ဝေသာလီ အသောကကျောက်တိုင်နှင့် စေတီ |
ခရီးစဉ်ရဲ့ ၁၂-ရက်မြောက် နံနက်စောစောမှာ ကုသိနာရုံကနေ မိုင် ၁၀၀-ကျော် ဝေးတဲ့ ဝေသာလီကို ခရီးဆက်ခဲ့ကြပါတယ်။ ဒီခရီးက ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်ကာနီး နောက်ဆုံး ကြွတော်မူခဲ့တဲ့ ခရီးနဲ့ ဆန့်ကျင့်ဖက်လို့ ဆိုနိုင်ပါတယ်။ မြတ်စွာဘုရားက ဝေသာလီမှာ အာယုသင်္ခါရ လွှတ်တော်မူပြီးတဲ့နောက် ဘဏ္ဍုဂါမ၊ ဟတ္ထိဂါမ၊ အမ္ဗဂါမ၊ ဇမ္ဗုဂါမ၊ ဘောဂနာဂရမြို့၊ ပါဝါမြို့တို့ကို အစဉ်အတိုင်း ခရီးလှည့်လည်လာခဲ့ပြီး ကုသိနာရုံမှာ ပရိနိဗ္ဗာန် စံဝင်တာဖြစ်ပါတယ်။ နောက်ဆုံး ဆွမ်းဘုဉ်းပေးတော်မူရာ ပါဝါမြို့ကို ဒီနေ့ခေတ် ဖဇီလ်နာဂါ (Fazilnagar) လို့ ရှာဖွေသတ်မှတ်နိုင်ခဲ့ပေမယ့်၊ အခြားလမ်းခရီး မြို့ရွာငယ်လေးများက ဘယ်အရပ်မှာ ရှိမယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ကြတော့ပါဘူး။ ကုသိနာရုံနဲ့ ပါဝါမြို့ကြား အလယ်လောက် မှာတော့ မြတ်စွာဘုရား နောက်ဆုံးရေကြည်တော် သောက်ပြီး ရေသပ္ပါယ်ခဲ့တဲ့ ကကုဓာမြစ် ရှိပါတယ်။
ကုသိနာရုံမှ ဝေသာလီသို့ |
ကေသရိယ
ကုသိနာရုံကနေ ဝေသာလီကို သွားတဲ့လမ်းမှာ ကေသရိယ (Kesariya) ကို ဖြတ်သွားရပါတယ်။ ဒီနေရာဟာ ဗုဒ္ဓခေတ်က ကာလာမ မျိုးနွယ်စုတွေနေတဲ့ ကေသပုတ္တိ (ကေသမုတ္တိ) နိဂုံး၊ ကာလမသုတ် ဒေသနာ ဟောကြားတော်မူခဲ့ရာ အရပ်ပါ။ လမ်းအနီးမှာ စေတီပျက်ကြီး တစ်ဆူရှိပါတယ်။ ဒီစေတီက တရုတ်ရဟန်းတော် ဖာရှန် (ဖာဟီယန်) ရဲ့ မှတ်တမ်းမှာ ပါတဲ့ ဗုဒ္ဓရဲ့ သပိတ်တော် စွန့်ရာနေရာ အထိမ်းအမှတ် စေတီလို့ ယူဆကြပါတယ်။ မြတ်စွာဘုရားက နောင်သုံးလမှာ ပရိနိဗ္ဗာန်ပြုတော့မယ်လို့ အသိပေးကြေညာပြီး ဝေသာလီကနေ ကုသိနာရုံကို ခရီးထွက်တော်မူတဲ့အခါ၊ ဝေသာလီက ဝဇ္ဇီတိုင်းသားတွေက နောင်မှာ မြတ်စွာဘုရားကို ဖူးရတော့မှာ မဟုတ်ဘူးဆိုပြီး အလွန်ယူကြုံးမရ ဖြစ်ပြီး၊ ဘုရားရှင်ရဲ့ နောက်တော်ကနေ ထပ်ချပ်မကွာ လိုက်ပါခဲ့ကြပါတယ်။ ကေသရိယ အရပ်ရောက်တဲ့ အချိန်မှာတော့ ထပ်မံ မလိုက်ဖို့ တားမြစ်ပြီး မိမိကိုယ်စား ကိုးကွယ်ဖို့ သပိတ်တော်ကို စွန့်တော်မူခဲ့ပါတယ်။ ဝဇ္ဇီတိုင်းသားတွေက သပိတ်တော်ကို မိမိတို့ အရပ်ဒေသ ဝေသာလီကို ပင့်ဆောင်ပြီး ဌာပနာစေတီ တည်ခဲ့ကြပါတယ်။ နောင်တော့ သပိတ်တော် စွန့်ခဲ့ရာ ကေသရိယအရပ်မှာလည်း စေတီတည်ခဲ့တယ်လို့ ဖာရှန်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အစကတော့ ရွှံ့စေးနဲ့ တည်ဆောက်ခဲ့ဟန်တူပြီး၊ နောင် မောရိယ၊ သုင်္ဂ၊ ကုသျှနမင်းဆက်ခေတ်တွေမှာ စေတီကို အုတ်တွေနဲ့ ငုံပြီး ပြုပြင်မွန်းမံခဲ့ပါတယ်။ ခရစ်နှစ် ၆-ရာစု ဂုတ္တခေတ်မှာ အတော်လေး တိုးချဲ့မွန်းမံခဲ့ပြီး ရုပ်ထုပေါင်း တစ်ရာကျော်နဲ့ တန်ဆာ ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဘောရောဗုဒု (Borobudur) စေတီတော်ရဲ့ ပုံစံချင်းတူတယ်လို့ သိရပါတယ်။ မူလက အမြင့်ဉာဏ်တော် ပေ ၁၅၀ ထိရှိခဲ့ပြီး၊ ယခုအခါမှာတော့ ၁၀၄ ပေသာ မြင့်ပါတော့တယ်။ အချိန်မရတဲ့အတွက် ကားပေါ်ကနေသာ ဖူးခဲ့ရပါတယ်။
ကေသရိယ (ကေသမုတ္တိ) အရပ်ရှိ စေတီ |
ဝေသာလီ
ဗုဒ္ဓခေတ်အခါက ဝဇ္ဇီတိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ ဝေသာလီကို နေ့လည် ၁၂-နာရီကျော်လောက်မှ ရောက်ပါတယ်။ ဗီဟာရ်ပြည်နယ် မူဇာဖာပူရ် (Muzaffarpur) ရဲ့ အနောက်ဖက် မိုင် ၂၀ အကွာ၊ ပတ္တနာမြို့ကနေဆိုရင် မြောက်ဖက် ၃၉-မိုင် အကွာမှာ တည်ရှိပါတယ်။ ဝဇ္ဇီတိုင်းက လူမျိုးနွယ်တွေ စုပေါင်းနေထိုင် အုပ်ချုပ်ကြတဲ့ ပြည်ထောင်စုနိုင်ငံ (Tribal Confedration) ဖြစ်ပါတယ်။ စာဏကျ အမတ်ကြီး စီရင်တဲ့ အဋ္ဌသျှတြကျမ်းမှာ ဝဇ္ဇီတိုင်းနိုင်ငံကို “ဂဏသံဃ” စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံအဖြစ် မှတ်တမ်းတင်ခဲ့ပြီး၊ အနောက်တိုင်း ပညာရှင်တွေကတော့ ဒီမိုကရေစီရဲ့ ရှေ့ပြေးနိုင်ငံ (proto-democratic republic) အဖြစ် မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ အဋ္ဌကထာ မှတ်တမ်းများအရ အုပ်ချုပ်ရေးကို ရာဇ လို့ခေါ်တဲ့ အုပ်ချုပ်ရေး အရာရှိပေါင်း ၇၇၀၇-ဦးတို့ ပါဝင်တဲ့ ဂဏရာဇာ အဖွဲ့က အုပ်ချုပ်ပြီး၊ “အဋ္ဌကုလိကာ” လို့ခေါ်တဲ့ လူမျိုးနွယ်စု ရှစ်စုတို့ရဲ့ ခေါင်းဆောင်တွေ စုစည်းထားတဲ့ တရားရေးအဖွဲ့က ပဝေဏီပေါတ္ထကလို့ ခေါ်တဲ့ ရှေးအစဉ်အလာ ဥပဒေကျမ်းအတိုင်း စီရင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ထင်ရှားတဲ့ လူမျိုးနွယ်စုတွေကတော့ ဝဇ္ဇီ၊ လိစ္ဆဝီ၊ ဝိဒေဟ၊ ဉာတိကတို့ ဖြစ်ပါတယ်။ ဒီအနက် လိစ္ဆဝီလူမျိုးတွေကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။ ဝဇ္ဇီတိုင်းသားတွေရဲ့ ညီညီညွတ်ညွတ် စုဝေးတိုင်ပင်ပြီး အုပ်ချုပ်ကြတဲ့ အစဉ်အလာကို ဗုဒ္ဓမြတ်စွာကလည်း မကြာခဏ ချီးမွမ်းတော်မူလေ့ရှိပါတယ်။ မဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရား ၇-ပါးအဖြစ် ထုတ်ဆောင်ပြပြီး၊ ဝဇ္ဇီတိုင်းသားတို့ကို စံနမူနာယူပြီး ရဟန်း သံဃာတော်တွေကို အညီအညွတ် စုဝေး တိုင်ပင် ဆောင်ရွက်ကြဖို့ မိန့်ကြားတော်မူခဲ့ပါတယ်။
မဟာဘာရတစတဲ့ ရှေးဟောင်း ပုရဏ်ကျမ်းတွေမှာပါတဲ့ ဝိသာလမင်းကို အစွဲပြုပြီး ဝေသာလီဆိုတဲ့ အမည်ရကြောင်း အဆိုရှိပါတယ်။ အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသကတော့ လူဦးရေ စည်ကား တိုးပွားလာတဲ့အတွက် မြို့ကို သုံးကြိမ်တိုင်တိုင် တိုးချဲ့ခဲ့ရတာကြောင့် (ဝိသာလ = တိုးချဲ့ခြင်း) ဝေသာလီဆိုတဲ့ အမည်တွင်ကြောင်း ဖော်ပြထားပါတယ်။ ဝေသာလီမြို့ကို တံတိုင်း သုံးထပ်ကာရံထားကြောင်းကိုလည်း “ဝေသာလိယာ တီသု ပါကာရန္တရေသု” လို့ ရတနာသုတ် အမွှန်းမှာ တွေ့နိုင်ပါတယ်။ တချိန်က ဝေသာလီမြို့မှာ ကပ်ကြီးသုံးပါး ဆိုက်တဲ့အတွက် ဗုဒ္ဓမြတ်စွာကို ပင့်ဖိတ်ခဲ့ကြပါတယ်။ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ရတနသုတ်ပရိတ် သင်ကြားပေးပြီး ဝေသာလီရဲ့ တံတိုင်း သုံးထပ်အတွင်းမှာ လှည့်လည် ရွတ်ဖတ်စေခဲ့ဖူးပါတယ်။
ဂျိန်းဘာသာရဲ့ဘုရားဖြစ်တဲ့ မဟာဝီရက ဝေသာလီမှာ ဖွားမြင်ခဲ့ပါတယ်။ ဗုဒ္ဓစာပေတွေမှာတော့ မဟာဝီရကို နိဂဏ္ဍနာဋပုတ္တလို့ ခေါ်ပါတယ်။ ဒါကြောင့် ဝေသာလီက နိဂဏ္ဍဂိုဏ်းသားတွေ သြဇာလွှမ်းတဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ ဘုရားရှင်လက်ထက်က လိစ္ဆဝီစစ်သူကြီး သီဟနဲ့ သစ္စကပရိဗိုဇ်တို့က နိဂဏ္ဍဂိုဏ်းသားများ ဖြစ်ခဲ့ဖူးပါတယ်။ သူတို့က ဗုဒ္ဓကို စကားစစ်ထိုး အနိုင်ယူဖို့ ကြိုးစားခဲ့ကြပေမယ့် နောင်တော့ ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်တဲ့ ဥပါသကာတွေ ဖြစ်သွားကြကြောင်း သုတ္တန်တွေမှာ တွေ့ရပါတယ်။ သီဟစစ်သူကြီးက ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူအဖြစ် လက်ခံဖို့ လျှောက်ထားတော့ ချက်ခြင်း မဆုံးဖြတ်သေးဘဲ စဉ်းစားဆင်ခြင်ဖို့ သီဟစစ်သူကြီးကို ဗုဒ္ဓက တိုက်တွန်းပါတယ်။ သုံးကြိမ်တိုင်တိုင် လျှောက်ထားတော့မှ လက်ခံပြီး ယခင်ကလို နိဂဏ္ဍတို့ကိုလည်း ဆက်လက် လှူဒါန်းပေးကမ်းဖို့ တိုက်တွန်းတော်မူခဲ့ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာရဲ့ ဘာသာရေး သဘောထားကြီးမှုနှင့် အသိဉာဏ်ပါတဲ့ ကိုးကွယ်ယုံကြည်မှုတွေကိုသာ အလေးထားတဲ့အချက်ကို စဉ်းစားဆင်ခြင် ကြည်ညိုနိုင်ပါတယ်။
ဝေသာလီရဲ့ ဗုဒ္ဓသာသနိက သမိုင်းဖြစ်ရပ်တွေကို ပြန်ပြီးသုံးသပ်ရင် အမျိုးသမီး အခွင့်အရေးအပေါ် ဗုဒ္ဓဘာသာရဲ့ သဘောထားကိုလည်း တွေ့နိုင်ပါတယ်။ ဗုဒ္ဓခေတ် အိန္ဒိယ လူ့အဖွဲ့အစည်းက ဇာတ်ခွဲခြားမှု၊ ကျားမခွဲခြားမှု အလွန်များ ပါတယ်။ ဒီနေ့ခေတ်မှာတောင် အိန္ဒိယနဲ့ အခြားသော လူ့အဖွဲ့အစည်းအတော် များများမှာ အမျိုးသမီးတွေကို ပိုင်ဆိုင်မှုပစ္စည်းသဖွယ်သာသာ သဘောထားပြီး ဆက်ဆံကြတာကို တွေ့နိုင်ပါတယ်။ ဒီနေ့ခေတ်ထိ လူကုန်ကူးခံရတာ၊ ပညာသင်ကြားခွင့် ဆုံးရှုံးတာ၊ ဗလက္ကာရကျင့်ခံရတာ၊ အကြမ်းဖက် နှိပ်စက်ခံရတာတွေ ရှိနေပါသေးတယ်။ ဝဇ္ဇီတွေက အမျိုးသမီးများကို အလိုမတူဘဲ အနိုင်ထက် သားမယားပြု့ကျင့်လေ့ မရှိဘူးဆိုတဲ့အချက်ကို ဝဇ္ဇီတွေရဲ့ မဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရား ၇-ပါးမှာ ထည့်သွင်း ချီးမွန်း ဟောကြားခဲ့ပါတယ်။
မိထွေးတော်ဂေါတမီ ဦးဆောင်တဲ့ အမျိုးသမီးအဖွဲ့က ဘိက္ခုနီမအဖြစ် ရဟန်းပြုခွင့် တောင်းတာကို ခွင့်ပြုပေးခဲ့တာကလည်း ဝေသာလီမြို့မှာ ဖြစ်ပါတယ်။ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တဲ့ အကျင့်မှာ ကျားမခွဲခြားမှု မရှိပါဘူး။ မရှိယုံမျှမက အမျိုးသမီးများကို အမျိုးသားများ နည်းတူ ရဟန်းပြုခွင့်ပေးခဲ့ပါတယ်။ ဒီနေရာမှာ အမျိုးသားများတန်းတူလို့ ဆိုပေမယ့် ခွဲခြားမှု လုံး၀ မရှိတာတော့ မဟုတ်ပါဘူး။ ဘိက္ခုနီတွေက ဂရုဓမ္မ ရှစ်ပါးကို စောင့်ထိန်း ရပါတယ်။ ဒါကလည်း သဘာဝအရကိုက မတူကွဲပြားနေတာ တစ်ကြောင်း၊ အိန္ဒိယလို လူ့အဖွဲ့အစည်းအတွင်းမှာ ဗုဒ္ဓသာသနာကို ရေရှည်တည်တံ့အောင် လက်ဆင့်ကမ်း သယ်ယူနိုင်ဖို့ လိုတာကြောင့် တစ်ကြောင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေကို ရဟန်းပြုခွင့် ပေးယုံမျှသာမကဘဲ၊ ရဟန်းတော်တွေထဲက အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်မထရ်တို့ကို လက်ယာတော်ရံ လက်ဝဲတော်ရံ ခန့်အပ်ခဲ့သလို၊ ဘိက္ခုနီတွေထဲက ခေမာထေရီနဲ့ ဥပ္ပလဝဏ်ထေရီတို့ကို လက်ယာတော်ရံ လက်ဝဲတော်ရံ ခန့်အပ်ပြီး ချီးမြောက်ခဲ့ပါတယ်။
ဝေသာလီနဲ့ ဆက်စပ်နေတဲ့ အမျိုးသမီးတွေ အကြောင်း ပြောရင် အလွန် ချောမောလှတဲ့ ကချေသည် အမ္ဗပါလီကိုလည်း ထည့်သွင်းရပါလိမ့်မယ်။ ဝေသာလီဟာ အမ္ဗပါလီကြောင့် ပိုပြီး တင့်တယ် စည်ကားနေရတယ်လို့တောင် ဆိုလေ့ရှိပါတယ်။ ဗုဒ္ဓမြတ်စွာက ရဟန်းတော်တွေနဲ့ အမ္ဗပါလီရဲ့ သရက်တောဥယျာဉ်မှာ သီတင်းသုံးနေစဉ်မှာ အမ္ဗပါလီက ဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းကပ်ဖို့ လျှောက်ထားပါတယ်။ လိစ္ဆဝီမင်းတွေက ဆွမ်းကပ်ဖို့ လျှောက်တဲ့အခါ ဗုဒ္ဓမြတ်စွာက အမ္ဗပါလီရဲ့ ဆွမ်းကို လက်ခံပြီးသားဖြစ်လို့ လိစ္ဆဝီမင်းတွေရဲ့ ဆွမ်းကို ငြင်းပယ်ခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ပညတ်ထားတဲ့ ဝိနည်းတော်အရ အရင် လက်ခံပြီး ဆွမ်းကိုပယ်ပြီး နောက်ဆွမ်းကို လက်ခံလေ့မရှိပါဘူး။ ဒါပေမယ့် လောကအမြင်နဲ့ကြည့်ရင်တော့ မင်းရာဇာတွေ ပင့်ဖိတ်တဲ့ ဆွမ်းကို ငြင်းပယ်ပြီး ကချေသည် ပြည့်တန်ဆာ မိန်းမပျိုတစ်ဦးရဲ့ ဆွမ်းကို လက်ခံလိုက်တယ်လို့ မြင်ကောင်း မြင်ကြပါလိမ့်မယ်။ အမ္ဗပါလီက ဆွမ်းကပ်ပြီး၊ သူပိုင်ဆိုင်တဲ့ သရက်ဥယျာဉ်ကို ဘုရားနဲ့ သံဃာတော်တွေကို လှူဒါန်းခဲ့ပါတယ်။ နောင်တော့ အမ္ဗပါလီက (သူနဲ့ ဗိမ္ဗိသာရမင်းတို့ကရတဲ့) သူ့ရဲ့သားဖြစ်သူ အရှင်ဝိမလကောဏ္ဍည ဟောကြားတဲ့တရားကို နာယူပြီးတဲ့နောက် ဘိက္ခုနီအဖြစ် ရဟန်းပြုခဲ့ပြီး၊ ရဟန္တာထေရီ တစ်ပါးဖြစ်သွားခဲ့ပါတယ်။
အမ္ဗပါလီထေရီမကြီးရဲ့ အကြောင်းကို စဉ်းစားမိတိုင်း ဆရာပါရဂူ ဘာသာပြန်ခဲ့တဲ့ အမ္ဗပါလီဝတ္ထု ဇာတ်သိမ်းခန်းကို သတိရမိတတ်ပါတယ်။ ဒီဝတ္ထုထဲမှာ ဗိမ္ဗိသာရမင်းက ငယ်စဉ်ကလိုဘဲ ရုပ်သေးဆရာ ယောင်ဆောင်ပြီး ဝေသာလီက အမ္ဗပါလီကို သွားတွေ့ချိန်မှာ အမ္ဗပါလီက ဘိက္ခုနီမ ဖြစ်နေပါပြီ။ ဒီအချိန်မှာပဲ အဇာတသတ်ရဲ့ လက်ရုံးတွေ ရောက်လာပြီး ဗိမ္ဗိသာရမင်းကို ဖမ်းဆီးလိုက်ပါတယ်။ “သား တစ်ယောက်က မိခင်ကို သံသရာ အကျဉ်းထောင်က လွတ်မြောက်အောင် လုပ်လိုက်တယ်။ နောက်သား တစ်ယောက်ကတော့ ဖခင်ကို အကျဉ်းထောင်ထဲ ထည့်တယ်” လို့ ဗိမ္ဗိသာရမင်း ရေရွတ်လိုက်ပါတယ်။ ဒီဇာတ်ကွက်နဲ့ စကားပြောခန်းတွေက ပါဠိစာပေကျမ်းဂန်တွေမှာတော့ မပါပါဘူး။ အဇာတသတ် နန်းတက်တာက ဗုဒ္ဓပရိနိဗ္ဗာန် မစံဝင်မီ ၈-နှစ် အလိုမှာဖြစ်ပြီး၊ အမ္ဗပါလီ မြတ်စွာဘုရားကို သရက်တောဥယျာဉ် လှူဒါန်းတာက ဗုဒ္ဓ ပရိနိဗ္ဗာန် စံဝင်မယ့်နှစ် ဝါ မဝင်မီလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီဝတ္ထုဇာတ်သိမ်းပိုင်းက လွဲနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် (ပြည့်တန်ဆာ တစ်ဦးရဲ့ သားအဖြစ် မထင်မရှား ကြီးပြင်းခဲ့ရတဲ့) အရှင်ဝိမလကောဏ္ဍညက မိခင် အမ္ဗပါလီကို သံသရာမှ လွတ်မြောက်စေခဲ့ပြီး၊ (နန်းတွင်းမှာ မင်းသားအဖြစ် ကြီးပြင်းခဲ့တဲ့) သားတော် အဇာတသတ်က ဖခမည်းတော် ဗိမ္ဗိသာရကို ဖမ်းဆီး အကျဉ်းချခဲ့တယ်ဆိုတာတွေကတော့ ထေရဝါဒ စာပေကျမ်းဂန်တွေမှာ လာတဲ့ အချက်လက်တွေနဲ့ ကိုက်ညီပါတယ်။
ဝေသာလီ ကူဋာဂါရဝိဟာရ မြန်မာကျောင်း |
အသောကကျောက်တိုင်
အသောကကျောက်တိုင်သို့ အသွား ရွာလမ်း |
အသောကကျောက်တိုင်ရှိရာ ရှေးဟောင်းသုတေသန နယ်မြေ |
ဝေသာလီကို ရောက်တော့ အသစ်ဆောက်နေတဲ့ ကူဋာဂါရ ဝိဟာရ မြန်မာကျောင်းမှာ တစ်ထောက်နားပြီး နေ့လည်စာ စားကြပါတယ်။ နေ့လည်စာ စားပြီးတဲ့နောက် ကိုလ်ဟွာ (Kolhua) ရွာအနီးမှာရှိတဲ့ အသောကကျောက်စာတိုင် ရှိရာကို အရင်သွားကြပါတယ်။ ကားက လမ်းမှာပဲ ရပ်ထားခဲ့ရပြီး အတွင်းဖက်ကို ကိုက် ၄၀၀ လောက် လမ်းလျှောက်ဝင်ရပါတယ်။ ရွာလေးကို ဖြတ်သွားရတာ ဖြစ်တဲ့အတွက် ဈေးသည်တွေ၊ ပိုက်ဆံတောင်းနေတဲ့ ကလေးငယ်တွေ ရှိပါတယ်။ အတွင်းဖက်ကို ရောက်တဲ့အခါ ခြင်္သေ့ရုပ် ထိပ်ဖူးရှိတဲ့ အသောက ကျောက်စာတိုင်ကို တွေ့ရပါတယ်။ ကျောက်တိုင်အနီးမှာ ရေကန်၊ စေတီပုထိုးပျက် အုတ်ပုံနဲ့ ရှေးဟောင်းအဆောက်အုံ ၄-နေရာတို့ကို တွေ့ရပါတယ်။
အသောက ကျောက်တိုင်နှင့် မျောက်မင်းရေကန် |
ရေကန်က မျောက်တို့ တူးဖော်ထားသည့် မျောက်မင်းရေကန် (မကုဋဟရဒ) ဖြစ်ပြီး၊ ရေကန်အနီးက စေတီကြီးကတော့ မျောက်တွေကနေ မြတ်စွာဘုရားရှင်ကို ပျားရည်ကပ်လှူခဲ့တဲ့ အထိမ်းအမှတ်နဲ့ အသောကမင်း တည်ထားခဲ့တဲ့ စေတီဖြစ်တယ်လို့ တရုတ်ဘုရားဖူး ရဟန်းတော်တွေရဲ့ မှတ်တမ်းမှာ တွေ့ရပါတယ်။ အချို့ကလည်း မူလက အရှင်အာနန္ဒာရဲ့ ဓာတ်တော်တွေကို ဌာပနာပြီး လိစ္ဆဝီမင်းတွေ တည်ထားတဲ့ စေတီဖြစ်ပြီး နောင်မှာ အသောကမင်းက ရွှေဒင်္ဂါး ၁-ကုဋေ အကုန်အကျခံပြီး ပြန်လည် မွန်းမံခဲ့တယ်လို့ ဆိုပါတယ်။
ကူဋာဂါရသာလာ
ကူဋာဂါရသာလာ ကျောင်းတော်ရာ |
အသောကကျောက်တိုင်ရဲ့ မြောက်ဖက်က ကျောင်းတော်ရာကိုတော့ ဗုဒ္ဓမြတ်စွာ ဝါကပ်တော်မူခဲ့ဖူးတဲ့ ဝေသာလီပြည် မဟာဝုန်တောအတွင်းက ကုဋာဂါရသာလ ကျောင်းနေရာလို့ မှတ်တမ်းတင်ထားပါတယ်။ စုလစ်မွန်းချွန် အထွတ်ရှိတဲ့ ကျောင်းဇရပ်မျိုး ဖြစ်တဲ့အတွက် “ကူဋာဂါရသာလာ” (ကူဋ = အထွတ်+ အဂါရ = အိမ်၊ ကျောင်း + သာလာ = ခမ်းမ၊ ဇရပ်) လို့ ခေါ်တာဖြစ်ပါတယ်။ ဒီကျောင်းဆောင်မှာ မြတ်စွာဘုရား မကြာခဏ သီတင်းသုံးတော်မူခဲ့ ဖူးပါတယ်။ သစ္စကပရိဗိုဇ်ကို အောင်တော်မူခဲ့တဲ့ နေရာဖြစ်သလို၊ မိထွေးတော်ဂေါတမီနဲ့ သာကီဝင်မင်းသမီးတွေကို ဘိက္ခုနီဝတ်ခွင့် ပြုတော်မူခဲ့တဲ့ ဘိက္ခုနီသာသနာ စတင်ခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။
ဝေသာလီ အနီးတဝိုက် မြေပုံ |
