ကျွန်မ ဆယ်တန်းတုန်းက ဖြစ်သည်။
“မကြီး သီတာ ဆုရလာတယ်။ စာစီစာကုံးပြိုင်တာ၊ ခေါင်းစဉ်က ‘ဇာတိချက်ကြွေ၊ မွေးရပ်မြေ။’ ”
“ဟုတ်လား။ ပြစမ်းပါဦး၊ စာစီစာကုံးကို။” “ဟင်? ရွာအကြောင်းကြီးရေးထားတာပဲ၊ သီတာက ရန်ကုန်မှာ မွေးတာပဲဟာ။ ရွာက မကြီးတို့ရဲ့ မွေးရပ်မြေ။ မကြီးတောင် အဲ့ဒီလောက် မရေးတတ်ဘူး။”
ဟုတ်ပါသည်။
ကျွန်မ အစ်မကြီးနှင့်၊ အစ်ကို သုံးယောက်တို့၏ မွေးရပ်မြေ။
အဖေနှင့်၊ အမေတို့၏ မွေးရပ်မြေ။
အဖိုးနှင့်၊ အဖွားတို့၏ မွေးရပ်မြေ။
“ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာ။”
*****
ကျွန်မ နှစ်တန်းတုန်းက ဖြစ်သည်။
အတန်းပိုင်ဆရာမက မြန်မာစာ သင်ချိန်တွင်၊ စာလုံးတွေ ပေးပြီးဝါကျဖွဲ့ ခိုင်းသည်။
‘သွားသည်။’ ဆိုသော စာလုံးပါသည်။
ခုနစ်နှစ် အရွယ် ကလေးတစ်ယောက်၏ ရင်ထဲ၊ ခေါင်းထဲရှိသော စာလုံးတွေနှင့် ဝါကျဖွဲ့လိုက်သည်။
“ကျွန်မသည် ရုပ်ဆိုင်သို့သွားသည်။”
ဆရာမ ဆီမှ စာအုပ်ပြန်ရလာတော့၊ ထိုဝါကျကို အမှားခြစ်ထားသည်။
အံ့သြမှုတွေနှင့်၊ “ဆရာမ ဒါဘာဖြစ်လို့ မှားတာလဲဟင်?”
“ကျွန်မသည် အရုပ်ဆိုင်သို့သွားသည်။ ဆိုရင် ‘အ’ ပြုတ်ကျန်ခဲ့တယ်လေ။”
“အရုပ်ဆိုင် မဟုတ်ဘူး ဆရာမ။”
သြော်၊ ‘အရုပ်ဆိုင’် မဟုတ်ဘူး ဆိုရင၊် ‘ရှပ်ဆိုင်’လို့ ရေးချင်တာလား။ ရှပ်ဆိုင်ဆိုရင်၊ ဟတ်ထိုး။ တစ်ချောင်းငင် မဟုတ်ဘူး။ ဆရာမက ပြောပြောဆိုဆို ကျွန်မ စာအုပ်တွင် မှင်နီဖြင့် တစ်ချောင်းငင်ကို ဟတ်ထိုး ပြင်ပြီး၊
“သွား။ သုံးခေါက် အမှားပြင်ခဲ့။”
“ရှပ်ဆိုင်ဆိုတာ ဘာလည်း ဆရာမ?”
“ရှပ်ဆိုင်ဆိုတာ ယောင်္ကျားရှပ်အင်္ကျီ ချုပ်ရောင်းတဲ့ဆိုင်။”
အမှားဆိုတာကို မလိုချင်သည့် စိတ်ရင်းဆွဲရှိသည့် ကျွန်မငယ်ငယ်သည် ငါက ယောင်္ကျားလည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ရှပ်ဆိုင်ကို သွားရမှာလဲ။ ငါက ရွာဆိုတာကိုမှ ထည့်မရေးမိတာကို၊ ဒါလည်းမဟုတ်ပါဘူး။ ရန်ကုန်သို့ သွားသည်။ မန္တလေးသို့ သွားသည်။ ဒီလိုပဲ ရေးကြတာပဲ မြို့လို့ထည့်မရေးပေါင်။
ဆရာမ ကျွန်မတို့ ရွာနံမည်အား မသိခြင်းကို ဝမ်းနည်းမိခြင်းဖြင့်ပင် အမှားပြင်ခြင်းကို အဆုံးသတ်လိုက်သည်။
နောက်များမှ ဆရာမကို ‘ရုပ်ဆိုင’်ဆိုတာ သမီးတို့ ရွာနံမည်လို့ ပြောပြရဦးမယ်။
*****
အဖေပြောဖူးသည့်စကား။
“အဖေတို့များ လယ်သမား သားသမီး ဆင်းရဲပါတယ် သမီးရယ်။ ဝါဆိုလ ရေကြီးကြီးနဲ့၊ သမီးတို့ အဖွားမယ်၊ ကောက်စိုက်ရင်း ဗိုက်နာလာလို့၊ ကောက်စိုက်တံချ လယ်ထဲက တက်မွေးရတာ သမီးတို့ အဖေကိုပေါ့။ လဆန်း(၆)ရက်။ ငယ်ငယ်တုန်းကများ ဝတ်စရာအင်္ကျီ မရှိလို့ သင်တိုင်းကြီးလို ခေါင်းကစွတ်ချထားရတာ ဂုံနီအိတ်စလို ကြမ်းကြမ်းကြီးပါ။ အရွယ်ရောက်လာ၊ အိမ်ထောင်ရက်သားကျတော့ သမီးတို့ အဖိုးက အဖေ့ကို ပြောတယ်။ ငါ့သား မင်းလယ်ထဲနေရင်တော့ ကြီးပွားမှာ မဟုတ်ဘူး။ မင်း သား၊ သမီးလေးတွေလည်း လယ်ထဲရောက်မယ်။ မင်း စပါးကုန်ကူးချေကွာ ဆိုပြီး ဆန်ပြုတ်သောက်ပြီး စုထားတဲ့ ငွေတို၊ ငွေစလေးတွေ ထုတ်ပေးတယ်။”
ရိုးသားခြင်း၊ ကြိုးစားခြင်း၊ စိတ်ကူးဉာဏ် ကောင်းခြင်းတွေနဲ့ ရွက်ကုန်ဖွင့်။
သမ္ဗန်တက်ကို လက်တွေပေါက် သွေးထွက်အောင် လှော်ခဲ့။
ဆန်စက်များရဲ့ အဝယ်တော်။ ကျွန်တော်။
ကြိုးစားရင်း၊ ကြိုးစား။
ချွေတာရင်း၊ စုဆောင်း။
မောင်တထမ်း၊ မယ်တရွက်။
သားသမီးလေးတွေကလဲ၊ လိမ္မာသကွဲ့။
ဒီလိုနဲ့...
လမ်းခုလတ်မှာ၊ မှောက်လျက်ထိုး။
ပြည်သူပိုင်နဲ့၊ တည့်တည့်တိုး။
ဆန်စက်လုပ်သား၊ မောင်ခမျာရယ်။
အလုပ်လက်မဲ့၊ မနေနိုင်တယ်။
ရန်ကုန်မြို့ပေါ်၊ ခေါက်တုံ့လျှောက်။
ရှာစမ်းပါဟဲ့၊ ငွေဝင်ပေါက်။
လမ်းဘေးအိမ်သာ၊ ခေါင်းကိုထိုး။
ဖြတ်သန်းရတဲ့၊ နေ့, ညဆိုး။
တွေ့ပါပြီတဲ့၊ ငွေပေါ်လွယ်။
ငါးပွဲစားတဲ့ကွယ်။
ရောက်ရပြန်ပေါ့၊ မွေးမြေတစ်ခေါက်။
မြစ်ကြိုချောင်းကြား၊ ထိုနယ်တစ်လျှောက်။
ဟိုတုန်းကတော့၊ စပါးဝယ်။
ခုများမှာတော့၊ ငါးရှာတယ်။
သိရက်နှင့်ပင်၊ မျက်စောင်းထိုး။
အကုသိုလ်မျိုး၊ ထိုအကျိုး။
*****
အညှိုးအတေကြီးတဲ့၊ ဘုရားကျမ။
နာဂစ်ကိုတော့၊ လက်မှိုင်ချ။
(ကျွန်မကို မွေးမှ) ဖခင်မကြိုက်သော အလုပ်ကို ‘ငါတစ်ယောက်တည်း ကောင်းစားဖို့ မဟုတ်ဘူး။ အများကောင်းစားဖို့’ ဟု (ကိုယ့်လိပ်ပြာ၊ ကိုယ်မလုံနိုင်ဘဲ) ကြုံးဝါးရင်း၊ ‘အဖေ့ သားသမီးတွေ အကုန် ပညာတတ်တယ်’ ဟု မကြာခဏ သက်ပြင်းချလေ့ရှိသောအဖေမသိအောင်၊ ကြိတ်ဆုတောင်း။
တံငါဘဝမှ၊ လွတ်စေကြောင်း။
***** အို လာခြင်းကောင်းသော၊ သူတော်ကောင်းအပေါင်းတို့
သင်တို့၏ ရခဲလှသော ဘဝတန်ဖိုးကို အကျိုးမဲ့၊ အချီးနှီး မဖြစ်ကြစေကုန်လင့်။
4 comments:
ပျော်စရာ“ရုပ်ဆိုင်“ရွာလေး
နာဂစ်ကြောင့်“ယိုင်ဆုတ်“သွားပြီလားလို့
တွေးမိပြီးဝမ်းနည်းမိတယ်။
မသီတာနှင့်ထပ်တူခံစားလျက်ပါ။
ပျော်စရာ“ရုပ်ဆိုင်“ရွာလေး
နာဂစ်ကြောင့်“ယိုင်ဆုတ်“သွားပြီလားလို့
တွေးမိပြီးဝမ်းနည်းမိတယ်။
မသီတာနှင့်ထပ်တူခံစားလျက်ပါ။
‘မ’ရေ…ရုပ်ဆိုင်ရွာလေး အသက်ရှင်လျှက်ရှိနေသေးပါစေလို့ ဆုတောင်းပေးပါတယ်…
Ma Ma,
I like your writing more and more.I think you are writing with heartily , not by hand.
TMAye
Post a Comment