Saturday, February 25, 2017

ထိုင်းနိုင်ငံက ဓမ္မကာယဂိုဏ်း

အခုတလော ထိုင်းနိုင်ငံမှာ အာဏာပိုင်တွေနဲ့ ဓမ္မကာယဂိုဏ်း ရဟန်းတော်တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ သတင်းတွေကို တွေ့ရပါတယ်။ လောလောဆယ်အထိ မြန်မာပြည် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကို နှိမ်နင်းတာလောက် ရက်စက်ရမ်းကားမှုမျိုး မတွေ့ရပေမယ့်၊ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနဲ့တော့ စိတ်မချမ်းမြေ့စရာ ဖြစ်ရပါတယ်။

ပြဿနာရဲ့ အရင်းအမြစ်က ဓမ္မကာယကျောင်းတိုက် ဆရာတော်ကို ငွေကြေးခဝါချမှုတွေ၊ အလွဲသုံးစားမှုတွေကြောင့် ရှာဖွေဖမ်းဆီးဖို့ ကြိုးစားရာကနေ အာဏာပိုင်တွေနဲ့ ဓမ္မကာယဂိုဏ်း ရဟန်းတော်တွေ၊ တပည့်သာဝကတွေ အကြား နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဓမ္မကာယဂိုဏ်းကို အလွန် စည်းစနစ်ကျနပြီး၊ ရာထောင်ချီတဲ့ စုပေါင်း ဆွမ်းလောင်းလှူပွဲ၊ စုပေါင်း တရားထိုင်ပွဲ၊ စုပေါင်း ရဟန်းခံပွဲတွေ စီစဉ်ကျင်းပတာကို သတိထားမိပေမယ့် ဓမ္မကာယဂိုဏ်းအကြောင်း ဂဃဏနတော့ မသိပါဘူး။ အချို့စာနယ်ဇင်းတွေမှာ ဓမ္မကာယကျောင်းတိုက်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ပတ်သက်မှုတွေရှိနေတယ်၊ ကျောင်းထိုင်ဆရာတော် ဖရာဓမ္မဇယော (Dhammajayo) က ဟစ်တလာကို အားကျသူတစ်ဦး ဖြစ်ပြီး ဓမ္မကာယဂိုဏ်းကို နာဇီပါတီ ဆန်ဆန် ဖွဲ့စည်း တည်ထောင်ထားတယ်၊ ထေရဝါဒဗုဒ္ဓဘာသာကနေ သွေဖီတယ် ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ ရေးတာကိုလည်း ဖတ်ရပါတယ်။ ၁၉၉၉-ခုနှစ်လောက် ကတည်းက ဓမ္မကာယဂိုဏ်းကို အရေးယူပေးဖို့ ထိုင်းသံဃမဟာနာယကကို တိုင်ကြားခံခဲ့ရပါတယ်။ သံဃမဟာနာယကက စစ်ဆေးပြီးတဲ့နောက် လူဝတ်လဲရလောက်အောင် ကြီးလေးတဲ့ ဝိနည်းချိုးဖောက်မှုတွေမရှိဘူး၊ ဒါပေမယ့် အဘိဓမ္မာ သင်ကြားတဲ့ ကျောင်းထူထောင်ဖို့၊ ဝိပဿနာကို ပိုပြီး အလေးပေးဖို့၊ ဝိနည်းတော်နဲ့ သံဃာ့အဖွဲ့အစည်းတွေရဲ့ စည်းမျဉ်းဥပဒေတွေကို တိတိကျကျလိုက်နာဖို့ဆိုတဲ့ ညွှန်ကြားချက်ပဲ ထုတ်ပေးခဲ့ပါတယ်။ ပိဋကတ်သုံးပုံက ပြီးပြည့်စုံမှု မရှိသေးဖူးဆိုတဲ့ ဓမ္မကာယ ကျောင်းထိုင်ဆရာတော်ရဲ့ စကားကြောင့်လည်း ပညာရေးဝန်ကြီးဌာနကနေပြီး တရားစွဲဆိုမှုတွေ ရှိခဲ့ပါတယ်။ ဓမ္မကာယဂိုဏ်းရဲ့ ဗုဒ္ဓမြတ်စွာရဲ့ အနတ္တဒေသနာနဲ့ ဆန့်ကျင်တဲ့ True Self (ပရမအတ္တ) ဆန်ဆန်ဟောပြောချက်တွေ၊ နိဗ္ဗာန်ကို ရောင်းကုန်ပစ္စည်းတခုလို ဟောပြောချက်တွေကြောင့် အချို့ ထိုင်းဗုဒ္ဓဘာသာဝင်တွေက စိတ်ပူကြပါတယ်။ ဗုဒ္ဓဘာသာနဲ့ သံဃာထုကို ဒီဂိုဏ်းက သြဇာလွှမ်းမိုးသွားမှာကို စိုးရိမ်နေကြလို့ ဆိုပါတယ်။

ဒါကြောင့် ဓမ္မကာယဂိုဏ်းရဲ့ အယူဝါဒ အကြောင်းကို အင်တာနက်ပေါ်မှာ အနည်းငယ် ရှာဖွေဖတ်မိပါတယ်။ ပထမတွေ့တာကတော့ ၂၀၁၂ခုနှစ်ထုတ် Journal of Buddhist Ethics အတွဲ ၁၉မှာ ပါတဲ့ Esoteric Teaching of Wat Phra Dhammakāya ဆိုတဲ့ စာတမ်းပါ။ ရေးတဲ့သူက ထိုင်းနိုင်ငံ Thammasat University က ပါမောက္ခ ဒေါက်တာမနော (Mano Mettanando Laohavanich) ပါ။ Journal of Buddhist Ethics ဆိုတာက အဆင့်အတန်းရှိတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ပညာရေးဂျာနယ် တစ်စောင်ဖြစ်ပေမယ့်၊ ဒေါက်တာမနောက ယခင် ဓမ္မကာယဂိုဏ်းမှာ ဦးဆောင်ဆရာတော် တပါးဖြစ်ခဲ့ပြီး နောင်မှာ ကျောင်းထိုင်ဆရာတော်နဲ့ သဘောကွဲလွဲပြီး ဂိုဏ်းက ထွက်လာခဲ့သူတစ်ဦး ဖြစ်တာကြောင့် သူ့စာတမ်းက ရာခိုင်နှုန်းပြည့် အဂတိကင်းမယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် ဓမ္မကာယဂိုဏ်းရဲ့ အတွင်းစည်းမှာ နေခဲ့ဖူးသူတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကတော့ စိတ်ဝင်စားစရာ ဖြစ်မှာပါ။
ထိုင်းဆရာတော် စန္ဒသာရော (1884-1959) ရဲ့ “ဝိဇ္ဇာ ဓမ္မကာယ” ဆိုတဲ့ တန္တရဆန်ဆန် ကမ္မဋ္ဌာန်းနည်းကို အခြေခံပြီး တည်ထောင်ခဲ့တဲ့ ကျောင်းတိုက်ဖြစ်လို့ ဓမ္မကာယကျောင်းတိုက်လို့ အမည်ပေးထားတာပါ။ ဒီကမ္မဋ္ဌာန်းက မြတ်စွာဘုရားရှင် ကိုယ်တိုင် သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ်ရောက်အောင် ကျင့်သုံးခဲ့တဲ့ ကမ္မဋ္ဌာန်းနည်း ဖြစ်တယ်။ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီး နှစ်ပေါင်း ၅၀၀ နောက်ပိုင်းမှာ ပျောက်ကွယ်ခဲ့ရပြီး၊ ဒီနည်းကို ဆရာတော်စန္ဒသာရောက ပြန်လည် ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၇၂ ခုနှစ်မှာ ဓမ္မဒါယာဒ (တရားအမွေ) လို့အမည်ပေးထားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေအတွက် နွေရာသီတရားစခန်းက ဓမ္မကာယကျောင်းတိုက်ရဲ့ ပွဲဦးထွက် အောင်မြင်မှုကို ရစေခဲ့ပါတယ်။

အလွန် သန့်ရှင်းသပ်ပြီး စည်းကမ်းတကျရှိတာ၊ စနစ်တကျ ကျင်းပတဲ့ ဘာသာရေးအခမ်းအနားတွေ၊ သေသေသပ်သပ် ရိုက်နှိပ်ထားတဲ့ စာအုပ်စာတမ်းတွေက ဓမ္မကာယကျောင်းတိုက်ကို ရောက်လာတဲ့ လူသစ်တွေအတွက် အထင်ကြီးလေးစား ကြည်ညိုသဒ္ဓါပွားကြမှာ မလွဲပါ။ လူသစ်တန်းမှာ သင်ကြားပေးတဲ့ ဗုဒ္ဓဘာသာစာပေတွေကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ထေရဝါဒဗုဒ္ဓဘာသာ အစဉ်အလာနဲ့ ထူးထူးခြားခြား ကွဲလွဲတာမျိုး မရှိဘဲ၊ ဒါန၊ သီလ၊ ဘာဝနာနဲ့ ကံ ကံ၏အကျိုးကို သင်ကြားပေးပါတယ်။ အခြေခံကမ္မဋ္ဌာန်း အနေနဲ့ကတော့ မိမိရဲ့ ဝမ်းဗိုက် ချက်တိုင်အထက် လက်နှစ်သစ်လောက်နေရာမှာ ဖန်လုံးမှန်လုံး ဖြစ်ဖြစ် ဖန်သားဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်ဖြစ်ကို စိတ်နဲ့ မြင်အောင်ကြည့်ပြီး၊ နှုတ်ကနေ “သမ္မာ-အရဟံ” ဆိုတဲ့ မန္တန်ကို ရွတ်ပွားရတဲ့ သမထကမ္မဋ္ဌာန်းကို ပေးပါတယ်။
အခြေခံအဆင့်ကို ပိုင်နိုင်ပြီးတဲ့ သူတွေကိုတော့ “ဝိဇ္ဇာ ဓမ္မကာယ” ကို စတင်သင်ကြားပေးပါတယ်။ အဆင့်မြင့်ကမ္မဋ္ဌာန်းနဲ့ ဓမ္မကာယကို ဆိုက်အောင် အားထုတ်ရပါတယ်။ နိဗ္ဗာန်အယူအဆက ထေရဝါဒဗုဒ္ဓဘာသာနဲ့ မတူဘဲ၊ မဟာယာန သုခဝတီဘုံ၊ ဓမ္မကာယ စတဲ့အယူအဆတွေနဲ့ နည်းနည်း ဆင်ပါတယ်။ နိဗ္ဗာန်က အချင်းယူဇနာ 41,330,000 ရှိပြီး အလွန် ထွန်းလင်းတောက်ပနေတဲ့ ဖန်သားလုံးသဏ္ဍာန် ဘုံဗိမ္မာန်ကြီးတစ်ခု ဖြစ်တယ်၊ အတိတ် အနာဂတ် ပစ္စုပ္ပန်မှာ ပွင့်တော်မူတဲ့ ဘုရားရှင်တို့ရဲ့ ဓမ္မကာယကတွေပဲ ဒီနိဗ္ဗာန်ဘုံမှာ စံနေတယ်၊ နိဗ္ဗာန်၊ လောကနဲ့ ဓမ္မကာယအလင်းကို Phra Ton-thād က ဖန်ဆင်းခဲ့တယ်လို့ ဆိုပါတယ်။ Phra Ton-thād ဆိုတာက စကြာဝဠာအစ အမှောင်ထုထဲမှာ ထွက်ပေါ်လာတဲ့ ကမ္မာဦး ဓမ္မကာယအလင်းပါ။ Phra Ton-thād ကနေ နိဗ္ဗာန်နဲ့ လောကကြီးကို ဖန်ဆင်းပုံကို ဒီဃနိကာယ်က အဂ္ဂညသုတ်နဲ့ သမ္မာကျမ်းစာက ကမ္ဘာဦးကျမ်း ဆန်ဆန် ရှင်းပြထားတာကို တွေ့ရပါတယ်။ Phra Ton-thād ဆိုတဲ့ ကမ္မာဦး ဓမ္မကာယအလင်း သဘောတရားက ဝိဇ္ဇာယာနဗုဒ္ဓဘာသာက အာဒိဗုဒ္ဓ (ပထမဆုံးဘုရား) မဟာဝိရောစနဗုဒ္ဓ ဆိုတဲ့ အယူအဆတွေနဲ့လည်း ဆင်ပါတယ်။

ဓမ္မကာယ အလင်းဖက်တော်သားတွေနဲ့ မာရ်နတ်ရဲ့ အမှောင်ဖက်သားတွေရဲ့ နောက်ဆုံးတိုက်ပွဲမှာ ဓမ္မကာယကအနိုင်ရပြီး တစ်လောကလုံးက အစုလိုက်အပြုံလိုက် သံသရာကနေ လွတ်မြောက်ကြမှာ ဖြစ်ပါတယ်။ ဓမ္မကာယရဲ့ ကျောင်းထိုင်ဆရာတော် ဖရာဓမ္မဇယောက ဒီတိုက်ပွဲကို ခေါင်းဆောင်ဖို့အတွက် Phra Ton-thād ကနေ သူ့ကို စေလွှတ်လိုက်တာလို့ ဆိုပါတယ်။

ဒါတွေက ဒေါက်တာမနောရဲ့ စာတမ်းမှာပါတဲ့ ဓမ္မကာယဂိုဏ်းရဲ့ အယူဝါဒတချို့ ဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာတော် ဖရာဓမ္မဇယောက “ဟစ်တလာ” ကို အားကျပြီး နာဇီပါတီဆန်ဆန် သြဇာအာဏာ ထူထောင်နေပုံ ရေးထားတွေကတော့ အဂတိ ကင်းကောင်းမှ ကင်းမယ်လို့ ထင်ရပါတယ်။ ငွေကြေး အရှုပ်တော်ပုံကိစ္စနဲ့ သြဇာအာဏာထူထောင်တဲ့ကိစ္စ၊ Cult ဆန်ဆန် ကိုးကွယ်မှု၊ စီးပွားရေးဆန်ဆန် ဘဏ္ဍာငွေရှာကြံမှုတွေကို ဖယ်ထားပြီး အယူဝါဒပိုင်းကိုပဲ ကြည့်မယ် ဆိုရင်တော့ ဓမ္မကာယဂိုဏ်းက ထေရဝါဒထဲကို စိမ့်ဝင်လာတဲ့ မဟာယာနဂိုဏ်း တစ်ဂိုဏ်းလို့ သုံးသပ်ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံမှာ ရက်စက်တဲ့ နှိမ်နင်းမှုမျိုးတွေ ဖြစ်မလာစေချင်ပါ။ ဓမ္မကာယကျောင်းထိုင်ဆရာတော်ကို (မသိနားမလည်ဘဲ) ယုံယုံကြည်ကြည်နဲ့ အကာအကွယ်ပေးနေကြတဲ့ တပည့်ရဟန်းရှင်လူတွေထဲမှာလည်း သီလသမာဓိရှိသူတွေ အများအပြား ပါမှာပါပဲ။ တဖက်ကလည်း ဘာသာရေး သြဇာကိုသုံးပြီး ရာဇဝတ်မှုတွေက ပုန်းရှောင်တာမျိုးက မဖြစ်သင့်ပါ။ ဒီလိုအမှုတွေများလာရင် ကမ္ဘာအလယ်မှာ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ထိခိုက်ပြီး၊ ဗုဒ္ဓသာသနာ အရှည် တည်တန့်ရေးကို အနှောင့်အယှက်ဖြစ်စေမှာ အမှန်ပါပဲ။


စာညွှန်း
https://en.wikipedia.org/wiki/Wat_Phra_Dhammakaya#CITEREFZehner2013
http://blogs.dickinson.edu/buddhistethics/files/2012/07/Laohanovich-Esoteric-Teaching-Wat-Phra-Dhammakaya-final.pdf
http://www.bangkokpost.com/learning/learning-news/491460/wat-dhammakaya-rise-to-power
http://www.dhammakayauncovered.com/opinion-1/2016/5/18/the-esoteric-teachings-of-mano-lemon-laohavanich-a-laypersons-comments

0 comments: