Thursday, July 14, 2016

သီရိဓမ္မာသောကမင်းကြီး၏ သာသနာရေး ပြန်တမ်း ကျောက်စာ

အိန္ဒိယနိုင်ငံ မောရိယမင်းဆက်ဖြစ်သော “ပီယဒဿီ” အမည်ခံ အသောကမင်းသည် ကလိင်္ဂစစ်ပွဲအပြီးတွင် အလွန် ရက်စက် ကြမ်းကြုတ်သော စစ်ဘုရင်အဖြစ်မှ တရားဓမ္မနှင့် အညီအုပ်ချုပ်သော ဗုဒ္ဓသာသနာပြုမင်း အဖြစ် ကူးပြောင်းခဲ့သည်။ ကမ္ဘာသမိုင်းတွင် အံ့ချီးဖွယ် ကမ္ပည်းတင်ရလောက်အောင် ကိုယ်တိုင်တရားဓမ္မကို ကျင့်သုံး၏။ တရားဓမ္မနှင့်အညီ အုပ်ချုပ်စီမံခန့်ခွဲ၏။ တိုင်းသားပြည်သူတို့ တရားဓမ္မကို စောင့်ရှောက်စေရန်လည်း အမိန့်ပြန်တမ်း ကျောက်စာများ ရေးထိုးစိုက်ထူကာ တရားဓမ္မကို ပြန့်ပွားစေ၏။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို လေးစား တန်ဖိုးထားသောမင်း ဖြစ်သည့် အားလျော်စွာ၊ ထိုသို့ရေးထိုးသော ကျောက်စာအများစုတို့သည် ဘာသာအယူဝါဒ မခွဲခြားပဲ တိုင်းသူပြည်သားအားလုံးတို့ လိုက်နာစေနိုင်မည့် တရားဓမ္မ ဖြစ်လေသည်။ ကျောက်စာ အနည်းငယ်သာလျှင် ဗုဒ္ဓဘာသာနှင့် တိုက်ရိုက် ပတ်သက်သည်။ ထိုအထဲမှ အောက်ပါ Bhabru Rock Edict ကျောက်စာသည် ဗုဒ္ဓသာသနာ အဓွန့်ရှည် တည်တံ့စေရန် ရည်ရွယ်၍ ရဟန်းသံဃာတော်နှင့်တကွ ဗုဒ္ဓဘာသာဝင်အပေါင်း လိုက်နာသင့်သော ဘုရားဟော ဒေသနာတော်များကို ရွေးထုတ် လျှောက်ကြားသော သာသနာရေးပြန်တမ်း တစ်ဆူဖြစ်သည်။ သို့သော် အသောကမင်းကြီး ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းလော၊ တတိယသံဂါယနာ၏ ဦးစီးမထေရ်ဖြစ်သော မောဂ္ဂလိပုတ္တတိဿထေရ်က ရွေးထုတ်ပေးခဲ့ခြင်းလော မသိရပေ။

ပိယဒဿီမင်းသည် မာဂဓတိုင်း သံဃာတို့အား ရှိခိုးလျှောက်ထားပါ၏။ အရှင်မြတ်တို့ အနာရောဂါကင်း၍ ချမ်းသာစွာ နေကြရပါစေ။ အရှင်မြတ်တို့ဘုရား… အကျွနု်ပ်၏ ဘုရား, တရား, သံဃာ၌ မြတ်နိုးကြည်ညိုခြင်းကို အရှင်တို့ သိကြပါ၏။ အရှင်မြတ်တို့ဘုရား… မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်အားလုံးတို့သည် ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်များချည်းသာ ဖြစ်ပါသည်။ အရှင်မြတ်တို့ဘုရား… ထိုတရားတော်များထဲမှ သူတော်ကောင်းတရား(သဒ္ဓမ္မ)ကို အဓွန့်ရှည်စွာ တည်တံ့စေရန် ဟောကြားထားအပ်သော တရားအချို့ကို လျှောက်တင်ခွင့် ပြုပါဘုရား။

ထိုတရားတော်တို့ကား ဝိနယသမုကသ၊ အရိယဝံသ၊ အနာဂတဘယ၊ မုနိဂါထာ၊ မောနေယျသုတ္တ, ဥပတိသပသိန၊ မုသာဝါဒနှင့်စပ်၍ ဟောကြားတော်မူသော ရာဟုလောဝါဒသုတ်တို့ ဖြစ်ပါသည်။

