာတင်ပွဲတွင် ဓမ္မနှင့် ဝိနယဟု နှစ်စုခွဲ၍ ရွတ်ဆိုခဲ့ကြသည်။ ဗုဒ္ဓဒေသနာတော် အားလုံးအား ဓမ္မဟု ခေါ်ဆိုနိုင်သည် မှန်သော်လည်း ဝိနည်း ဒေသနာတော်တို့အား ဝိနယ ဟုလည်းကောင်း၊ ဝိနည်းတော်မှ အပဖြစ်သော သုတ္တန်နှင့် အဘိဓမ္မာ ဒေသနာတော်တို့အား ဓမ္မဟုလည်းကောင်း ခွဲခြား သတ်မှတ်ခဲ့ကြသည်။ သံဂါယနာ တင်သောအခါတွင် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူသော အစီစဉ်အားဖြင့် စုပေါင်းရွတ်ဆိုခဲ့ကြသည်။

ပထမသံဂါယနာတင်ပွဲတွင် အရှင်မဟာကဿပ မထေရ်က စီစစ် မေးမြန်းသော “ပုစ္ဆက” ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။ ဝိနည်းအရာတွင် ဧတဒဂ်ရတော်မူခဲ့သော အရှင်ဥပါလိမထေရ်က ဝိနည်း ဒေသနာတော်အား ဖြေကြားသည့် “ဝိသဇ္ဇက” ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်တော်မူခဲ့၏။ သုတ္တန်နှင့် အဘိဓမ္မာဟူသော ဓမ္မ ဒေသနာတော်တို့အား “ဓမ္မဘဏ္ဍာဂါရိက” (တရားဘဏ္ဍာစိုး) ဖြစ်သည့် အရှင်အာနန္ဒာ မထေရ်က ဖြေကြား၍ သံဂါယနာ တင်တော်မူခဲ့ကြသည်။

ဤတွင်လည်း ဓမ္မဒေသနာတို့အား သဘောတူရာ တူရာစု၍ အောက်ပါအတိုင်း “နိကာယ (အစုအပေါင်း)” ငါးစုဖြင့် (တနည်း နိကာယ် ငါးရပ်ဖြင့်) စု၍ ခွဲခြားခဲ့ကြပါသည်။

(၁) ဒီဃနိကာယ - သုတ္တန်အရှည်များ စုစည်းထားသော အုပ်စု
(၂) မဇ္ဈိမနိကာယ - အလယ်အလတ်သုတ္တန်များ စုစည်းထားသော အုပ်စု
(၃) သံယုတ္တနိကာယ - အချင်းချင်း ဆက်နွယ်နေသော သုတ္တန်များအား စုထားသော အုပ်စု
(၄) အင်္ဂုတ္တရနိကာယ - အင်္ဂါအရည်အတွက်အလိုက်စုစည်းထားသော နိကာယ်
(၅) ခုဒ္ဒကနိကာယ - အရွယ်အစား သေးငယ်သော သုတ္တန်များနှင့် အဘိဓမ္မာဒေသနာအုပ်စု

“သုတ္တ”သည် “တမျဉ်းချည်၊ ပန်းသီတံ၊ ပန်းသီကြိုး”ဟု တိုက်ရိုက် အနက်အဓိပ္ပါယ်ရ၍ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မဒေသနာတို့အား ဖရိုဖရဲ မဖြစ်ရအောင် သီကုံးပေးထားသော ကြိုးသဖွယ် ယူဆနိုင်ပါသည်။ (ပါဠိဝေါဟာရ “သုတ္တ”အား သုတ်, သုတ္တန်, သုတ္တံစသဖြင့် မြန်မာမှုပြု လေ့ရှိသည်။)

ဒီဃနိကာယ (Collection of Long Discourses)

ဗုဒ္ဓဒေသနာတော်များအား အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော အုပ်စုသုံးစုရသည်။ ဒီဃနိကာယ်တွင် ပါဝင်သော သုတ်များသည် သီလ, သမာဓိ, ပညာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားထားသော သုတ်များဖြစ်သည်။ မိစ္ဆာဒိဋ္ဌိ ၆၂-မျိုးအကြောင်း ဟောကြားသော ဗြဟ္မဇာလသုတ်၊ ရဟန်းပြုရခြင်း၏ အကျိုးကျေးဇူးကို အဇာတသတ်မင်းအား ဟောကြားထားေသာ သာမညဖလသုတ်၊ ဗုဒ္ဓ၏ နောက်ဆုံးကာလ ဖြစ်စဉ်များအား ဟောကြားထားသော မဟာပရိနိဗ္ဗာနသုတ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်သည့် သတိပဋ္ဌာန်လေးပါးကို ဟောကြားသော မဟာသတိပဋ္ဌာနသုတ်၊ မိဘဝတ်, သားသမီးဝတ် စသဖြင့် လူမှုကျင့်ဝတ်များကို ဟောကြားထားသော သိင်္ဂါလောဝါဒသုတ် တို့သည် ဒီဃနိကာယ်လာ သုတ္တန်များဖြစ်သည်။ ယေဘုယျအားဖြင့် ဒီဃနိကာယ်လာသုတ်များသည် ဘာသာခြားတို့အား ဗုဒ္ဓအဆုံးမ, ဗုဒ္ဓသာသနာကို လိုက်နာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဟောကြားထားသော သုတ်များဖြစ်သည်ဟု ဆိုနိုင်သည်။ အသောကမင်းလက်ထက်တွင် အရှင်သောဏနှင့် အရှင်ဥတ္တရတို့သည် ဒီဃနိကာယ်၏ ပထမဆုံးသုတ်ဖြစ်သော ဗြဟ္မဇာလသုတ်ကို ဟောကြား၍ သုဝဏ္ဏဘုမ္မိအရပ်တွင် သာသနာပြုခဲ့ ခြင်းဖြစ်သည်။

စုစုပေါင်း သုတ္တန် ၃၄-ပုဒ်ပါဝင်သော ဤဒီဃနိကာယ်အား “ဝဂ္ဂ (=အစု)” ခေါ် အစုသုံးစု ကျမ်းသုံးကျမ်း ခွဲခြားထားသည်။

(၁) သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ် သုတ်သီလက္ခန်) - သုတ်ပေါင်း ၁၃-သုတ်
(၂) မဟာဝဂ္ဂ (မြန်မာအခေါ် သုတ်မဟာဝါ) - သုတ်ပေါင်း ၁၁-သုတ်
(၃) ပါထိကဝဂ္ဂ (မြန်မာအခေါ် သုတ်ပါထေယျ) - သုတ်ပေါင်း ၁၀-သုတ်

ပါဠိစာပေတို့တွင် ကျမ်းစာ၏ အရွယ်ပမာဏတို့ကို မရပ်မနားဘဲ တစ်ကြိမ်တည်း ရွတ်ဆိုနိုင်သော ပမာဏဖြင့် တိုင်းတာလေ့ရှိသည်။ ယင်းပမာဏအား “ဘာဏဝါရ” ဟုခေါ်သည်။ တစ်ဘာဏဝါရတွင် အက္ခရာအလုံးရေ ရှစ်ထောင်ရှိသည်။ ဒီဃနိကာယ်အား ဘာဏဝါရဟူသော unit ဖြင့်တိုင်းထွာက ၆၄-ဘာဏဝါရ ရှိသည်။

မဇ္ဈိမနိကာယ (Collection of Middle Length Discourses)

ဒီဃနိကာယ်လာ သုတ်များသည် ကျယ်ကျယ်ပြန့်ပြန့် ရှည်ရှည်လျားလျား ဟောကြားထားသော သုတ်များဟုဆိုပါက၊ မဇ္ဈိမနိကာယ်မှ သုတ်များသည် နက်နက်ရှိုင်းရှိုင်း ဟောကြားထားသော သုတ်များဟု ဆိုနိုင်သည်။ မဇ္ဈိမနိကာယ်လာ သုတ် အများစုသည် ဗုဒ္ဓဘာသာရဟန်းတော်များအား ရည်ရွယ်ဟောကြားထားသည်ဟု ဆိုနိုင်သည်။ မူလပရိယာယသုတ်၊ သဗ္ဗာသဝသုတ်၊ သမ္မာဒိဋ္ဌိသုတ်၊ ဓာတုဝိဘင်္ဂသုတ်၊ စူဠကမ္မဝိဘင်္ဂသုတ်၊ တဏှာသင်္ခယသုတ်၊ စူဠဝေဒလ္လသုတ်၊ အာနာပါနဿတိသုတ်၊ ဆဆက္ကသုတ် စသော အဓိပ္ပါယ်လေးနက်သည့် သုတ္တန်များသည် မဇ္ဈိမနိကာယ်လာ သုတ်များဖြစ်သည်။

မဇ္ဈိမနိကာယ်မှသုတ်များသည် အရွယ်အစားအားဖြင့် ဒီဃနိကာယ်မှ သုတ်များလောက် မရှည်လျားသော်လည်း၊ အခြားနိကာယ်များမှ သုတ်များလောက် တိုတောင်းခြင်း မရှိပေ။ ထို့ကြောင့်ပင် မဇ္ဈိမ (အလယ်အလတ်) နိကာယ်ဟု ခေါ်ခြင်းဖြစ်သည်။ မဇ္ဈိမနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၁၅၂ သုတ်ရှိကာ၊ ကျမ်းတစ်ကျမ်းလျှင် သုတ် ၅၀-ခန့်ဖြင့် ပဏ္ဏာသ ခေါ် ကျမ်း သုံးကျမ်း ခွဲထားသည်။ ပဏ္ဏာသဟူသည် ငါးဆယ်ဟု အဓိပ္ပါယ်ရသည်။

(၁) မူလပဏ္ဏာသ (ရှေးဦးအစ သုတ်ငါးဆယ်)
(၂) မဇ္ဈိမပဏ္ဏာသ (အလယ် သုတ်ငါးဆယ်)
(၃) ဥပရိပဏ္ဏာသ (အဆုံးသုတ် ငါးဆယ်)

မှတ်ရ, ခေါ်ရလွယ်ရန် ပဏ္ဏာသ (ငါးဆယ်) ဟုဆိုရသော်လည်း နောက်ဆုံး ဥပရိပဏ္ဏာသတွင် သုတ်အရေတွက်အားဖြင့် ၅၂-သုတ်ရှိ၍ စုစုပေါင်း ၁၅၂-သုတ်ရှိသည်။ တဖန် ပဏ္ဏာသတစ်ခုစီတွင် သုတ် ၁၀-သုတ်စီအား “ဝဂ္ဂ”ခေါ် အခန်း တစ်ခန်းစီ ခွဲ၍ ထားသည်။ မဇ္ဈိမနိကာယ် တစ်ခုလုံးအနေဖြင့် ဘာဏဝါရ ၈၀ ရှိ၍ ဒီဃနိကာယ်ထက် ပို၍ အရွယ်ပမာဏကြီးမားသည်။

သံယုတ္တနိကာယ (Collection of Connected Discourses)

သံယုတ္တနိကာယ်တွင် အတွဲ ၅-တွဲ (တနည်း ကျမ်း ၅ကျမ်း) ရှိသည်။
(၁) သဂါထာဝဂ္ဂသံယုတ်ကျမ်း
(၂) နိဒါနဝဂ္ဂသံယုတ်ကျမ်း
(၃) ခန္ဓဝဂ္ဂသံယုတ်ကျမ်း
(၄) သဠယတနဝဂ္ဂသံယုတ်ကျမ်း
(၅) မဟာဝဂ္ဂသံယုတ်ကျမ်း

သံယုတ္တနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၇၇၆၂-သုတ် ပါဝင်၍ ဘာဏဝါရအားဖြင့် ၁၀၀ ရှိသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၉၀၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) ကျမ်းတစ်ကျမ်းစီအား အကြောင်းအရာ တူရာတူရာအလိုက် သံယုတ္တခေါ် အခန်းများထပ်မံခွဲထားရာ ကျမ်း ၅-ကျမ်းတွင် စုစုပေါင်း သံယုတ် ၅၆-ခန်းပါဝင်သည်။ တစ်ဖန် ထိုသံယုတ်တို့ကိုလည်း သုတ် ၁၀-သုတ်ခန့်လျှင် ဝဂ္ဂ တစ်ခုစု၍ ထပ်မံခွဲထားပြန်သည်။

“သံယုတ္တ” ဟူသည် “အတူတကွယှဉ်တွဲပေါင်းစပ်ထားခြင်း”ဟု အဓိပ္ပါယ်ရသည်။ သံယုတ္တနိကာယသည် အကြောင်းအရာ တူညီသော သုတ္တန်များအား စုပေါင်းထားသော နိကာယ်ဖြစ်သည်။ ဥပမာအားဖြင့် သံယုတ္တနိကာယ်၏ ပထမတွဲ (သဂါထာဝဂ္ဂသံယုတ်ကျမ်း)သည် ဂါထာဖြင့် ဟောကြားထားသည့် တရားတော်များအား စုစည်းထားသည်။ ဤကျမ်းအားလည်း ကောသလမင်းကြီးနှင့် ပတ်သက်သက်၍ ဟောကြားထားသော တရားတော်များအား ကောသလသံယုတ္တ၊ မာရ်နတ်နှင့် ပတ်သက်၍ ဟောကြာထားသော တရားတော်များအား မာရသံယုတ္တစသဖြင့် ထပ်မံ၍ ပိုင်းခြား စုစည်းထားသည်။

နိဒါနဝဂ္ဂသံယုတ်ကျမ်းသည် အကြောင်း(နိဒါန)နှင့် အကျိုးဆက်စပ်ပုံ ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် စပ်လျဉ်း၍ ဟောကြားထားသော တရားတော်များဖြစ်၍၊ ခန္ဓဝဂ္ဂသံယုတ်ကျမ်းသည် ခန္ဓာငါးပါးနှင့် ပတ်သက်၍ ဟောကြားထားသော တရားတော်များဖြစ်သည်။ သဠယတနဝဂ္ဂသံယုတ်ကျမ်းတွင် အာရုံသိမှုအတွေ့အကြုံ (experience)၏ အခြေခံဖြစ်သော ဗာဟိရာယတန (external bases) ခေါ် အာရုံခြောက်ပါးနှင့် အဇ္ဈတ္တိကာယတန (internal bases) ခေါ် ဒွါရခြောက်ပါးတို့နှင့် စပ်လျဉ်းသော တရားများဖြစ်သည်။

မဟာဝဂ္ဂသံယုတ်ကျမ်းတွင် သုတ်အရေတွက်အားဖြင့်ဖြစ်စေ၊ ပမာဏအားဖြင့်ဖြစ်စေ အကြီးဆုံးဖြစ်သောကြောင့် “မဟာဝဂ္ဂ”ဟု အမည်ရသည်။ မဂ္ဂင် ၈ပါး၊ ဗောဇ္ဈင် ၇ပါး၊ သတိပဋ္ဌာန် ၄ပါး၊ ဣန္ဒြေ ၅ပါး၊ သမ္ပပ္ပဓာန် ၄ပါး၊ ဗိုလ် ၅ပါးနှင့် ဣဒ္ဓိပါဒ် ၄ပါး ဟူသော ဗောဓိပက္ခိယ ၃၇ပါးနှင့် ပတ်သက်သော တရားတော်များ၊ ဈာန်, သစ္စာလေးပါး, အာနာပါန, သောတာပတ္တိမဂ်နှင့် စပ်လျဉ်းသော တရားတော်များ ပါဝင်သည်။

ထို့ကြောင့် ပထမ လေးကျမ်းသည် ခန္ဓာ၊ အာယတန၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို နားလည် သဘောပေါက်စေ၍ အယူမှားဒိဋ္ဌိတို့ ကင်းစင်စေရန် ရည်ရွယ်ပြီး၊ နောက်ဆုံး မဟာဝဂ္ဂသံယုတ်ကျမ်းသည် ဗောဓိဉာဏ်အတွက် ကျင့်ကြံအားထုတ်မှု ဘာဝနာရှုမှတ်ရန် လမ်းညွှန် တရားဒေသနာတော်များဖြစ်သည်ဟု ဆိုနိုင်သည်။

အင်္ဂုတ္တရနိကာယ (Collections of Numerical Discourses)

ဗုဒ္ဓလက်ထက် အိန္ဒိယနိုင်ငံ စာပေသင်ကြားပို့ချသော နည်းစနစ်သည် နှုတ်တိုက်သင်ယူပို့ချသော နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် ကျက်မှတ်ရလွယ်ကူစေရန် အချက်အလက် တစ်ခုရှိသောတရားများ၊ အချက်အလက် နှစ်ခုရှိသော တရားများ စသဖြင့် အင်္ဂါ (အချက်အလက်) အရေအတွက်ကို မူတည်၍ သင်ယူပို့ချလေ့ရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဤသို့ အင်္ဂါအချက်လက်အရေအတွက် ပေါ်မူတည်၍ စုစည်းထာသော နိကာယ်ဖြစ်သည်။

