ဗုဒ္ဓဘာသာလို့ ဆိုရင် အနည်းဆုံး ကံ-ကံ၏အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိ လောက်တော့ ရှိကြရပါတယ်။ ဒါပေမယ့် တခါတလေမှာ ကံ-ကံ၏အကျိုးကို ယုံကြည်တယ် ဆိုပေမယ့် ကမ္မဿကတ အမြင်ကနေ ချော်နေတတ်တာမျိုးတွေလည်း ရှိတယ်။
အောက်မှာ ပြောတဲ့ စကားမျိုးတွေကို ကြားဖူးကြမှာပါ (အများစုက ဝတ္ထုနဲ့ ရုပ်ရှင်တွေ ထဲကပါ)။ ဘယ်အယူအဆက ကမ္မဿကတအမြင်နဲ့ လျော်ညီတယ်၊ ဘယ်အယူအဆကတော့ ချော်နေတယ်လို့ ထင်ပါသလဲ။
1. လူ့ဘဝဆိုတာ ရေးထားပြီးသား စာအုပ်တစ်အုပ်လိုပဲ။ ဘာတွေ ဖြစ်မယ်ဆိုတာက ရေးထားနှင့်ပြီးသား။
2. ဘဝဆိုတာက ဇာတ်ဆရာ အလိုကျ ကရတဲ့ ရုပ်သေး တစ်ရုပ်လိုပါပဲ။
3. ဘဝဆိုတာက လောင်းကစားပွဲ တစ်ခုလိုပဲ… ထွက်ချင်တဲ့ ဂဏန်းထွက်မှာပါ။ ထွက်လာတော့မှသာ ဟိုဟာ… ဒီဟာ အကြောင်းပြ ကြရတာ။
4. ဘဝမှာ ကောင်းတာဖြစ်ဖြစ်, ဆိုးတာဖြစ်ဖြစ် ဘုရားသခင် အလိုတော်အတိုင်း ဖြစ်ရတာပဲလို့ ဖြေသိမ့်ရတယ်။
5. မင်းဟာ မင်းဘယ်လောက် လုပ်လုပ်… သူဖြစ်ချင်မှ ဖြစ်မှာ။ ဘာမှ အစိုးရတာမှ မဟုတ်ဘူး။
6. သေနေ့စေ့နေတော့ ဘယ်လောက်ပဲ ဆေးတွေ ကုကု၊ ယတြာတွေ လုပ်လုပ်၊ ဘယ်ရပါ့မလဲ …။
7. သူ့ဆန် စားမှတော့ ရဲရတော့ မပေါ့။ ကျုပ်က လုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး ... တာဝန်ယူထားလို့ လုပ်ရတာပါ။
8. ခေတ်ကြီးကိုက ဆုတ်ကပ်။ လုပ်နေလို့ကော ဘာများ အကျိုးထူးဦးမှာလဲ…။
9. ကောင်းတယ် ဆိုးတယ်ဆိုတာက ပညတ်ချက်တွေ။ လူဘဝဆိုတာက တိုတိုလေး၊ နေရတုန်း ပျော်အောင်သာနေ ...။
10. မေမေ ပြောခဲ့ဖူးတာ မှန်နေမလား… လူတိုင်းမှာ ကြမ္မာဆိုတာ ရှိတယ်တဲ့။ ဒါမှမဟုတ် လက်ဖ်တင်နင် ဒန် ပြောခဲ့သလို ဘဝဆိုတာ ကြုံသလို လေနှင်ရာ လွင့်မြောနေတာပဲလား ... ။
11. မေမေ ပြောဖူးတယ် … ဘဝဆိုတာ ချောကလက်ဗူးလိုပဲတဲ့… ကိုယ်ဘာရမယ်ဆိုတာ ကိုယ်မှ မသိနိုင်တာ..။
ကံ-ကံ၏အကျိုး ဆိုတာက “ထုံးအိုးထဲ လက်နှိုက်ရင် ဖြူသွားတာလို” မြင်သာတဲ့ ကိစ္စမျိုး မဟုတ်တော့၊ ဒီလို ယုံကြည်ယူဆချက်တွေက မြတ်စွာဘုရား တကယ် နားလည်လက်ခံစေချင်တဲ့ ကမ္မဿကတာ အမြင်မျိုး ဟုတ်-မဟုတ် ဆိုတာ ပြောဖို့ ခက်နေမှာပါ။