ထိုတရားဒေသနာတော်တို့အား ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာ, ဥပါသိကာမတို့သည် မပြတ် သင်ယူမှတ်ထား ဆောင်ထားကြစေလိုပါသည်။ အရှင်မြတ်တို့ဘုရား… ကျွနု်ပ်၏ လိုအင်ဆန္ဒကို အများသိရှိကြစေရန် ဤကမ္ပည်း ကျောက်စာကို ရေးထိုးစေပါသည်။ (အသောကမင်း၏ ကျောက်စာ Bhahbru Rock Edict)

"His Gracious Majesty, King of Magadha, bows down to the Sangha and — hoping that they are free from disease and living in peace — addresses them as follows: You know well the extent of my reverence and faith in the Buddha, Dhamma, and Sangha. Whatever has been said by the Buddha has of course been well-said. But may I be permitted to point out the passages of scripture I have selected that the True Dhamma might last a long time: Vinaya-samukasa, Aliya-vasani, Anagata-bhayani, Muni-gatha, Mauneya-sute, Upatisa-pasine, and the Instructions to Rahula beginning with (the topic of) falsehood, as taught by the Blessed One.
"Reverend Sirs, I would like the reverend bhikkhus and bhikkhunis — as well as the laymen and laywomen — to listen to these passages frequently and to ponder on them.
"For this reason, Reverend Sirs, I am having this enscribed so that they may know of my intention."

ဤနေရာတွင် “ဝိနယသမုကသ (ဝိနယသမုက္ကံသ)” သည် ဝိနည်းမဟာဝါ ဘေသဇ္ဇက္ခန္ဓကမှ စတုမဟာပဒေသကထာ ဖြစ်သည်။ ဝိနည်းတော်တွင် ပညတ်ထားခြင်း မရှိသော အချက်များနှင့် စပ်လျဉ်း၍ “အပ်၏- မအပ်၏” ပိုင်းခြား ဆုံးဖြတ်နိုင်ရန်အတွက် ညွှန်ကြားထားသည့် ဥပဒေသလေးရပ် ဖြစ်သည်။ လိုရင်းအားဖြင့် ဘုရားရှင်က “မအပ်” ဟု တားမြစ်ထားခြင်း၊ “အပ်၏” ဟု ခွင့်ပြုထားခြင်း မရှိသော်လည်း အပ်စပ်သည်တို့နှင့် ဆန့်ကျင်ပြီး မအပ်စပ်သည်တို့နှင့်သာ လျော်ပါက “မအပ်”၊ မအပ်စပ်သည်တို့နှင့် ဆန့်ကျင်ပြီး အပ်စပ်သည်တို့နှင့် လျော်ပါက “အပ်သည်” ဟု မှတ်ယူရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

“အရိယဝံသ”သည် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ်လာ အရိယဝံသသုတ် ဖြစ်သည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့၌ ရောင့်ရဲတင်းတိမ်ခြင်း၊ ဘာဝနာတရား၌ မွေ့လျော်ခြင်း ဟူသည့် အရိယာ မျိုးနွယ်တို့ မပယ်စွန့်သည့် “အရိယဝံသ” တရားလေးပါးကို အလေးဂရုထား၍ လိုက်နာခြင်းသည် မြတ်သော အရိယာ မျိုးနွယ်ကို စောင့်ခြင်း ဖြစ်ကြောင်း ဟောကြားထားသည့် သုတ်ဖြစ်သည်။

“အနာဂတဘယ”သည် အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်လာ အနာဂတဘယသုတ်များ ဖြစ်သည်။ အနာဂတ်တွင် အိုနာသေဘေးမှ အစ သာသနာဆုတ်ယုတ်ပျက်စီးခြင်း အဆုံး အမျိုးမျိုးသော ဘေးအန္တရာယ်များနှင့် ကြုံတွေ့နိုင်သည်ဟု နှလုံးသွင်းကာ တရားထူးရစေရန် မမေလျော့သော လုံ့လဖြင့် ကြိုးစားအားထုတ်ရန် ဟောကြားထားသည်။ သာသနာအန္တရာယ်ကို ကြို၍ မြင်ကာ တရားဓမ္မကြိုးစား အားထုတ်ခြင်းသည်ပင် သာသနာ အဓွန့်ရှည်စွာ တည်ရန် အကြောင်း ဖြစ်နေလေသည်။