နိပါတ (နိပါတ်) ခေါ် အခန်း ၁၁-ခန်းဖြင့် ဖွဲ့စည်းထားသည်။ ပထမအခန်း ဧကကနိပါတတွင် အင်္ဂါတစ်ပါးရှိသော သုတ်များ၊ ဒုတိယအခန်း ဒုကနိပါတ်တွင် အင်္ဂါနှစ်ပါးရှိသော သုတ်မျာ၊ တိကနိပါတ်တွင် အင်္ဂါသုံးပါးရှိသော သုတ်များ စသဖြင့် အခန်း ၁၁-ခန်းရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဘာဏဝါရအားဖြင့် ၁၂၀ ဘာဏဝါရရှိ၍ သုတ် အရေတွက်အားဖြင့် ၉၅၅၇-သုတ်ရှိသည်ဟု အဋ္ဌကထာများကဆိုသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၃၄၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) နိပါတ်တစ်ခုစီအား ဝဂ္ဂ ခေါ် အစုများထပ်မံ ခွဲခြားထားရာ စုစုပေါင်း  ဝဂ် ၁၆၀ ပါဝင်သည်။ ဝဂ်တစ်ခုစီတွင် အကြမ်းအားဖြင့် သုတ် ၁၀-သုတ်မျှ ပါဝင်သည်။ သို့သော်လည်း အချို့ဝဂ်များတွင် ၇-သုတ်သာပါသည်ရှိသလို၊ အချို့တွင် ၂၆၂-သုတ်ထိပါဝင်သည်ကို တွေ့ရသည်။

အကြောင်းအရာအားဖြင့်လည်း မဂ်ဖိုလ်နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ထို့ကြောင့် ဤနိကာယ်သည် ဗုဒ္ဓဘာသာ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။

ခုဒ္ဒကနိကာယ (Collections of Minor Texts)

ပထမ သံဂါယနာတင်ရာတွင် အရှင်ဥပါလိမထေရ်က ဝိနည်းဒေသနာတော်အား ဖြေဆို၍ စုပေါင်း ရွတ်ဆိုတော်မူခဲ့၏။ ထို့နောက် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်နှင့် အင်္ဂုတ္တရနိကာယ်တို့ကို ရှင်အာနန္ဒာမထေရ်က ဖြေဆို၍ သံဂါယနာတင်ခဲ့သည်။ ဤသို့ သုတ္တန်ဒေသနာ၏ နိကာယ်ကြီးလေးရပ်အားတင်ပြီးနောက် အဘိဓမ္မာဒေသနာတော်ကို ဆက်လက် တင်တော်မူကြသည်။ ထို့နောက်မှ ကြွင်းသောသုတ္တန်ဒေသနာ အတိုအထွာတို့အား ခုဒ္ဒကနိကာယ်အဖြစ် သံဂါယနာ တင်တော်မူခဲ့ကြသည်။ အချို့သောကျမ်းများ (ဥပမာ မိလိန္ဒပဉှာ)သည် ပထမသံဂါယနာတင်စဉ်တွင် မပါဝင်ပဲ နောက်မှ ထည့်သွင်းထားသော ကျမ်းများဖြစ်၍ အချို့က သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြုကြ။ ခုဒ္ဒကနိကာယ်တွင်ပါသည့် သုတ္တန်ကျမ်း အရေအတွက်မှာ ြမန်မာနိုင်ငံမူအရ ၁၈-ကျမ်း၊ သီရိလင်္ကာမူအရ ၁၇-ကျမ်း၊ ထိုင်းနိုင်ငံမူ ၁၅-ကျမ်း ဖြစ်သည်။ မြန်မာနိုင်ငံမူအရ ဤသုတ္တန်ကျမ်း ၁၈-ကျမ်းကိုသာမက၊ ဝိနည်းနှင့် အဘိဓမ္မာ ဒေသနာတို့ကိုလည်း ခုဒ္ဒနိကာယ်တွင် ထည့်သွင်း ဖော်ပြလေ့ရှိသည်။

၁။ ခုဒ္ဒကပါဌ (ခုဒ္ဒကပါဌ်)
၂။ ဓမ္မပဒ
၃။ ဥဒါန (ဥဒါန်း)
၄။ ဣတ္တိဝုတ္တက (ဣတ္တိဝုတ်)
၅။ သုတ္တနိပါတ (သုတ္တနိပါတ်)
၆။ ဝိမာနဝတ္ထု
၇။ ပေတဝတ္ထု
၈။ ထေရဂါထာ
၉။ ထေရီဂါထာ
၁၀။အပဒါန (အပါဒါန်)
၁၁။ ဗုဒ္ဓဝံသ (ဗုဒ္ဓဝင်)
၁၂။ စရိယာပိဋက
၁၃။ ဇာတက (ဇာတ်)
၁၄။ နိဒ္ဒေသ (မဟာနိဒ္ဒေသ နှင့် စူဠနိဒ္ဒေသ)
၁၅။ ပဋိသမ္ဘိဒါမဂ္ဂ (ပဋိသမ္ဘိဒါမဂ်)
၁၆။ မိလိန္ဒပဉှာ*
၁၇။ နေတ္တိ*
၁၈။ ပေဋကောပဒေသ*

နေတ္တိကျမ်းနှင့် ပေဋကောပဒေသကျမ်းတို့ကို ထိုင်းနိုင်ငံမူတွင် သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြု။ မိလိန္ဒပဉှာကို ထိုင်းနိုင်ငံရော, သီရိလင်္ကာနိုင်ငံကပါ သံဂါယနာတင်ကျမ်းအဖြစ်အသိမှတ်မပြုပါ။

ခုဒ္ဒကပါဌ်သည် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖတ်စာဟု ဆိုနိုင်သည်။ သရဏဂုံဆောက်တည်ခြင်း၊ ဆယ်ပါးသီလခံယူခြင်း၊ ၃၂-ကောဋ္ဌာသဆင်ခြင်ခြင်း၊ သာမဏေငယ်လေးများအတွက် အမေးအဖြေတို့ ပါဝင်သည်။ ပရိတ်ကြီး ၁၁-သုတ်အနက်မှ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တာသုတ်တို့သည်လည်း ဤခုဒ္ဒကပါဌပါဠိတော်တွင် ပါဝင်သည်။

ထေရဂါထာ, ထေရီဂါထာနှင့် ဓမ္မပဒတို့သည် ဂါထာသက်သက်ဖြစ်၍၊ သုတ္တနိပါတ်, ဥဒါန်းနှင့် ဣတ္တိဝုတ် တို့သည် စကားပြေ အနည်းငယ်ရောထားသော ဂါထာများဖြစ်၍ ဂါထာပေါင်းချုပ်ကျမ်းများ ဟုဆိုနိုင်သည်။ ထေရဂါထာနှင့် ထေရီဂါထာသည် ရဟန္တာအရှင်များ၊ အရှင်မများ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်သော ဂါထာများ၊ အမေးအဖြေများ၊ ပရိနိဗ္ဗာန်ပြုခါနီး သံေဝဂရဖွယ် မြွက်ကြားသော ဂါထာများဖြစ်သည်။

သုတ္တနိပါတ် ပါဠိတော်၌ ပစ္စေကဗုဒ္ဓတို့ကဲ့သို့ တစ်ပါးတည်း ဧကစာရီကျင့်သုံးသော ရသေ့ရဟန်းတို့၏ ခဂ္ဂဝိသာဏသုတ် (ကြံချိုပမာကျင့်ဖွယ်တရား)၊ မုနိသုတ်တို့ပါဝင်သည်။ နိဒ္ဒေသ ပါဠိတော်သည် သုတ္တနိပါတ်လာ အဋ္ဌကဝဂ်၊ ပါရာယနဝဂ်နှင့် ခဂ္ဂဝိသာဏသုတ်တို့၏ အဖွင့်ကျမ်းဖြစ်သည်။

ဝိမာနဝတ္ထု (ဝိမာန= ဗိမာန်) သည် မည်သည့်အကြောင်းကြောင့် နတ်စည်းစိမ်ခံစားရပုံ ဝတ္ထုသာဓကများဖြစ်၍၊ ပေတဝတ္ထုသည် မည်သို့ ပြိတ္တာဘဝရာက်ရပုံ၊ မည်သို့ကျွတ်လွတ်ပုံ ဝတ္ထုသာဓကများဖြစ်သည်။

ဗုဒ္ဓဝင်သည် သုမေဓာရှင်ရသေ့ ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် ဗျာဒိတ်ခံပုံ၊ ပါရမီဖြည့်ပုံနှင့် ဒီပင်္ကရာ မြတ်စွာဘုရားမှသည် ဂေါတမမြတ်စွာဘုရားတိုင် ၂၅-ဆူသော မြတ်စွာဘုရားတို့၏ အတ္ထုပ္ပတ္တိ အကျဉ်းဖြစ်သည်။ စရိယာပိဋက ကျမ်းသည် မြတ်စွာဘုရားအလောင်းတော်ဘဝက ပါရမီဖြည့်ကျင့်တော်မူခဲ့ပုံ ပုံဝတ္ထု ၃၅-ပုဒ်အား ပါရမီ ၁၀-ပါး အစီအစဉ်ဖြင့် ဖော်ပြထားသည်။ အပါဒါန် ပါဠိတော်သည်လည်း ဘုရား၊ ပစ္စေကဗုဒ္ဓနှင့် ရဟန္တာ အရှင် အရှင်မတို့၏ အတ္ထုပ္ပတ္တိကျမ်း ဖြစ်သည်။

ဇာတက ကျမ်းအား ၅၅၀-နိပါတ်တော်ဟူသော အမည်ဖြင့် အသိများသည်။ မြတ်စွာဘုရား လက်ထက်တွင် ဖြစ်ပျက်သော အကြောင်းအရာတို့ ဆက်နွယ်၍ အတိတ်ကို ေဆာင်ကာ ရှေးကလည်း ဤသို့ဖြစ်ခဲ့ဖူးသည်ဟု ဟောကြားထားသော ဇာတ်တော်များ ဖြစ်သည်။ ဇာတ်တော်ပုံပြင် ၅၄၇-ပုဒ်သာ ရှိသော်လည်း အခေါ်လွယ်စေရန် ငါးရာငါးဆယ်ဇာတ်ဟုသာ ခေါ်ြခင်းဖြစ်သည်။

ပဋိသမ္ဘိဒါမဂ်သည် ဓမ္မဒေသနာတို့အား အဘိဓမ္မာဆန်ဆန် အသေးစိတ် ခွဲခြားဝေဖန် ဟောကြားထားသော ကျမ်းဖြစ်သည်။ သုတမယဉာဏ်, သီလမယဉာဏ်မှ အစချီကာ သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်တိုင် ၇၃-မျိုးသော ဉာဏ်များအား ဉာဏကထာခန်းတွင် ပိုင်းခြားပြသည်။ သစ္စာအနက် ၁၆-ချက်၊ ၅၂၈-သွယ် မေတ္တာပွားနည်းတို့သည် ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာ ဒေသနာများဖြစ်သည်။

ပေဋကောပဒေသ (ပိဋကတ်လမ်းညွှန်ကျမ်း) နှင့် နေတ္တိ (လမ်းညွှန်ကျမ်း)တို့သည် ပိဋကတ်သုံးပုံအား စနစ်တကျ ခြုံငုံလေ့လာသော လမ်းညွှန်ကျမ်းဖြစ်၍ ပိဋကတ်တော်တို့၏ အဖွင့် အဋ္ဌကထာ၊ ဋီကာ၊ ဒီပနီကျမ်းပြုဆရာတို့၏ လက်စွဲကျမ်း တစ်စောင်ဖြစ်သည်။

မိလိန္ဒပဉှာကျမ်းသည် ဂရိနွယ်ဖွား တစ်ဦးဖြစ်သော သာဂလပြည်ဘုရင် မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန (အရှင်နာဂသိန်)တို့ တရားဓမ္မနှင့်စပ်၍ စကားစစ်ထိုးသော ကျမ်းဖြစ်သည်။

ဆဋ္ဌသံဂါယနာမူ ပါဠိတော်ကျမ်းများ

ပိဋကအားဖြင့် သုံးပုံ, နိကာယ်အားဖြင့် ငါးရပ်သော ပါဠိတော်ကျမ်းရင်းများသည် စုစုပေါင်း ၅၂-ကျမ်းရှိ၏။ ဆဋ္ဌသံဂါယနာတင်မူအရ ပုံနှိပ်ထုတ်ဝေရာတွင် အချို့ကျမ်းငယ်များအား တစ်အုပ်တည်းတွင်ပေါင်း၍ ထုတ်ဝေသဖြင့် စာအုပ်ပေါင်း ၄၀ ရှိလေသည်။

(က) သုတ္တန်ပိဋက (နိကာယ် ၅-ရပ်) ကျမ်းပေါင်း ၄၀ (၂၃-အုပ်)
၁။ ဒီဃနိကာယ် ၃-ကျမ်း (၃-အုပ်)
၂။ မဇ္ဈိမနိကာယ် ၃-ကျမ်း (၃-အုပ်)
၃။ သံယုတ္တနိကာယ် ၅-ကျမ်း (၃-အုပ်)
၄။ အင်္ဂုတ္တရနိကာယ ၁၁-ကျမ်း (၃-အုပ်)
၅။ ခုဒ္ဒကနိကာယ် ၁၈-ကျမ်း (၁၁-အုပ်)
(ခ) ဝိနည်းပိဋက (ခုဒ္ဒကနိကာယ်) ၅-ကျမ်း (၅-အုပ်)
(ဂ) အဘိဓမ္မာပိဋက (ခုဒ္ဒကနိကာယ်) ၇-ကျမ်း (၁၂-အုပ်)

နိကာယ် ၅-ရပ် ဒေသနာတော်များကို ဖတ်ရှုလိုပါက

၁။ ပါဠိတော်များနှင့် ပါဠိတော်မြန်မာပြန်ကျမ်းအစုံကို ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာနတွင် ဝယ်ယူနိုင်သည်။

၂။ ဆရာကြီးဦးဂိုအင်ကာ ဦးစီးသော ဝိပဿနာသုတေသနအသင်း (Vipassanā Research Institute) မှထုတ်သော ဆဋ္ဌသံဂါယနာမူ စီဒီခွေကို အောက်ပါ link တွင် မှာယူနိုင်ပါသည်။
http://www.vri.dhamma.org/publications/cdorder.html

၃။ ပိဋကတ်သုံးပုံ မြန်မာပြန် အစုံအား အောက်ပါ link တွင် download လုပ်ယူနိုင်သည်။
http://www.mediafire.com/?qjcxnohtgmh

၄။ အကယ်၍ အကျဉ်းချုပ်ကို ဖတ်ရှုလိုပါက ဓမ္မာစရိယဦးမောင်မောင်လေး၏ ပိဋကတ်အနှစ်ချုပ် စာအုပ်များတွင် ဖတ်ရှုနိုင်ပါသည်။

စာညွှန်း။
၁။ ပါဠိတော်မြန်မာပြန်ကျမ်းများ (ကျမ်းဦးမှတ်ဖွယ်များ)
၂။ U Ko Lay – The compendium of Buddhism: Guide to Tipiṭaka.
၃။ A.K. Warder- Indian Buddhism.
အောက်ပါစာအုပ်များမှ ကျမ်းဦးနိဒါန်းများ
၄။ ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် ဒီဃနိကာယ်
၅။ ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် မဇ္ဈိမနိကာယ်
၆။ ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် သံယုတ္တနိကာယ်
၇။ ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် အင်္ဂုတ္တရနိကာယ် ပထမတွဲ ၊ ဒုတိယတွဲ
၈။ Bhikkhu Bodhi – In the Buddha’s Words: Anthology of Discourses from the Pāḷi Canon.
၉။ Maurice Walshe – The Long Discourses of The Buddha: A Translation of Dīgha Nikāya, 1987
၁၀။ Bhikkhu Ñānamoḷi and Bhikkhu Bodhi – The Middle Length Discourses of the Buddha: A Translation of the Majjhima Nikāya, 1995.
၁၁။ Bhikkhu Bodhi – The Connected Discourses of the Buddha: A Translation of Saṃyutta Nikāya.
၁၂။ Bhikkhu Bodhi – Numerical Discourses of the Buddha: An Anthology of Suttas from Aṅguttara Nikāya.
ယှဉ်တွဲ ဖတ်ရှုလိုပါလျှင် - အဘိဓမ္မာ မိတ်ဆက်

Wednesday, November 12, 2008

ရင့်ကျက်မှုဆယ်စုနှစ်ခရီးအစ

အမြန်ရထားတစ်စီးလို
ဘူတာတွေကို တရိပ်ရိပ် ဖြတ်ကျော်ပြီး၊
ညနေခင်းရဲ့ ကျနေဟာ
ပြင်းပြစွာ လောင်မြိုက်နေဆဲ၊
အမှတ်တမဲ့ပဲ ရောက်လာခဲ့တယ်။


ရင့်ကျက်မှုဆီ လှမ်းမဲ့
မင်္ဂလာခရီးရဲ့ အစခြေလှမ်းအဖြစ်
‘ဗာလ’ဆိုတဲ့ လူ့အချည်းနှီးကို
အဝေးကရှောင်ရမယ်လို့ ဆုံးမခဲ့တယ်။


“တောင်ကို ဖြည်းဖြည်း တက်ရာ၏။
ကာမဂုဏ်ကို ဖြည်းဖြည်း ခံစားရာ၏။
အမျက်ကို ဖြည်းဖြည်း ထွက်ရာ၏”
လောကနီတိစကား မနာကြားပဲ
ကြံကို အရင်းကစ ဝါးမြိုနေခဲ့တယ်။


“အတ္တာဟိ အတ္တနော နာထော”လို့
နှုတ်ကတဖွဖွ ရွတ်ဆိုရင်း၊
တာဝန်တွေကို မျက်ကွယ်ပြု
လွတ်လပ်မှုကို ငြင်းဆန်၊
ပတ်ဝန်းကျင်ကို ရိုးမယ်ဖွဲ့နေခဲ့ပြန်တယ်။


အဓမ္မတွေ တိုက်စားလို့
ခပ်ပါးပါးလေး ကျန်ရစ်တဲ့
အမှန်တရား မြေပြင်ပေါ်ကို
ရဲဝံ့စွာ ခြေစုံရပ်ဖို့ကိုလည်း
တွန့်ဆုတ်နေမိသေးတယ်။


အပေါင်းအသင်းတွေက
“အမျိုး၊ ဘာသာ၊ သာသနာအတွက်
ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ”တဲ့။


ရောင်းရင်းတို့ရေ…
ခင်ဗျားတို့ မိတ်ဆွေကြီး ကျွန်တော်ဟာ
‘ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ’ တေးသွားကို
တသသ ညည်းတွားရင်း၊
အပြစ်မသိသေးတဲ့ ကလေးတို့ဘဝမှာ
နုံ့နဲစွာ ရပ်တန့်နေသေးတယ်။


ဗာလ = လူမိုက် (သို့မဟုတ်) ကလေး

ဧရာ (မန္တလေး)

Tuesday, November 11, 2008

ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ (၂) Draftswoman

ပထမ အလုပ်က ထွက်ခဲ့ပြီး နောက် ၇နှစ် အကြာမှာ
(ဒီကြားထဲ စာသင်တဲ့ အလုပ်ကလေးတွေတော့ ကြိုကြား ကြိုကြား လုပ်ခဲ့သေးတယ်။)
နောက်တဖန် Marine Navigation and Communication ကုမ္ပဏီ တစ်ခုမှာ Draftswoman ဖြစ်ပြန်တယ်။ ၂နှစ်နီးပါးပါပဲ။ AutoCAD 2000LT သုံးရတယ်။ ဒီမှာလည်း စင်္ကာပူရုံးခွဲမှာ ဝန်ထမ်း ၃၀လောက်ရှိပေမဲ့ ပုံဆွဲသူ Draftswoman ကတော့ တစ်ယောက်ထဲပါပဲ။

ရေကြောင်း လမ်းညွှန်ဆက်သွယ်ရေး ကိရိယာမျိုးစုံကို ပစ္စည်းထုတ်လုပ်တဲ့ အခြားကုမ္ပဏီတွေကနေ ကိုယ်စားလှယ်ယူပြီး၊ တစ်ဆင့်ပြန်လည်တပ်ဆင် ရောင်းချပေးတဲ့ ကုမ္ပဏီပါ။ Customer လိုအပ်သလို ကိရိယာမျိုးစုံကို စုပေါင်း, စပ်ပေါင်းလုပ်ပြီး ဆင်ပေးရတဲ့ System Integrator လို့ခေါ်တဲ့ ကုမ္ပဏီမျိုးပေါ့။ Installation & Commissioning အထိ အပြီးအစီး။ Contract နဲ့ရောင်းထားတဲ့ system တွေကိုလည်း ကုမ္ပဏီကပဲ ပြုပြင်ထိမ်းသိမ်းမှု ပေးပါသေးတယ်။ Servicing & Retrofitting တွေလည်း လုပ်တယ်။

Integrated Bridge Systems and nautical equipment တွေဖြစ်တဲ့
Gyro Compasses System
Autopilots System
Steering Control System
Monitoring Systems
Radar Systems
Electronic Sea Chart Equipment
Communication - Global Maritime Distress and Safety System (GMDSS) တွေအပြင်

AIS (Automatic Identification System)
GPS (Global Position System)

Echosounder System
SpeedLog System

Wind Speed and Direction System
Intercommunication System - PA (Public Address) System
VDR (Voyage Data Recorder) System စသဖြင့်

System တစ်ခုချင်းစီအတွက် System Connection Diagram ကို ဦးစွာဆွဲရပါတယ်။ Power Supply (ပုံမှန်အားဖြင့် Main Supply နဲ့ Back up Supply , အနည်းဆုံး source နှစ်ခုနဲ့) သွယ်ထားရတယ်။ သင်္ဘောမှာ သုံးတဲ့ လျှပ်စစ်ပစ္စည်း အများစုက stable ဖြစ်အောင် 24 VDC သုံးတာများတယ်။

Cable Information တွေ ပေးရတယ်။ အကြမ်းဖျင်း အားဖြင့်တော့ Power Supply Cable, Input/ Output Data Cable တွေနဲ့ Antenna Cable တွေပါ။ Power Cable တွေက လုံးပတ်ကြီးတယ်။ Data Cable တွေကတော့ မလိုအပ်ပဲ ကြိုးလုံးကြီးရင် Installation လုပ်ရခက်တယ်။ Antenna Cable တွေက manufacturer တွေက supply လုပ်ပြီး ပစ္စည်းနဲ့ အတူပါလာတတ်တယ်။ အရှည်မလုံလောက်ရင် ကုမဏီကပေးမှာလား၊ Shipyard ကပေးမှာလားဆိုတာ ရှင်းရှင်းလင်းလင်း Drawing မှာ ဖေါ်ပြထားရတယ်။
နောက်အဲ့ဒီ System ထဲမှာ သုံးထားတဲ့ Equipments Drawing တွေ attached လုပ်ရတယ်။ Manufacturer တွေက Manual ကို softcopy ပေးရင်တောင် pdf file နဲ့ပဲပေးလို့ AutoCAD နဲ့ပြန်ဆွဲထားရတယ်။ Equipment Drawing တွေက တစ်ခါဆွဲ သိမ်းထားပြီး နောက်လိုသလို ပြန်သုံးလို့ရတယ်။

System Connection Diagram တွေကတော့ project တစ်ခုနဲ့ တစ်ခု နည်းနည်းစီ ကွာတတ်တော့ Draft အယင်ဆွဲပြီး အင်ဂျင်နီယာကို စစ်ခိုင်း ပြီးတော့မှ Finalised ပုံတွေရပါတယ်။ အချို့ အမြဲတမ်းမှာနေကျ customer တွေကတော့ Overall System Connection Drawing ကို တောင်းဆိုတတ်တယ်။

Overall System Connection Drawing

နောက်တစ်ခုက project တိုင်း (သင်္ဘောတိုင်း) အတွက် Antenna တွေကို ဘယ်မှာထားမယ်ဆိုတဲ့ Antenna Layout ပုံဆွဲရတယ်။ (အများစုကတာ့ Antenna Mast မှာထားပါတယ်။ လက်ဝဲဖက်မှာ ဘယ် System တွေရဲ့antenna တွေထားမယ်။ လက်ယာဖက်မှာတော့ ဘယ် System တွေရဲ့antenna တွေ ထားသင့်တယ်၊ အဲ့ဒီလိုမျိုးတွေတော့ ရှိတယ်။) သင်္ဘောရဲ့ အခေါ်အဝေါ်တွေမှာ ဦးနဲ့ ပဲ့၊ လက်ဝဲနဲ့ လက်ယာကို stem & rear, port & starboard လို့ သုံးရတယ်။

နောက်တော့ ပစ္စည်းထုတ်တဲ့ ကုမ္ပဏီကြီးတွေက အချို့ System (ဥပမာ GMDSS) တွေ မထုတ်တော့တဲ့အခါ ကျမတို့ ကုမ္ပဏီက ကိုယ်ပိုင် ထုတ်လုပ် ရောင်းချပါတယ်။ အင်ဂျင်နီယာဌာနက လိုအပ်တဲ့ ကိရိယာတွေကို order မှာ၊ panel တွေကို ဒီဇိုင်းလုပ်ကြတယ်။ Fabrication အပ်ဖို့ Console panel ရဲ့ အသေးစိတ်ပုံတွေ ဆွဲရတယ်။ ပြီးတော့ Panel Layout Diagram တွေ၊ Wiring Diagrams တွေနဲ့ System Connection Diagram တွေကို ဆွဲရပါတယ်။ (Marketing က quote လုပ်ထားတဲ့ ပစ္စည်းတွေနဲ့ Engineer ဌာနက တကယ်သုံးဖို့ မှာတဲ့ ပစ္စည်းတွေ လွဲနေရင်၊ ဒါမှမဟုတ် တကယ်ဆင်တော့မှ အဆင်မပြေရင် … Marketing ဌာနကလည်း ဒီပစ္စည်းတွေက customer နဲ့ ပြောပြီးသားဆို ရှောင်ထွက်၊ Engineering ကလည်း ဒါတွေကလုပ်မှ မရတာဆို ငြင်း။ ပျော်စရာကြီး။ ကြားက Draftswoman မှာ ဟိုဟာဆိုလည်း..ရော့၊ ဒီဟာဆိုလည်း..အင့် လို့ ထွက်နိုင်ဖို့ ပြင်ဆင်ထားရပါတယ်။)

နောက်တော့ Autodesk ကပဲ ထုတ်တဲ့ 3D ပုံတွေ လွယ်လွယ်ကူကူနဲ့ ဆွဲလို့ရတယ် ဆိုတဲ့ Inventor 11 သင်တန်းကိုလွှတ်ပါတယ်။ Inventor နဲ့ GMDSS ရဲ့ Equipments (parts) တစ်ခုချင်းဆီ၊ Console တို့ကို 3D ဆွဲပြီး Presentation အတွက် Animation file တစ်ခု လုပ်ပေးခဲ့အပြီး…

(ISO Certified Company ဖြစ်တဲ့ အတွက် Technical Library (HardCopy နဲ့ SoftCopy တွေ) ကို စနစ်တကျ ပြုပြင်၊ ထိန်းသိမ်း၊ မွမ်းမံ၊ ဖြည့်စွက်ခြင်းဟာလည်း Draftswoman ရဲ့ Job Scope အောက်မှာပဲရှိနေခဲ့ပါတယ်။)

ကျမ ကျန်းမာရေးကြောင့် အလုပ်နားတဲ့ အခါ မြန်မာ အမျိုးသမီး တစ်ယောက်ကိုပဲ Draftswoman အလုပ်တာဝန်တွေ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒီအလုပ်မှာတော့ ကိုယ် သင်ခဲ့တဲ့ major ဘာသာရပ်နဲ့ သက်ဆိုင်သော်လည်း ကိုယ်ဘက်က Learning Strategy မှားယွင်းနေခြင်း (ပုံများ dead line အမှီအပ်နိုင်ရေးကို သာ အာရုံစူးစိုက်နေခြင်း) ကြောင့် ဒီတစ်ခါလည်း idea မပါဘဲ၊ ပုံဖြစ်အောင်၊ အလုပ်ဖြစ်ရုံ Draftswoman လုပ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။

Monday, November 10, 2008

ဘဝရဲ့ တစ်စိတ်တစ်ဒေသ (၁) Draftswoman

အစကောင်း
ကျောင်းပြီးတော့ Computer Training Center တစ်ခုမှာ instructor အလုပ်ရပါတယ်။ ကျောင်းတွေ အကြာကြီး သုံးနှစ်ပိတ်ထားတဲ့ အချိန်ကတည်းက နှံ့နှံ့စပ်စပ်ရှိတဲ့ သူငယ်ချင်းရဲ့ မိတ်ဆွေ အစ်မတစ်ယောက် အလုပ် လုပ်နေတဲ့ အဲ့ဒီသင်တန်းကျောင်းမှာ သူ စာသင်တဲ့အချိန် ဘေးကနေ လိုက်လေ့လာ ဆည်းပူးရင်း အကူသဘောမျိုးပေါ့လေ။ လက်ထောက်ဆရာမ ရာထူးလေး ရနေခဲ့ပါတယ်။ ကျောင်းပိုင်ရှင် ဆရာကလည်း ကျောင်းပြီးလို့ ဘယ်အလုပ်မှ မဝင်ဖြစ်သေးရင် ငါ့ဆီသာ လာခဲ့လို့ အမှာစကား ရှိထားခဲ့ပါတယ်။ (ကျောင်းသားဘဝကနေ လက်တွေ့ ဘဝထဲကို ရောက်မှန်းမသိအောင်ကို ညင်သာစွာ ဖေးမဆွဲခေါ်သွားခဲ့တဲ့ ဆရာနဲ့ အစ်မ ကျေးဇူးကို အစဉ်အောက်မေ့သတိရလျက်ပါ။)

ရွှေတနေ့၊ ငွေတနေ့
ကျောင်းပြီးစ ကျမဘဝကို တနေ့ရွှေ၊ တနေ့ငွေလို့ တင်စားပါရစေ။ ကုန်သည် ပွဲစား အဖေဟာ ကျမကို ပွဲစား ကုန်သည်သာ ဖြစ်စေချင်ခဲ့ပါတယ်။ ကျမလည်း တာလီမှတ်၊ စာရင်းလုပ်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်နေချိန်။ အမေက “ဟဲ့ နင် ဒီ၁၀နှစ်လောက် သင်ထားတာတွေကို ဒီလိုပဲ ထားခဲ့တော့မလား” တဲ့။ အမေ့ သတိပေး စကားကြားတော့ ကျမ ဆရာ့ဆီ ပျာပျာသလဲ ပြေးရပါတယ်။ Basic Course လို့ခေါ်တဲ့ WordPerfect, Lotus123, DBaseIV တို့ ဆရာက ရှေ့က တစ်ချိန်သင်ပြပြီးရင် နောက်က ကျမကလိုက်သင်ပေါ့။ (အဖေ့ကိုတော့ သမီး သင်တန်းတက်နေတယ် ညာထားတော့ အဖေက သင်တန်းလိုက်ပို့ရှာတယ်။) ဒီတော့ ကျမ ဈေးလည်း ရောင်းတယ်။ စာလည်း သင်တယ်။

ကိရိယာ တန်ဆာပလာလေးတွေ
ကျောင်းပိုင်ရှင် ဆရာက အင်ဂျင်နီယာဆိုရင် AutoCAD တတ်ရမယ်ဆိုလို့ ကျောင်းမှာပဲ အားတဲ့အချိန် Senior အစ်ကိုကြီး (သင်တန်းကျောင်းမှာ AutoCAD တာဝန်ခံဆရာ) ဆီမှာ သင်ပါတယ်။ စက်အား လူအားတဲ့ အချိန်တွေမှာပါ။ Release 10 စက်နဲ့ အဆင်ပြေရင် 10 သင်တယ်။ Release 12 စက်အားရင် 12 နဲ့ သင်တယ်။ အလွန် စာသင်ကောင်းတဲ့ ဆရာမို့ သူ့ တပည့်တွေက AutoCAD ဆို Version ထည့်မပြောနဲ့ Software နဲ့ ဘယ်လောက် အဆက်ပြတ်နေပါစေ ဘယ်အချိန်ဆွဲရဆွဲရ အေးဆေးပဲလို့ ပြောနိုင်ကြပါတယ်။

လိုအပ်သလို ထုတ်သုံးပုံ
နောက် စင်္ကာပူ လာ အလုပ်လုပ်တော့ Landscape and Interior Design Consultant Firm မှာ B.E (Electronics) ကျမ CAD Designer…။ AutoCAD R14 မှာ LandCAD software ကို hard lock နဲ့ add in လုပ်ပြီးပုံတွေဆွဲတာပါ။ ၂နှစ်နီးပါးလုပ်ခဲ့တယ်။ ဤပညာရပ်ဖြင့် ဘွဲ့ရထားသော ပိုင်ရှင်သူဌေး၊ လက်ဖြင့်ပုံဆွဲသူ တစ်ဦး၊ ကွန်ပျူတာဖြင့် ပုံဆွဲသူ ကျမ၊ စာရေးမ ။ ဒါပါပဲ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံက။ ဒီ ကုမ္ပဏီမှာ အမှတ်တရဖြစ်စေတာလေးက အလုပ်လာလျှောက်တဲ့ အင်တာဗျူး အပြီးမှာ သူဌေးက Landscape ပုံအချို့ ထုတ်ပြပါတယ်။ ပြီးတော့မေးတယ်.. ဒါဘယ်နေရာလည်း သိလားတဲ့။ ကျမစဉ်းစားနေတုန်းမှာပဲ..Yangon International Bussiness Center (IBC) တဲ့။ အဲ့ဒီက Landscaping ကို သူ လုပ်ခွင့်ရခဲ့တာတဲ့လေ။