ဓာတ်တော်စေတီရှိတဲ့ နေရာကတော့ ယခုနေရာကနေ ကားလမ်းခရီးအတိုင်း ၂-မိုင်ကျော် ထပ်သွားရပါတယ်။ ဒေသခံတွေက ခရောင်းနား ပေါက္ခရ (Kharauna Pokhar) လို့ခေါ်တဲ့ ရေကန် ရှိပါတယ်။ တချိန်က လိစ္ဆဝီမင်းတွေ အဘိသေက မင်္ဂလာပြုခဲ့တဲ့ ပေါက္ခရဏီ ရေကန်ပါ။ စစ်သူကြီး မဟာဗန္ဓုလရဲ့ ဇနီး မလ္လိကာမိဖုရားက ဒီကန်က ရေကို ချိုးချင်ပါတယ်လို့ ချင်ခြင်း တပ်လို့ အစောင့်တွေ အထပ်ထပ်ချထားတဲ့ကြားက သွားခဲ့ကြဖူးပါတယ်။ ယခုအချိန်မှာတော့ ဒေသခံတွေ ပျော်ပွဲစားထွက်ရင်း ဒီကန်မှာ လှေအပျော်စီး ကြဟန်တူပါတယ်။ ကန်ဘေးတဝိုက်မှာ အစားအသောက်နဲ့ လက်ဆောင်ပစ္စည်း ရောင်းတဲ့ ဆိုင်တန်းလေး ရှိပါတယ်။ ရေကန်ရဲ့ တဖက်ကမ်းမှာတော့ ဂျပန်နိုင်ငံက လာတည်ထားတဲ့ Visha Shanti ငြိမ်းချမ်းရေးစေတီကို လှမ်းမြင်နေရပါတယ်။
လိစ္ဆဝီတို့၏ အဘိသေက ပေါက္ခရဏီနှင့် Visha Shanti ဂျပန်ငြိမ်းချမ်းရေးစေတီ |
ဓာတ်တော်စေတီက ရေကန်အနီးက ဥယျာဉ်တစ်ခုထဲမှာ တည်ရှိပါတယ်။ ယခုခေတ်မှာ “Buddha Asthi-Kalash Asthal” လို့ ခေါ်ပါတယ်။ အဋ္ဌိ-ကလသ (Asthi-Kalash) က အရိုးအိုးလို့ အဓိပ္ပါယ်ရပါတယ်။ လိစ္ဆဝီမင်းတွေက မိမိတို့အတွက် ဝေစုရတဲ့ ဗုဒ္ဓရဲ့ ဓာတ်တော်တွေကို ဌာပနာပြီး တည်ထားခဲ့တဲ့ စေတီလို့ ယူဆကြပါတယ်။ မူလက ရွှံစေးမြေနဲ့တည်ခဲ့တာ ဖြစ်ပြီး၊ နောင် မောရိယခေတ်၊ သုင်္ဂခေတ်၊ ကုသျန်ခေတ်တွေမှာ သုံးကြိမ်တိုင်တိုင် မူလစေတီကို ငုံပြီး တိုးချဲ့ပြုပြင်ခဲ့ကြပါတယ်။ ရှေးဟောင်းသုတေသနဌာနက တူးဖော်စဉ်က ဓာတ်တော်ပြာ၊ ခရုသင်း၊ ဖန်ပုတီးစေ့၊ ရွှေပြားစ၊ ကြေးဒင်္ဂါးတွေပါတဲ့ ဓာတ်တော်ကြုပ်ကို တွေ့ခဲ့ကြပြီး၊ ၁၉၇၂-ခုနှစ်က ပတ္တနာမြို့ ရှေးဟောင်း သုတေသနပြတိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ ယခုအချိန်မှာတော့ စေတီအုတ်မြစ်ခုံသာ ကျန်ပါတော့တယ်။ စေတီအုတ်မြစ်နေရာကို ရာသီဥတုဒဏ်ကနေ ကာကွယ်ဖို့အတွက် သွပ်ပြားနဲ့ အုပ်မိုးထားပါတယ်။
သွပ်ဖြင့်မိုးထားသည့် ဓာတ်တော် စေတီရာ |
လိစ္ဆဝီမင်းတို့ တည်ထားခဲ့သည့် ဓာတ်တော်စေတီ |
ရာဇဝိသာလကဃရ (Rāja Bisāl-ka-garh) လို့ခေါ်တဲ့ လိစ္ဆဝီမင်းတွေ အစည်းအဝေးလုပ်တဲ့ သန္ထာဂါရလွှတ်တော် နန်းမြို့ဟောင်းနေရာနဲ့ အမ္ဗပါလီရဲ့ သရက်တောဥယျာဉ် နေရာတွေကိုတော့ မရောက်ဖြစ်ခဲ့ကြတော့ပါ။