‘ကမ္မ’ ဆိုတာ ‘ကောင်းဆိုး အမှုတွေကို တွေးကြံ-ပြောဆို-လုပ်ဆောင်တာ’ ကို ဆိုလိုပါတယ်။ ‘သက’ ဆိုတာကတော့ ‘ကိုယ်ပိုင်ဥစ္စာ’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ ‘ကမ္မဿကတာ’ ဆိုတာ မိမိရဲ့ ‘အတွေးအကြံ-အပြောအဆို-အပြုအမူ’ လုပ်ဆောင်ချက်တွေကို မိမိ ပိုင်တယ်ဆိုတဲ့ အမြင်ပါပဲ။ တနည်းပြောရရင် ‘ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကိုယ်တာဝန်ယူရမယ်’ ဆိုတဲ့ အသိပါပဲ။ လောကမှာ တာဝန်ရှောင်တဲ့ အတွေးအမြင်, အယူအဆတွေ အများကြီး ရှိပါတယ်။ ဒါတွေကို ကမ္မဿကတသမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်တဲ့ အမြင်တွေလို့ ဆိုနိုင်ပါတယ်။
တကယ်လို့ ဒီလို တာဝန် ရှောင်တဲ့ အမြင်တွေကို သဘောကျ လက်ခံနေမယ် ဆိုရင် -
“
ကိုယ် လုပ်သင့်တာတွေကို လုပ်ဖို့၊ မလုပ်သင့်တာတွေကို ရှောင်ကြဉ်ဖို့အတွက် ဆန္ဒနဲ့ ကြိုစားအားထုတ်မှုတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာက လုပ်သင့်တဲ့ အလုပ်, ဘာက မလုပ်သင့်တဲ့ အလုပ်လို့လည်း မှန်မှန်ကန်ကန် သိမှာ မဟုတ်တော့သလို သတိနဲ့ စောင့်ထိန်းမှာလည်း မဟုတ်တော့ဘူး... (... န ဟောတိ ဆန္ဒေါ ဝါ ဝါယာမော ဝါ ဣဒံ ဝါ ကရဏီယံ ဣဒံ ဝါ အကရဏီယန္တိ။ ဣတိ ကရဏီယာကရဏီယေ ခေါ ပန သစ္စတော ထေတတော အနုပလဗ္ဘိယမာနေ မုဋ္ဌဿတီနံ အနာရက္ခါနံ ဝိဟရတံ ...)” လို့ တိတ္ထာယတနသုတ်မှာ (အံ.၃.၆၂) ရှင်းရှင်းလင်းလင်း ဟောထားပါတယ်။
‘တိတ္ထာယတန’ ဆိုတဲ့ အမည်က သာသနာပ တိတ္ထိယ တွေရဲ့ မြစ်ဖျားခံရာ စုဝေးရာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီသုတ်မှာ ဣဿရနိမ္မိတဝါဒ, ပုဗ္ဗေကတဟေတုဝါဒနဲ့ အဟေတုကဝါဒ သုံးမျိုးကို ‘တိတ္ထာယတန’ အဖြစ်သတ်မှတ်ပြီး၊ တာဝန်ရှောင်တဲ့ ဝါဒတွေ ဖြစ်လို့ ငြင်းပယ်ပါတယ်။ ၅၅၀-ဇာတ်တော်ထဲက အမှတ် ၅၂၈ မဟာဗောဓိဇာတ်မှာတော့ ဒီဝါဒသုံးမျိုး အပြင် ဥစ္ဆေဒဝါဒနဲ့ ခတ္တဝိဇ္ဇာဝါဒ နှစ်မျိုးကို ထည့်ပြီး ငြင်းပယ်ထားပါတယ်။
⚠
နိယတိဝါဒ / ဣဿရနိမ္မိတဝါဒ လူ့ဘဝဆိုတာ ရေးပြီးသား စာအုပ် တစ်အုပ်လိုပဲ ဘယ်သူနဲ့ ဖူးစာဆုံမယ်, ဘယ်အရွယ်မှာ ဘာဖြစ်မယ်, ဘယ်တော့ သေမယ် စသဖြင့် ဖြစ်ပျက်သမျှတွေက ကြိုတင်သတ်မှတ်ထားပြီးသား ဆိုတဲ့ အမြင်မျိုးကို ဒဿနမှာ Determinism လို့ ခေါ်ပါတယ်။ မူလသတ်မှတ်ချက် (နိယတိ - Destiny) လို့ လည်းခေါ်တယ်။ လူသားရဲ့ ကြမ္မာကို တန်ခိုးရှင် နတ်ဒေဝါတွေ, ဖန်ဆင်းရှင်တွေက အဆုံးအဖြတ်ပေးတယ်လို့ ယူဆတဲ့ အတွက် ဣဿရနိမ္မိတဝါဒ လို့လည်း ခေါ်ပါတယ်။ နတ်တွေ, ဝိဇ္ဇာတွေ, အထက်ပုဂ္ဂိုလ်တွေရဲ့ စောင်မမှုကို မျှော်လင့်နေတတ်တဲ့ အယူအစွဲတွေကလည်း ဣဿရနိမ္မိတဝါဒရဲ့ အစွယ်အပွားတွေပါပဲ။ အရာရာဟာ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်နေမယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေက အချည်းအနှီး ဖြစ်နေပါလိမ့်မယ်။ တနည်းအားဖြင့်လည်း ကိုယ်တိုင် ကြိုးစားအားထုတ်မှုထက် နတ်ဒေဝါတွေရဲ့ မှိုင်းမမှုကိုပဲ တောင်းခံ စောင့်စားနေကြပါလိမ့်မယ်။
⚠
ပုဗ္ဗေကတဟေတုဒိဋ္ဌိ အချို့ကတော့လည်း ဖြစ်သမျှကို ရှေးအတိတ်ကံကိုပဲ ပုံချတတ်ကြပါတယ်။ ဘဝဆိုတာ ဝဋ်ကြွေးတွေဆပ်နေရတာ၊ ဖြစ်သမျှကို ခါးစည်းပြီးခံရမယ်လို့ ယူဆတတ်ကြတယ်။ ဒီလို ကံကြွေးဆပ်ပြီး ဝဋ်ကို ကုန်စေ, သန့်စင်စေတယ် ဆိုတာမျိုးက ဘုရားအလိုတော်ကျ ကမ္မဝါဒထက် (နိဂဏ္ဍတွေရဲ့) ဂျိန်းဝါဒနဲ့ ပိုနီးစပ်ပါတယ်။ အရာရာကို ရှေးကပြုခဲ့တဲ့ အကြောင်းကံတွေကြောင့်လို့ ပုံချတဲ့ ဝါဒကို ဗုဒ္ဓဘာသာမှာ ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ သတ်မှတ်ပါတယ်။ ရောဂါ တစ်ခုရလာတယ်ဆိုရင် ဒါဟာ ရှေးကံကြောင့် ဖြစ်နိုင်သလို၊ လေ-သလိပ်-သည်းခြေ ဖောက်ပြန်တာ, ရာသီဥတု ဖောက်ပြန်တာ, ထိခိုက် ဒဏ်ရာရတာ စသဖြင့် အကြောင်းတရား အမျိုးမျိုး ရှိနေနိုင်တာကြောင့် အတိတ်ကံကိုချည်း ပုံချလို့ မရပါဘူး။
⚠ အဟေတုကဝါဒ
အချို့ကတော့လည်း လူ့ဘဝဆိုတာ ကြိုတင်ပြဋ္ဌာန်ထားတာမျိုး မဟုတ်ဘူး။ အကြောင်းရင်းမြစ် မရှိဘဲ ကြုံကြိုက်တိုက်ဆိုင်မှု (သင်္ဂတိ - accidental occurrence) တွေသာ ဖြစ်တယ်လို့ ယူဆကြတယ်။ အရာရာဟာ သူ့သဘာဝအလျောက် ကြုံရာကြပမ်းဖြစ်နေမယ် ဆိုရင် ကောင်းမှုတွေကို ကြိုစားအားထုတ်နေလည်း အပိုပဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းမဲ့ ဖြစ်တယ်ဆိုတဲ့ အဟေတုကဝါဒ (တနည်း အဓိစ္စသမုပ္ပန္နဝါဒ) ကို မြတ်စွာဘုရားက ငြင်းပယ်ပြီး၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒတရားကို ဟောပါတယ်။
⚠ အကိရိယဝါဒ
ကောင်းခြင်း, ဆိုးခြင်းဆိုတာတွေက ကာလ, ဒေသ, အခြေအနေပေါ် လိုက်ပြီး သတ်မှတ်ထားတဲ့ ပညတ်ချက်တွေသာ ဖြစ်တယ်၊ သူ့ဖက်က ကြည့်ရင် မှန်ပေမယ့် ကိုယ်ဖက်က ကြည့်ရင် မှားနေနိုင်တယ် စသဖြင့် ယူဆတဲ့ ပညတ်ဂိုဏ်းသား (moral relativists) တွေကလည်း ကောင်းဆိုး အကုသိုလ်တွေကို ငြင်းပယ်ရာ ရောက်ပါတယ်။ အချို့ ပရမတ်လွန်သမားတွေကလည်း ပရမတ်တရားတွေကသာ အစစ်မှန် ဖြစ်တယ်၊ လူ, တိရစ္ဆာန်, မိဘ, သားသမီးဆိုတာတွေ မရှိဘူးလို့ သမုတိသစ္စာကို ငြင်းပယ်ပြီး “လူသတ်တယ်၊ အရက်သောက်တယ် ဆိုတာ မရှိဘူးလို့ ယူဆကြပြန်တယ်။ ဒီလို အယူအဆတွေက ကောင်းမှု, မကောင်းမှုကံတွေကို ပစ်ပယ်ရာရောက်ပြီး ဒါန ပြုတာ, သီလ ဆောက်တည်တာတွေက အဓိပ္ပါယ် မရှိဘူးလို့ ယူဆတဲ့အတွက် အကိရိယဝါဒလို့ ခေါ်ပါတယ်။
⚠ ဥစ္ဆေဒဝါဒ
တချို့ ရုပ်ဝါဒီ, မျက်မှောက်ဝါဒီတွေကတော့ “လူဆိုတာ ရုပ်တရားတွေနဲ့ ဖွဲ့စည်းထားတာ။ သေလို့ ရှိရင် ခန္ဓာကိုယ်က ပျက်စီးပြီး မြေကြီး ဖြစ်သွားမယ်, မော်လီကျူးတွေ, အက်တမ်တွေ ပြန်ဖြစ်ပြီး အဆုံးသတ်သွားမယ်။ တမလွန် လောက ဆိုတာ မရှိဘူး, အတိတ်ဘဝ ဆိုတာ မရှိဘူး, ငရဲ မရှိဘူး, နတ်ပြည် မရှိဘူး။ ကောင်းကျိုးဆိုးကျိုးတွေကို မျက်မှောက်ဘဝမှာသာ ခံစားရတယ်” လို့ ယူဆကြတယ်။ ဒီလို တမလွန်ကို ငြင်းပယ်တဲ့ ပြတ်စဲအယူဝါဒကို ဥစ္ဆေဒဝါဒ လို့ခေါ်တယ်။ ကုသိုလ်-အကုသိုလ် ကံတွေရဲ့ အကျိုးကို ပစ်ပယ်တဲ့ အတွက် နတ္ထိကဝါဒလို့ လည်းခေါ်ပါတယ်။
⚠ ခတ္တဝိဇ္ဇာဝါဒ