လုပ်ငန်းသဘာဝ
Architect ဆီက site drawing – Ground Floor Plan ရရင် အပင်တွေထည့်ရတယ်။ အပင်အမျိုးအစားတွေကတော့ Tree (Broadleaf, Conifer, Palm, Cactus) နဲ့ Shrub ဆိုတဲ့ (Groundcover) တွေ။ အပင်တွေရဲ့ Botanical name က အရှည်ကြီးတွေ Label ထိုးရင် စာလုံးပေါင်း မမှားအောင် အတော် သတိထားရတယ်။ အစပိုင်းမှာ သူဌေးပေးတဲ့ ပုံကြမ်းမှာ ဘယ်အပင်ကတော့ Tree အမျိုးအစား၊ ဘယ်ဟာကတော့ Palm၊ ဘယ်ဟာကတော့ shrub မခွဲတတ်သေးတော့ ပြန်မေးရတယ်။ သူ့သင်္ကေတနဲ့ သူ အနီးစပ်ဆုံးကို ပုံထဲမှာထည့်ပေးရမှာကိုး။ ဥပမာ-
အရေးအကြီးဆုံးက Fire Engine Stand အတွက် လျာထားတဲ့ နေရာမှာ အပင်တွေ သွားမစိုက်မိစေဖို့။ Fire Engine ရဲ့ weight ကိုခံနိုင်အောင် Reinforcement အတုံးလေးတွေနဲ့ မြက်ခင်းလေးစိုက်ပေးထားရုံပါပဲ။ Architect က Layout ပြောင်းပြီဆိုရင်တော့ ကိုယ့် drawing ကို ပြင်ရပါတယ်။ ခပ်ပေါ့ပေါ့ဆဆ update လုပ်လိုက်မိရင်တော့ ကိုယ့်သစ်ပင်ကြီးက Condominium ရဲ့ အဝင်အထွက်ပေါက်ကြီးမှာ ခန့်ခန့်ကြီး စိုက်ရက်သား ဖြစ်သွားတတ်တယ်။ ပြီးရင် ဘယ်သစ်ပင် အမျိုးအစားက ဘယ်နှစ်ပင် စာရင်းလေးကို Legend လိုမျိုး ဘေးမှာ ထည့်ပေးရတယ်။
နောက်က လိုအပ်မဲ့ detail ပုံတွေ attached လုပ်။
Lighting Plan တွေလည်း ဆွဲရတယ်။ ပန်းခြံထဲမှာ ထွန်းတဲ့ Lighting အမျိုးအစားကလည်း အတော် အများသား။ Shrub Light, Spot Light, Pole Light, Bollard Light စသဖြင့်ကို အကွာအဝေး ဘယ်လောက်ဆီမှာ သင့်တော်သလို ထည့်ရတယ်။ သုံးထားတာတွေကို အရေအတွက် စာရင်းထုတ်။ နောက်လိုအပ်သလို အသေးစိတ်ပုံတွေ(mounting စသဖြင့်) ဆွဲရတယ်။

ပန်းခြံထဲမှာ အလှဆင်တဲ့ Trellis တို့လို၊ Bench လေးတွေ၊ Fence တွေ၊ Rockscape တွေ၊ Water Fall တွေ စုံနေတာပါဘဲ။ အဲ့ဒါတွေက Outdoor ။ Interior Design အတွက်ကတော့ Hotel တွေ၊ Resort တွေရဲ့ အတွင်းပိုင်း အပြင်အဆင်တွေပေါ့။ ကိုယ့် အလုပ်က ပန်းချီကို AutoCAD နဲ့ဆွဲသလိုကြီး။ နောက်တော့ 3D ပုံတွေ နိုင်သလောက်လေး ဆွဲခဲ့သေးတယ်။ Presentation အတွက်ပေါ့။

ဒီလို ပုံမျိုးလေးတွေ ဆွဲခဲ့တယ်။

Swimming Pool Side

Lift Lobby Sketch

အရောင်တွေကတော့ print out ထုတ်ပြီးမှ လက်နဲ့ လိုက်ခြယ်ထားတာပါ။

Consultant meeting မျိုးတွေ သွားခဲ့ရသေးတယ်။ ဘာမှနားမလည်လို့။ မေးချင်ရာမေး၍ ဖြေချင်ရာဖြေသည်ဘဲ။ Idea မရှိပဲ ပုံဖြစ်အောင်၊ အလုပ်ဖြစ်အောင်တော့ Draftswoman လုပ်ခဲ့တယ်ဆိုတာ ဝန်ခံပါ၏။

(အဲ့ဒီကုမ္ပဏီက အလုပ်ထွက်ပြီး နောက် နှစ်အတော်ကြာတော့ သူဌေး မင်္ဂလာဆောင်တယ်။ ကျမတို့ ဇနီးမောင်နှံကို လှမ်းဖိတ်တော့ သွားခဲ့ရသေးတယ်။ ဧည့်ခံပွဲမှာ ဧည့်သည်အချို့ကို ပို့စ်ပါDraftswomanဟာ သူ့ကုမ္ပဏီရဲ့ System တစ်ခုလုံးကို Computerized ဖြစ်အောင် upgrade လုပ်ပေးခဲ့တဲ့သူလို့ မိတ်ဆက်ပေးခဲ့ပါတယ်။)


ဆက်ရန်

Saturday, November 1, 2008

များများကြီးတော့ လွဲနေတယ်...

ကိုယ်ချင်းစာသည် ဆိုသည်မှာ သူ့နေရာ၌ ကိုယ်ဝင်ကြည့်ခြင်းဆိုသည့် အဆင့်လောက်တော့ မကြာခဏဆိုသလို လေ့ကျင့်မိပါသည်။

သားနှစ်ယောက်မိခင် ဖြစ်သောကျမမှာ သမီးရှင်ဟူသော ခံစားချက်ကို မှတ်မှတ်ရရ ဖြစ်စေသော တစ်ချိန်တစ်ခါတော့ ရှိခဲ့ဖူးသည်။ သားငယ်ကို မွေးပြီးစ အချိန်ကဖြစ်သည်။ “သားလေးမွေးကြောင်း” အမေဆီဖုန်းဆက် အကြောင်းကြားတော့ တဖက်က အမေက “သမီးလေးရတာပေါ့” ဟု ပြန်ပြောလေသည်။ ကျမက အမေ အသက်ကြီးပြီဖြစ်၍ နားကြားများလွဲလေသလား ဟူသော အထင်ဖြင့် “မဟုတ်ဘူး… အမေ။ သားလေးမွေးတာ၊ သား” ဟု ထပ်ပြောမိသည်။ အမေက “အေးလေ သားလေး မွေးတယ်ဆိုတော့လည်း နောက် သမီးလေးပါရတာပေါ့”ဟု ပြန်ပြောသောအခါမှ အမေ ဘာကိုရည်ရွယ်ကြောင်း ကျမ အတွေးပေါက်၏။

အနုပညာ သမားတွေကို ကျမ ကောင်းကောင်း နားမလည်ပါသော်လည်း အနုပညာကို တန်ဖိုးထားသူဖြစ်ပါ၍ သူတို့ကို အထင်မသေးပါ။ သူတို့ ဖန်တီးသော အနုပညာကို ကျမမှာရှိသော sensor များဖြင့် တတ်နိုင်သမျှ အစွမ်းကုန် ခံစားတတ်ပါသဖြင့် ကြီးတောင်ကြီးမားထိ သီချင်းတွေက ငါ့ကိုများစောင်းဆိုနေတာလား ဆိုတာမျိုး ။ ဇာတ်လမ်းထဲက မင်းသမီး က ကိုယ်လိုလိုနှင့် သူများနေရာ ဝင်၍ ကိုယ်ချင်းစာတတ်သေးသည်။


ဒီ သီချင်းကြည့်ပြီး ကျမ သမီးရှင်၏နေရာ၌ ခဏတောင် ဝင်ပြီး ကိုယ်ချင်းစာ မကြည့်ချင်တော့ပါ။
ထွင်သူကလည်း ထွင်သည်။
ပါဝင်သူကလည်း ပါဝင်သည်။
အားပေးသူကလည်း အားပေးသည်။

ပရိသတ်ထဲမှ သမီးလုပ်သူကို ပခုံးအထက်ထမ်း၍ သမီးလေးကို အလိုလိုက်ရှာသည့်အဖေ။ အဖေ့ပခုံးထက်မှ concert ကြည့်ရင်း သမီးလေး အတုယူမမှားဖို့...
အင်း... များများကြီးတော့  လွဲနေတယ်...

Sunday, October 26, 2008

သွေး အလှူ

Blog Roll တွေမှာ ကေ့ ရဲ့ Blog Action Day 2008 ဆိုတဲ့ ပို့စ်တွေ့နေတယ်။ မဖတ်သေးဘူး တမင်ကို မဖတ်သေးတာ။ စိတ်ထဲက ခံစားလို့ ရနေတယ်.. Blog နဲ့ Action တွဲဖို့ဖြစ်မယ်လို့…
တနေ့ကတော့ JulyDream က CBox မှာ အလည်တခေါက် လာရောက် ဖတ်ရှုသွားပါတယ် ခင်ဗျာ.. တဲ့ သူ့Blog ကို လိုက်လည်တော့ Blood Donation Recruitment D rive နဲ့ တိုးပါတယ်။ ချက်ချင်းပဲ email ပို့လိုက်ပါတယ် Subject က How to donate blood နဲ့။

ကေ့ post လည်း ဖတ်ပြီးသွားပါပြီ
…
အင်း- အောင်မြင် မူတွေ ကတော့..ရေးလို့ကောင်း..ဖတ် လို့ကောင်းသည်ပင်။ တဖက် မှာ လည်း..ဆင်းရဲ မွဲတေမူ ဆိုတာ.. ကူးစက် ရောဂါ တခု လို..အရှိန်အဟုန် နှင့် ကမ္ဘာတခြမ်းစာ လောက်.. မွမွ ကြေ လျက် ရှိ တုန်း ပင်။ ဒါပေမဲ့ လည်း..လွှတ်ချ လိုက် မလား..ကိုယ်နိုင်တာ..ဆက် ကိုင် ထားမလား.. ဒါကတော့..တယောက်ချင်း ရဲ့ သဘောထား ပါဝင်မူ သက်သက်။
ဆင်းရဲ မွဲတေမူ အတွက်..ကမ္ဘာတဝှမ်းက..လှူဒါန်းသမျှ ဟာ လည်း..အချမ်းသာ ဆုံး ဆိုတဲ့.. Global Fund ကြီး ထဲမှာ.. ရှိနေ ပါ ပြီတဲ့။ ...
-
အဲဒါကြောင့် .. ဆင်းရဲ မွဲတေမူ တိုက် ဖျက် ဖို့ အတွက်..လှူဒါန်း ပါဝင် သည့် နေရာ မှာ လည်း..
လှူဒါန်းမူ..( သို့) လုပ်ဆောင်မူ တခု သာ ဖြစ်ဖို့လိုကြောင်း.. Blog Action Day သို့။
(ကေ့ post မှ စာသား အချို့)

ကိုဧရာကလည်း လှူလိုပါသတဲ့။
နှစ်ယောက်စလုံးအတွက် ပထမဦးဆုံးသော အတွေ့အကြုံပါ။
မနေ့ကတော့ အောင်မြင်စွာ လှူနိုင်ခဲ့ပါပြီ။

ဘလော့ဂ် မောင်နှမတွေ အားလုံး။ မြန်မာပြည်သူ ပြည်သားတွေ အားလုံး။ သတ္တဝါတွေ အားလုံး…
ကုသိုလ် အမျှယူကြပါ။
ကုသိုလ် အမျှယူကြပါ။
ကုသိုလ် အမျှယူကြပါ။

(သွေးလှူနေတုန်း အမျိုးသမီး တစ်ယောက်က လာမေးတယ်။ ဘာကြောင့်လှူသလဲပေါ့။
ဒီမေးခွန်းကို ဖြေရရင်တော့ တော်တော်ရှည်မယ်။
ဒီရက်တွင်းမှာ ကိုယ့်ကိုရစ်ပတ်လွှမ်းထုံနေတဲ့ အတွေးတွေကတော့ ဒီမေးခွန်းရဲ့ အဖြေတွေပါ။)

ဧရာသီတာ

Wednesday, October 22, 2008

တတိယလှိုင်းနှင့် သမုဒ္ဒရာဇ်နိုင်ငံတော်

Nineteen Eighty-Four 1984 သည် George Orwell ၏ အအောင်မြင်ဆုံး ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ ထိုဝတ္ထု၏ အဓိက ဇာတ်ကောင်ဖြစ်သော Winston သည် သစ္စာတရားဝန်ကြီးဌာန (Ministry of Truth) တွင် အမှုထမ်းသည်။ ဤဝန်ကြီးဌာနက သမိုင်းမှတ်တမ်းများကို ပါတီ၏ မူဝါဒများနှင့် ကိုက်ညီစေရန် ပြုပြင်ပေးရသည်။ လိုအပ်ပါက လူအချို့၏ သမိုင်းမှတ်တမ်းများကို ဖျောက်ဖျက်ပေးသည်။ ထိုသူတို့၏ အကြောင်းရေးသားထားသော စာအုပ်, ဆောင်းပါး, သူတို့၏ ဓာတ်ပုံများကို ဖျောက်ဖျက် ပေးရသည်။ ယုတ်စွအဆုံး သူ့နှင့် နီးစပ်သော မိတ်ဆွေအသိုင်းအဝိုင်း၊ ဆွေမျိုးသင်္ဂဟတို့ကပင် ထိုသူတို့ကို မေ့ပျောက်သွားအောင် ကူညီပေးရသည်။ ဤသည်မှာ သစ္စာတရားဝန်ကြီးဌာနတွင် Winston ဆောင်ရွက်ရသော တာဝန်များဖြစ်သည်။

ဤသို့ဆန်ကျင်ဘက် အယူအဆတို့ကို တပြိုင်နက်တည်း လက်ခံထားနိုင်မည့် အရည်ချင်းများကို သမုဒ္ဒရာဇ် (Oceania) နိုင်ငံသားတို့အား ပြုစုပျိုးထောင်ပေး ထားသည်။ မုသားကိုလည်း မိမိစိတ်တွင် နှစ်နှစ်ကာကာ ယုံကြည်ပြီး ပြောဆိုနိုင်ရမည်။ မိမိတို့အတွက် အဆင်မပြေသည့် အမှန်တရားတို့ကိုလည်း မေ့ပျောက်ထားနိုင် စွမ်းရမည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်ပေးရခြင်းအား သမုဒ္ဒရာဇ်နိုင်ငံတော်၏ “ဘာသာစကားသစ်” (Newspeak) တွင် “ဒွိဟအမြင်” (Doublethink) ဟုခေါ်သည်။ ဒွိဟအမြင်သည် သာမာန် ကြောင်သူတော်အရည်ခြုံ ဟန်ဆောင်ခြင်းမျိုး မဟုတ်တော့။ အမှားကို နှစ်နှစ်ကာကာ လက်ခံနိုင်ခြင်းဖြစ်သည်။ အမှန်ကို လိုလိုလားလား မေ့ပျောက်နိုင်ခြင်းဖြစ်သည်။ ဒွိဟအမြင်ကို နားလည်နိုင်ရန် ဒွိဟအမြင်ရှိဖို့လိုသည်။ ဒွိဟအမြင်သည် သာမာန်တွေဝေခြင်းမျိုး မဟုတ်။ စနစ်တကျ ပြုစု ပျိုးထောင် (ဖျက်ဆီး) ထားရသော အရည်အသွေးဖြစ် နေ၍၊ ထိုဒွိဟအမြင်အား သာမာန်နည်းလမ်းဖြင့် ကုစား၍ မရ။ ဤကား ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ အရှိန်မရသေးခင် ၁၉၄၉-ခုနှစ်မှ စပိန်, ဂျာမဏီနှင့် ဆိုဗီယက်နိုင်ငံတို့ကို လေ့လာကာ၊ အနာဂတ် ကွန်မြူနစ်အာဏာရှင်စနစ်၏ အန္တရာယ်ကို ပုံဖော်ရန် ရေးသားခဲ့သော “1984” ဝတ္ထု၏ ကျောရိုးဖြစ်သည်။

George Orwell သည် စက်မှုနည်းပညာများဖြင့် အနာဂတ် လူထုဆက်သွယ်ရေးကို တစ်စိတ်တစ်ဒေသ မှန်းဆနိုင်ခဲ့သော်လည်း၊ တတိယလှိုင်းဆက်သွယ်ရေးကိုမူ မမြင်နိုင်ခဲ့။ ပထမလှိုင်း စိုက်ပျိုးရေးခေတ်တွင် ဆက်သွယ်ရေးသည် လူအုပ်စုကို အခြေတည်ရသည်။ အမိန့်ကျေညာချက်များကို မောင်းကြေးနင်းခတ်၍ ကျေညာရသည်။ လူတို့က ဟစ်တိုင်တွင် အော်၍ မင်းဧကရာဇ်တို့ကို အသိပေးရသည်။ စီးပွားရေးကြော်ညာများ, နိုင်ငံရေးလှုံ့ဆော်ချက်များကို ပိုစတာများကပ်၍ ဖြန့်ဖြူးရသည်။ ကောလာဟလများ, တပေါင်များ, တီးတိုးစကားများသည် ပထမလှိုင်းဆက်သွယ်ရေးပုံစံဖြစ်သည်။

ဒုတိယလှိုင်း စက်မှုခေတ်၏ အဓိကလက္ခဏာသည် အမြောက်အများ ထုတ်လုပ်ရေးဖြစ်သည်။ ထို့အတူပင် စက်မှုခေတ် ဆက်သွယ်ရေးသည် သတင်းစာ၊ မဂ္ဂဇင်း၊ ရုပ်ရှင်၊ ရေဒီယို၊ ရုပ်သံများဖြင့် လူထု အမြောက်အများအား တစ်ချိန်တည်းထုတ်လွင့်သည့် ပုံစံဖြစ်သည်။ အလုပ်မသွားမှီ နံနက်စာစားရင်း သတင်းစာဖတ်ခြင်း၊ အိမ်ပြန်ရောက်၍ ညစာစားပြီးသော် ရုပ်သံသတင်း ကြည့်ရှုခြင်းသည် ဒုတိယလှိုင်းခေတ်မှ လူတို့၏ စတိုင်ဖြစ်လာသည်။ ရတနာပုံသတင်းစာသည် မြန်မာနိုင်ငံ၏ ဒုတိယလှိုင်း လူထုဆက်သွယ်ရေးသို့ ပြောင်းလဲရန် ကြိုးပမ်းမှု ဖြစ်သည်။ “ငါမကောင်းလျှင် ငါ့ကိုရေး။ … မင်းတို့ သတင်းစာတိုက်၌ အပြစ်မရှိ။” ဟု မင်းတုန်းမင်းကြီးကလည်း အားပေးခဲ့သည်။ သို့သော် George Orwell ၏ ဝတ္ထုမှ သမုဒ္ဒရာဇ်နိုင်ငံတော်ပါတီကမူ ဒုတိယလှိုင်း လူထုဆက်သွယ်ရေးအား ထိန်းချုပ်ကာ လူထု၏ အသိစိတ်ကိုပင် လွမ်းမိုး ကွပ်ကဲရန် ကြိုးပမ်းသည်။ Telescreen ခေါ် အသွားအပြန်ရသော ရုပ်သံများဖြင့် လူထုကိုဝါဒဖြန့်ရင်း တစ်ချိန်တည်း၌ပင် ထိုရုပ်သံတို့တွင် မြုတ်နှံထားသော အသံဖမ်း ကိရိယာများဖြင့် လူတို့ကို စောင့်ကြည့်နေလိမ့်မည်ဟု မှန်းဆခဲ့သည်။

တတိယလှိုင်း information ခေတ်၏ ပဓာနလက္ခဏာသည် လူထုသဘောထက် လူတစ်ဦးချင်းစီကို တန်ဖိုးထားသည်။ ပုံစံတူပစ္စည်းများကို အမြောက်များ ထုတ်လုပ်ခြင်းထက် စားသုံးသူ တစ်ဦးချင်းစီတို့၏ အကြိုက်အလိုက် customized လုပ်ထားသော ပစ္စည်းထုတ်လုပ်မှုဆီသို့ ကူးပြောင်းသွားသည်။ ယင်းကို de-massification ဟုခေါ်သည်။ ဆက်သွယ်မှုပုံစံများလည်း ပြောင်းလဲသွားသည်။ ရုပ်ရှင်ထက် DVD ခွေများခေတ်စား လာသည်။ ဗီဒီယိုကင်မရာများ၊ ဒစ်ဂျစ်တယ် ကင်မရာများသည် လူတိုင်းနီးပါး အသုံးပြုနိုင်သော ပစ္စည်းဖြစ်လာသည်။ လက်ကိုင်ဖုန်းများ တွင်ကျယ်လာသည်။ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံ, ဗီဒီယို ရိုက်နိုင်လာသည်။ မီဒီယာများကို ပုံစံတစ်မျိုးမှ တစ်မျိုးသို့ လွယ်လင့်တကူ ကူးပြောင်းပေးနိုင်သည်။ Online news, online magazines, e-books များက သတင်းစာ၊ မဂ္ဂဇင်းများကို အစားထိုးလာသည်။ မိမိအလိုရှိသော ဇာတ်လမ်း, အစီအစဉ်တို့ကို ရွေးချယ် ကြည့်ရှုနိုင်မည့် Video-On-Demand များ ထွန်းကားလာသည်။ အင်တာနက်ကွန်ရက်များက ကမ္ဘာတစ်ဝန်းမှ လူများကို ဆက်သွယ်ပေးသည်။ Blogများ ထွန်းကားလာသည်။ စာရေးသူနှင့် ဖတ်သူအကြား အပြန်အလှန်တိုက်ရိုက် ဆက်သွယ်လာနိုင်သည်။ လူတိုင်း နီးပါးပင် စာနယ်ဇင်းသမားများ ဖြစ်လာနိုင်ရန် တတိယလှိုင်း နည်းပညာက ပံ့ပိုးပေးသည်။

သို့သော် George Orwell သည် တတိယလှိုင်းခေတ်ကိုတော့ ကျော်မမြင်နိုင်ရှာတော့။ “Big Brother is watching you” ဟုရေးထားသည့် ပထမလှိုင်းလူထုဆက်သွယ်ရေးဖြစ်သော ပိုစတာကြီးများဖြင့် လူထုကို သတိပေးသည်။ ဒုတိယလှိုင်း ဆက်သွယ်ရေးကိရိယာတစ်မျိုး ဖြစ်သော Telescreen ခေါ် အသွားအပြန်ရသော ရုပ်သံဖြင့် လူတို့ကို ဝါဒဖြန့်ရင်း စောင့်ကြည့်နိုင်ပုံကိုတော့ စိတ်ကူးယဉ် ကြည့်ခဲ့သည်။ ထိုဝတ္ထုထဲမှ သမုဒ္ဒရာဇ်နိုင်ငံတွင် လူတန်းစားသုံးမျိုးရှိသည်။ Big Brother (BB) သည် နိုင်ငံတော်၏ အကြီးအကဲဖြစ်သည်။ လူဦးရေ၏ ၂% ထက်မပိုသော လက်တစ်ဆုပ်စာ လူတန်းစားတို့သည် အခွင့်ထူးခံ အတွင်းစည်းပါတီ (Inner Party) ဝင်များ ဖြစ်သည်။ လူဦးရေ ၈၅% သည် အခြေခံလူတန်းစား (proles) များဖြစ်သည်။ ထိုအခြေခံလူတန်းစားတို့အား လောင်းကစား, မူးယစ်သေစာ, အပျော်အပါးများဖြင့် နှစ်သိမ့်ထားသည်။ အားကစား, ပြစ်မှု, ဗေဒင်ဟောစာတမ်း, အတင်းအဖျင်း နှင့် အပေါစား ဝတ္ထုတို့လောက်သာ ပါသော prolefeed ခေါ် အပေါစား စာမျိုးတို့ကိုသာ ဖတ်စေသည်။ ကျန်လူတန်းစားတို့မှာ ပါတီ၏ မူဝါဒများကို အကောင်ထည်ဖော်ပေးရသော လက်ကိုင်တုတ်ဖြစ်သည့် အပြင်စည်းပါတီ (Outer Party) ဝင်များဖြစ်သည်။ အဓိက ဇာတ်ကောင်ဖြစ်သော Winston သည် အပြင်စည်းပါတီဝင် ဖြစ်သည်။ သို့သော် သူက ပါတီ အပေါ်တွင်မယုံ။ အမှန်တရားကို မြတ်နိုးသည်။ သို့သော်လည်း ပါတီကို မလွန်ဆန်နိုင်။ အခြေခံလူတန်းစားတို့ အသိပညာမရှိသမျှ ပါတီကိုတော်လှန်မည်မဟုတ်။ သို့သော်လည်း မတော်လှန်သေးသရွှေ့ အခြေခံလူတန်းစားတို့ အသိပညာရရှိလာရန်မှာ မဖြစ်နိုင်။ ယင်းမှာ ဒုတိယလှိုင်းတွင် ပိတ်မိနေသော Winston မြင်သည့် သမုဒ္ဒရာဇ်နိုင်ငံသားတို့၏ အကျပ်အတည်း ဖြစ်သည်။ သို့သော် တတိယလှိုင်း လူထုဆက်သွယ်ရေး မီဒီယာများဖြစ်သော DVD, Online-news နှင့် လက်ကိုင်ဖုန်းများသည် ရုပ်ရှင်, သတင်းစာ, ရုပ်သံများကို ထိန်းချုပ်ရသည်လောက် မလွယ်ကူတော့။ တတိယလှိုင်း ဆက်သွယ်ရေးဖြင့် အခြေခံလူတန်းစားများကို အသိပညာ ပေးနိုင်လာသည်။ တတိယလှိုင်းသည် Winston ၏ မျှော်လင့်ချက်အတွက် လင်းရောင်ခြည် ဖြစ်လာသည်ကို George Owrell မမြင်နိုင်ရှာခဲ့တော့။

“မျှော်လင့်ချက်ရှိသေးလျှင်၊ ထိုမျှော်လင့်ချက်သည် အခြေခံလူတန်းစားတို့အပေါ်၌သာ တည်သည်။” [Winston]

စာညွှန်း။
1. George Orwell: Nineteen Eighty-Four
2. Alvin Tofler: PowerShift
ဧရာ(မန္တလေး)

Tuesday, October 21, 2008

ခက်ထန်သော ယောကျ်ား၊ လွဲမှားသော မိန်းမ

ရှေး အဆိုအမိန့်တို့သည်လည်းရှိခဲ့ပါ၏။
မိန်းမတို့သည် ပညာဉာဏ်နုံ့နဲ၏။ ရေရှည်ကို မကြည့်၊ ရေတိုကိုသာ ကြည့်တတ်မြင်တတ်ကြ၏။ ထို့ကြောင့် အချို့သော အရေးကိစ္စများကို မိန်းမတို့အား မသိစေအပ်။
မနာလို ဝန်တိုမှုကိုလည်း မိန်းမတို့၏ ပြယုဂ်လေ အလား ဆိုတတ်ကြလေသေး၏။
သူရို့ကတော့ ပညာ၏ပြယုဂ်
ကြီးကျယ်မြင့်မြတ်ခြင်း၏ သင်္ကေတဟုလည်း ဆိုခွင့်ရှိက ဆိုကြလေသေး၏။
ရှိပါစေတော့ ..ရှိစေတော့
သို့သော်

အေး ယောက္ခမကြီး၏ မြန်မာပြည် ပြန်မည့်ရက်သည် နီးကပ်လာလေပြီ။ တနေ့တော့ မိတ်ဆွေ အန်ကယ်ကြီး တစ်ရောက်ထံမှ ဖုန်းဝင်လာ၏။ Jetstar Airline မှ Sale ချနေကြောင်း။ ဟုတ်ကဲ့အန်ကယ် သမီး အခုပဲ website ဝင်ကြည့်လိုက်ပါမယ် ဆိုပြီး ယောက္ခမကြီး၏ အသွားအပြန် လေယာဉ်လက်မှတ်ကို online မှပင် တစ်ခါတည်း ဝယ်လိုက်၏။ Confirmation ကို print out ထုတ်ယူထားလိုက်ပါသည်။ ဒါသည် အေးအတွက် ပထမဦးဆုံးအကြိမ် e-booking ဖြစ်ပါသည်။

ခရီးသွားမည့်ရက် မရောက်မီ တစ်ခုသော တနင်္ဂနွေနေ့ နံနက်တွင် ဖြစ်ပါသည်။ “ဒီမှာ မေမေ့ လေယာဉ်လက်မှတ်ကို website မှာ တစ်ချက် ပြန်စစ်ပေးဦး။” ခင်ပွန်းသည် ကိုပြေငြိမ်းကို ပြောလိုက်ခြင်းဖြစ်ပါသည်။ (အိမ်တွင် အေး၏လေသံသည် မည်သူနှင့် ပြောပြော ပုံမှန်အားဖြင့် မာကျောပါသည်။)

အေး ကမ်းပေးလိုက်သော စာရွက်များကို သုန်မှုံသော မျက်နှာဖြင့် လှမ်းယူကာ ကွန်ပြူတာ ကို မဖွင့်ချင် ဖွင့်ချင်ပုံစံဖြင့် ဖွင့်၏။ အေး၏ မူပိုင် ပညာရှင်ကြီးအကြောင်း အေးသိပါသည်။ သူသည် လုပ်ငန်းဆောင်တာ တစ်ခုကို အစမှ အဆုံးတိုင် စေ့စပ်သေချာစွာ အပင်ပန်းခံ လုပ်ဆောင်တတ်သူ ဖြစ်ပါသည်။ သို့ပါသော်လည်း သူတစ်ပါး လုပ်ထားသည့် လုပ်ငန်း တစ်ပိုင်းတစ်စကို စစ်ဆေးအပြီးသတ်ရခြင်းမျိုးကတော့ သူ့အသဲအူကို စွဲယူညှစ်သလို ခံစားရသည် ဟူသတတ်။
စ ပါပြီ…
ကိုပြေငြိမ်းက “verification number က ဘယ်မှာလဲ?”
“သိဘူးလေ”
“Verification number မသိရင် ဘယ်လိုလုပ်စစ်လို့ ရမှာလဲ... မှားပြီ ,,, မှားပြီ”
“အောင်မလေးတော်.. မှားရင်လည်း ရုံးအကြောင်းကြားပေါ့.. အေးလည်း မလုပ်တတ်လို့ ရှင့်ကို စစ်ခိုင်းတာပဲ
ရှင်ဟာလေ အိမ်အတွက် ဆို စေတနာလေးနဲ့ကို မလုပ်ချင်ဘူး။ မှားပြီ ဆိုရင်လည်း ဘယ်လိုဆက်လုပ်ကြမလဲ စေတနာလေးနဲ့ ရှင်စဉ်းစားပါလား။” အေးက ဗျစ်တောက်ဗျစ်တောက်ပြောပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

အေးတို့ အခန်းထဲမှာ ကျိတ်ကျိတ် ကျိတ်ကျိတ် ဖြစ်နေတာကို နားစွန် နားဖျား ကြားသော သားတော်မောင်သည် တာဝန်ကျေစွာ သူ့ အဖွားကို သတင်းပို့ နေပါပြီ။

“ဖွားဖွား.. ဖွားဖွား” .. “ဖွားဖွား လေယာဉ်လက်မှတ်က မရဘူးတဲ့”
“ဟေ ဟုတ်လား မရဘူးတဲ့လား။” ဒီလောက်ပဲပြောသံကြားလိုက်ရပါသည်။ ထစ်ကနဲဆို မြည်တွန်တောက်တီး တတ်သည့် လျှာနှင့် သွား အကြောင်းတော့ လူကြီးတွေက ဒါမျိုး ရိုး..ဟိုးဟိုးးးး ဆိုသော အနေအထား ဖြစ်နေပါပြီ။

ခဏ အကြာ မျက်နှာ ရှစ်ခေါက်ချိုးနှင့် အေး ဘာလိုလို ညာလိုလိုနှင့် အခန်းထဲ ပြန်ဝင်လာတော့ ကိုပြေငြိမ်းက
“ဒီမှာ ဒီမှာ ရပြီ အေး print out ထုတ်ထားတာနဲ့ တစ်ပုံစံထဲပဲ။”
“အဲ့ဒါလေးပါ print out ထပ်ထုတ် လိုက်ဦး” ဟု အေးက အထွန့်တက်၏။ (လူတို့၏ သဘောသည် ကိုယ်ကနိုင်ရပြီ ဆိုလျှင် ဖိနင်းချင်၏။)
“ဘယ်လိုလုပ် ထုတ်လို့ရမှာလဲ printer မှ install မလုပ်ထားတာ။”
“ထုတ်လို့ မရလည်း မထုတ်နဲ့ဟာ။”
“စကားပြောရင် ကောင်းကောင်းပြောစမ်းပါ။” ဟု ကိုပြေငြိမ်းက အော်သည်။

သားတော်မောင်၏ အခန်းကဏ္ဍရောက်ရှိလို့ လာပါချေပြီ။
“ဖေဖေနဲ့ မေမေတို့ ရန်ဖြစ်နေကြတာလား?”
“ရန်ဖြစ်ရင် သားသားကိုသာ ခေါ်လိုက် ရန်ငြိမ်းအောင် လုပ်ပေးမယ်။ သားနံမည်က ရန်ပြေငြိမ်းလေ။”
*****
အမှန်တရား အတွက် ပညာသည် ပဓာနကျပါ၏။ သို့သော်…
ကရုဏာ မပါသော ပညာသည် ခက်ထန်၏။ ကောက်ကျစ်ချင်၏။
ပညာမပါသော သဒ္ဓါ စေတနာသည် အရာမရောက်။ လမ်းလွဲတတ်၏။

အေးသည် “သားကို သခင်၊ လင်ကို ဘုရား” ဆိုသော အဆိုအမိန့်ကို ကောင်းကောင်းကြီး လက်ခံနိုင်သော အခွင့်ထူးကို ရရှိထားသည့် မိန်းမသား တစ်ယောက်ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~

(မှင်စိမ်းလေးနဲ့ နောက်ဆက်တွဲ)
ဒီတစ်ခါတော့ အပီရေးမယ်လို့ လည်း ကိုယ့်ကိုယ်ကို သံပတ်တင်းပါတယ်။ (ဆရာမ မေအောင်ကလည်း အဖျားရှူးတတ်လွန်းလို့တဲ့ ဆူနေပြီ။) reference book တွေ ဘာတွေ ချပြီးတော့ကို ရေးတာပါ။ အဖြစ်အပျက်လေးနဲ့ ဆက်စပ်ပြီး ခေါင်းထဲရောက်လာတဲ့ အတွေးတွေ ချရေးပါတယ်။ အနီးဆုံးလူကို အချိုသာဆုံး မျက်နှာလေးနဲ့ စာမူပြတော့ ပယ်ချလေ၏။ စိတ်မဆိုးပါဘူး။ နင်လားဟဲ့ လောကဓံ ဆိုပြီး ပြင်ရတယ် ပြင်ရရှာတယ်။ မမခင်ဦးမေ .. ခင်မဟုတ်ဘူးနော်။ အေး.. အေး.. ပြင်လိုက်ဦး။ (သူလည်း ဝတ်ထု ဖတ်ပြီး ဈာန်ဝင်သွားတာ မင်းသမီးနေရာ ရောက်သွားလို့ ဖြစ်မှာပါ။ ခင်ရေ ဟုတ်တယ်ဟုတ်။)

ရေးချင်တာလေးကတော့ အယင်က မှတ်သား လေ့လာဖူးတဲ့
ယောကျ်ားတွေက ပညာကို ကိုယ်စားပြုတယ်။
မိန်းမတွေက သဒ္ဓါကို ကိုယ်စားပြုတယ်။
ယောကျ်ားနဲ့ မိန်းမ အတွဲညီရသလို ပညာနဲ့ သဒ္ဓါကလည်း အတွဲညီရတယ်။
တစ်ခုခုက လိုနေ ပိုနေရင်၊ လိုတိုးပိုလျှော့လေးပေါ့ သတိလေးနဲ့ ညှိရတယ်။
ပညာလွန်တော့ ကွန့်တယ်
သဒ္ဓါလွန်တော့ ညွန့်တယ် ဆိုတာကို အဖြစ်အပျက်လေးနဲ့ မ,ရောရော အောင် သမမွှေ၏။

နောက်ဆုံးစာကြောင်းကတော့ စာရေးသူသည် မိန်းမဖြစ်သော်ငြား (နိဒါန်း၌ မိန်းမပီပီ မည်သို့ပင် အငေါထူ ထားစေကာမူ နိဂုံး၌) သတိတရား လက်ကိုင်ထား၍ ပညာလည်း မတောက်တခေါက် ရှိကြောင်း အဖတ်ဆယ် လိုက်ပါတယ်။

(အား..နေဦး ရော, သမမွှေလိုက်ပုံလေး ပြည့်စုံသွားအောင်)

post တင်ခွင့်ရပြီးဆိုတော့ ခေါင်းစဉ် ဘယ်လိုတပ်ရမလဲလို့ ... ရောလေရာ ထိုအနှီ ယောကျ်ားသည် အထက်ပါ ခေါင်းစဉ်ကို ပေးလိုက်ရာ ဤအကြင် မိန်းမမှာ ဝမ်းမြောက် ဝမ်းသာစွာဖြင့် သဘောတူ၍ အသင်တို့ မျက်မှောက် ဦးနှောက်ခြောက်ရန် ရောက်လေသတည်း။

Wednesday, October 15, 2008

ပဝါရဏာပြုခြင်း

လူအဖွဲ့အစည်းတစ်ခု၏ ငြိမ်းချမ်းသာယာရေးကို စည်းလုံး ညီညွတ်မှုကသာ ဖော်ဆောင်နိုင်သည်။ စည်းလုံး ညီညွတ်မှုကိုလည်း ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ ရိုးသားပွင့်လင်းစွာ အပြန်အလှန် ဝေဖန် ထောက်ပြခြင်းတို့ဖြင့် တည်ဆောက်ရသည်။ ထို့ကြောင့် ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို ဖန်တီးရန်အတွက် ရိုးသားပွင်းလင်းစွာ ဆွေးနွေးညှိနှိုင်းနိုင်သော, ဝေဖန် ပြုပြင်နိုင်သော အခြေခံအဆောက်အအုံကို ဦးစွာ တည်ဆောက်ရပေမည်။

သံဃာ အဖွဲ့အစည်း၏ ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ထိုအခြေခံအုတ်မြစ်ကို တည်ဆောက်ရန် ဗုဒ္ဓမြတ်စွာသည် ဝိနည်းတော်ဟူသော စည်းကမ်းဥပဒေကို ပညတ်တော်မူခဲ့သည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတို့ ပဝါရဏာပြုခြင်းသည် သံဃာအဖွဲ့အစည်း၏ အခြေခံဥပဒေမှ လုပ်ထုံးလုပ်နည်းတရပ်ပင် ဖြစ်သည်။

မြတ်စွာဘုရား လက်ထက်တော်အခါက များစွာသော ရဟန်းတော်တို့သည်ကောသလတိုင်း၊ နယ်ကျောင်းတစ်ကျောင်း၌ ဝါဆိုတော်မူကြ၏။ ထိုရဟန်းတော်တို့သည် ငြင်းခုံခြင်း၊ ဝါဒကွဲပြားခြင်းသည် စကားပြောဆိုခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး အငြင်းမပွားရပဲ၊ ညီညွတ်ချမ်းသာစွာ နေထိုင်နိုင်ရန်အတွက် စကားမပြောပဲ နေထိုင်ကြရန် သဘောတူကြ၏။ တစ်ဝါတွင်းလုံး စကားမပြောကြပဲ လက်ဟန် ခြေဟန်ဖြင့်သာ သန့်ရှင်းရေးလုပ်ခြင်း၊ သောက်ရေသုံးရေတို့ ခပ်ခြင်း, လဲခြင်း၊ ဆွမ်းအတွက်ပြင်ဆင်ခြင်းစသော အမှုကိစ္စတို့ကို ဆောင်ရွက်နေခဲ့ကြသည်။ ဝါကျွတ်သောအခါ မြတ်စွာဘုရားရှိရာ ဇေတဝန်ကျောင်းတော်သို့ ဘုရားဖူးရန် ထွက်ခဲ့ကြသည်။

မြတ်စွာဘုရားသည် ထိုရဟန်းတော်တို့အား “ကျန်းမာကြပါလော။ အငြင်းအခုံမရှိ, ညီညီညွတ်ညွတ် ချမ်းချမ်းသာသာ ရှိပါ၏လော။ ဆွမ်းအတွက် မပင်မပန်းရှိပါ၏လော” ဟုမေး၏။ ဘုရားရှင်တို့ မည်သည် မသိ၍ မေးခြင်းမဟုတ်။ အကျိုးအတွက် ရည်မျှော်၍ မေးခြင်းသာ ဖြစ်သည်။ ရဟန်းတော်တို့ကလည်း မိမိတို့သည် ကျန်းမာကြကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြရကြောင်းနှင့်တကွ စကားမပြောပဲ ညီညွတ်ချမ်းသာစွာ နေထိုင်ခဲ့ကြပုံတို့ကို ပြန်လည် လျှောက်ထား၏။

စကားမပြောပဲနေခြင်းကို ဗုဒ္ဓမြတ်စွာက မချီးမွမ်း။ “သင်တို့သည် မချမ်းသာပဲလျှက် ချမ်းသာစွာနေရသည်ဟု ဆိုကြ၏”ဟု အပြစ်တင် လေသည်။ စကားမပြောပဲနေခြင်းအား နွား၊ ဆိတ်တို့ကဲသို့ တိရစ္ဆာန်တို့၏ နေခြင်းဟု ကဲ့ရဲ့ရှုတ်ချ၏။ တိတ္ထိတို့၏ ‘မူဂဗ္ဗတ’ ခေါ် စကားမပြော, တုံဏိဘာဝေဆိတ်ဆိတ်နေသော အကျင့်မျိုးကို ကျင့်၏ ဟုကဲ့ရဲ့ရှုတ်ခြ၏။ ရဟန်းတို့သည် ဤသို့ စကားမပြောသော အကျင့်ကို မကျင့်အပ်။ ကျင့်ပါက ဒုက္ကအာပါတ် အပြစ်သင့်သည်ဟု ပညတ်တော်မူသည်။ စကားမပြောသော လူ့အဖွဲ့အစည်းသည် တိရစ္ဆာန်အုပ်တို့နှင့် မခြားတော့သော အန္တရာယ်ကြောင့် ဖြစ်သည်။

ထိုသို ရှောင်ကြဉ်ရန်အချက်ကို ပြဋ္ဌာန်းတော်မူပြီးနောက်၊ ဆောင်ရန်အတွက် ပဝါရဏာပြုခြင်း ဝိနည်းကံကို ပညတ်တော်မူခဲ့သည်။ ဝိနည်းကံဟူသည် သံဃာအဖွဲ့အစည်း၏ လုပ်ထုံးလုပ်နည်းဖြစ်သည်။ ‘ပဝါရဏာ’ သည် ‘ဖိတ်ကြားခြင်း’ဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ချို့ယွင်းချက် အပြစ်များအား မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ သံသယရှိလျှင်ဖြစ်စေ ဝေဖန်ညွှန်ပြကြပါရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။

ရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့တွင် “သုဏာတု မေ ဘန္တေ သံဃော” အစချီကာ အောက်ပါအတိုင်း သုံးကြိမ်တိုင်တိုင် ဖိတ်ခေါ်၍ ပဝါရဏာပြုရသည်။

“သံဃံ, အာဝုသော, ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။ ဝဒန္တု မံ အာယသ္မာတော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ။”

“ငါ့ရှင်တို့ … သံဃာအား ဖိတ်ကြားပါ၏။ မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ သံသယရှိလျှင် ဖြစ်စေ အရှင်တို့သည် အကျွန်ုပ်အား အစဉ်သနားသောအားဖြင့် ပြောဆိုကြပါကုန်လော့။ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့။”

ဗုဒ္ဓသည် ရဟန်းတော်တို့အားသာ ပဝါရဏာပြုစေသည်မဟုတ်ပဲ၊ မိမိကိုယ်တော်တိုင်၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာအား ကဲ့ရဲ့အပြစ်တင်စရာရှိက ဝေဖန်ရန် သံဃာတော်တို့အား ဖိတ်ကြားတော်မူလေ့ရှိသည်။

ထိုသို့ဖိတ်ခေါ်ခြင်းဖြင့် (၁) အချင်းချင်း မဆန့်ကျင်ပဲ လိုက်လျောညီထွေ ဖြစ်စေသည် (အညမညာနုလောမတာ)။ ရိုးသားပွင့်လင်းမှုကို အခြေခံ၍ အပြုသဘောဖြင့် ဝေဖန်ကြသလို၊ အဝေဖန်ခံရသုူတို့က ရိုးသားဖြောင့်မတ်စွာ အချိန်မီ အပြစ်ကို ကုစားနိုင်သည်။ (၂) ထို့ကြောင့်ပင် အပြစ်မှ ကင်းလွတ်နိုင်ကြသည် (အာပတ္တိဝုဋ္ဌာနတာ)။ (၃) စည်းကမ်းဥပဒေအား ရှေ့တန်းတင် အလေးထားရာရောက်သည် (ဝိနယပုရေက္ခတာ)။ ဤအချက်သုံးပါးသည် ဗုဒ္ဓမြတ်စွာ ညွှန်ပြသော ပဝါရဏာပြုခြင်း၏ အကျိုးကျေးဇူး သုံးပါးပင်ဖြစ်သည်။

ရိုးသား ပွင့်လင်းစွာ ဝေဖန်ရေးကိုအခြေခံ၍ အဖွဲ့အစည်း အတွင်းညီညွတ်မှုရစေရန်၊ ချို့ယွင်းချက်များကို အချိန်မီ ပြုပြင်နိုင်ရန်၊ ဥပဒေကို လေးစား ရှေ့တန်းတင်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်စေရန် ချမှတ်တော်မူခဲ့ခြင်း ဖြစ်သည်။

စာညွှန်း။
၁။ ဝိနည်း မဟာဝဂ်၊ ပဝါရဏာက္ခန္ဓက
၂။ သဂ္ဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ၈-ဝင်္ကီသသံယုတ်၊ ၇-ပဝါရဏာသုတ္တံ (သံ-၁-၂၁၅)

ဧရာ (မန္တလေး)

Monday, October 13, 2008

အဘိဓမ္မာ မိတ်ဆက်

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် ပထမသံဂါယနာ တင်သောအခါ ၄၅-နှစ်တာကာလ ဟောကြားတော်မူခဲ့သော ဒေသနာတော်တို့အား ဝိနည်း, သုတ္တန်, အဘိဓမ္မာဟု အစုသုံးစု ပြု၍ မထေရ်အစဉ် အဆက်တို့ ပို့ချသင်ယူ ထိန်းသိမ်း စောင့်ရှောက်တော် မူခဲ့ကြသည်။ ဝိနည်းနှင့် သုတ္တန်ဒေသနာတို့သည် နာကြားမည့် လူပုဂ္ဂိုလ် စရိုက်အလိုက် ပရိယာယ်ဖြင့် ဆောင်၍ ဟောကြားတော်မူခဲ့ပြီး၊ အဘိဓမ္မာဒေသနာကိုမူ ပုဂ္ဂိုလ်မငဲ့၊ ပရိယာယ်မဆောင်ပဲ အဓိပ္ပါယ်ကို တိုက်ရိုက် (နိတတ္ထ) ဟောကြားထားခြင်း ဖြစ်သည်။

အဘိဓမ္မာသည် “မြင်, ကြား, နံ, စား, ထိ, သိ” ဟူသော သိမှုအတွေ့အကြုံ (experience) အား အရှိကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်းပင် ဖြစ်သည်။ ပုထုဇဉ်တို့သည် ထိုသိမှုအတွေ့အကြုံကို အတ္တရှုထောင့်မှ ရှုမြင်သည်။ ဗုဒ္ဓမြတ်စွာက အနတ္တရှုထောင့်မှ ရှုမြင်သည်။ အဘိဓမ္မာဒေသနာသည် အနတ္တရှုထောင့်မှ ရှုမြင်နိုင်ရန် အတွေ့အကြုံတို့အား ခွဲခြမ်းစိတ်ဖြာ၍ ပြသည်။ ထို့နောက် ထိုတရားတို့ မည်သို့ အကြောင်းအကျိုး ဆက်နွယ်မှီတွယ်နေပုံကို ဟောကြားသည်။ အတွေ့အကြုံအား ခန္ဓာ ၅-ပါးအဖြစ် ခွဲကြည့်သည်။ အာယတန ၁၂-ပါးအဖြစ်ခွဲကြည့်သည်။ ဓာတ် ၁၈-ပါးအဖြင့် ခွဲကြည့်သည်။ ထို့နောက် ထို ခန္ဓာ၊ အာယတန၊ ဓာတ်တို့ အချင်းချင်း အပြန်အလှန်မှီ၍နေပုံ ပဋိစ္စသမုပ္ပါဒ်ကိုလည်းပြသည်။ ပဋ္ဌာန်းဒေသနာကိုလည်း ဟောကြားပြသသည်။ အချုပ်အားဖြင့် “သဗ္ဗေ ဓမ္မာ အနတ္တာ” ကို ဟောကြားခြင်းဖြစ်သည်။

အဘိဓမ္မာပါဠိတော် ၇-ကျမ်း

၁။ ဓမ္မသင်္ဂဏီ
၂။ ဝိဘင်္ဂ (ဝိဘင်း)
၃။ ဓာတုကထာ
၄။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်)
၅။ ကထာဝတ္ထု
၆။ ယမက (ယမိုက်)
၇။ ပဋ္ဌာန (ပဋ္ဌာန်း)

ဓမ္မသင်္ဂဏီကျမ်းသည် အဘိဓမ္မာကျမ်းရင်း ပါဠိတော် ၇-ကျမ်းတွင် ပထမဆုံးသော ကျမ်းဖြစ်သည်။ ဓမ္မသင်္ဂဏီဟူသော အမည်သည် “ဓမ္မတို့ကို ရေတွက်၍ ပြသောကျမ်း” (Enumeration of Phenomena) ဟု အဓိပ္ပါယ်ရသည်။ ပရမတ္ထခေါ် အတွေ့အကြုံဘဝမှ အစစ်မှန်တရားတို့အား “မာတိကာ”ခေါ် ဇယားချ၍ အုပ်စုဖွဲ့ ရေတွက်ပြသော ကျမ်းဖြစ်သည်။ သဘောတူရာ တူရာအုပ်စုဖွဲ့၍ သုံးစုစီဖွဲ့ထားသော တိကမာတိကာ (တိက် - Traids) အစု ၂၂ စုနှင့် နှစ်စုစီ အုပ်စုဖွဲ့သော ဒုကမာတိက (ဒုက် - Dyads) အစု ၁၀၀ ရှိသည်။ ဥပမာအားဖြင့် ကုသလတိက်ဟုဆိုလျှင် ကုသိုလ်အုပ်စု၊ အကုသိုလ်အုပ်စုနှင့် (အကုသိုလ်အကုသိုလ်ဟု ပြောမရသော) အဗျာကတအုပ်စုဟု သုံးအုပ်စု ခွဲပြခြင်းဖြစ်သည်။ ဟေတုဒုက်ဟုဆိုလျှင် ဟေတုခေါ် ဟိတ်တရားများအုပ်စုနှင့် အဟေတုကခေါ် ဟိတ်မဟုတ်သော တရားများအုပ်စုဟု နှစ်စုပြု၍ ပြသည်။

ဓမ္မသင်္ဂဏီ၏ ပထမဆုံးအခန်းမှာ စိတ္တုပ္ပါဒကဏ္ဍ ဖြစ်သည်။ စိတ်ဖြစ်ပေါ်ပုံပြသော အခန်းဖြစ်သည်။ စိတ်ဖြစ်သောအခါ စိတ်နှင့်အတူ စေတသိက်တရားတို့တွဲဖြစ်ကြသည်။ မည်သည့်စိတ်ဖြစ်သောအခါ မည်သည့် စေတသိက်တို့တွဲ၍ ဖြစ်သည်ကို ပြသည်။ ထို့နောက် ဒုတိယအခန်းဖြစ်သော ရူပကဏ္ဍတွင် ရုပ်တရားတို့အကြောင်းကို ဖော်ပြသည်။ တတိယအခန်း နိက္ခေပကဏ္ဍတွင် အဘိဓမ္မာနှင့် သုတ္တန်ဒေသနာတို့မှ တိက၊ ဒုက မာတိကာအားလုံးတို့အား အကျဉ်းအားဖြင့် ပြထားသည်။ နောက်ဆုံး အဋ္ဌကထာကဏ္ဍတွင် သုတ္တန္တမာတိကာများကို ချန်လှပ်ပြီး အဘိဓမ္မာမာတိကာများကိုသာ ကျက်မှတ်ရ လွယ်စေရန်အတွက် ပို၍ အကျဉ်းခြုံး ဖော်ပြထားသည်။

ဒုတိယကျမ်းဖြစ်သော အဘိဓမ္မာဝိဘင်းကျမ်း (Book of Analysis) သည် အခန်း ၁၈-ခန်းဖွဲ့၍ အသေးစိတ် ပိုင်းခြားဝေဖန်၍ ဟောကြားထားသော ကျမ်းဖြစ်သည်။ အခန်း ၁၈-ခန်းမှာ ခန္ဓာ, အာယတန, ဓာတု, သစ္စ, ဣနြ္ဒိယ, ပဋိစ္စသမုပ္ပါဒ, သတိပဋ္ဌာန, သမ္ပပဓာန, ဣဒ္ဓိပါဒ, ဗောဇ္ဈင်္ဂ, မဂ္ဂင်္ဂ, ဈာန, အပ္ပမညာ, သိက္ခာပဒ, ပဋိသမ္ဘိဒါ, ဉာဏ, ခုဒ္ဒကဝတ္ထု, ဓမ္မဟဒယ တို့ဖြစ်သည်။

အခန်း ၁၄-ခန်းရှိသော ဓာတုကထာကျမ်း (Discourse on Elements)သည် ရှေ့နှစ်ကျမ်းဖြစ်သော ဓမ္မသင်္ဂဏီနှင့် ဝိဘင်းကျမ်းတို့တွင် ဖော်ပြခဲ့သော တိကနှင် ဒုကမာတိကာတို့အား “ခန္ဓာ၊ အာယတန၊ ဓာတ်” သုံးစုတွင် မည်သို့အကျုံးဝင်သည်၊ မဝင်သည်ကို ဆက်စပ်ပြထားသော ကျမ်းဖြစ်သည်။ ထို့ကြောင့် ကျမ်းငယ် တစ်ဆူသာဖြစ်သော်လည်း ရှေ့နှစ်ကျမ်းနှင့် တွဲဖက်လေ့လာရမည့် ကျမ်းဖြစ်သည်။

အဘိဓမ္မာသည် ပရမတ္ထဒေသနာဟုဆိုရသော်လည်း ပညတ်ဝေါဟာရများမပါပဲ ဟောကြား၍မရ။ ပညတ်ဟုဆိုရာတွင် စိတ်, စေတသိက်စသော အစစ်အမှန် ရှိသောတရားတို့အား အမည်ပေး ခေါ်ဝေါ်ထားသော ဝိဇ္ဇမာနပညတ်နှင့် “ယောက်ျား, မိန်မ, ပုဂ္ဂိုလ်သတ္တဝါ” စသည်တို့ကဲ့သို့ အစစ်မှန်အားဖြင့်မရှိပဲ စိတ်အထင်ဖြင့် ကြံဆ ခေါ်ဝေါ်ထားသော အဝိဇ္ဇမာနပညတ်ဟူ၍ နှစ်မျိုးရှိသည်။ ပုဂ္ဂလပညတ် (Concepts of Individuals) သည် အခြားအဘိဓမ္မာကျမ်းများနှင့် မတူပဲ၊ ပရမတ္ထတရားတို့အစား ပညတ်ဝေါဟာရတို့အား လေ့လာသည်။ အခန်း ၁၀-ခန်းခွဲခြား၍ ပုဂ္ဂိုလ် အမျိုးစားများအား အသေးစိတ်ခွဲခြား ပြထား၏။

ကထာဝတ္ထု (Point of Controversy) သည်လည်း ပုဂ္ဂလပညတ်ကျမ်းကဲ့သို့ပင် အခြားသော အဘိဓမ္မာကျမ်းများနှင့် မတူသော ကျမ်းဖြစ်သည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး ၂၁၈-နှစ်အကြာ၊ အသောကမင်းလက်ထက် တတိယသံဂါယနာတင်စဉ်တွင် ရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ထည့်သွင်းဟောကြားခဲ့သောကျမ်းဖြစ်သည်။ ဘုရားဟောဒေသနာတို့မှ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တစသော သဘောတရားတို့အပေါ်တွင် အဓိပ္ပါယ်ကောက်ယူပုံ ကွဲလွဲနေသည်များအား ဖြေရှင်းရန် စကားရည်လုသကဲ့သို့ အချေအတင် မေးဖြေထားသော စကားပြောပုံစံဖြင့် ဟောကြားထားသော ကျမ်းဖြစ်သည်။

ယမိုက်ကျမ်း (Books of Pairs) သည် အဘိဓမ္မာဝေါဟာရတို့၏ အဓိပ္ပါယ် သတ်မှတ်ချက်ကို ပို၍ သေချာတိကျစေရန်၊ အစုံ, အစုံအားဖြင့် အမေးအဖြေပြု၍ ဟောကြားထားသည်။ ဥပမာအားဖြင့် “ကုသလဓမ္မအားလုံးတို့သည် ကုသလမူလဖြစ်သလော၊ သို့တည်းမဟုတ် ကုသလမူလအားလုံးတို့သည် ကုသလဓမ္မဖြစ်သလော” စသဖြင့် အစုံပြု၍ မေးဖြေထားသည်။ မူလ, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယဟူ၍ ယမိုက် ၁၀-ကျမ်းရှိသည်။

ရှေ့ကျမ်းတို့တွင် တိကမာတိကာ, ဒုကမာတိကာတို့အား အုပ်စုဖွဲ့ ရေတွက်ပြခြင်း၊ ခန္ဓာ, အာယတန, ဓာတ်စသော အုပ်စုများတွင် သွင်း၍ ပြခြင်း၊ အသေးစိတ် ပိုင်းခြားဝေဖန်ပြခြင်း၊ တရားတစ်ပါးနှင့် ရောယှက်ခြင်းမရှိစေပဲ အဓိပ္ပါယ် ပိုမိုတိကျစေရန် သတ်မှတ်ပေးခြင်း စသဖြင့်လေ့လာခဲ့သည်။ နောက်ဆုံးကျမ်းဖြစ်သော ပဋ္ဌာန်းကျမ်း (Books of Conditional Relations) တွင် “ထိုတရားတို့သည် မိမိတို့ သဘာဝအလျှောက် သီးခြားရပ်တည်ဖြစ်ပေါ်နိုင် စွမ်းမရှိ။ အကြောင်း အထောက်အပံ့ အမျိုးမျိုးတို့ပေါ် မှီတည်၍ ဖြစ်ပေါ်ရပုံ” ကိုဟောကြားသည်။ တရားတို့ အချင်းချင်း ဆက်စပ် ထောက်ပံ့နေပုံအား ပစ္စည်း (ပစ္စယ - Conditions) ၂၄-မျိုးဖြင့် ဟောကြားထားသည်။ အခန်းကဏ္ဍအားဖြင့် (၁) အနုလောမ (positive method) (၂) ပစ္စနီယ (negative method) (၃) အနုလောမ ပစ္စနီယ (positive-negative) (၄) ပစ္စနီယ အနုလောမ (negative-positive methid) ဟုလေးခန်းရှိသည်။ ကဏ္ဍတစ်ခုတွင် အခန်းငယ် ၆-ခန်းစီပါ၍ စုစုပေါင်း အခန်း ၂၄-ခန်းရှိသည်။ အုပ်ရေအားဖြင့် ၅-အုပ် စာမျက်နှာအားဖြင့် ၂၅၀၀ မျှ အရွယ်အစား ရှိယုံသာမက နားလည်ရန်လည်း ခက်ခဲလှသဖြင့် “ကျမ်းကြီး-ပဋ္ဌာန်း ကျမ်းငယ်-ဆန်း”ဟု စာချိုးရသော ကျမ်းဖြစ်သည်။

အဘိဓမ္မာအဖွင့်ကျမ်းများ

ထိုသို့ ကြီးမားကျယ်ပြန့်သော အဘိဓမ္မာဒေသနာတော်ကြီး၏ အဓိပ္ပါယ်ကို နားလည်စေနိုင်ရန် အတွက် ခေတ်အဆက်ဆက် အနက်ဖွင့်ကျမ်းများ ရေးသားပြုစုခဲ့ကြသည်။ ပါဠိတော်တို့၏ အနက်အဓိပ္ပါယ်ကို ဖွင့်ပြသောကျမ်းတို့အား အဋ္ဌကထာ (Commentary) ဟုခေါ်သည်။ သာသနာသက္ကရာဇ် ၉၇၃-ခုနှစ် (တတိယသံဂါယနာတင်ပြီး အနှစ် ၇၀၀-ကြာ)တွင် ပေါ်ထွန်းခဲ့သော အရှင်မဟာဗုဒ္ဓဃောသသည် အလွန်ထင်ရှားသော အဋ္ဌကထာဆရာ တစ်ပါးဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့်ရှိနေသော ရှေးအဖွင့်ကျမ်းများအား မှီး၍ ဘုရားဟော ဒေသနာ အားလုံးနီးပါးတို့၏ အဋ္ဌကထာကျမ်းသစ်များကို ပြုစုခဲ့သော မထေရ်ဖြစ်သည်။ အရှင်မဟာဗုဒ္ဓဃောသသည် ဓမ္မသင်္ဂဏီကျမ်းအဖွင့် အဋ္ဌသာလိနီ (The Expositor), ဝိဘင်းကျမ်းအဖွင့် သမ္မောဟဝိနောဒနီ (The Dispeller of Delusion) နှင့် ကျန်သော အဘိဓမ္မာ ၅-ကျမ်းတို့၏ အဖွင့် ပဉ္စပကာရဏ အဋ္ဌကထာ (Commentary of five treatises) ဟူသော အဋ္ဌကထာ သုံးကျမ်းအားပြုစုခဲ့သည်။

ထို့နောက် ယင်းအဋ္ဌကထာသုံးကျမ်းမှ ခက်ခဲသောအပိုင်းတို့ကို ထပ်မံဖွင့်သော ဋီကာကျမ်းများကို အရှင်အာနန္ဒ မထေရ်က ပြုစုခဲ့သည်။ မူလဋီကာ (Original sub-commentaries) ဟုခေါ်သည်။ အရှင်အာနန္ဒ၏ တပည့် အရှင်ဓမ္မပါလ မထေရ်က တစ်ဖန်ထပ်မံ၍ အဖွင့်ကျမ်းများရေးသားခဲ့ရာ အနုဋီကာ ဟုအမည်တွင်သည်။

အဘိဓမ္မာသင်္ဂြိုဟ်ကျမ်း

ယခုဖော်ပြခဲ့သော အဋ္ဌကထာ၊ ဋီကာကျမ်းများသည် အဘိဓမ္မာပါဠိတော်ကြီးများ၏ အစဉ်အတိုင်း အနက်အဓိပ္ပါယ်, ပုဒ်ပါဌ်တို့ကို ဖွင့်ပြသောကျမ်းများဖြစ်၏။ မူလကပင် ကြီးမားကျယ်ပြန့်သော ဒေသနာတော်ကြီးအား အဋ္ဌကထာ၊ ဋီကာများဖြင့် ထပ်မံလေ့လာရန်သည် စာသင်သားငယ်တို့အတွက် မလွယ်ကူလှ။ ထို့ကြောင့် နောင်တွင် အဘိဓမ္မာ ၇-ကျမ်းလုံးနှင့် အဖွင့်အဋ္ဌကထာ၊ ဋီကာတို့မှ အနက်အဓိပ္ပါယ်တို့ကို အကျဉ်းခြုံး ခြုံငုံ၍ ရေးသားပြုစုသော ကျမ်းငယ်များပေါ်ထွန်းလာခဲ့သည်။ ထိုကျမ်းတို့အား လက်သန်းသဖွယ် သေးငယ်၍ လက်သန်းအဋ္ဌကထာများ ဟုခေါ်သည်။ (အကျဉ်း မှတ်ဖွယ်မျှသာ ဆိုသဖြင့် လက္ခဏ ဟုခေါ်ရာမှ၊ လက္ခန် > လက်သန်း ဖြစ်သွားသည် ဟုလည်းဆိုကြသည်။)

အရှင်ဗုဒ္ဓဃောသလက်ထက်ကပင် ခေတ်ပြိုင်အဋ္ဌကထာဆရာ တစ်ပါးဖြစ်သော အရှင်ဗုဒ္ဓဒတ္တမထေရ်သည် အဘိဓမ္မာဝတာရ (An Approach to Abhidhamma) နှင့် ရူပါရူပဝိဘာဂ (Analysis of Matter and Mind) အမည်ရှိ အဘိဓမ္မာ လက်သန်း အဋ္ဌကထာကျမ်းငယ်နှစ်ဆူ ရေးသား ပြုစုခဲ့ဖူးသည်။ ထိုသို့သော အဘိဓမ္မာ လက်သန်း အဋ္ဌကထာများအနက် အရှင်အနုရုဒ္ဓမထေရ်ပြုစုသော အဘိဓမ္မတ္ထသင်္ဂဟကျမ်း (Compendium of Abhidhamma) သည် အထင်ရှားဆုံးဖြစ်သည်။ ‘သင်္ဂဟ’ အား မြန်မာမှုပြု၍ ‘သင်္ဂြိုဟ်’ကျမ်းဟု ခေါ်ဝေါ်ကြသည်။

ဤကျမ်းငယ်လေးအား သင်္ဂြိုဟ် ၉-ပိုင်းခေါ် အောက်ပါ အခန်း ၉-ခန်းဖြင့် ဖွဲ့စည်းထားသည်။

၁။ စိတ္တပရိစ္ဆေဒ (စိတ်ပိုင်း)- စိတ် အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါးကို ပြသော အခန်း
၂။ စေတသိကပရိစ္ဆေဒ (စေတသိက်ပိုင်း) - စေတသိက် ၅၂-ပါးနှင့် စိတ်-စေတသိက်တို့ယှဉ်ပုံပြသော အခန်း
၃။ ပကိဏ္ဏကပရိစ္ဆေဒ (ပကိဏ်းပိုင်း) - စိတ်, စေတသိက်တို့ကို ဝေဒနာ, ဟိတ်, ကိစ္စ, ဒွါရ, အာရုံ, ဝတ္ထုအားဖြင့် အထွေထွေ အလီလီ ခွဲခြားဝေဖန်ပြသော အခန်း
၄။ ဝီထိပရိစ္ဆေဒ (ဝီထိပိုင်း) - ဒွါရခြောက်ပါးတွင် ဝီထိ (mental process) ခေါ် သိစိတ်အစဉ်တို့ဖြစ်ပေါ်ပုံ စိတ္တနိယာမကို ပြသောအခန်း
၅။ ဝီထိမုတ္တပရိစ္ဆေဒ (ဝီထိမုတ်ပိုင်း) – ရှေ့အခန်းတွင်ပြခဲ့သော ဝီထိတို့မှ လွတ်နေသော ဘဝင်, စုတိ, ပဋိသန္ဓေအခိုက်တို့၌ စိတ်အစဉ်ဖြစ်ပုံ ပြသော အခန်း
၆။ ရူပပရိစ္ဆေဒ (ရုပ်ပိုင်း) - ရုပ် ၂၈-ပါး၊ ရုပ်ဖြစ်ပုံ၊ ရုပ်အစဉ်နှင့် နိဗ္ဗာန်အကြောင်းတို့ကို ဖော်ပြသော အခန်း
၇။ သမုစ္စယပရိစ္ဆေဒ (သမုတ်စည်းပိုင်း) - စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တို့အား အဘိဓမ္မာကျမ်းကြီးများတွင်ကဲ့သို့ ခန္ဓာ, အာယတန, ဓာတ်စသဖြင့် အုပ်စုဖွဲ့စည်းပြသော အခန်း
၈။ ပစ္စယပရိစ္ဆေဒ (ပစ္စည်းပိုင်း) - အကြောင်းအကျိုးဆက်နွယ်ပုံတို့ကို ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းဖြင့် ပြသော အခန်း
၉။ ကမ္မဋ္ဌာနပရိစ္ဆေဒ (ကမ္မဋ္ဌာန်းပိုင်း) - သမထ, ဝိပဿနာကမ္မဋ္ဌာန်းတို့ကို ပြသော အခန်း

အဘိဓမ္မာပါဠိတော်၊ အဋ္ဌကထာကြီးများအား မလေ့လာမီ၊ အဘိဓမ္မာ အခြေခံရစေရန် သင်္ဂြိုဟ်ကို လေ့လာကြရသည်။ သင်္ဂြိုဟ်ကျမ်းတွင် ပါဠိတော်ကြီးများတွင်ကဲ့သို့ တိကမာတိကာ, ဒုကမာတိကာများဖြင့် ခွဲခြားပြမနေတော့ပဲ “အဘိဓမ္မာတွင် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်”ဟူသော ပရမတ္ထအပြားလေးပါးရှိသည်” စသဖြင့် အကျဉ်းအားဖြင့် ခြုံငုံဖော်ပြသဖြင့် စတင်လေ့လာသူတို့အတွက် လွယ်ကူစေသည်။ ထို့ကြောင့် သင်္ဂြိုဟ်ကျမ်းအား “အဘိဓမ္မာသင်ပုန်းကြီး” ဟုလည်း ခေါ်ဝေါ်ကြသည်။


စာညွှန်း။
၁။ လယ်တီပဏ္ဍိတဦးမောင်ကြီး - အဘိဓမ္မတ္ထမဉ္ဇရီ ခေါ် ပရမတ္ထသံခိပ်ဋီကာ (နိဒါန်းမှ ကောက်နှုတ်ချက်)
၂။ Bhikkhu Bodhi – A Comprehensive Manual of Abhidhamma : Translation of Abhidhamma Sangaha (extract from Introduction)
၃။ U Ko Lay – A Compendium of Buddhiam: Guide to Tipiṭaka
၄။ Dr. Nandamālā – Fundamental Abhidhamma Part I (extract from Introduction)
သုတ္တန်နှင့် အဘိဓမ္မာ
အဘိဓမ္မာနှင့် ဓမ္မာ
နိကာယ်ငါးရပ် မိတ်ဆက်

Saturday, October 11, 2008

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ…တဲ့

သြော် အချစ်ဆိုတာ စိတ္တဇနာမ်လေးပါ။
telepathy, will power ဆိုတာတွေကို အလေးထားတတ်သူ တစ်ယောက်အတွက်တော့
အချစ်ဆိုတာဟာ ပေါ့သေးသေး မဟုတ်တဲ့ လေးကြီးကြီး ကြီး။

ရာမယဏဇတ်တော်ကြီးမှာလည်း အချစ်အကြောင်းတွေပါတယ်။
တစ်ညတာခွဲရလို့ နှစ်ပေါင်း ခုနစ်ရာ ပူဆွေးရတဲ့ ကိန္နရာ ကိန္နရီတို့ အဖြစ်ကိုလည်း ယုံတယ်။
…
…
…
ဟင်?
ဘာရယ်??
ကိုယ်ပိုင်ဇတ်လမ်းလေး???
သြော်
ညွှန်းစာဖွဲ့လို့မမှီ…(အလဲ့)

ချစ်ခဲ့ဖူးပါတယ်
ချစ်နေပါသေးတယ်
ချစ်နေဦးမှာပါ။

တန်ကြေးရှိတဲ့အချစ်ကို တန်ဖိုးထားပါတယ်။
အရှုံးအမြတ် တွက်ကြေး ဆိုရင်တော့
အရင်းအတိုင်းပဲ
ယူသွားမှာပါ။
ဆုံမှတ်ရှိတဲ့ အချစ်
ဆုံးမှတ်ကိုရောက်ခဲ့ပြီ ဆိုရင်ပေါ့...

nature ဆိုရင်
neutral ဖြစ်မှကောင်းမယ် ထင်လို့ပါ။
အချစ်ဆိုသည်မှာ…

သက်ဝေ ရေ ရေးလိုက်ပြီနော်။

Wednesday, October 8, 2008

အတာတို့အမေ နဲ့ Chrisတို့အမေ

ဖတ်ဖူးတဲ့ ဝတ္တုတိုလေး တစ်ပုဒ်မှာပါ… ခေါင်းစဉ်၊ စာရေးသူတွေကိုတော့ မမှတ်မိတော့ပါဘူး။ သားဖြစ်သူကို ကျောင်းသွားကြိုရင်း မျက်စိရှေ့မှာတင် သားလေး ကားတိုက်ခံရပြီး သေဆုံးသွားရလေတဲ့ အဖြစ်ကြောင့် ယဉ်ယဉ်လေးရူးနေတဲ့ ရုပ်ရည်သန့်သန့် လူလတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက် အကြောင်း ကို ကျောင်းနားက အကြော်သည် အဒေါ်ကြီးက ပြန်ပြောပြတဲ့ဟန်နဲ့ ရေးထားတာလေးပါ။ ကျောင်းဆင်းချိန်နီးရင် အဲ့ဒီ အမျိုးသမီးက ဘယ်ကနေဘယ်လိုရောက်လာမှန်း မသိဘူးတဲ့ သူ့အကြော်ဆိုင်ရောက်လာပြီး သူ့သားလေး အကြောင်းတွေ ပြောတော့တာပဲတဲ့။ အတာကလေ… အတာကလေ…နဲ့ပေါ့။ အကြော်သည် အဒေါ်ကြီးလည်း သူ့ကိုနာမည်လည်း မသိတော့ အတာတို့အမေ လို့ပဲခေါ်လိုက်တာပေ့ါ။ အဲဒီ အမျိုးသမီးကလေ သူ့ကို အတာတို့အမေ လို့ ခေါ်ပုံကို သိပ်ကို သဘောကျပုံရတယ် လို့ ဝတ္တုထဲမှာ ရေးထားပါတယ်။ (ဝတ္တု အဆုံးသတ်ကို ကျမကောင်းကောင်း မှတ်မိနေသေးပေမဲ့ ဆက်မရေးပါရစေနဲ့တော့နော်။ ကျေကွဲဖွယ်နဲ့ အဆုံးသတ်ထားတယ်လို့သာ ကျေနပ်လိုက်ပါတော့)

ကျမ Celebration Children Day ဆိုတဲ့ post တင်ပြီးတော့ မမ Khin Oo May ေရးပေးတဲ့ Comment မှာ
ကျမကို Chrisတို့အမေ တဲ့…

khin oo may said...
ဖုံးလာရင် ရင်မော ရသလား c့hris တို့ အမေ.။ မလွယ်ပါလား။ ရုံးမှာ ဘောစ် နဲ့တွေ့ရသလိုပါဘဲလား။ တို.ထင်တာ ကတော. ကလေးစောင်ရှောက်တာ ရုံးထက် အများကြီး ပင် ပန်း တယ် ထင် တာ ဘဲ။။
October 5, 2008 1:10 AM

sonata-cantata said...
မမကတော့ ငိုချင်လျက်ကို လက်တို့ပါပြီ။ကျန်ခဲ့တဲ့ အပတ် ဥပုသ်နေ့ကပေ့ါ။ မမ တူ အကြောင်း တိုင်ရဦးမယ်။ (စပြီ၊ စပြီ၊ လေကြောင်းမိတော့မှာ ကြောက်ပြီး ထွက်မပြေးသွားနဲ့ဦးနော်။)

မမကမှာထားလို့ ဝါတွင်းဥပုဉ်လေးတော့ ငါဖြစ်အောင် စောင့်မယ်ဟဲ့ ဆိုပြီး Clementi ကျောင်းသွား ဥပုသ် ယူတယ်။ ချက်ချင်းထပြန်မဲ့ဟာကို အသိအစ်မ တစ်ယောက်က ထမင်းစားပြီးမှ ပြန်ပါဆိုလို့ အခြားဥပုသ်သည် သုံးလေးဆယ်လောက်နဲ့ ထမင်းဝင်စားတယ်ပေါ့။ အလှူရှင် တစ်ယောက်ကလည်း ဒန်ပေါက်လှူတာတဲ့။ စားနိုင်ရင်စားပါဆိုလို့ ဒန်ပေါက်ကို ထမင်းခပ်ဇွန်းကြီး တစ်ဇွန်းလောက် စားခဲ့ပါတယ်။ ပြီးတော့ ပန်းကန်တွေ ဝိုင်းကူဆေးပြီး အချိုပွဲက ကျောက်ကျော စိမ်းစိမ်းလေးတွေ (အုန်းနို့တော့ နဲနဲပါတယ်) သုံးလေးတုံး ပါးစပ်ထဲ ကောက်ထည့်ပြီး အိမ်ပြန်ခဲ့တယ်။ ရထားပေါ်မှာတင် အခြေအနေက မဟန်တော့ဘူး ခေါင်းတွေ ကိုက်တာ။

အိမ်ရောက်ရောက်ချင်း သံပုရာရည်ဖျော်။ အမေ့အတွက်ဟာကို သူက မသောက်သေးဘူးဆိုတော့ သိမ်းပြီး (သြော် ယောက္ခမကြီးကတော့ ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့သေးတယ်။) သံပုရာရည်ကိုသောက်။ ဟော သားတော်မောင် ကျောင်းကပြန်လာပါပြီ။ ဖိနပ်ချွတ်ရင်းပြောတယ်။ "မေမေ သားကျောင်းပြန်သွားရမယ်" တဲ့။ "ဘာဖြစ်လို့လဲ။" "သားကျန်ခဲ့တဲ့ အပတ်က Science ဖြေတာ ၂၀မှာ ၉မှတ်ပဲရလို့ ဆရာမက ပြန်သင်ပေးဖို့ ခေါ်တာ။" "ဒီနေ့ ကျူရှင်သွားရမယ် မဟုတ်လား။" "ကျူရှင်ဆရာမဆီ မလာနိုင်ကြောင်း message ပို့လိုက်တော့ မေမေ။" လုပ်ပြန်ပြီ။ သောကြာနေ့တုန်းကလည်း တရုတ်စာ အမှတ်နည်းလို့ ကျောင်းကဆရာမ ပြန်ခေါ်လို့ ကျူရှင်ဖျက်ထားရတယ်။ ဘယ်တတ်နိုင်မလဲ။ ကျူရှင်ဆရာမဆီ message ပို့တော့ message ပြန်လာတယ်။ ok ဘယ်unit ကိုတော့ အိမ်စာ လုပ်ထားပါပေ့ါ။

သားကတော့ ထမင်းစားပြီး ကျောင်းကို ပြန်ထွက်သွားပါပြီ။ ကိုယ်ကတော့ ခေါင်းတွေကိုက်လို့။ ညနေ ထမင်းစားချိန်ရောက်တော့ သူတို့နှစ်ယောက်ကို ထမင်းခွံ့ရသေးတယ်။ ယောင်ပြီး ကိုယ့်ပါးစပ်ထဲ တစ်လုပ်လောက် မထည့်လိုက်မိဖို့ သမာဓိ အကူအညီကို အပြင်းအထန် ယူထားရတဲ့ အစားငန်းတဲ့ ဥပုသ်သည်ရဲ့ ဖြစ်အင်။ ၅နှစ်သားငယ်ကို ခွံရတယ်ဆို ထားတော့ အဲ့ဒီ ၁၁နှစ်သားကလည်း ခွံ့ရတာပဲ။ ဒွက်ခဒွက်ခ ကိုယ့်အပူ ကိုယ်ရှာတာလေ နော်။ ထမင်းစားပြီးတော့ “သား အိမ်စာလုပ်။ ဆရာမ စာပေးထားတယ်” ပြောပြီး အိမ်ရှေ့ဝရံတာကို ထွက်ပြီး နေလိုက်တယ်။ သူတို့နားနေရင် အခြေအနေတွေက တစ်မျိုးမဟုတ် တစ်မျိုးနဲ့ တင်းမာလာနိုင်တယ်။

အိမ်ထဲပြန်ဝင်လာပြီး တော်တော်လေးနေတော့မှ TVရှေ့ရောက်နေပြီဖြစ်တဲ့ သားတော်မောင်ကို homework ပြီးပြီလားဆိုတော့ အင်း ဆိုလို့ စားပွဲပေါ်က စာအုပ်ကို ယူကြည့်လိုက်တော့ စာအုပ်ထဲမှာ ဟောင်းလောင်း အပေါက်တွေ။ ဥပုသ်သည် သိပ် သည်းမခံနိုင်တော့ဘူးပေါ့နော်။ စားပွဲပေါ်မှာလည်း စာရွက်တွေက ရှုပ်ပွ ဘောလ်ပင်တွေက ခေါင်းတခြား ကိုယ်တခြား။ အထဲက မှင်တံတောင် ဓားနဲ့ ပိုင်းဖြတ်ထားတာပါ ပါသေး။ မရတော့ဘူး မရတော့ဘူး လွှတ်ပြီ။ တင်ပြီ။ ဥပုသ်သည်တဲ့ ဝတ်ထားတဲ့ လုံချည်က ဒူးအထက်နားတက်ချင်နေပြီ။ ကလေးကို မ ရိုက်ဖို့ လှမ်းပြောနေကြတဲ့ သားရဲ့ အဖွား နှစ်ယောက်ကတော့ ကျမကို အရူးမ တစ်ယောက်လို ထိုင်ကြည့်နေကြလေရဲ့…ဟင်းးးးးးးးး
October 5, 2008 10:23 AM

အရူးမ မသီတာကို ခင်ကြတဲ့ မမKOM, ယုဝရီ, မေအောင်, မြတ်နိုး, သက်ဝေ, ဆောင်း, သိင်္ဂီ, တန်ခူး နဲ့ အားလုံးအတွက်

Monday, October 6, 2008

အဝေးအနွေး အနီးအအေး


အဝေးအနွေး - အနီးအအေး

သူ့ကိုတွေ့ရ
လမ်းတဖက်မှာ
ဥဒဟိုသွား
ယဉ်တန်းများကြား
ကူးနိုင်သေးဘူး
မီးနီဆဲလေ
မင်းသိရဲ့လား
သူရောက်နေပြီ
ရင်ထဲမှာ-

ခွဲခွာ နှုတ်ဆက်
လက်တကမ်းသာ
အပို မလို စကား
အေးစက်ခြင်းများ
နှောက်ယှက်နှိပ်စက်
ကားဆီးလို့လေ
မင်းသိလိုက်လား
အဝေးဆုံးကို
ပြေးသွားတာ…။

၇.၁၀.၉၆


Sunday, October 5, 2008

မရပ်သေးဘူး...

ငယ်ငယ်တုန်းက ရေဒီယိုဆိုတာ သိပ်ခင်စရာပါပဲ။
အိပ်ရေးအပျက်ခံနိုင်တယ် … သီချင်းသံကြားရင်။
ဒီလိုနေရင်းနဲ့ ရီကော်ဒါဆိုတာ ပေါ်လာပြန်တယ်။
ရေဒီယိုထက် သာနေတော့ … [Shell တီးဝိုင်းက အဆိုတော်တစ်ဦးရဲ့ သီချင်း]

သူလွှင့်ထုတ်တဲ့ အချိန်ကို စောင့်ဆိုင်း နားဆင်ရတဲ့ ရေဒီယို နဲ့စာတော့
ကိုယ် နားထောင်လိုတဲ့အရာကို အချိန်မရွေး စိတ်ကြိုက်ရွေးချယ် နားဆင်နိုင်တယ်၊
ထပ်ပြန်တလဲ နားဆင်လို့ လည်း ရတယ်လေ ကက်ဆက် က…
ဟော…ရုပ်မြင်သံကြားဆိုတော့ သောတဆင်ဖို့ရန်သာမက အရုပ်လေးတွေလည်း တလှုပ်တုတ်တုတ် မြင်ရသေး။ ဓါတ်ပုံလို ရုပ်သေကြီး မဟုတ်ဘူးနော်…မိုက်တယ် ဒါပေမဲ့
ကိုယ် ကြည့်လိုတဲ့အရာကို အချိန်မရွေး စိတ်ကြိုက်ရွေးချယ် ခံစားနိုင်တယ်၊
ထပ်ပြန်တလဲ ရှုစားလို့ လည်း ရတယ်လေ ဗွီဒီယို က…
စလောင်းလေးနဲ့ဆို Channel တွေ စုံလို့ Live Show တွေလည်း မလွတ်တော့ဘူး ကမ္ဘာတစ်ဝှန်းလုံး ကိုယ့်အိမ်က ထိုင်ကြည့်နေရသလို… အမိ။
လာပြန်ပါပြီ…
Internet…, Internet…, ဟို သီချင်းထဲကလို
မင်းမရှိတဲ့ နေရာမှာ မနေနိုင်တာပေါ့ အချစ်ရယ်…ဆိုတာလို Online နဲ့ လား။ Archive တွေနဲ့လား။
Internet နဲ့ နှစ်ယောက် တကမ္ဘာတွေဖြစ်လို့ အခြား ကိုယ်နဲ့သက်ဆိုင်သောတွေကိုတောင် Internet နဲ့ ပူးပေးထားရတဲ့ အဖြစ်။ သိပ်ဟ မသွားစေလိုလို့ပါ။ ဥပမာလေးတွေ ပြပါဆိုရင်တော့
ရင်ကမွေးတဲ့ သားကလေ “မေမေ သားသား မေမေ့ ပေါင်ပေါ်မှာထိုင်ချင်လို့နော်တဲ့” (ကိုယ် Browse လို့ Explore နေပြီဆိုရင်ဖြင့် )
ထမင်းတစ်ဝိုင်းထဲ စားတဲ့ တူမလေးက “အန်တီတာ The curry chicken you cook is very nice.” တဲ့ GTalk က လှမ်း chat တာ
ဟိုတစ်ယောက်ကလည်း post မတင်သေးဘူးလား တင်တော့လေ တင်တော့…နဲ့

သြော် ခန္ဓာ့ အလိုလေးတွေ တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေရတာပါ .. နော့

[ ရေဒီယိုတို့ ရုပ်မြင်သံကြားတို့က mass-media တွေ။ ကက်ဆက်, ဗီဒီယိုနဲ့ အင်တာနက်တွေ ကတော့ ကိုယ့်အကြိုက်ရွေးပြီး ကြည့်ရှုနားဆင်လို့ရတဲ့ de-massified media တွေတဲ့။ ]