“မုနိဂါထာ”သည် သုတ္တနိပါတ်တွင်လာသော မုနိသုတ် ဖြစ်သည်။ ကိလေသာ အဖော်မမှီးဘဲ တစ်ပါးတည်း တောအရပ်တွင် မွေ့လျော်သည့် ရသေ့ရဟန်း သူတော်စင်များ၏ ဂုဏ်ကို ဖော်ညွှန်းသည့် သုတ်ဖြစ်သည်။

“မောနေယျသုတ္တ”သည် သုတ္တနိပါတ် နာလကသုတ်မှ ဒေဝီလရသေ့၏ တူဖြစ်သူ နာလကရဟန်းအား ဟောကြားသည့် မောနေယျတရား ဖြစ်သည်။ မိမိအား ဆဲရေးသူကိုဖြစ်စေ ရှိခိုးသူကို ဖြစ်စေ တန်းတူထားကာ အမျက်ဒေါသ မထားရန်၊ မာန်မာနမတက်ကြွရန်၊ ကာမဂုဏ်တရားတို့ကို ပယ်စွန့်ရန်၊ ဒါယကာတို့နှင့် ရောရောနှောနှော မနေရန် ဟောကြားထားသော တရားဖြစ်သည်။

ကျောက်စာမှ “ဥပတိသ-ပသိနေ” ဟူသော စကားကို “ဥပတိဿအား ကြည်ညိုသော သို့မဟုတ် ဥပတိဿက ဘုရားအား ကြည်ညိုသော” ဟု အနက်ကောက်ပါက ခန္ဓဝဂ္ဂသံယုတ်လာ သူစိမုခီသုတ်နှင့် ဒီဃနိကာယ် ပါထေရဝဂ်လာ သမ္ပသာဒနီယသုတ်တို့ကို ယူနိုင်သည်။ အိန္ဒိယနှင့် အနောက်တိုင်း ပညာရှင်များကမူ “ဥပတိဿပြသနေ- ဥပတိဿ၏ မေးမြန်းချက်” ဟု ဘာသာပြန်ဆို၍ သုတ္တနိပါတ် အဋ္ဌကဝဂ်လာ သာရိပုတ္တသုတ်ကို ကောက်ယူကြသည်။ ယင်းသုတ်သည် ရဟန်းတို့၏ ကျင့်ဝတ်များကို ပြဆိုထားသော ကြောင့် အဓိပ္ပါယ် ယုတ္တိရှိကြောင်း အသောကကျောက်စာ စာအုပ်တွင် အရှင်အာဒိစ္စဝံသက မှတ်ချက်ပေးထားသည်။ အချို့ကလည်း အရှင်သာရိပုတ္တရာ အလောင်းအလျာဖြစ်သော ဥပတိဿက မေးလျောက်၍ အရှင်အဿဇိ ဖြေကြားတော်မူသည့် “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစချီသည့် ဂါထာဟု ယူဆကြသည်။

“မုသာဝါဒနှင့်စပ်၍ ဟောကြားတော်မူသော ရာဟုလောဝါဒသုတ်” ဟူသည်မှာ မဇ္ဈိမနိကာယ်မှ အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်ကို ဆိုလိုသည်။ သိလျက်ဖြင့် မုသားကို ဆိုသူအတွက် မပြုဝံ့သည့် မကောင်းမှုကို ရှိမည် မဟုတ်တော့။ ထို့ကြောင့် အပျော်အပျက်သဘောဖြင့် ဖြစ်စေ မုသားစကား မဆိုရန် သားတော်ရာဟုလာအား ဟောကြားထားသော ဒေသနာဖြစ်သည်။

ထိုဒေသနာတို့သည် သာသနာတော် အဓွန့်ရှည်စွာ တည်တံ့စေရန်အတွက် ဗုဒ္ဓဘာသာဝင်တို့ လိုက်နာသင့်သည့် တရားဒေသနာများ ဖြစ်ကြောင်း သီရိဓမ္မာသောကမင်းကြီးက ကမ္ပည်းကျောက်စာတင်ခဲ့ပါသည်။ သာသနာ တည်တံ့ပြန့်ပွားရေးကို လိုလားသည့် အမျိုးကောင်းသားတို့သည် ထိုထိုဒေသနာတို့ကို လေ့လာ မှတ်သား လိုက်နာသင့်လှပါသည်။

စာညွှန်း
Ṭhānissaro Bhikkhu - That the True Dhamma Last the Long Time
အရှင်အာဒိစ္စဝံသ - အာသောကကျောက်စာတော်

0 comments: