၁၉၈၄-၈၅ ပညာသင်နှစ်
အစဉ်အလာ အရှိန်အဝါကြီးမားလှတဲ့ အ.ထ.က (၂) လသာရဲ့ ဒဿမတန်း(က)
နောက်ဆုံးတန်း ညာဖက်အစွန်ဆုံးမှာ ဝါဝါ၊ သီတာနဲ့ သန္တာ ဆိုတဲ့ သိုးမည်းလေး သုံးကောင်ရှိနေခဲ့တယ်။
အမည်းတကာထက်မည်းတဲ့ သိုးမည်းလေးငါ သိုးအုပ်ကြီးရဲ့ တူရှူသွားရာ ဆေးတက္ကသိုလ်ကို လိုက်ပါမမှီခဲ့တော့ မင်းနဲ့ ဝေးခဲ့ရတာ အဲ့ဒီအချိန်ကတည်းကပါပဲ…
ငါ မှတ်မိနေသေးတဲ့ မင်းက အသားညိုဝါဝင်းဝင်း၊ လေးထောင့်မကျတကျ မျက်နှာမှာ ရိုးစင်းတဲ့ မျက်လုံးပြူးပြူး မျက်တောင်စင်းစင်းလေးတွေ…။ မင်းနောက်က ကပ်ပါလာတဲ့ အရှိန်အဝါတွေကိုတော့ ထားလိုက်တော့… မင်းကလည်း ဒါတွေ ငါတို့ရှေ့ ဘယ်တုန်းကမှ ချမပြခဲ့သလို… ငါတို့ကလည်း မြင်နေရပေမဲ့ မကြည့်ခဲ့ပါဘူး။
နောက်ပြီး မင်းလက်ရေး ရှင်းရှင်းကျဲကျဲလေးတွေ ငါမှတ်မိသေးတယ်။ “ဇာတိချက်ကြွေ မွေးရပ်မြေ” ဆိုတဲ့ စာစီစာကုံး အိမ်စာပေးတော့ ငါက အဖေအမေ အဖိုးအဖွားတို့ရဲ့ မြစ်ဝကျွန်းပေါ်က ရွာလေးအကြောင်း ကိုယ့်မွေးရပ်မြေ မဟုတ်ပဲ အင် လုပ်ပြီး ရေးလာတာ။ မင်းကတော့ မင်းရဲ့ မွေးရပ်မြေ အမှန် ရှမ်းပြည်နယ်က ရွာလေးတရွာ အကြောင်း သုံးမျက်နှာ ပြည့်အောင် လက်ရေးကျဲကြီးတွေနဲ့ ဖျစ်ဖျစ်မြည်အောင် ရေးလာခဲ့တာ…။ ဖတ်ကြည့်လိုက်တော့ ရွာထဲမှာ သူပုန်နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ကြတဲ့ အကြောင်း… ရွာသားတွေ ဘယ်လို ပုန်းကြခိုကြရတယ်ဆိုတဲ့ အကြောင်း… အဲ့ဒီကစ မင်းဟာ ငါအတွက် မှတ်မှတ်ယယ ချစ်ဖို့ကောင်းသွားခဲ့တယ်။
တကယ်တော့ သူငယ်ချင်းရယ် သိပ်စောလွန်းသေးတယ်လို့ ငါရူးမိုက်စွာ ပြောပါရစေ…။ ဆရာဝန်တယောက် ဖြစ်တဲ့ မင်းက မင်းအသက်ကို ငါ့ထက်သာအောင် ဆွဲဆန့်မထားနိုင်တော့ဘူးတဲ့လားကွာ... မယုံချင်စရာ...
သူ့အသက် ၁၂နှစ်မှာ မိခင်ကွယ်လွန်ခဲ့တဲ့ ဝါဝါကတော့ မင်းကလေးတွေ ဘယ်အရွယ်ရောက်ပြီလဲလို့ တွက်ချက်နေတယ်…။ ငါကတော့… တို့တွေ ဆုံခဲ့တဲ့ ဆယ်တန်း တနှစ်တာမှာ ဝတ်ခဲ့တဲ့ ကျောင်းစိမ်းလုံချည်လေးလို စိမ်းကားအေးစက်လွန်းတဲ့ မင်းကို သွားနှင့်လေဦးတော့ သူငယ်ချင်းရေ…လို့ပဲ ရင်နာနာနဲ့ နှုတ်ဆက်လိုက်ပါတယ်...

12 comments:
hopefully 1st this time. :)
will give comment in mm language tonight cuz can't use mm font at office. :(
သေဆုံးပေးရတာလည်း လူ့ဘဝဖြစ်စဉ်ထဲက တခုပဲ ဆိုတဲ့ ဇာတ်ဝင်ခန်း တစ်ခုထဲ့က စကားလေးကိုသတိရမိတယ် ။ ဝမ်းသာစရာ သတင်းမဟုတ်တဲ့ အတွက် ဖတ်ရင်းခေါင်းထဲရောက်လာတာပါ ။ တခုခုကို ရုတ်ချည်းသတိရသွားသလိုဖြစ်တဲ့ အတွက် မှတ်ချက်မှာဝင်ရေးခဲ့ပါတယ် ။
အော.. သီတာက မသန္တာ နဲ့ သူငယ်ချင်းလား...
ကိုကြီးနဲ့ မသန္တာက တတန်းထဲ တနှစ်ထဲ ကျောင်းပြီးတာလေ... သူတို့ အတူတူ တဖွဲ့တည်းပဲ...
သ နဲ့ အ လေ...။
ကလေးတွေ သနားပါတယ်နော်...
ဦးနှောက်သွေးကြောပြတ်တယ် ပြောတာပဲ...
တကယ် စိတ်မကောင်းစရာ...။
၈၄-၈၅ ဆိုတော့ ဇွန်တို့က သူငယ်တန်း။ ဇွန့်မှာလည်း သူငယ်တန်းတုန်းကဓာတ်ပုံလေး ခုထိရှိသေးတယ်။ အဖြူအမည်းနဲ့ပဲ။ နောက်နှစ်တွေကျတော့ ကာလာနဲ့ဖြစ်သွားပြီ။
ဇွန်တို့ classmate တစ်ယောက်လည်း လွန်ခဲ့တဲ့ ၅နှစ်လောက်က မီးဖွားရင်း ဆုံးသွားလို့ အံ့သြ၀မ်းနည်းခဲ့ရတယ် မရယ်။ အဲဒီ့အချိန်ကဆို သူ့အသက် ၂၅ပဲ ရှိသေးတယ်။ သေခြင်းတရားဆိုတာ အသက်အရွယ်မရွေး၊ လူမရွေး၊ နေရာဒေသမရွေးဘဲ ခေါ်ဆောင်တတ်ပါလားဆိုတာ ဆင်ခြင်မိတယ် မရေ။
စိတ်မကောင်းဖြစ်ရပါတယ်၊
နှလုံးသားက အခုတလော မခိုင်ချင်ဘူး၊
သတင်းကြားရတာ စိတ်မကောင်းစရာ.. လူမမယ်ကလေးတွေပါကျန်ခဲ့တယ်ဆို ပိုသနားစရာနော်။
၄၃ဆို ငယ်သေးတယ် ပြောရမယ်နော်။ ဘာဖြစ်လို့ ဆုံးပါးသွားတာလဲ မသိဘူးနော်။
စိတ်မကောင်းပါဘူး။
ဒေါက်တာသန္တာကို မသိပေမဲ့ ကိုယ်နဲ့ ကျောင်းတကျောင်းထဲ တက်ခဲ့သူတယောက်အနေနဲ့ရော (နေရပ်က ဖိုးစိန်လမ်းဆိုတော့) ကိုယ့်ပတ်ဝန်းကျင်က သူတယောက်အနေနဲ့ရော စိတ်မကောင်းဖြစ်မိပါတယ်။
ဝင်လာပြီး ပြန်ထွက်သွားကြ ဒီအခန်းမှာ.....
ထပ်တူထပ်မျှခံစားရပါတယ်။ သွားလေသူအတွက် ကောင်းရာသုဂတိ လားပါစေလို့ပဲ ဆုတောင်းပါတယ်။
စိတ်မကောင်းစရာပါပဲ မမရယ်..အသက် ၄၃ နှစ်ဆို ငယ်သေးတာပဲနော်..သြော်..သတ္တ၀ါဆိုတာ ပြောလို့မှ မရတာပဲလေ..ကိုယ်တောင် ၄၃ နှစ်အထိ နေရပါ့မလား မသိ။
ဝါ့အသိ ဆရာဝန်တစ်ဦးလည်း ကားမောင်းနေရင်း ဦးနှောက်ကြောပြတ်သေသွားတယ် မမရေ.
ငယ်သူငယ်ချင်း တချို့တွေလည်း မထင်မှတ်တဲ့ အချိန်
တွေမှာ နှုတ်မဆက်ပဲ ထွက်ခွါသွားခဲ့ကြတယ်။
စိတ်မကောင်းမိပါဘူး မမရေ.
ထပ်တူမဟုတ်တောင်မှ ငယ်သူငယ်ချင်းတစ်ယောက် ဆုံးရှုံးရတဲ့အတွက် နားလည်ခံစားမိပါတယ်ရှင်။
ကျန်းမာပျော်ရွှင်နိုင်ပါစေ။
ညီမ
ဝါ၀ါ
မယ်သီတာ ငါသူ့ ကို မမှတ်မိဘူး။ ဒါမဲ့ လသာ ၂ ကျောင်းသူဟောင်း အနေနဲ့ ဝမ်းနည်း မိပါတယ်။
တရားလဲ ပိုရလာပြီ... တို့ အသက်တွေက နာရေးကြော်ညာနဲ့ တအားရင်းနှီးလာ ပြီ...
စကား မဆပ်.. မသက်ဝေ...သိပြီ သိပြီ သူဘဲ သူဘဲ၊
Post a Comment