အချို့ကတော့လည်း ကိုယ့်အတွက် အကျိုးရှိမယ့် ကိစ္စဆိုရင် ဘာလုပ်လုပ် တရားတယ်လို့ ယူဆကြတယ်။ ကိုယ့်ရဲ့ ဩဇာအာဏာ ကြီးပွားရေးအတွက် ဆိုရင် မိဘ, သားမယားကိုတောင် သတ်သင့် သတ်ရမယ်၊ ဘယ်လို လုပ်တယ်ဆိုတဲ့ လုပ်ရပ်က အရေးမကြီးဘူး၊ ခရီးရောက်ဖို့ အလုပ်ဖြစ်ဖို့က ပိုပြီး ပဓာနကျတယ် (The end justifies the mean) လို့ ယူဆကြတယ်။ ဒီလိုအယူအဆမျိုးကို မဟာဗောဓိဇာတ်မှာ ခတ္တဝိဇ္ဇာဝါဒလို့ အမည်ပေးပြီး ကမ္မဝါဒရဲ့ ဆန့်ကျင်ဖက် စာရင်းမှာ ထည့်ပြထားတယ်။ ခတ္တဝိဇ္ဇာဆိုတာ မင်းသားတွေကို ဆုံးမတဲ့ ရာဇနီတိ ကျမ်းမျိုးတွေကို ခေါ်တာပါ။ The Prince လို့ အမည်ရတဲ့ ကျမ်းကို ရေးခဲ့တဲ့ Machiavelli ရဲ့ ဝါဒမျိုး၊ သေနတ်ပြောင်းဝမှာ အာဏာတည်တယ်ဆိုတဲ့ ဝါဒမျိုးနဲ့ နီးစပ်ပါတယ်။ ဒါကြောင့် ခတ္တဝိဇ္ဇာဝါဒကို အာဏာဝါဒ (Rule of Might), စစ်သားဝါဒ (rule of warriors), မက္ခိယာဗယ်လီဝါဒ (Machiavellianism) လို့ အချို့က ဘာသာပြန်ကြတယ်။ နိုင်ငံရေးသိပ္ပံမှာတော့ မက္ခိယာဗယ်လီဝါဒကို နိုင်ငံရေးသရုပ်မှန်ဝါဒ (Political Realism) လို့ ယူဆကောင်း ယူဆကြမယ်။ ကိုယ်ကျင့်တရားရှုထောင့်က ကြည့်ရင်တော့ လူမိုက်ဝါဒမျိုးပါပဲ။ ဒါကြောင့် မဟာဗောဓိဇာတ်မှာ ဒီဝါဒမျိုး ရှိတဲ့သူကို “ကိုယ့်ကိုယ်ကို ပညာရှိထင်နေတဲ့ လူမိုက်ကြီးတွေ” (ဗာလာ ပဏ္ဍိတမာနိနော) လို့ မှတ်ချက်ပေးထားတယ်။ အာဏာဆိုတဲ့ အကျိုးရလဒ်တစ်ခုကိုသာ ကြည့်ပြီး မိမိရဲ့ လုပ်ရပ် မှန်မမှန်ကို ဂရုမစိုက်တော့ဘူးဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဝါဒဖြစ်လို့ ကမ္မဿကတအမြင်နဲ့ ဆန့်ကျင့်တဲ့ မိစ္ဆာဝါဒ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ကမ္မဿကတအမြင်ဆိုတာ အကြောင်း-အကျိုးကို ယုံကြည်ရုံသက်သက် မဟုတ်ဘဲ၊ အကြောင်း ကောင်းအောင် လုပ်ရမယ်, ကောင်းမှု-မကောင်းမှုဆိုတာ မိမိကိုယ်တိုင် ရွေးချယ်ပြုလုပ်တာဖြစ်လို့ ကိုယ်ပိုင်တယ်, ကိုယ်တာဝန်ယူရမယ် ဆိုတာကိုပါ နားလည်လက်ခံဖို့ လိုပါတယ်။
(၂၀၀၉-ခုနှစ်က ရေးခဲ့ဖူးတဲ့ ပို့စ်နှစ်ခုကို ပေါင်းပြီး ပြန်ရေးထားပါ။)
ဧရာ (မန္တလေး)
စာညွှန်း။
အံ.၃.၆၂၊ မဟာဝဂ်-တိတ္ထာယတနသုတ်
ဇာတက-၅၂၈၊ ပဏ္ဏာသနိပါတ်၊ မဟာဗောဓိဇာတ် (ဇာတကအမှတ် ၅၂၈)