Monday, November 3, 2014

တိမ်တွေဟာ အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်...

တိမ်တွေဟာ အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်

ကျောင်းပြီးလို့ စင်္ကာပူကို အလုပ်လုပ်ဖို့ ထွက်လာတဲ့အချိန်ကပေါ့…။ ကိုယ့်ထက်အရင်ရောက်နှင့်နေတဲ့ သူတွေလည်း ရှိတယ်။ နောက် ဘယ်သူရောက်လာပြန်ပြီတဲ့။ ခဏနေတော့ ဘယ်ဝါရောက်လာပြန်ပြီနဲ့။ ရောက်လာတဲ့သူကို အရင်ရောက်နှင့်တဲ့သူက ဘုန်းကြီးကျောင်းလိုက်ပို့ကြ…။ ပင်နီဆူလာမှာ ချိန်းပြီး စုကြ ဆုံကြ…။

တိမ်တွေဟာ အတူတကွနေထိုင်ဖို့ ကြိုးစားကြတယ်

ဟောမကြာပါဘူး အလုပ်အကိုင်တွေ အခြေကျ…။ မင်္ဂလာဆောင်တွေ သွားလိုက်ရတာ…။ ဟောတခု ဟောတခု…။ ပျော်ကြ ရွှင်ကြ..။ ကောင်းချီးပေးကြ…။ ကိုယ် ကိုယ်တိုင်လည်း မင်္ဂလာဆောင်ဖြစ်ခဲ့တယ်။

တိမ်တွေဟာ မျိုးဆက်သစ်တွေကို မွေးဖွားလို့…

ဆက်တိုက်ဆိုသလိုပါပဲ… သားသား မီးမီးလေးတွေရဲ့ ကင်ပွန်းတပ်တွေ၊ မွေးနေ့အလှူတွေ၊ အိမ်သစ်တက် မင်္ဂလာတွေ ဝေေ၀စည်စည်… အိမ်တကာ လည်စားရတော့တာပဲ…။

တိမ်တွေမှာ မွေးရပ်မြေရှိလေသလား

မွေးရပ်မြေက အခြေအနေတွေ ကောင်းလာလို့တဲ့…။ ပြန်ကြတာ ဟောတယောက်…။ တော်ကြာနေ ဟောတယောက်…။ ခဏတာ ခွဲခွါခြင်းအတွက် နှုတ်ဆက်တယ်ဆိုတာ ပြန်လည် တွေ့ဆုံဖို့ပဲ မဟုတ်လား။

တိမ်တွေဟာ ညို တတ်သေးတယ်

ဘယ်သူငယ်ချင်းတော့ဖြင့် ဆေးရုံတက်ရလို့တဲ့။ သွားအားပေးလိုက်ကြပါဦး…။ ဘယ်တယောက်ဖြင့် ဘာရောဂါဖြစ်လို့တဲ့…။ တယောက်ပြီး တယောက် ဆိုသလို...။ အင်း… အနိစ္စ၊ ဒုက္ခ၊ အနတ္တ…။

တိမ်တွေဟာ မိုးတွေအဖြစ် ရွာချလိုက်တယ်

ဘယ်နေရာမှာပဲ ရွာရွာ… ကမ္ဘာမြေကြီးကတော့ တိမ်တွေကို ပွေ့ဖက်လိုက်တာပါပဲ။

ဘာလိုပဲ ဖြစ်ဖြစ်
တိမ်တွေကတော့ အုပ်စုဖွဲ့လို့ ပျံသန်းကြဦးမှာပါ…။
တိမ်တွေဟာ အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်…။
အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်…။
အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်…။
အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်…။

Blog Challenge အတွက် မမတင့် tag လို့ ရေးပါတယ်။

5 comments:

Sonata Cantata said...

စစ်ကိုင်းတောင်
မဟာရတနာဘုံမ်စံ မြတောင်ချောင်
ဆရာတော်ဘဒ္ဒန္တ ဓမ္မာလောက
သက်တော် (၉၉)၊ ၀ါတော် (၇၉) 31.10.2014 နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူတယ် သတင်းကြားတော့
ကိုဧရာတို့ရဲ့ ငယ်ဆရာကို ဒီကနေပဲ မှန်းဆလို့ နောက်ဆုံး ပူဇော်ကန်တော့ရပါတယ်။
ဆရာတော်ကြီးဟာ ဆဋ္ဌသံဂါယနာတင်ပွဲတုန်းက ပါဠိတော် နိဿယကျမ်းတွေကို ပြုစုရေးသားခဲ့ပြီး၊ တည်းဖြတ်သူအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။
မသီတာက(သာသနာတော်အတွက်) နှမြောစရာနော်လို့ ရုတ်တရက် တမ်းတမိတော့ ကိုဧရာက မြတ်စွာဘုရားရှင် ရှိစဉ်ကလည်း သက်တော်ရှစ်ဆယ်နီး ဘုရားက နေပူစာလှုံနေချိန် ရှင်အာနန္ဒက ကြည့်ပြီး “အရှင်ဘုရား အရင်လို အသားအရေတွေ ၀င်းဝါမနေတော့ဘူး… တွန့်နေပြီ.. ခန္ဓာကိုယ်ကလည်း ခါးကိုင်းနေပြီလို့ လျှောက်တယ်။” များမကြာမီမှာပဲ မိဒွေးတော်ဂေါတမီ၊ ယသော်ဓရာ၊ သားတော် ရာဟုလာတို့က တပါးပြီးတပါး အသီးသီးလာရောက်ပြီးတော့ ပရိနိဗ္ဗာန်ပြုတော့မည့်အကြောင်း လျှောက်ထားကြတယ်။ နောက်တော့ ဘုရားရှင်၏ လက်ယာရံနှင့် လက်ဝဲရံ ဖြစ်တော်မူသော ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလန်တို့ကလည်း ရှေ့ဆင့်နောက်ဆင့် ပရိနိဗ္ဗာန်ပြုကြပြန်တယ်။ မြတ်စွာဘုရားရှင်က သူတို့နှစ်ပါး ပျံလွန်တော်မူပြီးတဲ့နောက် ပရိသတ်ဟာ အယင်လို မဟုတ်တော့ပဲ ခြောက်ခြောက်သွေ့သွေ့ ဖြစ်သွားတယ်လို့ ထုတ်ပြီး မြွတ်ဟတော်မူတယ်။ ပုထုဇဉ်တွေ အနေနဲ့ ကြည့်လျှင်တော့ ဘ၀ရဲ့ နေညိုချိန် ၀မ်းနည်းစရာ ပုံရိပ်အဖြစ် မြင်ကြမှာ။ ဖြစ်ခြင်းသဘောရှိတဲ့တရားတွေဟာ ပျက်ခြင်းသဘောရှိတယ်ဆိုတဲ့ သဘာဝတရားကို အမှန်အတိုင်းသိမြင်လက်ခံထားတဲ့ ကိလေသာကုန်ပြီးတဲ့ ဘုရားရဟန္တာများအတွက်တော့ တုန်လှုပ်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်း မရှိပဲ ရင်ဆိုင်နိုင်တယ်။ လို့ ပြောလာပြီး ဒီပို့စ်ပါ အကြောင်းအရာတွေကို ဆက်ပြောပါတယ်။

Aunty Tint said...

စိန်ခေါ်ပို့စ်လေးကို ရေးဖြစ်အောင် ရေးသွားတဲ့အတွက် ကျေးဇူးပါ သီတာရေ။ တိမ်တွေနဲ့ပမာနှိုင်းပြသွားတဲ့ စင်္ကာပူကရွှေမြန်မာများအကြောင်းဖတ်မိတော့ တီတင့်စိတ်ထဲမှာ ဘလော့ဂါများကို ထပ်တူထပ်မျှ တွေးမြင်မိသွားတယ် ... ♥♥♥

မေတ္တာဖြင့်
တီတင့်

Aunty Tint said...

တုန်လှုပ်ခြင်းကင်းဘို့ရာ ၀ိပဿနာ ကျင့်ကြံပွားများ အားထုတ်ခြင်းရဲ့ အကျိုး၊ ဖြစ် ပျက် ရှုမြင်တတ်လာခြင်းမှတစ်ပါး ကုရန်နတ္ထိ ဆေးမရှိလို့ ထင်မိတယ်။ သံဝေဂတရားလေးနဲ့ ဖတ်သွားတယ် သီတာ။

ဇွန်မိုးစက် said...

အုပ်စုဖွဲ့စရာမရှိတဲ့ ဇွန်ကတော့ တိမ်တိုက်တစ်စုံစီးရင်း လွင့်မျောနေလိုက်တာ ကိုယ်ဘယ်ကို ရောက်နေမှန်းတောင် ရေရေရာရာ သေသေချာချာ မသိတော့ဘူး မရယ်။

ကိုဧရာရဲ့အတွေးနဲ့ မမသီတာရဲ့ အရေးကို သိပ်သဘောကျတာပဲ။ ဒါကြောင့်လည်း Sonata-Cantata ရယ်လို့ လိုက်ဖက်ညီနေတာ။း)

Thandar Lwin said...

ညီမလဲ မမသီတာတွေးသလို တိမ်တွေနဲ့သာယှဉ်တွဲမတွေးမိတာ အဲလို လာကြ အလုပ်လုပ်ကြ တဇြည်းဇညြ်ူ တဖြည်းဖြည်း ပြောင်းလဲ လာကြတာတွေကို အခုရက်တွေမှာ ထဲထဲဝင်ဝင်တွေးမိနေတယ် ။