Wednesday, February 20, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၃) - မိဂဒါဝုန်

ငါသည် ဓမ္မစကြာတရား ဟောရန် ကာသိတိုင်း၏ မြို့တော် (ဗာရာဏသီ) သို့ သွားအံ့။ အကန်းနှင့်တူသော လောက၌ အမြိုက် စည်ကြီးကို ရိုက်တီးပေအံ့။ (ဝိနည်းမဟာဝါ၊ ပဉ္စဝဂ္ဂိယကထာ)
မဟာဗောဓိစေတီတော်နဲ့ ဗုဒ္ဓဂယာ အနီးတဝိုက်ကို လေ့လာဖူးမြော်ပြီးတဲ့နောက် တတိယနေ့မှာ မိဂဒါဝုန်ကို ခရီးဆက်ကြပါတယ်။ ကလကတ္တား-ဒေလီ သွားတဲ့ အမှတ် (၂) အဝေးပြေးလမ်းမကနေ သွားတာပါ။ လမ်းတဝက်လောက်မှာ ဆုန်မြစ်ကို ဖြတ်ရပါတယ်။ ဆုန်မြစ်က မြစ်ပြင် အတော်ကျယ်ပေမယ့် ရေမရှိသလောက် နည်းပါတယ်။ လမ်းတလျှောက်မှာ မုန်ညင်းခင်းတွေ၊ အုတ်ဖိုတွေ၊ ကျောက်မီးသွေးတင်တဲ့ ကားတွေကို တွေ့ရပါတယ်။ နွားနို့တင်တဲ့ ကားတစီးကိုလည်း တွေ့ခဲ့ရပါသေးတယ်။ လမ်းက ဆိုင်တဆိုင်မှာ ဝင်ပြီး နေ့လည်စာ စားကြပါတယ်။ ဆိုင်က ပါပဒါနဲ့ လက်ဖက်ရည်ပဲ ဝယ်ပြီး၊ ဗုဒ္ဓဂယာက ချက်ပြီးယူလာတဲ့ ထမင်းဟင်းတွေကို ကျွေးတာပါ။ ဟင်းကတော့ ခပ်ခြောက်ခြောက် ကျော်ထားတဲ့ ကြက်သားကျော်နဲ့ ခရမ်းချဉ်သီး ချက်ပါ။ နောက်ပိုင်း ခရီးစဉ် တလျှောက်လုံးလိုလိုမှာလည်း ဒီဟင်းနှစ်မျိုးကတော့ ပင်တိုင်ပါ ပါတယ်။ နေ့လည် ၁၂-နာရီလောက်မှာ ဂင်္ဂါမြစ်ကူး တံတားကို ဖြတ်ကျော်ပြီးတော့ ဗာရာဏသီကို ရောက်တယ်။
ဗာရာဏသီသည် သမိုင်းထက် ရှေးကျ၏။ ရိုးရာအစဉ်အလာတို့ထက်လည်း ရှေးကျ၏။ ဒဏ္ဍာရီထက်ပင် ပို၍ ရှေးကျသေးသည်။ ထိုအရာအားလုံး ပေါင်းခြုံလိုက်သော် နှစ်ပြန်မျှ ပို၍ပင် ရှေးကျသွားလေ၏။ (Mark Twain)
ဇာတ်နိပါတ် ပုံဝတ္ထုအတော်များများမှာ “ဟိုးရှေးရှေး ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ်အခါက …” လို့ အစပျိုးလေ့ရှိတဲ့အတွက် “မင်းမသိ ဗြဟ္မဒတ်၊ တိုင်း မသိ ဗာရာဏသီ” လို့တောင် ဆိုရိုး ရှိပါတယ်။ ဂင်္ဂါမြစ်ထဲကို စီးဝင်နေတဲ့ ဝရုဏနဲ့ အဿိ ဆိုတဲ့ မြစ်လက်တက် ငယ်လေးနှစ်ခု ကြားမှာတည်ထားတဲ့ မြို့လို့ ဗာရာဏသီလို့ အမည်ရတာပါ။
ရှေးပဝေဏီက ဗာရာဏသီဟာ ကာသိတိုင်းရဲ့ မြို့တော်ဖြစ်ပြီး ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အတော်လေး အချက်အချာ ကျခဲ့ပါတယ်။ နောက်တော့ ကာသိတိုင်းရဲ့ နိုင်ငံရေးသြဇာက တဖြည်းဖြည်း ဆုတ်ယုတ်သွားပြီး အင်အားကြီးလာတဲ့ ကောသလတိုင်းရဲ့ သိမ်းသွင်းခြင်းကို ခံခဲ့ရတယ်။ ဗုဒ္ဓခေတ်ကို ရောက်တော့ မဂဓတိုင်းပြည့်ရှင် ဗိမ္ဗိသာရမင်းနဲ့ ပသေဒနီကောသလမင်းရဲ့ ညီမ ကောသလဒေဝီ (ဝေဒေဟီမိဖုရား) တို့ နှစ်ပြည်ထောင် ချစ်ကြည်ရေးနေနဲ့ လက်ဆက်ကြတဲ့အခါ ကာသိတိုင်းကို မင်္ဂလာလက်ဖွဲ့ ပေးလိုက်တဲ့အတွက် မဂဓတိုင်းအောက် ရောက်ရှိ သွားပြန်ပါတယ်။ အဇာတသတ်က ခမည်းတော် ဗိမ္ဗိသာရမင်းကို လုပ်ကြံပြီး နန်းတက်လာတဲ့ အခါမှာ ပသေနဒီကောသလမင်းက ကာသိတိုင်းကို ပြန်သိမ်းဖို့ ကြိုးစားပါတယ်။ ကာသိတိုင်းကို အကြောင်းပြုပြီး ကောသလနဲ့ မဂဓတို့ အကြိမ်ကြိမ် စစ်ခင်းခဲ့ကြတဲ့ အကြောင်းကို ကောသလသံယုတ်မှာ တွေ့ရပါတယ်။ နောက်ဆုံးတိုက်ပွဲမှာ ပသေနဒီကောသလမင်းက စစ်နိုင်ပေမယ့် ဖမ်းမိထားတဲ့ တူတော် အဇာတသတ်မင်းကို မသတ်ဘဲ ပြန်လွှတ်ပေးလိုက်ရုံမက၊ သမီးတော်နဲ့ လက်ဆက်ပေးပြီး ကာသိတိုင်းကိုပါ ပြန်ပေးခဲ့တယ်။

ကာသိတိုင်းဟာ လက်အောက်ခံ တိုင်းနိုင်ငံတခု ဖြစ်သွားခဲ့ရပေမယ့်၊ အနောက်ဖက်က တက္ကသိလာ၊ မြောက်ဖက်က သာဝတ္ထိ၊ အရှေ့ဖက်က ရာဇဂြိုဟ်မြို့ကြီးတွေနဲ့ ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် ကုန်သွယ်ရေး စီးပွားရေးမှာ အချက်အချာကျတဲ့ မြို့ကြီးတမြို့ အဖြစ် ဆက်ရှိနေခဲ့ပါတယ်။ ကာသိတိုင်းထွက် အဝတ်အထည်နဲ့ ကုန်ပစ္စည်းတွေက အရည်အသွေးကောင်းကြောင်း ဗုဒ္ဓစာပေတွေမှာ မကြာခဏ ဖော်ပြတတ်တယ်။ “ကာသိတိုင်းဖြစ် အဝတ်အစား၊ အမွှေးနံသာကိုပဲ သုံးခဲ့တယ်။ ကာသိတိုင်းထွက် မဟုတ်ရင် မသုံးဖူး” လို့ သိဒ္ဓတ္ထမင်းသားဘဝက ချမ်းချမ်းသာသာ စည်းစိမ် ခံစားနေထိုင်ခဲ့ပုံကို အင်္ဂုတ္တရနိကာယ် သုခမာလာသုတ်မှာ ဟောဖူးပါတယ်။ ဒီနေ့ထိလည်း ဗာရာဏသီထွက် ပိုးဆာရီ၊ ကောဇော၊ နံ့သာဖြူပုတီး စတဲ့ ကုန်ပစ္စည်းတွေက ကျော်ကြားဆဲပါ။

မိဂဒါဝုန်က ဗာရာဏသီရဲ့ မြောက်ဖက် ၆-မိုင်လောက်အကွာမှာ ရှိတယ်။ ကားလမ်းတွေ ကြပ်နေတဲ့အတွက် မိဂဒါဝုန်ကို ရောက်အောင် ၂-နာရီလောက် မောင်းရပါတယ်။ ရှုတ်ထွေးနေတဲ့ လမ်းဆုံတခုရဲ့ အလယ်က ကင်းတဲထဲမှာ ခပ်အေးအေး တပလ္လင်ခွေပြီး ထိုင်နေတဲ့ ယာဉ်ထိမ်းရဲကို တွေ့ခဲ့ရတယ်။ တနေရာမှာလည်း ယာဉ်ထိမ်းရဲက တုတ်တစ်ချောင်းနဲ့ ကားဖင်ကို ရိုက်ပြီး မောင်းခိုင်းနေတာကို တွေ့ရပြန်တယ်။ ကားက ဗာရာဏသီမြို့ ရထားဘူတာရုံကြီးရှေ့က ဖြတ်မောင်းပါတယ်။ နိုင်ငံခြား ခရီးသွားတွေ စိတ်ဝင်တစား သွားရောက် လေ့လာလေ့ရှိကြတဲ့ ဗာရာဏသီရဲ့ ဂင်္ဂါဆိပ်ကမ်းတွေကိုတော့ မရောက်ခဲ့ရပါဘူး။



မိဂဒါဝုန်ဆိုတာက ဘေးမဲ့တော (မိဂ = သားသမင် + ဒါယ = ပေး + ဝန = တော) လို့ အဓိပ္ပါယ်ပါတယ်။ ဓမ္မစကြာတရားဟောခဲ့တဲ့ ဘေးမဲ့တောရဲ့ အမည်က “ဣသိပတန” ပါ။ ဒီနေ့ခေတ်မှာတော့ မိဂဒါဝုန်ကို ဆာရ်နာထ် (Sārnāth) လို့ ခေါ်ပါတယ်။ မြန်မာတွေထွက်တဲ့ ပါဠိအသံထွက်နဲ့ ဆိုရင်တော့ “သာရနာထ” လို့ ဆိုရမှာပါ။ ဒီနာမည်က သာရင်္ဂနာထ (သမင်တို့၏ ခိုကိုးရာ) ဆိုတဲ့ စကားက ဆင်းသက်လာပုံရတယ်လို့ ဆိုပါတယ်။ အလောင်းတော် ရွှေသမင်မင်းက ကိုယ်ဝန်အရင့်အမာ ရှိနေတဲ့ သမင်မတကောင် ကိုယ်စား အသေခံဖို့ လည်စင်းပေးခဲ့အတွက်၊ ဗြဟ္မဒတ်မင်းက ကြည်ညိုလေးစားသွားပြီး ဒီအရပ်မှာ ရှိတဲ့ သမင်တွေနဲ့ အခြားတိရစ္ဆာန်တွေကို ဘေးမဲ့ပေးခဲ့တယ်လို့ နိဂြောဓမိဂဇာတ်ကို ကိုးကားပြီး ပြောကြတာပါ။



ချောက်ခန္ဒီစေတီ

မြတ်စွာဘုရားပုံတော်နဲ့ “ဆာရ်နာထ်မှ ကြိုဆိုပါ၏” စာတမ်းထိုးထားတဲ့ ဆိုင်းဘုတ်ကို ကျော်ပြီး မကြာမီမှာပဲ ပဉ္စဝဂ္ဂီ ၅-ဦးတို့က မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခဲ့ကြတဲ့ နေရာကို ရောက်ပါတယ်။ အလောင်းတော်က ဥရုဝေလာတောမှာ ဒုက္ကရစရိယာ (ပဓာန) အကျင့်ကို စွန့်ပြီး အစာအာဟာပြန် မှီဝဲတော့၊ အလောင်းတော်ကို အလုပ်အကြွေးပြုနေကြတဲ့ ပဉ္စဝဂ္ဂီ ရဟန်း ၅-ပါးတို့က အလောင်းတော်နဲ့ လမ်းခွဲပြီး မိဂဒါဝုန်မှာ လာရောက် နေထိုင်ခဲ့ကြတယ်။ ဗုဒ္ဓမြတ်စွာက ဓမ္မစကြာ တရားဟောဖို့အတွက် သူတို့ရှိရာ မိဂဒါဝုန်ကို ဗုဒ္ဓဂယာကနေ ခြေလျင်ခရီးနဲ့ ကြွလာခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာကို မြင်တဲ့အခါ “ပဓာနအကျင့်ကို စွန့်ပြီး လာဘ်ပေါများဖို့ လှည့်လည်နေတဲ့ ရဟန်းဂေါတမကို ခရီးဦး ကြိုဆို မပြုစတမ်း” လို့ အချင်းချင်း ကတိကဝတ် ပြုခဲ့ကြသတဲ့။ ဒါပေမယ့်လည်း ဗုဒ္ဓမြတ်စွာ ရောက်လာတဲ့ အခါမှာတော့ မနေနိုင်တာ့ဘဲ သပိတ်သင်္ကန်းလှမ်း ယူသူကယူ၊ နေရာထိုင်ခင်း ပေးသူကပေး၊ ခြေဆေးဖို့ ရေကမ်း သူကကမ်းပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာ တန်ခိုးအရှိန်အဝါ၊ ဥရုဝေလာတောမှာ ၆-နှစ်ကြာအတူ နေရင်း ဝတ်ကြီးဝတ်ငယ်ပြုခဲ့ဖူးတဲ့ သံယောဇဉ်တွေကြောင့် ဖြစ်နိုင်ပါတယ်။


ဒီနေရာကို ဒေသခံတွေက ချောက်ခန္ဒီကုန်း (Chaukhandi) လို့ပါတယ်။ ကုန်းမို့မို့ ပုံသဏ္ဍာန် ဖြစ်နေတဲ့ အုတ်စေတီပျက်ကြီးပါ။ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့မှတ်တမ်းအရ မိဂဒါဝုန်ကျောင်းတော် (သံဃာရာမ) ကနေ အနောက်တောင်ဖက် နှစ်လိသုံးလိ (မိုင်ဝက်) လောက်သွားရင် ဉာဏ်တော် ပေ-၃၀၀ လောက်ရှိတဲ့ စေတီကြီး တဆူရှိတယ်။ အဲဒီစေတီရဲ့ နံဘေးမှာရှိတဲ့ စေတီငယ်လေးက ပဉ္စဝဂ္ဂီ ၅-ဦးတို့ မြတ်စွာဘုရားကို ခရီးဦးကြိုဆိုဖို့ ငြင်းဆန်ခဲ့တဲ့နေရာလို့ ဖော်ပြထားပါတယ်။ ခရီးအကွာအဝေးနဲ့ နေရာအနေအထားအရ ချောက်ခန္ဒီစေတီဟာ မှတ်တမ်းထဲက စေတီကြီးဖြစ်နိုင်တယ်လို့ ကျောက်စာဝန် ကန်နင်ဟန်က ယူဆခဲ့ပါတယ်။ စေတီကုန်းအထက်မှာရှိတဲ့ ရှစ်မြောင့်ပုံ မျှော်စင်ကတော့ ဗုဒ္ဓသာသနိက အဆောက်အအုံတစ်ခု မဟုတ်ပါဘူး။ ခမည်းတော် မဂိုလ်ဘုရင် ဟူမယွန် (Humayun) စစ်ရှုံးလို့ ထွက်ပြေးရင်း ဒီအရပ်မှာ ခိုလှုံခဲ့ဖူးတယ် ဆိုတဲ့ အထိမ်းအမှတ်နဲ့ သားဖြစ်သူ အက္ကဘာဘုရင်က ၁၅၈၈-ခုနှစ်မှာ တည်ခဲ့တဲ့ အဆောက်အအုံ တခုသာ ဖြစ်ပါတယ်။
ချောက်ခန္ဒီစေတီကနေ ဣသိပတနလမ်း (Rishpattan Road) အတိုင်း မြောက်ဖက်ကို မိုင်ဝက်လောက် ဆက်သွားလိုက်ရင် အိန္ဒိယရှေးဟောင်းသုတေသနဌာန (ASI - Archaeological Survey of India) က ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ မိဂဒါဝုန်ဥယျာဉ်ကို ရောက်ပါတယ်။ ဒီလို ASI က ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတွေကို ဝင်ရင် ဝင်ကြေးပေးရပါတယ်။ နိုင်ငံခြားသားတွေဆိုရင် ရူပီး ၁၀၀ သတ်မှတ်ထားပြီး၊ အိန္ဒိယနိုင်ငံသားတွေနဲ့ BIMSTEC အဖွဲ့ဝင် နိုင်ငံသားတွေအတွက်ကတော့ ၅-ရူပီးသာ ပေးရပါတယ်။ BIMSTEC ဆိုတာက ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ Bay of Bengal Initiative for Multi-sectoral Technical and Economic Cooperation အဖွဲ့ပါ။ ဝင်ကြေးကို ဘုရားဖူးပို့ဆောင်ရေးအဖွဲ့က ပေးပါတယ်။

မိဂဒါဝုန်ဥယျာဉ် မြေပုံ
ဓမ္မရာဇိက စေတီ

မိဂဒါဝုန်ဝင်းအတွင်းကို ဝင်လိုက်တာနဲ့ လူသွားလမ်းရဲ့ တဖက်တချက်မှာ ကျောင်းဆောင် အမှတ် (၅) နဲ့ အမှတ် (၇) ရှိတယ်။ နည်းနည်း ဆက်သွားလိုက်တော့ ဓမ္မစကြာတရား ဟောကြားတော်ရာ နေရာအထိမ်းအမှတ် ဓမ္မရာဇိကစေတီကို ရောက်ပါတယ်။ မူလက အသောကမင်းကြီး တည်ထားခဲ့ပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြတဲ့ စေတီပါ။ တရုတ်ရဟန်းတော် ရွှန်ကျန် ရောက်ခဲ့စဉ်က အမြင့်ဉာဏ်တော် ပေ-၁၀၀ ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ယခုအချိန်မှာတော့ စက်ဝိုင်းပုံ စေတီအုတ်မြစ်ခုံပဲ ကျန်ပါတော့တယ်။
မိဂဒါဝုန်မှာရှိတဲ့ စေတီပုထိုးတွေ ကျောင်းတိုက်တွေက ခရစ်နှစ် ၁၁-ရာစု အစောပိုင်းကာလမှာ မွတ်စလင်တွေရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ၁၀၂၆-ခုနှစ် ပါလမင်းဆက်ခေတ်မှာ မိဂဒါဝုန်ကို ပြန်လည်ထူထောင် ပြုပြင်ခဲ့ပေမယ့် ၁၁၉၃-ခုနှစ်မှာတော့ မိုဟာမက် ဂေါရီ (Mohammad Ghori) ခေါင်းဆောင်တဲ့ မွတ်စလင်တပ်တွေရဲ့ အဆုံးသတ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြန်ပါတယ်။ စုပုံပြီး မီးရှို့ခံထားခဲ့တဲ့ လူရိုးတွေ၊ သံထည်တွေ၊ သစ်သားတိုင်ကြီးတွေနဲ့ ဆင်းတုတော်တွေကို ကျောင်းဆောင် အမှတ် (၅) နေရာမှာ တွေ့ခဲ့ရတယ်လို့ မိဂဒါဝုန်ကို ပြန်လည်တူးဖော်ကြတဲ့ ဗြိတိသျှ သုတေသီတွေက ဆိုပါတယ်။ အဲဒီအပြင် ၁၇၉၄-ခုနှစ်လောက်က မဟာရာဇာတဦးရဲ့ ဝန်ကြီးဖြစ်တဲ့ ဂျဂတ်ဆင်း (Jagat Singh) ဆိုသူက မိဂဒါဝုန်က စေတီပုထိုးဟောင်းတွေကို ဖြိုဖျက်ပြီး အုတ်ကျောက်တွေကို ယူကာ ဗာရာဏသီက ဈေးနဲ့ အဆောက်အအုံတွေ တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့အတွက် ဓမ္မရာဇိကစေတီတော်ကြီးက လုံး၀ ဥဿုံပျက်သုံးပြီး အုတ်မြစ်အရာလောက်သာ ကျန်ပါတော့တယ်။ ဓမ္မရာဇိကစေတီတော်ကို ဖျက်ဆီးစဉ်က ဌာပနာတိုက်ထဲမှာ ရုပ်ပွားဆင်းတုတော် တစ်ဆူနဲ့ ဓာတ်တော်ကြုတ်ပါတဲ့ ကျောက်သေတ္တာ တလုံးတွေ့ခဲ့ပြီး၊ ဓာတ်တော်ပြာတွေကို ဂင်္ဂါမြစ်ထဲ မျှောပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းအစအနကို ရထားတဲ့ ကျောက်စာဝန် ကန်နင်ဟန်က ၁၈၃၅-ခုနှစ်လောက်မှာ ဒီကျောက်သေတ္တာနဲ့ ဆင်းတုတော်ကို ရှာပုံတော် ဖွင့်ခဲ့ပါတယ်။ ကံအားလျော်စွာ ဂျဂတ်ဆင်း မိဂဒါဝုန်ကို ဖြိုဖျက်စဉ်က ကလေးဘဝနဲ့ ပါဝင်ခဲ့ဖူးတဲ့ ဆန်ကာ (Sangkar) ဆိုတဲ့ အဘိုးအိုတစ်ဦးနဲ့ ဆက်သွယ်မိပြီး၊ သူ့အကူအညီနဲ့ပဲ ကျောက်သေတ္တာကို ပြန်လည် ရှာဖွေ တူးဖော်နိုင်ခဲ့ပါတယ်။ အဲဒီကျောက်သေတ္တာနဲ့ ဆင်းတုတော် ၆၀ ကို အရှေ့တိုင်း သုတေသနတွေပြုလုပ်နေတဲ့ အာရှအသင်း (Asiatic Society) ကို လှူဒါန်းခဲ့ပြီး၊ ယခုအခါ ကာလကတ္တားက ပြတိုက်တခုမှာ ရှိကြောင်း သိရပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ပန်းပုလက်ရာတွေပါတဲ့ ကျောက်တုံး အတော်များများကို ဒေသခံတွေက ဆက်ပြီး သုံးနေကြတာ ရှိသလို၊ ဗြိတိသျှ အင်ဂျင်နီယာတွေက ဒန်ကန်(Dunncan)တံတားနဲ့ဘုရင်မကောလိပ်ကျောင်း (Queen's College)တို့ ဆောက်လုပ်ရာမှာ ဆက်ပြီးသုံးခဲ့ကြတယ်။

စေတီတော်ကြီး မရှိတော့ဘူးဆိုပေမယ့် ဒီနေရာမှာ မြတ်စွာဘုရား ဓမ္မစကြာတရား ဟောကြားတော်မူခဲ့တယ်လို့ နှလုံးသွင်း အာရုံပြုပြီး၊ စေတီတော် အုတ်မြစ်ခုံရှေ့မှာ ဘုရားဖူးများ စုပေါင်းကာ ဓမ္မစက္ကပဝတ္တနသုတ်ကို ရွတ်ဖတ် ပူဇော်ကြပါတယ်။

စိတ်ကူးဖြင့် ပြန်လည်ပုံဖော်ထားသော ဓမ္မရာဇိကစေတီနှင့် မူလဂန္ဓကုဋိ

မူလဂန္ဓကုဋိ ကျောင်းတော်ရာ


ဓမ္မရာဇိကစေတီတော်ရဲ့ အရှေ့တောင်ဖက် ကပ်လျှက်မှာတော့ မူလဂန္ဓကုဋိ ကျောင်းတော်ရာဟောင်း ရှိပါတယ်။ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်က မူလဂန္ဓကုဋိ ကျောင်းနေရာမှာ တိုးချဲ့တည်ဆောက်ခဲ့တဲ့ ကျောင်းတော်ပါ။ ပေ-၆၀ ပတ်လည်ရှိပြီး အရှေ့ဖက် မျက်နှာပြုထားတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးရဲ့ အကြောင်းကို တရုတ်ရဟန်းတော် ရွှန်ကျန်က အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါတယ်။ “ကျောင်းတိုက် အုတ်တံတိုင်းအတွင်း၌ ပေ-၂၀၀ မြင့်သော ကျောင်းကြီးရှိသည်။ အမိုးထက်တွင် ရွှေရောင် ဆီးဖြူသီးပုံ* ထွင်းထုထားသည်။ အဆောက်အုံ၏ အုတ်မြစ်နှင့် လှေကားတို့ကို ကျောက်သားပကတိဖြင့် ပြုလုပ်ထားသည်။ ပြဿာဒ်နှင့် နံရံကပ် လှိုဏ်ဂူငယ်များကို အုတ်ဖြင့် ပြုလုပ်ထားသည်။ လေးဖက်လေးတန်တွင် ရာချီသော နံရံကပ် လှိုဏ်ဂူငယ် အတန်းလေးများရှိ၍ ထိုလှိုဏ်ဂူငယ်များ အတွင်းတွင် ရွှေဆင်းတုတစ်ဆူစီ ရှိသည်။ ကျောင်းတော်ကြီး၏ အလယ်တွင် သက်တော်ထင်ရှား မြတ်စွာဘုရား၏ အရွယ်ပမာဏရှိသော ဓမ္မစကြာတရား ဟောတော်မူဟန် ကြေးဆင်းတုရုပ်ပွားတော် တစ်ဆူ ရှိသည်”။

(မှတ်ချက်။ Samuel Beal ဘာသာပြန်တဲ့ ရဟန်းတော်ရွှန်ကျန်ရဲ့ မှတ်တမ်း Buddhist Records of the Western World မှာ an-mo-lo ကို အမ္ဗ (သရက်သီး) လို့ ဘာသာပြန်ထားပါတယ်။ ဒါပေမယ့် အာမလက (ဆီးဖြူသီး) ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အိန္ဒိယနိုင်ငံက စေတီပုထိုးတွေ၊ ဟိန္ဒူဘုရားကျောင်းတွေရဲ့ ထိပ်မှာ တပ်ဆင်လေ့ရှိတဲ့ ကျောက်ဘီးဝိုင်းနဲ့ ခပ်ဆင်ဆင်တူတဲ့ ခပ်ပြားပြား ဆီးဖြူသီးပုံ ဗိသုကာအစိတ်အပိုင်းကို အာမလက (Āmalaka) လို့ခေါ်ပါတယ်။ မဟာဗောဓိစေတီတော်မှာလည်း အာမလက ပါပါတယ်။ မြန်မာဗိသုကာ ဝေါဟာရမှာတော့ ဖရုံတုံးလို့ ခေါ်တာ တွေ့ဖူးပါတယ်။)

မြန်မာဆရာတော်များက ဒီမူလဂန္ဓကုဋိကျောင်းတော်ရာကို နန္ဒိယကျောင်းတော်ရာလို့ အစဉ်အဆက် ယူဆသတ်မှတ်ခဲ့ကြပါတယ်။ မြတ်စွာဘုရား လက်ထက်က ရတနာသုံးပါးကို အလွန်ကြည်ညို ကိုင်းရှိုင်းတဲ့ နန္ဒိယသူကြွယ်က ဣသိပတန (မိဂဒါဝုန်) မဟာဝိဟာရ ကျောင်းတိုက်ကြီးထဲမှာ ခန်းမဆောင်ကြီး လေးခု၊ မုခ်ဦးအထွတ် လေးခုပါတဲ့ ကျောင်းဆောင်ကြီးကို ဆောက်လုပ် လှူဒါန်းခဲ့ဖူးပါတယ်။ ဘုရားရှင်ရဲ့ လက်တော်ပေါ်ကို ရေစက်သွန်းချလိုက်တာနဲ့ တပြိုင်နက် တာဝတိံသာနတ်ပြည်မှာ ဘုံဗိမာန်ပေါက်လာပြီး၊အချွေအရံ နတ်သမီးတွေက နန္ဒိယသူကြွယ် နတ်ရွာစံမှာကို စောင့်နေကြရတယ်လို့ ဓမ္မပဒ အဋ္ဌကထာက ဆိုပါတယ်။ “သေဟဲ့ နန္ဒိယ” ဆိုတဲ့ စကားက ဒီဝတ္ထုကို အကြောင်းပြုပြီး ပေါ်လာတာပါ။ အချို့ဧည့်လမ်းညွှန်တွေက ဒီကျောင်းတော်ကြီးက ဗုဒ္ဓမြတ်စွာ ပထမဝါဆိုစဉ်က သီတင်းသုံးတော်မူခဲ့တဲ့ နေရာလို့ ပြောဆိုတတ်ကြပါတယ်။ တကယ်ကတော့ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ဥယျာဉ်မှာ သီတင်းသုံးနေစဉ်အချိန်ကမှ စပြီး ကျောင်း (ဝိဟာရ) အလှူကို လက်ခံခွင့် ပြုခဲ့တာပါ။ အရင်ကတော့ ဘုရားနဲ့ ရဟန်းတော်တွေက သစ်ပင်ရင်း ဝါးပင်ရင်းစတဲ့ နေရာတွေမှာပဲ သီတင်းသုံး နေခဲ့ကြတာပါ။

အသောကကျောက်စာတိုင်
အသောကကျောက်တိုင်(from Wikipedia)

မူလဂန္ဓကုဋိကျောင်းတော်ရာရဲ့ အနောက်ဖက် နံဘေးမှာ ထိပ်ပိုင်းကျိုးနေတဲ့ အသောကကျောက်စာတိုင် ရှိပါတယ်။ ကျောက်စာတိုင်မှာ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့စာက “သံဃာကို သင်းမခွဲရ။ ရဟန်း ယောက်ျားဖြစ်စေ၊ ရဟန်း မိန်းမဖြစ်စေ သံဃာ သင်းခွဲသူအား ပိတ်ဖြူအဝတ် ဝတ်စေ၍ ကျောင်းတိုက်မှ နှင်ထုတ်မည်...” စသဖြင့် အဓိပ္ပါယ်ရကြောင်း သိရပါတယ်။ မူလက အမြင့် ပေ-၇၀ လောက်ရှိပေမယ့် အခုတွေ့နေရတဲ့ တိုင်ခြေကတော့ ၇-ပေ ၈-ပေလောက်ပဲ မြင့်ပါတယ်။ မူလဂန္ဓကုဋိကျောင်းဆောင်ကြီး ပြိုကျစဉ်က ကျောက်စာတိုင်ပေါ်ကို ပိကျတဲ့အတွက် ကျိုးသွားတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ကံကောင်းထောက်မစွာ ဓမ္မစကြာလှည်းဘီးနဲ့ ခြင်္သေ့လေးစီး အရုပ်ပါတဲ့ ကျောက်စာတိုင် ထိပ်ဖူးကတော့ မပျက်စီးဘဲ ကျန်ခဲ့ပါတယ်။ အသောကကျောက်စာက ခြင်္သေ့ရုပ်ကို အိန္ဒိယရဲ့ နိုင်ငံတော်အမှတ်တံဆိပ်အဖြစ် တလေးတစား အသုံးပြုပါတယ်။ ဓမ္မစကြာလှည်းဘီးကိုလည်း နိုင်ငံတော်အလံမှာ ထည့်သွင်း အသုံးပြုပါတယ်။ ကျောက်တိုင်ထိပ်ဖူးက ဆာရ်နာထ်ပြတိုက်ထဲကို ပြောင်းရွှေ့ထားကြောင်း သိရပါတယ်။ ပြတိုက်ကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။

အသောကကျောက်တိုင် ထိပ်ပိုင်း (from Wikipedia)


ဓမ္မစကြဇိနကျောင်း (ကုမာရဒေဝီကျောင်း)

မြောက်ဖက်ကို ဆက်ပြီးသွားတဲ့အခါ ဓမ္မစကြဇိန ကျောင်းတော်ရာကို ရောက်ပါတယ်။ ကဏ္ဏကုဇ္ဇမင်း (ကနော့ဂျ် Kannauj) ဂေါဝိန္ဒစန္ဒြရဲ့ မိဖုရား ကုမာရဒေဝီက ခရစ်နှစ် ၁၁၃၆-ခုမှာ တည်ဆောက်ခဲ့တဲ့ ကျောင်းတော်ရာ ဖြစ်ပါတယ်။ တူးဖော်ရရှိတဲ့ ကုမာရဒေဝီကျောက်စာအရ ရှေးခေတ် (အသောကမင်းလက်ထက်ကလို့ ယူဆရတဲ့) ဓမ္မစကြဇိန ရုပ်ဆင်းတုတော် သီတင်းသုံးရန် တည်ထားခဲ့တယ်လို့ သိရပါတယ်။ ရှေးဟောင်းသုတေသနဌာနက ကျောင်းဆောင် အမှတ် ၁၊ ၂၊ ၃၊ ၄ လို့ ရေးထိုးထားတဲ့ ကျောင်းဆောင် လေးဆောင်က ဓမ္မစကြဇိန ကျောင်းတိုက် အတွင်းမှာ ပါဝင် ပါတယ်။ ရဟန်းတော် အများအပြား သီတင်းသုံးနိုင်မယ့် ကျောင်ကြီးတွေ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ကျောင်းတိုက်ဝင်းရဲ့ အနောက်ဖက်ခြမ်းမှာ ရှည်လျားတဲ့ မြေအောက်ဥမင်လမ်းတခုကို တွေ့ရပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဆောက်ခဲ့တယ် ဆိုတာကိုတော့ ကျကျနန မသိရပါဘူး။ Bhattacharya ရေးတဲ့ The History of Sarnath or The Cradle of Buddhism စာအုပ်မှာတော့ အနောက်ဖက်က ကန်တခုဆီကို ဆက်သွယ်ထားတဲ့ ရေနှုတ်မြောင်းလို့ ဆိုပါတယ်။ မြန်မာ ဧည့်လမ်းညွှန်တွေကတော့ ဘိက္ခုနီမတွေ ရေချိုးဆင်းတဲ့ လမ်းလို့ ရှင်းပြလေ့ရှိပါတယ်။


ကျောင်းရဲ့ မြောက်ဖက်မှာတေ့ သမင်နဲ့ အခြားတိရစ္ဆာန်တွေကို ခြံစည်းရိုးခတ် ကာရံထားတဲ့ ခေတ်သစ် မိဂဒါဝုန်တော ရှိပါတယ်။ သမင်တွေကို အစာကြွေးလို့ ရပါတယ်။ ၁၀-ဧကလောက်ရှိပြီး ဗုဒ္ဓသာသနာ ၂၅၀၀-ပြည့်အထိမ်းအမှတ်နဲ့ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ မိဂဒါဝုန်ဥယျာဉ်က အေးချမ်း သာယာတာကြောင့် ဥယျာဉ်ထဲက ခုံတန်းလျားလေးတွေနဲ့ စေတီပျက်၊ ကျောင်းပျက်တွေကြားမှာ စုံတွဲတွေ အတော်များများ လာရောက် အနားယူ အပန်းဖြေနေကြတာကို သတိထားမိပါတယ်။


ပဉ္စာယတနစေတီ

ဓမ္မရာဇိကစေတီရဲ့ အရှေ့ဖက်နားလောက်မှာ ဂုတ္တခေတ်က တည်ဆောက်ခဲ့တဲ့ စေတီဟောင်းတစ်ဆူ ရှိပါတယ်။ ထောင့်လေးထောင့်မှာ စတုရန်းပုံလေးခု ထပ်ပါတဲ့အတွက် အခြေ ၅-ခုပါတဲ့ ပဉ္စာယတန (Panchaytan) စေတီလို့ ခေါ်ပါတယ်။ ဖောင်းကြွရုပ်ပုံတွေ ထွင်းထုထားတဲ့ နီညိုရောင် မြေအုတ်တွေနဲ့ ဆောက်ထားတာပါ။ စေတီရဲ့ အောက်ခြေပလ္လင်ပဲ ကျန်ပါတော့တယ်။ သံဆူးကြိုးကာရံထားပြီး အမိုးလည်း မိုးထားပါတယ်။ မြန်မာဆရာတော်များက ဒီနေရာဟာ ယသသတို့သားကို ချွတ်တော်မူခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။

ယသသတို့သားက ပဉ္စဝဂ္ဂီ ၅-ဦး နောက်မှာ ရဟန္တာဖြစ်တဲ့ (ဗုဒ္ဓမြတ်စွာ အပါအဝင်ဆိုရင်) ၇-ဦးမြောက် ရဟန္တာ ဖြစ်ပါတယ်။ ယသက အလောင်းတော်ကို ဃနာနို့ဆွမ်းလှူခဲ့တဲ့ သုဇာတာရဲ့ သားပါ။ ယသသတို့သားရဲ့ ဖခင်ကလည်း သရဏဂုံ ၃-ပါးလုံးတည်တဲ့ ဥပါသကာတွေထဲမှာ ပထမဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ နောက်တော့ အရှင်ယသရဲ့ လူ့ဘဝက မိတ်ဆွေအပေါင်းသင်းတွေပါ ရဟန်းပြုကြပြီး ရဟန္တာ ၆၁-ပါး ဖြစ်လာပါတယ်။ မိဂဒါဝုန်မှာ သီတင်းသုံးနေကြရင်း ဝါကျွတ်တဲ့အခါမှာတော့ ဗုဒ္ဓက ရဟန်းတော်တွေကို ဒေသအသီးသီးကို လှည့်လည်ပြီး သာသနာပြုကြဖို့ စေလွှတ်တော်မူပါတယ်။ ဒါကြောင့် မိဂဒါဝုန်က ဗုဒ္ဓသာသနာ စတင်ရာလို့ ဆိုရင်လည်း မမှားပါဘူး။
ရဟန်းတို့ လောကကို အစဉ်သနား စောင့်ရှောက်သောအားဖြင့် နတ်လူတို့၏ အကျိုးစီးပွားငှာ ဒေသစာရီ လှည့်လည်ကြကုန်လော့။ တစ်ခရီးတွင် နှစ်ပါး မသွားကြကုန်လင့်။ […] တရားကို ဟောကြကုန်လော့။ […] မြတ်သောအကျင့်ကို ပြကြကုန်လော့။ ငါလည်း ဥရုဝေလာတော သေနာနိဂုံးသို့ တရားဟောရန် သွားပေအံ့။ (ဝိနည်းမဟာဝါ၊ မာရကထာ)


ဓမ္မေခစေတီ
ဓမ္မရာဇိကစေတီရဲ့ အရှေ့ဖက် ကိုက်-၁၅၀ လောက် အကွာမှာ ဓမ္မေခစေတီ ရှိပါတယ်။ အမြင့် ၁၀၄-ပေခန့်ရှိပြီး အောက်ခြေ အချင်း ၉၃-ပေ ခန့် ရှိပါတယ်။ စေတီတော်ပတ်လည်မှာ ဂုတ္တခေတ်လက်ရာ ပန်းခက် ပန်းနွယ်တွေ၊ အာရိယန်တွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ စကြာပုံ (Swatika)၊ ငှက်ပုံ စတာတွေနဲ့ အလှဆင်ထားပါတယ်။ အရပ်ရှစ်မျက်နှာမှာ နံရံကပ် လှိုဏ်ဂူငယ်လေးတွေ ရှိပါတယ်။ အောက်ခြေမှာ သံဘောင်တွေနဲ့ အခိုင်အမာတုတ်ထားတဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတဲ့အတွက် အလွယ်တကူဖျက်ဆီးလို့ မရဘဲ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ဓမ္မေခဆိုတဲ့ အမည်က “ဓမ္မ ဒေသက” ဆိုတဲ့ပုဒ်ကို အကျဉ်းချုံးထားတဲ့ အမည်လို့ ကျောက်စာဝန် ကန်နင်ဟန်က ယူဆပါတယ်။ အချို့ကလည်း “ဓမ္မစက္က” ကနေ အခေါ် ရွေ့လျှောလာတယ်လို့ ယူဆကြပါတယ်။ ၁၀၂၆-ခုနှစ်က ရေးထိုးထားတဲ့ မဟိပါလမင်းရဲ့ ကျောက်စာအရ ဒီစေတီကို “ဓမ္မစက္ကစေတီ” လို့ ရည်ညွှန်းထားလို့ပါ။ ဒါကြောင့် ကျောက်စာဝန် ကန်နင်ဟန်က ဓမ္မစကြာဟောတဲ့နေရာ အထိမ်းအမှတ်စေတီ ဖြစ်နိုင်တယ်လို့ အရင်က ယူဆခဲ့တဲ့အတွက် အလယ်အူတိုင်ကနေ တူးပြီး အထောက်အထား ရှာခဲ့ပါသေးတယ်။ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစချီတဲ့ ဂါထာကို ဗြဟ္မီအက္ခရာနဲ့ ၆-ရာစု ၇-ရာစုလောက်က ရေးထိုးထားတဲ့ ကျောက်ပြား တချပ်ကို တွေ့ရတယ်။ နောက်ဆက်တူးတော့ မောရိယခေတ်က အုတ်တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဓမ္မစကြာဟောတဲ့နေရာလို့ အထောက်အထားမရခဲ့ပေမယ့် အတော်လေး ရှေးကျတဲ့ စေတီတဆူဖြစ်တယ် လို့တော့ သက်သေပြနိုင်ခဲ့ပါတယ်။ အချို့ကလည်း တရုတ်ဘုရားဖူး ရဟန်းတော်တွေရဲ့ မှတ်တမ်းမှာပါတဲ့ မေတ္တေယျ ဘုရားအလောင်းကို ဗျာဒိတ်ပေးခဲ့နေရာ အထိမ်းအမှတ် စေတီလို့ ဆိုကြပါသေးတယ်။ မြန်မာဆရာတော်များကတော့ ဒီနေရာဟာ အနတ္တလက္ခဏာသုတ် ဟောကြားနေရာဖြစ်တယ်လို့ ယူဆကြပါတယ်။ ဘုရားဖူးတွေက စုပေါင်းပြီး အနတ္တလက္ခဏာသုတ် ရွတ်ဖတ် ပူဇော်ခြင်း၊ တရားထိုင်ခြင်းများ ပြုကြပါတယ်။


(၁) ပထမဆုံး တရားဦး ဓမ္မစကြာနဲ့ အနတ္တလက္ခဏာသုတ်တို့ ဟောကြားတော်မူရာ
(၂) သံဃာရတနာ စတင်ပေါ်ထွန်းတော်မူရာ
(၃) ပထမဆုံး သရဏဂုံတည်သူ ဥပါသကာ စတင်ပေါ်ပေါက်ရာ
(၄) မြတ်စွာဘုရားရှင် ပထမဆုံး ဝါဆိုတော်မူရာ
(၅) ပထမဆုံး သာသနာပြုခရီး စတင်ရာ

အဲဒီနောက်မှာမှာတော့ အထက်ပါ ဝိသေသဂုဏ်ထူးတွေနဲ့ ပြည့်စုံနေတဲ့ မြေမြတ်မဟာ မိဂဒါဝုန်ဥယျာဉ်ကနေ ပြန်ထွက်ခဲ့ကြပါတယ်။ ၂-နာရီလောက် အချိန်အတွင်း နေရာအတော်များများကို ဖူးမြော် လေ့လာရတာဆိုတော့ တနေရာစီအတွက် ရတဲ့အချိန်က အလွန်နည်း ပါတယ်။ ဘယ်နေရာတွေ ရောက်ခဲ့တယ်ဆိုတာကိုတောင် အကုန်မှတ်မိဖို့ ခက်ပါတယ်။ သွားရင်းလာရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ စာအုပ်တချို့ကို ပြန်ဖတ်မှ အစီအစဉ်တကျ မှတ်မိပါတော့တယ်။

ခေတ်သစ် မူလဂန္ဓကုဋိ ကျောင်းတိုက် (မဟာဗောဓိအသင်း)
ခေတ်သစ် မူလဂန္ဓကုဋိကျောင်းတိုက် (from Wikipedia)
ခေတ်သစ်မူလဂန္ဓကုဋိကျောင်းမှ ဆင်းတုတော်
မဟာဗောဓိအသင်းက တည်ဆောက်ခဲ့တဲ့ မူလဂန္ဓကုဋိ ကျောင်းတိုက်က မိဂဒါဝုန်ဥယျာဉ်ဝင်းရဲ့ အပြင်ဖက်မှာ ရှိပါတယ်။ ၁၉၃၁-ခုနှစ်မှာ အနာဂါရိကဓမ္မပါလ ဦးဆောင်မှုနဲ့ တည်ခဲ့တာဖြစ်ပြီး ရံပုံငွေအများစုကို ဟာဝိုင်ရီက အမျိုးသမီး မေရီ အဲလိဇဘက် ဖော်စတာ (Mrs. Mary Elizabeth Foster) က ထည့်ဝင် လှူဒါန်းခဲ့ပါတယ်။ (ဒီနေ့ခေတ် ပါကစ္စတန်မှာရှိတဲ့) တက္ကသိလာနဲ့ (အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့) နာဂဇ္ဈုနကောဏ္ဍအရပ်တို့မှ တူးဖော်ရရှိတဲ့ ဓာတ်တော်တွေကို အိန္ဒိယဘုရင်ခံ လော့ဒ်အာဝင် (Lord Irwin) က မဟာဗောဓိအသင်းကို လှူခဲ့ပါတယ်။ အဲဒီ ဓာတ်တော်တွေကို ဒီမူလဂန္ဓကုဋိ ကျောင်းတိုက် ဗုဒ္ဓရုပ်ပွားတော်ရဲ့အောက်ခြေမှာ ရှိတဲ့ အခန်းထဲမှာ ပူဇော်ထားကြောင်း သိရပါတယ်။ ဓာတ်တော်ကြုတ် အလှူရှင်က မြန်မာနိုင်ငံက ဒေါ်ဂွမ်းက လှူခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းတိုက်ရဲ့ အရှေ့ဖက်မှာ ငြိမ်းချမ်းရေး ခေါင်းလောင်းနဲ့ မြန်မာလက်ရာ ပဉ္စဝဂ္ဂီ ၅-ဦးအား ဓမ္မစကြာတရားဟောဟန် ရုပ်ပွားဆင်းတုတော် ရှိပါတယ်။ ဆင်းတုတော် အနောက်က ဗောဓိပင်က သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့မှာရှိတဲ့ ဗောဓိပင်ကနေ မျိုးပွားထားတဲ့ အပင်လို့ သိရပါတယ်။ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို မြန်မာ၊ အင်္ဂလိပ်၊ ဒေဝနာဂရီ၊ တရုတ်၊ ဂျပန်စတဲ့ ဘာသာစကား အသီးသီးနဲ့ ရေးထိုးထားတာကိုလည်း တွေ့ခဲ့ရပါတယ်။


မူလဂန္ဓကုဋိ ကျောင်းတိုက်အထွက်မှာ ဆာရီနဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တချို့က လက်ကမ်းကြော်ညာတွေ ဝေပါတယ်။ မိဂဒါဝုန် ဘုရားဖူးအစီအစဉ် ပြီးပြီဆိုတော့ လက်ဆောင် ပစ္စည်း ဝယ်ဖို့ အချိန်ပေးပါတယ်။ ဘုရားဖူးအဖွဲ့ကို ပို့ပေးတဲ့ ဆာရီဆိုင်တန်းကတော့ မိဂဒါဝုန် မြန်မာကျောင်း ရှိတဲ့ လမ်းပါ။ ဆိုင်တိုင်း လိုလိုက မြန်မာပြည်တော်ပြန် ကုလားတွေ ဖွင့်ထားတာမို့ မြန်မာစကားကို လည်လည်ဝယ်ဝယ် ပြောနိုင်ကျပါတယ်။ ဈေးဝယ်ပြီး တနေ့တာ ကုန်ဆုံးသွားတော့ ဗာရာဏသီ ဘူတာရုံကြီးနားက ဆေးဝင်္ကပါကျောင်းကို သွားပြီး တည်းခိုကြပါတယ်။

Tuesday, February 12, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၂) - ဗုဒ္ဓဂယာ အနီးဝန်းကျင်

“ကုသိုလ်တရားကို ရှာမှီးလျှက်, တုနှိုင်းမဲ့ ငြိမ်းချမ်းရာကို ရှာမှီးလျှက် မဂဓတိုင်းအတွင်း လှည့်လည်စဉ် ငါသည် ဥရုဝေလာအရပ် သေနနိဂုံးသို့ ရောက်၏။ ကြည်နူးဖွယ် ကောင်းသော တောအုပ်၊ တသွင်သွင် စီးဆင်းနေသော မြစ်၊ သန့်ရှင်းသော သဲသောင်ဖြင့် မွေ့လျော်ဖွယ်ရာ ကောင်းသော ရေချိုးဆိပ်၊ အနီးဝန်းကျင်မှ ဆွမ်းခံရွာတို့ဖြင့် ဤအရပ်သည် စင်စစ် မွေ့လျော်ဖွယ် ကောင်းလှပေ၏။ … ဤအရပ်သည် တရားအားထုတ်ရန် သင့်လှပေ၏ဟု နှလုံးသွင်းလျှက် ငါသည် ဤအရပ်၌ နေခဲ့၏။” (မ-၁-၂၇၉၊ ပါသရာသိသုတ်)

မဟာဗောဓိစေတီတော်ကို နံနက်ပိုင်းမှာ ဖူးမြော်ပြီးတဲ့နောက် နေ့လည်ပိုင်းမှာ ဗုဒ္ဓဂယာ အနီးတဝိုက်ရှိ ဒုက္ကရစရိယာ ကျင့်တော်မူရာနေရာ၊ သုဇာတာ အိမ်နေရာ၊ သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူတဲ့နေရာ စတဲ့နေရာတွေကို လိုက်ပို့ပေးပါတယ်။ နေ့တစ်ပိုင်းအတွင်း နေရာအတော်များများကို သွားရတာဆိုတော့ နည်းနည်း တက်သုတ်ရိုက်ပါတယ်။


ဗုဒ္ဓဂယာနဲ့ အလှမ်းဝေးတဲ့ ဒုက္ကရစရိယာကျင့်ရာနေရာကို ပထမဆုံး သွားကြပါတယ်။ နေရဉ္ဇရာမြစ်ကမ်း နံဘေးမှာ ဖောက်ထားတဲ့လမ်းအတိုင်း ဂယာမြို့ဖက်ဆီကို သွားရပါတယ်။ ဂယာမြို့အဝင်လောက်မှာရှိတဲ့ တံတားနဲ့ နေရဉ္ဇရာမြစ်ကို ဖြတ်ပြီး ဒုက္ကရစရိယာကျင့်ရာဂူကို သွားကြမှာ ဖြစ်ပါတယ်။ တောထွက်လာတဲ့ အလောင်းတော်ဟာ အာဠာရကာလာမ၊ ဥဒကရာမပုတ္တစတဲ့ ရသေ့ဆရာကြီးတွေဆီမှာ နည်းခံပြီး အရူပ ဈာန်သမာပတ်တရားတွေကို အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတရားတွေက မိမိရှာဖွေနေတဲ့ မအို၊ မနာ၊ မသေရာ နိဗ္ဗာန်ကို ရစေနိုင်တဲ့ တရားတွေမဟုတ်မှန်း သိရှိခဲ့တဲ့အတွက် ဒီဆရာကြီးတွေကိုဆီကနေ လမ်းခွဲထွက်လာခဲ့ရင်း မဂဓတိုင်းအတွင်းရှိ နေရဉ္ဇရာမြစ်ကမ်း နံဘေးက ဥရုဝေလတောကို ရောက်ခဲ့ပါတယ်။ နေရဉ္ဇရာနဲ့ ဥရုဝေလာတောအုပ်က အလွန်သာယာလှပြီး ဆွမ်းခံရွာနဲ့လည်း မဝေးတာကြောင့် ဒီတောအုပ်ထဲမှာ တရားအားထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

နေရဉ္ဇရာဆိုတာက “နောက်ကျိခြင်းကင်း၍ ကြည်လင်သန့်ရှင်းသော ရေ” (နေလံ = အပြစ်ကင်းသော + ဇလ = ရေ) ဒါမှမဟုတ် “ပြာလဲ့သော ရေ” (နီလ = အပြာ + ဇလ = ရေ) စီးဆင်းနေတဲ့ မြစ်လို့ အဓိပ္ပါယ် ဖွင့်ကြပါတယ်။ ယခုခေတ်မှာတော့ နီလာဂျန် (Nilajan)၊ လိလာဂျန် (Lilajan) စသဖြင့် ခေါ်ကြပါတယ်။ တောင်ကနေ မြောက်ကို စီးဆင်းနေတာဖြစ်ပြီး ဂယာမြို့မရောက်ခင်လောက်မှာ မိုဟနာမြစ် (Mohana)နဲ့ ပေါင်းပြီး ဖလ်ဂုမြစ် (Phalgu) ဆိုတဲ့ အမည်နဲ့ မြောက်ကို ဆက်စီးသွားတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ နေရဉ္ဇရာက ရေမရှိသလောက် ခန်းခြောက်နေတဲ့ မြစ်ကောကြီး တစ်ခုအဖြစ်တွေ့ရပါတယ်။ မြစ်ကြမ်းခင်း သဲသောင်ပြင်ကြီးက မိုင်ဝက်လောက် ကျယ်ပါတယ်။ သဲတွေကို ဆောက်လုပ်ရေးအတွက်သုံးဖို့ လာရောက်တူးဖော်နေကြတာကို တွေ့ခဲ့ရပါတယ်။

နေရဉ္ဇရာမြစ် တဖက်တချက်မှာရှိတဲ့ တောအုပ်ကို ဥရုဝေလာတောလို့ ခေါ်ပါတယ်။ ဒုက္ကရစရိယာ ကျင့်တော်မူခဲ့တဲ့နေရာသာမက ဘုရားအဖြစ် ရောက်တော်မူခဲ့တဲ့ ဗုဒ္ဓဂယာနေရာတွေက ဥရုဝေလာတောအတွင်းမှာ ရှိခဲ့ပါတယ်။ ဥရုဝေလာဆိုတဲ့ အဓိပ္ပါယ်က များပြားကျယ်ပြောတဲ့ သဲပြင် (သဲပုံ) (ဥရု = သဲ + ဝေလာ - ကျယ်ပြော) လို့ အဓိပ္ပါယ်ရပါတယ်။ ရှေးက ဒီနေရာမှာ တရားကျင့်ကြတဲ့ ရသေ့တွေက မိမိတို့ရဲ့ စိတ်သန္တာန်မှာ မကောင်းတဲ့ အတွေးအကြံတွေပေါ်တိုင်း ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့အနေနဲ့ သဲတွေကို ခပ်ယူပြီး တနေရာမှာ စုပုံခဲ့ကြတယ်။ ဒီလိုစုပုံထားတဲ့ သဲပုံကြီးတွေရှိတဲ့ အတွက် ဥရုဝေလာလို့ ခေါ်ကြောင်း ဥဒါန်းအဋ္ဌကထာက ဆိုပါတယ်။
ဂယာသီသတောင်

ဂယာမြို့အနီးကိုရောက်တော့ လမ်းရဲ့ ဘယ်ဖက်အခြမ်းမှာ ဆင်ဦးကင်းသဏ္ဍာန်ရှိတဲ့ ဂယာသီသတောင်ကို ကားပေါ်ကနေ လှမ်းမြင်ရပါတယ်။ ဂယာသီသကလည်း ဗုဒ္ဓသာသနာ့သမိုင်းမှာ အရေးပါတဲ့နေရာ တနေရာဖြစ်ခဲ့ပါတယ်။ ဥရုဝေလာကဿပ၊ နဒီကဿပ၊ ဂယာကဿပဆိုတဲ့ ရသေ့ညီနောင် ၃-ဦး ခေါင်းဆောင်တဲ့ ရသေ့ပေါင်းတစ်ထောင်ကို ဂယာသီသတောင်ထိပ်က ကျောက်ဖျာကြီးပေါ်မှာ အာဒိတ္တပရိယာသုတ်ဒေသနာ ဟောကြားတော်မူခဲ့ဖူးပါတယ်။ မျက်စိ၊ အဆင်း၊ မြင်စိတ်စတဲ့ တရားတွေပေါ်ကို စွဲပြီး ရာဂ ဒေါသ မောဟစတဲ့ မီးတွေ အလျှံတပြောင်ပြောင် တောက်လောင်နေတယ်လို့ တင်စားပြီး ဟောထားခဲ့တဲ့တရားပါ။ တရားအဆုံးမှာ မီးကို အလုပ်အကြွေးပြုနေကြတဲ့ ရသေ့တစ်ထောင်ဟာ ကိလေသာ ကုန်ခမ်းပြီး ရဟန္တာဖြစ်ကြပါတယ်။ ဂယာသီသရဲ့ အခြားထင်ရှားတဲ့ ဖြစ်ရပ်တခုကတော့ သံဃာကို သင်းခွဲပြီး ထွက်လာတဲ့ အရှင်ဒေဝဒတ်က ဒီဂယာသီသတောင်မှာ တစင်ထောင်ပြီး နေခဲ့ဖူးတာပါ။ ဂယာသီသတောင်ကို ဟိန္ဒူဘာသာဝင်တွေက ဗြဟ္မယောနိတောင်လို့ ခေါ်ပါတယ်။ တောင်ထိပ်မှာ အသောကမင်းတည်ခဲ့တဲ့ စေတီနဲ့ ဟိန္ဒူဘုရားကျောင်း တစ်ကျောင်းရှိပါတယ်လို့ ဆိုပါတယ်။ ဘုရားဖူးအဖွဲ့ရဲ့ ပို့တဲ့အစီအစဉ်မှာ မပါတဲ့အတွက် မရောက်ဖြစ်ခဲ့ပါဘူး။

ဂယာသီသတောင်ထိပ် (from Wikipedia)
ဂယာမြို့ အစပ်နားကို ရောက်တော့ ဂယာကို သွားတဲ့လမ်းကနေ ခွဲထွက်ပြီး ဖလ်ဂုမြစ်ကူးတံတားကို ကျော်ရပါတယ်။ တောင်ကုန်းဆီကိုသွားတဲ့ လမ်းက အတော်လေး ကြမ်း ပါတယ်။ ဂျပန်နိုင်ငံကနေ ဒီလမ်းကို ဖောက်ပေးဖို့ ကမ်းလှမ်းပေမယ့် ပြည်နယ် အစိုးရက လက်မခံဘူးလို့ ဆိုပါတယ်။ လမ်းတစ်လျှောက်မှာ ထန်းတောတွေ၊ ကျောက်ထုတ်လုပ်ရေး စခန်းတွေကို တွေ့ရပါတယ်။
ဖလ်ဂူမြစ်ကူးတံတား

ဒုက္ကရစရိယာကျင့်တဲ့ တောင်ကို ပရဗောဓိတောင် (Pragbodhi) လို့ ခေါ်ကြပါတယ်။ ပရဗောဓိဆိုတဲ့ အမည်ကတော့ “ဗောဓိဉာဏ် မရသေးမီ” တရားဓမ္မ ကျင့်ခဲ့တဲ့နေရာလို့ အဓိပ္ပါယ်ရပါတယ်။ တိဘက်တွေက ဒုင်္ဂရတောင် (Dungra) လို့ ခေါ်ပါတယ်။ တောင်ခါးပန်းမှာရှိတဲ့ ဒုက္ကရစရိယာကျင့်ခဲ့တဲ့ ဂူကို ရောက်အောင် မိနစ်-၂၀ လောက် ခြေလျှင် တက်ရပါတယ်။ အချို့လည်း အထမ်းငှားတက်ကြသသလို အငှားဆိုင်ကယ်နောက်က ထိုင်လိုက်ပြီး တက်လို့လည်း ရပါတယ်။ လမ်းတလျှောက်မှာ သူတောင်းစားတွေ အလွန် ပေါပါတယ်။ ဒီနေရာက လူပြတ်တော့ အချို့ဆိုရင် အလုအယက် ခံရတတ်တယ်လို့ ကြားဖူးပါတယ်။ တုတ်တချောင်းကိုင်ပြီး စောင့်နေတဲ့ ရဲတယောက် ရှိပါတယ်။

ဒုက္ကရစရိယာကျင့်ရာ ပရဗောဓိတောင်

ဒုက္ကရစရိယာ ကျင့်တော်မူတဲ့ ဒုင်္ဂေဆွရိ (Dungeswari) ဂူ နေရာကို တိဘက် ဘုန်းတော်ကြီးတွေက ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။ ဂူအတွင်းမှာ နံရိုးတွေ အပြိုင်းပြိုင်းထနေတဲ့ ဒုက္ကရစရိယာ ကျင့်တော်မူဟန် ရုပ်ပွားဆင်တုတော် တဆူ ရှိပါတယ်။ ဂူက ကျဉ်းပြီး အောက်စီဂျင်နည်းတဲ့ အတွက် အထဲမှာ ဆီမီး မပူဇော်ရဘူးလို့ ဆိုပါတယ်။ အတော်လေးမှောင်နေတဲ့ အတွက် ရုပ်ပွားတော်ကိုတောင် ကင်မရာ မီးရောင်ထိုးမှ မြင်ရပါတယ်။ ဒီရုပ်ပွားတော်ကနေ အလောင်းတော်ဟာ လူသာမာန်တို့ ပြုကျင့်ရန် ခဲယဉ်းတဲ့ ဒုက္ကရစရိယာ (ဒု = ခက်ယဉ်း + ကရ - ပြုလုပ် + စရိယာ = အကျင့်) ကို ဤနေရာတွင် ၆-နှစ်ကြာ ကျင့်တော်မူခဲ့တယ်လို့ အလောင်းတော်ရဲ့ ဇွဲဝီရိယကို မှန်းဆအာရုံပြုနိုင်ပါတယ်။

သုဇာတာကုန်းသို့ သွားရာ လမ်းခွဲ

သုဇာတာကုန်းသို့ သွားသည့် နေရဉ္ဇရာမြစ်ကူးတံတား
ဒုက္ကရစရိယာတောင်က ဆင်းလာတဲ့အခါ ဗုဒ္ဓဂယာဖက်ကို ပြန်လှည့်လာခဲ့ကြပါတယ်။ မြန်မာ ဘုန်းတော်ကြီး ကျောင်းရှိတဲ့ နေရာနားက တံတားကနေ နေရဉ္ဇရာမြစ်ကို ကျော်လိုက်တဲ့အခါ မြတ်စွာဘုရားလက်ထက်က သေနာနိဂုံးလို့ အမည်ရခဲ့တဲ့ ဘာကရောရွာ (Bakraur) ကို ရောက်ပါတယ်။ ရှေးပဝေဏီကတည်းက စစ်တပ် စခန်းချထားရာ မြို့ဖြစ်လို့ သေနာနိဂုံးလို့ ခေါ်ပါတယ်။ သက္ကဘာသာနဲ့ရေးတဲ့ ဗုဒ္ဓဝင်စာအုပ်တွေမှာတော့ သေနာပတိနိဂုံး လို့ရေးပါတယ်။ အချို့ကလည်း သုဇတာ သတို့သမီးရဲ့ ဖခင် အမည် “သေနာနီ” ကို အစွဲပြုပြီး ခေါ်တဲ့အမည်လို့ ဆိုပါတယ်။ ရွာကို ဖြတ်ပြီး အရှေ့ဖက်ဆီကို မောင်းသွားတဲ့အခါ “သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူနေဟန် ရုပ်ပွားတော်” လို့ မြန်မာစာနဲ့ ကမ္ပည်းထိုးထားတဲ့ သုဇာတာကျောင်း (Sujata Temple) ကို ရောက်ပါတယ်။ အမှန်တကယ် ဃနာနို့ဆွမ်း ကပ်လှူတဲ့နေရာက ဒီကျောင်းရဲ့ အရှေ့မြောက်ဖက်က ကုန်းမို့မို့လေးပေါ်မှာ ရှိတယ်လို့ လှမ်းပြပါတယ်။ နို့ဆွမ်း ဘုဉ်းပေးပြီးတဲ့နောက် အဓိဋ္ဌာန်ပြုပြီး နေရဉ္ဇရာမြစ်ထဲ ရွှေခွက်မျှောတဲ့ နေရာ အထိမ်းအမှတ်တည်ထားတဲ့ ဆင်းတုတော်ပုံကို ခပ်ဝါးဝါး လှမ်းမြင်နေရပါတယ်။ အဲဒီနေရာက နေရဉ္ဇရာမြစ်ထက် မိုဟနာမြစ်နဲ့ ပိုနီးနေသလားလို့ အောက်မေ့မိပါတယ်။
သုဇာတာကျောင်း

ရွှေခွက်မျှောရာ အထိမ်းအမှတ်နေရာ

အဲဒီနောက် ရွာဖက်ပြန်လာပြီး နေရဉ္ဇရာမြစ်ဘေး တစ်နေရာက သောတ္ထိယမြက်ရိတ်သမားက အလောင်းတော်ကို မြက်ထုံးလှူဒါန်းနေတဲ့ ပုံထုလုပ်ထားတဲ့ နေရာကို ရောက်ပါတယ်။ Buddha Kusa Grass Temple လို့ အမည်ရေးထိုး ထားပါတယ်။ ဒီကျောင်းနေရာကနေ နေရဉ္ဇရာမြစ်ကို ကျော်ပြီး ဗုဒ္ဓဂယာက မဟာဗောဓိစေတီတော်ကို လှမ်းမြင်နေရပါတယ်။ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းအရဆိုရင်တော့ မဟာဗောဓိစေတီတော် ဝင်းအတွင်းက အသောကကျောက်စာတိုင် နံဘေးက စေတီဟာ သောတ္ထိယမြက်ရိတ်သမားထံက မြက်ရှစ်ထုံး အလှူခံခဲ့တဲ့ နေရာဖြစ်မှာပါ။


အဲဒီနောက် ရွာရဲ့ မြောက်ဖက်ထိပ်က သုဇာတာကုန်း (Sujata Garh) ကို သွားကြပါတယ်။ အုတ်ပုံလောက်သာကျန်တဲ့ စေတီဟောင်းတစ်ဆူပါ။ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနရဲ့ ရှာဖွေတွေ့ရှိမှုအရ ခရစ်နှစ်မတိုင်မီ နှစ် ၁၀၀ ကျော်လောက်က တည်ခဲ့တာ ဖြစ်ပြီး သုံးကြိမ်တိုင်တိုင် ပြုပြင်မွမ်းမံခဲ့ကြောင်း သိရပါတယ်။ နောက်ဆုံး ပြုပြင်ခဲ့တာက ပါလခေတ် (ခရစ်နှစ် ၈-ရာစု ၉-ရာစု) လောက်က ဖြစ်ပါတယ်။ ပါလခေတ်က ရေးထိုးထားတဲ့ “Devpala Rajasya Sujatah Griha” ကမ္ပည်းစာအရ သုဇာတာရဲ့ အိမ်နေရာမှာ တည်ထားတဲ့ စေတီလို့ ယူဆကြရပါတယ်။ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းမှာတော့ ဘုရားအလောင်း ဂန္ဓဟတ္ထိ ဆင်မျိုးဖြစ်ခဲ့စဉ်က အဖြစ်အပျက်တစ်ခု အထိမ်းအမှတ်နဲ့ တည်ထားတဲ့ စေတီလို့ ဆိုပါတယ်။

သုဇာတာကုန်း စေတီ

သေနာနိဂုံးတနေရာ

Monday, February 11, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၁) - မဟာဗောဓိစေတီ

၂၀၁၂ နှစ်ကုန်ပိုင်းမှာ မိသားစုလိုက် ဗုဒ္ဓဂယာကို ၁၅-ရက်ကြာ ဘုရားဖူး သွားဖြစ်ပါတယ်။ မြန်မာပြည်က ဘုရားဖူးပို့ဆောင်ရေးကုမ္ပဏီရဲ့ အစီအစဉ်နဲ့ သွားတဲ့ ခရီးပါ။ ရန်ကုန်ကနေ ဂယာကို လေယာဉ်နဲ့ တိုက်ရိုက် သွားတာပါ။ ဒီဇင်ဘာလထဲမှာ ဖြစ်နေတော့ ဂယာလေဆိပ်မှာ မြူတွေဆိုင်းနေလို့ လေယာဉ် ထွက်ချိန် နောက်ကျပါတယ်။ မူလသတ်မှတ်ထားတဲ့ ထွက်ခွာချိန်က နံနက် ၉-နာရီခွဲ ဖြစ်ပေမယ့် ၁၁-နာရီခွဲမှ ထွက်ဖြစ်ပါတယ်။ လေယာဉ် တစ်စီးလုံးက ဘုရားဖူးခရီးသည်တွေချည်း ပါဘဲ။ လေယာဉ်ပျံသန်းချိန်က ၂-နာရီလောက်ကြာတော့ ဂယာလေဆိပ်ကို အိန္ဒိယ စံတော်ချိန် ၁၂-နာရီခွဲလောက်မှာ ရောက်ပါတယ်။ အိန္ဒိယ စံတော်ချိန်က မြန်မာပြည်ထက် ၁-နာရီတိတိ နောက် ကျပါတယ်။ ဂယာလေဆိပ်က ခပ်သေးသေးပါဘဲ။ ဘုရားဖူးခရီးသည်တွေဘဲ အဓိက ဝင်ထွက်သွားလာတဲ့ လေဆိပ်လို့ ဆိုနိုင်ပါတယ်။

 မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ရှိတဲ့ အရပ်က ဂယာမြို့အနီးမှာရှိတော့ ဗုဒ္ဓဂယာလို့ အမည်တွင်တာပါ။ ဗုဒ္ဓဂယာက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာမြို့ ဖြစ်သလို ဂယာမြို့ကလည်း ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ မြို့ဖြစ်ပါတယ်။ ဖဂ္ဂုနီနက္ခတ်နဲ့ ယှဉ်တဲ့ တပေါင်းလအချိန်မှာ ပယာဂဆိပ်၊ ဂယာဆိပ်စတဲ့ အထွတ်အမြတ် ဆိပ်ကမ်းတွေမှာ ရေချိုးရင် မကောင်းမှုတွေက သန့်စင်ပြီး တစ်နှစ်ပတ်လုံး ဥပုသ်စောင့်ပြီးသား ဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြကြောင်းကို မူလပဏ္ဏာသ ဝတ္ထသုတ်မှာတွေ့ရပါတယ်။ ဗုဒ္ဓဂယာက ဂယာမြို့ရဲ့ တောင်ဖက် ၈-မိုင်အကွာလောက်မှာ ရှိပါတယ်။ ဂယာလေဆိပ်က ဂယာမြို့နဲ့ ဗုဒ္ဓဂယာ အလယ်လောက်မှာ ရှိပါတယ်။

မဟာဗောဓိ စေတီတော် 


ရောက်တဲ့နေ့မှာ မဟာဗောဓိစေတီတော်ကို သွားရောက် ဦးခိုက်ကြတယ်။ နောက်တနေ့ နံနက်မှာတော့ ဘုရားဖူးအဖွဲ့သားတွေ စုပေါင်းပြီး မဟာဗောဓိ စေတီတော်မှာ ကြာသင်္ကန်း ကပ်လှူကြပါတယ်။ မဟာဗောဓိ စေတီတော်ဝင်း အပြင်ဂိတ် အဝင်ဝမှာ ဗီဒီယိုနဲ့ ကင်မရာတွေ အခွန်ဆောင်တဲ့နေရာ၊ ဘိနပ်အပ်တဲ့နေရာနှင့် မဟာဗောဓိစာအုပ်ဆိုင်တို့ တန်းစီရှိနေပါတယ်။ သတ္ထုရှာဖွေတဲ့ ကိရိယာ တပ်ဆင်ထားတဲ့ လုံခြုံရေး ဂိတ်တခုကို ဖြတ်ပြီးတဲ့အခါမှာ စေတီတော်ဝင်း ဝင်ပေါက်ကို ရောက်ပါတယ်။


အဝင်ပေါက်ကနေ လှမ်းကြည့်လိုက်ရင် မြေနိမ့်ချိုင့်ဝှမ်း ပရိဝုဏ်အတွင်းမှာ တည်ရှိနေတဲ့ မဟာဗောဓိ စေတီတော်ကြီးကို ဖူးမြင်နိုင်ပါတယ်။ စေတီတော်က လေးထောင့် အောက်ခြေရှိပြီး အထက်ကို ခပ်ပြေပြေလေး ရှုးပြီးတက်သွားပါတယ်။ မြန်မာပြည်က ပုဂံဘုရားအချို့နှင့် မန္တလေး ဗောဓိကုန်းက စေတီတွေက မဟာဗောဓိစေတီတော်ရဲ့ ပုံစံကို ယူပြီး တည်ဆောက်ထားတာပါ။ စေတီတော်ကြီးရဲ့ အနောက်ဖက်မှာ ဗောဓိညောင်ပင် ရှိပါတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီးက စေတီ တည်ထားခဲ့တာပါ။ ခေတ်အဆက်မှာ အချို့မင်းတွေက ဒီစေတီတော်ကြီးကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ကြသလို့၊ အချို့မင်းတွေက ပြုပြင်မွမ်းမံ ထိမ်းသိမ်းခဲ့ကြပါတယ်။ ဒီစေတီတော်ကြီးကို ပြုပြင်မွမ်းမံခဲ့တဲ့ မင်းတွေထဲမှာ မြန်မာနိုင်ငံက ကျန်စစ်သားမင်း၊ ဘိုးတော်ဘုရားမင်းနဲ့ မင်းတုန်းမင်းတို့ ပါဝင်ပါတယ်။



ပဌမသတ္တာဟ - ဗောဓိပင်နှင့် ပလ္လင်တော် 


ပရိဝုဏ် ဝင်ပေါက်ကနေ အောက်ကိုဆင်းပြီး တည့်တည့် လျှောက်လိုက်ရင် စေတီတော်အတွင်းကို ဝင်တဲ့ အပေါက်ကို ရောက်ပါတယ်။ တဖက်တချက်မှာ ဘုရားအလောင်းတော် ရုပ်ပွားတော်တွေရှိပါတယ်။ စေတီတော်ရဲ့ အတွင်းလှိုဏ်ဂူထဲမှာတော့ အရှေ့ဖက်ကို မျက်နှာပြုပြီး တင်ပလ္လင်ထိုင်ကာ သီတင်းသုံးနေတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူရှိပါတယ်။ ဉာဏ်တော် ၁၀-ပေ လောက်မြင့်ပါတယ်။ ညာဖက်လက်က မြေမှာ ထိထားပြီး မိမိပြုခဲ့သော ပါရမီတို့အား မဟာပထဝီကြီးအား သက်သေပြုထားဟန် (ဘူမိဖဿမုဒြာ) ထုလုပ်ထားပါတယ်။ မူလစေတီတည်စဉ်က ရှိခဲ့တဲ့ ရုပ်ပွားတော်တော့ မဟုတ်ပါဘူး။ ယခုလက်ရှိ ရုပ်ပွားတော်က ဗြိတိသျှလူမျိုး ကျောက်စာဝန် အလက်ဇန်းဒါး ကန်နင်ဟန် (Alaxander Cunningham) က ၁၈၈၀-ခုနှစ်မှာ ဟိန္ဒူဘုန်းတော်ကြီး မဟန့် နန်းတော်ဝင်းအတွင်းကနေ ပင့်ဆောင်ပြီး စေတီတော်အတွင်းရှိ ယခုနေရာမှာ သီတင်းသုံးစေခဲ့တာပါ။ မူလကရှိခဲ့တဲ့ ရုပ်ပွားတော်က ရွှေနဲ့ထုလုပ်ထားပြီး မူစလင်တွေ ဖျက်ဆီးတာခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြောင်း ဘူချန်နန် (Buchanan) ရဲ့မှတ်တမ်းမှာ တွေ့ရပါတယ်။ ဒီရုပ်ပွားတော် သီတင်းသုံးနေတဲ့ ပလ္လင်ကို ဝဇိရာသနပလ္လင် လို့ခေါ်ပါတယ်။ ကျောက်သားဖြင့် ထုလုပ်ထားတာပါ။ ဝဇိရာသနရဲ့ လုံးကောက် အဓိပ္ပါယ်အရ “ဝဇိရ = စိန် + အာသန= နေရာ” ဖြစ်ပြီး အောင်တော်မူရာနေရာလို့ အဓိပ္ပါယ်ရပါတယ်။ ဘုရားမဖြစ်မီ အလောင်းတော် ရှုပွားမှတ်ဆင်ခြင်တော်မူခဲ့တဲ့ မဟာဝဇိရဝိပဿနာ ခေါ် စိန်သွားလို အလွန်ထက်မြက်တဲ့ ဝိပဿနာဉာဏ်တော်ကို ရည်ညွှန်းပြီး ခေါ်တာလည်း ဖြစ်နိုင်ပါတယ်။ “ဘုရားအဖြစ် မရောက်သမျှ ဤထက်ဝယ်ဖွဲ့ခွေထားသော တင်ပလ္လင်ကို မဖျက်တော့” ဆိုတဲ့ ဇွဲဝီရိယတော်ဖြင့် ထိုင်တော်မူခဲ့တဲ့အတွက် အပရာဇိတပလ္လင် (အရှုံးမပေးသော အောင်ပွဲခံ ပလ္လင်) လို့လည်း ခေါ်ပါတယ်။ ဝဇိရာသနပလ္လင်တော်ဟာ မဟာဗောဓိ ညောင်ပင်ရင်းမှာ တည်ရှိပြီး ပလ္လင်တခြမ်းကို စေတီတော်အတွင်းမှာ ငုံပြီး တည်ဆောက်ထားတာပါ။


 ဒီနောက် စေတီတော်လှိုဏ်ဂူအတွင်းကထွက်ပြီး စေတီတော်ရဲ့ အနောက်ဖက် ဗောဓိညောင်ပင်ကို သွားရောက် ပူဇော်ကြပါတယ်။ ဗောဓိပင်ရင်း ဝဇိရာသနပလ္လင်နေရာက မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးတဲ့နောက် ရက်သတ္တတပတ်ကြာ တထိုင်တည်း ဖလသမာ ပတ်ဝင်စားပြီး စံနေတော်ရာ ပဌမသတ္တာဟဌာန ဖြစ်ပါတယ်။ ယခုဖူးမြင်နေရတဲ့ ဗောဓိညောင်ပင်ကတော့ မူလဗောဓိပင် မဟုတ်တော့ပါဘူး။ မူလဗောဓိပင်ကို အသောကမင်းရဲ့ မိဖုရား တိဿရက္ခိတက ခုတ်လှဲပစ်ခဲ့ပါတယ်။ အသောကမင်းက အမြစ်ငုတ်ကို နို့ရည် သွန်းလောင်းကာ သစ္စာအဓိဋ္ဌာန်ပြုခဲ့အခါ အံသြဖွယ်ရာ ပြန်လည်ပေါက်လာခဲ့တယ်လို့ အဆိုရှိပါတယ်။ ဘီစီ ၂-ရာစုလောက်က သုင်္ဂမင်း ပုသျှမိတြ (Pusyamitra)၊ ၂-ရာစုလောက်မှာ ဘင်္ဂလီမင်း သျှာသျှန်က (Shashanka) က ဗောဓိပင်ကို ခုတ်လှဲခဲ့ကြ ဖူးပါတယ်။ တရုတ်ရဟန်းတော်တွေရဲ့ မှတ်တမ်းမှာတော့ အသောကမင်းကိုယ်တိုင် ဗုဒ္ဓဘာသာမဖြစ်သေးခင်က ဗောဓိပင်ကို ခုတ်လှဲခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ယခုတွေ့မြင်နေရတဲ့ ဗောဓိပင်ကတော့ လေဒဏ်ကြောင့် ပြိုလဲသွားတဲ့ ဗောဓိပင်ကြီးရဲ့ မျိုးစေ့ကို ယူပြီး ကျောက်စာဝန် ကန်နင်ဟန် (Alaxander Cunningham) က ၁၈၇၆-ခုနှစ်မှာ စိုက်ပျိုးခဲ့တဲ့ အပင်လို့ သိရပါတယ်။ ကျောက်စာဝန် ကန်နင်ဟန်ဟာ တိမ်မြုတ်နေတဲ့ မဇ္ဈိမဒေသက ဗုဒ္ဓဝင်နေရာတော်တွေကို ပြန်လည်ထုတ်ဖော်ခဲ့ရာမှာ အလွန် ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။


ဗုဒ္ဓမြတ်စွာက ပဌမသတ္တာဟမှာ စံတော်မူပြီးတဲ့နောက် ဖလသမာပတ်က ထတော်မူတဲ့အခါ ပဋိစ္စသမုပါဒ်ကို အနုလုံပဋိလုံ ဆင်ခြင်တော်မူပြီး ဥဒါန်းဂါထာတော် သုံးပုဒ်ကို နှုတ်ဖြင့် ကျူးရင့်တော်မူခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ် ဘုရားအနေကဇာတင်တဲ့အခါ “အနေက ဇာတိသံသာရံ” အစချီတဲ့ စိတ်တော်ဖြင့် ကျူးရင့်တော်မူခဲ့တဲ့ မနသာဥဒါန်းကို ရွတ်ဖတ်ပြီးတဲ့နောက်၊ နှုတ်ဖြင့် ကျူးရင့်တဲ့ ဝစသာဥဒါန်း ဂါထာတော်ကို ရွတ်ဖတ် ပူဇော်လေ့ရှိပါတယ်။ ဘုရားဖူးအနေဖြင့် ပဌမသတ္တာဟကို ဖူးမြော်ပူဇော်တဲ့အခါ ဒီဥဒါန်းဂါထာတော်တွေကို ရွတ်ဖတ် ပူဇော်နိုင်ပါတယ်။

ဒုတိယသတ္တာဟ - အနိမိသစေတီ 


ဒုတိယ သတ္တာဟဌာန အနိမိသစေတီကုန်းက စေတီတော် ပရိဝုဏ် ဝင်ပေါက် အနီး ညာဖက်မှာ ရှိပါတယ်။ မဟာဗောဓိစေတီတော်နဲ့ ပုံစံတူ ခပ်သေးသေးအရွယ် စေတီတစ်ဆူ ရှိပါတယ်။ စေတီတော်ထဲမှာတော့ မတ်တပ်ရပ်နေတဲ့ သီဟနာဒ အဝလောကိတေသွာရ ဘုရားအလောင်းရုပ်ပွားတော် တစ်ဆူရှိပါတယ်။ ခြေရင်းမှာ ခြင်္သေ့ရုပ် ရှိပြီး လက်တဖက်က ကြာပန်းကို ကိုင်ထားတဲ့ဟန် ထုလုပ်ထားတာပါ။ တရုတ် မဟာယာနဗုဒ္ဓဘာသာဝင်တွေက ကွမ်ယင်မယ်တော်အဖြစ် ကိုးကွယ်ကြသလို၊ ဒေသခံတွေကတော့ တာရာဒေဝီ နတ်သမီးအဖြစ် ကိုးကွယ်ကြပါတယ်။ မြတ်စွာဘုရားရှင်က ဘုရားအဖြစ် ရောက်တော်မူပြီးတဲ့နောက် ဗောဓိပင်ရင်းမှာ ၇-ရက်တိုင်တိုင် ဖလသမာပတ် ဝင်စားနေတဲ့အတွက် နတ်ဗြဟ္မာတွေက “အရှင်သည် မထသေး၊ ဘုရားအဖြစ်သို့ ရောက်ရန် အခြားအားထုတ်ဖွယ် တရားများ ကျန်သေးသလား” လို့ သံသယဖြစ်ကြပါတယ်။ ဒီသံသယကို ဖျောက်ဖို့အတွက် ပဌမသတ္တာဟက ထတော်မူတဲ့အခါမှာ ရေမီးအစုံ ယမိုက်ပြဋိဟာတန်ခိုး ပြတော်မူပါတယ်။ အဲဒီနောက် ဗောဓိမဏ္ဍိုင်ကနေ အရှေ့ယွန်းယွန်း မြောက်အရပ် အနိမိသစေတီယဌာနတွင် မတ်မတ်ရပ်ပြီး မျက်စိမမှတ်ဘဲ ၇-ရက်တိုင်တိုင်း ဗောဓိပင်ရင်းကို ကြည့်ရှုတော်မူခဲ့တယ်လို့ အဋ္ဌကထာကျမ်းများမှာ ဖော်ပြကြပါတယ်။ တရုတ်ဘုရားဖူးရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းအရဆိုရင်တော့ အနိမိသစေတီဟာ ယခုနေရာတွင် မဟုတ်ဘဲ မဟာဗောဓိစေတီရဲ့ မြောက်ဖက်အရပ်မှာ ရှိမှာဖြစ်ပါတယ်။


တတိယသတ္တာဟ - ရတနာစင်္ကမစေတီ 


အနိမိသစေတီအရပ်မှာ ၇-ရက်ကြာ သီတင်းသုံးပြီးတဲ့နောက် အပရာဇိတပလ္လင်နေရာနှင့် အနိမိသစေတီ အကြားမှာ နတ်ဗြဟ္မာတို့ဖန်ဆင်းတဲ့ ရတနာစင်္ကြံတော်မှာ ၇-ရက်တိုင်တိုင် အရှေ့အနောက် လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူတယ်လို့ အဋ္ဌကထာကျမ်းများ မှာဖော်ပြပါတယ်။ တတိယမြောက် ရတနာစင်္ကမ သတ္တာဟဌာန ဖြစ်ပါတယ်။ စေတီတော်ရဲ့ မြောက်ဖက် နံဘေးမှာကပ်လျှက် တည်ရှိပါတယ်။ အထိမ်းအမှတ်အဖြစ် အမြင့် ၃-ပေ၊ အလျှား ပေ-၆၀ ရှိတဲ့ အုတ်ခုံတခု ရှိပါတယ်။ အုတ်ခုံပေါ်မှာ ကြာပွင့်လေးများ ထုလုပ်ထားတယ်လို့ ဆိုပါတယ်။ မိမိတို့ ရောက်ချိန်မှာတော့ တိဘက်တွေက ဒီအုတ်ခုံပေါ်မှာ ကန်တော့ပွဲတင်သလို ရေခွက်၊ ဆန်ခွက်၊ ပန်းအလှဖော်ထားတွေကို တင်ပြီး ပူဇော်ထားတဲ့အတွက် အုတ်ခုံပေါ်က ကြာပွင့်တွေကိုတော့ မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အုတ်ခုံနံဘေး အောက်ခြေမှာ ကြာပွင့်သဏ္ဍာန် ထုလုပ်ထားတာ စေတီငယ်လေးတွေကိုတော့ ဖူးခဲ့ရပါတယ်။



စတုတ္ထသတ္တာဟ - ရတနာဃရ ရွှေအိမ်


စတုတ္ထမြောက် သတ္တာဟကို ရောက်တဲ့အခါတော့ နတ်ဗြဟ္မာတို့ ဖန်ဆင်းတဲ့ ရတနာဃရ ရွှေအိမ်မှာ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်တော်မူပါတယ်။ နောက်ဆုံးဖြစ်တဲ့ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တဲ့အခါမှာတော့ ဘုရားရှင်ရဲ့ ဉာဏ်တော်က ကျယ်ဝန်းစွာ ကွန့်မြူးခွင့်ရတဲ့ အတွက် ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးပေါ်ထွက်လာတယ်လို့ အဋ္ဌကထာကျမ်းများ ဖော်ပြကြပါတယ်။ စတုတ္ထသတ္တာဟ ရတနာဃရ ရွှေအိမ်က မဟာဗောဓိ စေတီတော်ရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိပါတယ်။ အုတ်တိုက် ကျောင်းဆောင တစ်ခုပါ။ အမိုးမရှိတော့ဘဲ နံရံတွေဘဲ ကျန်ပါတယ်။ ဒီနေရာမှာ ဘုရားဖူးများ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော် ရွတ်ဖတ် ပူဇော်လေ့ ရှိကြပါတယ်။

ပဉ္စမသတ္တာဟ - ဆိတ်ကျောင်းညောင်ပင် (အဇပါလနိဂြောဓ)


ပဉ္စမသတ္တာဟဖြစ်တဲ့ အဇပါလနိဂြောဓ ညောင်ပင်နေရာကတော့ ဗောဓိပင်ရဲ့ အရှေ့ဖက်အရပ် (မဟာဗောဓိစေတီတော်နှင့် စေတီတော်ဝင်း ပရိဝုဏ်မုခ်ဦး အကြား လူသွားလမ်းပေါ်) မှာ တည်ရှိပါတယ်။ ညောင်ပင်တော့ မရှိတော့ပါဘူး။ အထိမ်းအမှတ်ကျောက်စာတိုင်နှင့် အင်္ဂလိပ်ဘာသာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းစာ ရှိပါတယ်။ ဥဒါန်း၊ ဝိနည်းမဟာဝါစတဲ့ ပါဠိတော်တွေမှာတော့ ဘုရားအဖြစ်ရောက်တော်မူစ ဗောဓိပင်ရင်းမှာ ရက်သတ္တပတ်ကြာ စံတော်မူပြီး ဖလသမာပတ်က ထတဲ့အခါ အဇပါလနိဂြောဓ (ဆိတ်ကျောင်းသားတွေ နားခိုလေ့ရှိတဲ့ ညောင်ပင်) ကို ကြွတော်မူခဲ့တယ်လို့ တွေ့ရပါတယ်။ အဋ္ဌကထာဆရာများက ဗောဓိပင်ရင်းမှ အဇပါလညောင်ပင်သို့ ချက်ချင်းကြွတော်မူတာ မဟုတ်ဘဲ၊ ယမိုက်ပြဋိဟာပြတော်မူပြီးတဲ့နောက် အနိမိသစေတီ၊ ရတနာစင်္ကမစေတီ၊ ရတနာဃရစေတီတို့မှာ ရက်သတ္တ တပတ်စီ စံနေတော်မူပြီး ပဉ္စမသတ္တာဟ ရောက်မှ အဇပါလညောင်ပင်ကို ကြွတော်မူခဲ့တယ်လို့ ဖွင့်ပြကြပါတယ်။

 မြတ်စွာဘုရား အဇပါလညောင်ပင်မှာ စံနေတော်မူစဉ် ဟုံဟုံက (မာန်မာန တဟုန်းဟုန်းတက်နေသူ) လို့ အမည်ရတဲ့ ဗြာဟ္မဏတစ်ဦး ရောက်လာပြီး “အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏ ဟုခေါ်ပါသနည်း” လို့ မြတ်စွာဘုရားကို မေးလျှောက်ပါတယ်။ မြတ်စွာဘုရားက “မကောင်းမှုကို အပပြုထားပြီး၊ မာန်မာန တဟုန်းဟုန်းတက်ခြင်း မရှိ၊ (ကိလေသာ) အစွန်းအထင်း မရှိဘဲ မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်သော ဝေဒဂူပုဂ္ဂိုလ်သည် ဗြာဟ္မဏမည်၏” ဟု အဓိပ္ပါယ်ရတဲ့ ဥဒါန်းဂါထာကို ကျူးရင့်တော်မူပါတယ်။ တနည်းအားဖြင့်လည်း အမျိုးလေးပါးအနက် ဗြာဟ္မဏအမျိုးဇာတ်က ဆင်းသက်လာပြီး ဝေဒကျမ်းဂန်တွေကို တဖက်ကမ်းခပ် တတ်မြောက်သူကိုမှ အမျိုးမြတ်တဲ့ ဗြာဟ္မဏလို့ ခေါ်တာမဟုတ်ပါဘူးလို့ အဓိပ္ပါယ်ယူနိုင်ပါတယ်။ ဒီအကြောင်းကို အကျဉ်းခြုံးပြီး အင်္ဂလိပ်ဘာသာနဲ့ “Only by one deeds one becomes a Brahmana, not by birth” လို့ ကမ္ပည်းထိုးထားပါတယ်။

သတ္တသတ္တာဟ ၇-ဌာနမှာ တနေရာ ရက်သတ္တ တပတ်စီ စံနေတော်မူပြီးတဲ့နောက် ဗုဒ္ဓမြတ်စွာက ဒီအဇပါလညောင်ပင်ရင်းကို ပြန်လာပြီး သီတင်းသုံးတော်မူခဲ့ပါတယ်။ အဲဒီအခါမှာ တရားတော်ရဲ့ လေးနက်အသိခက်ပုံ ဆင်ခြင်ပြီး တရားမဟောဘဲနေဖို့ အကြံဖြစ်တဲ့အတွက် သဟမ္ပတိဗြဟ္မာမင်း ရောက်လာပြီး “လောကမှာ ကိလေသာ ပါးတဲ့သူတွေလည်း ရှိပါသေးတယ်၊ တရားနာကြားခွင့်မရလို့ ဆုံးရှုံးနေကြရပါတယ်၊ ထိုသူတွေအတွက် တရား ဟောတော်မူပါ” လာရောက် တောင်းပန်ခဲ့ပါတယ်။ မြတ်စွာဘုရားက သတ္တဝါတွေရဲ့ ဣန္ဒြေ အနုအရင့်၊ ကိလေသာအထူအပါးကို ဉာဏ်ဖြင့် ဆင်ခြင်တော်မူပြီး တရားဟောမယ်လို့ မိန့်တော်မူပါတယ်။ ဒါကြောင့် အဇပါလညောင်ပင်ရင်းဟာ လောကသားတို့အတွက် “နိဗ္ဗာန်တံခါးကို ဖွင့်တော်မူပြီ” ဟု ကြေညာခဲ့ရာ သာသနာ့သမိုင်းဝင် နေရာတခုလည်း ဖြစ်ပါတယ်။

ဆဋ္ဌမသတ္တာဟ - ကျည်းပင်ရင်း (မုစလိန္ဒမူလ) 


မဟာဗောဓိစေတီတော်ရဲ့ အပြင်ဖက်ပတ်လမ်းက နေထွက်ပြီး တောင်ဖက်ကို သွားရင် ထိပ်ပိုင်းပြတ်နေတဲ့ အသောက ကျောက်စာတိုင် အကျိုးတစ်ခုရှိပါတယ်။ မှတ်တမ်းအရဆိုရင် ကျောက်တိုင်ထိပ်မှာ ဆင်ရုပ်ရှိခဲ့ပါလိမ့်မယ်။ ဘုရားဖူးအချို့က ဆုတောင်းအဓိဋ္ဌာန်ပြုပြီး အကြွေစေ့လေးတွေကို တိုင်ထိပ်မှာ တင်အောင် ပစ်နေကြတာကို တွေ့ခဲ့ရတယ်။ အဲဒီကျောက်တိုင်ကနေ တောင်ဖက်ကို ဆက်သွားရင် မုစလိန္ဒာအိုင်ကို ရောက်ပါတယ်။ ရေကန်အလယ်မှာ မြန်မာနိုင်ငံက တည်ထားတဲ့ နဂါးရုံဘုရား တစ်ဆူရှိပါတယ်။ မြတ်စွာဘုရားရှင်က ဆဋ္ဌမမြောက် ရက်သတ္တပတ်မှာ ဗောဓိပင်ရဲ့ အရှေ့တောင်ဖက်ရပ်ရှိ ကျည်းပင်ရင်း (မုစလိန္ဒမူလ) မှာ စံတော်မူပါတယ်။ အဲဒီအချိန်မှာ ၇-ရက်ပတ်လုံး အခါမဲ့မိုးကြီး ရွာတဲ့အတွက် အနီးနားက မုစလိန္ဒာအိုင်မှာနေတဲ့ နဂါးမင်းက မြတ်စွာဘုရားရှင်ရဲ့ ကိုယ်တော်ကို ခုနှစ်ထပ် ရစ်ပတ်ပြီး ဦးခေါင်းတော်ကို ပါးပြင်းဖြင့် အုပ်မိုးပေးခဲ့ဖူးပါတယ်။

သတ္တမသတ္တာဟ - လင်းလွန်းပင်ရင်း (ရာဇာယတနမူလ) 


 မဟာဗောဓိစေတီတော်ကနေ တောင်ဖက်ကို သွားရင် အုတ်လက်ရန်းတွေ ကာရံထားတဲ့ သတ္တမ သတ္တာဟ သီတင်းသုံးတော်မူရာ လင်းလွန်းပင် (ရာဇာရတန) ကို ရောက်ပါတယ်။ ယခုတွေ့နေရတဲ့ လင်းလွန်းပင်က မြန်မာနိုင်ငံက ဗိုလ်မှူးကြီး လှအောင် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ မြတ်စွာဘုရားရှင် လင်းလွန်းပင်ရင်းမှာ စံတော်မူစဉ် ဥက္ကလာပတိုင်းကနေ ကုန်ကူးလာတဲ့ တပုဿနှင့် ဘလ္လိ ညီနောင်တို့က မြတ်စွာဘုရားကို ပျားရည်ဖြင့် ပြုလုပ်ထားတဲ့ မုန့်အချိုတွေကို ဆက်ကပ်လှူဒါန်းပါတယ်။ အဲဒီညီနောင်က ဘုရားရှင်ထံမှာ ပထမဆုံး သရဏဂုံ ဆောက်တည်ခဲ့ကြတဲ့ ဥပါသကာတွေ ဖြစ်ပါတယ်။ သံဃာရတနာ မပေါ်ထွန်းသေးတဲ့အတွက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ” လို့ (ဒွေဝါစိက သရဏဂမန) သရဏဂုံ နှစ်ပါးကိုသာ ဆောက်တည်ခဲ့ကြရပါတယ်။ တပုဿနှင့် ဘလ္လိ ညီနောင်ကို မြတ်စွာဘုရားက ဆံတော်နှစ်ဆူ ချီးမြင့်တော်မူခဲ့ပါတယ်။ ဒီညီနောင်က မြန်မာလူမျိုးများဖြစ်တဲ့အတွက် မြန်မာတွေက ပထမဆုံး သရဏဂုံတည်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်လို့ ဂုဏ်ယူပြောဆိုလေ့ ရှိကြပါတယ်။

မဟာဗောဓိစေတီတော်ဝင်း မြေပုံ


၁။ စေတီတော်ဝင်ပေါက်မုခ်ဦး
၂။ ဗုဒ္ဓပါဒစေတီ
၃။ ဟိန္ဒူဘုရားကျောင်း
၄။ မဟာဗောဓိစေတီတော်
၅။ ဝဇိရာသနပလ္လင် (အတွင်း)
၆။ ဗောဓိပင်
၇။ ဝဇိရာသနပလ္လင် (အပြင်)
၈။ ကျောက်ခြေတော်ရာ  
၉။ ရတနာစင်္ကမစေတီ
၁၀။ ကျောက်လက်ရန်း
၁၁။  ရတနာဃရစေတီ
၁၂။ အနိမိသစေတီ
၁၃။ ရဟန်းတော်ရွှန်ကျန် မှတ်တမ်းအရ အနိမိသစေတီ
၁၄။ အရှေ့တောင်ဖက်ရှိ စေတီ
၁၅။ အသောကကျောက်တိုင်
၁၆။ အသောကစေတီ 
၁၇။ မဟာနာမစေတီ
၁၈။ မဟာဗောဓိစေတီတော် အပြင်ဖက်ပရဝုဏ်တံတိုင်း

Sunday, January 27, 2013

To anonymous sisters...

ကျမချစ်သော ညီမများ၊ အစ်မများ အားလုံးသော အမျိုးသမီးများအတွက် ရင်ထဲက ကျလာတဲ့ စာလုံးတွေနဲ့ မျက်နှာသစ်ပြီး တလောကလုံးကို နှုတ်ခွန်းဆက်လိုက်ပါတယ်။
*****


သူဟာ မိန်းကလေးတစ်ဦးပါ။
သူ့ကို တံဆိပ်တွေ ပြောင်းကပ်ကြည့်မယ်ဆိုရင်
သမီးကလေး၊ ဇနီးမယား၊ မိခင်တစ်ယောက်
ဒီထက်လည်း မပိုပါဘူး။
အမည်တွေရဲ့ နောက်မှာ
ကွင်းစ ကွင်းပိတ်နဲ့ (မေတ္တာ) ဆိုတာလေး ပါနေတာတော့
ထူးခြားတဲ့ သူ့မူပိုင်ပေါ့။

သူ့မှာ ချစ်စရာကောင်းတဲ့ နှုတ်ခမ်းကွေးကွေးလေး ရှိတယ်
အဲ့ဒီနှုတ်ခမ်းလေးက စကားတွေ တတွတ်တွတ်ပြောမယ်
အို… ဒါမဆန်းပါဘူး။
မှိန်သွားလိုက်... တောက်လာလိုက်
အရောင်တွေ တရိပ်ရိပ်ပြောင်းရင်း
ပြောနေတဲ့ မျက်ဝန်းတွေကိုရော နားလည်အောင် ကြိုးစားဖူးပါရဲ့လား။

ပျော်ရွှင်သော နှလုံးသားရဲ့ ရလဒ်
ကြည်လဲ့သော မျက်ဝန်းတစ်စုံဟာ သူမနဲ့ ထိုက်တန်ပါတယ် ဆိုတာ
ဒီနှုတ်ခမ်းက အော်ပြောနေရဦးမှာလား
အစ်ကို(ပညာ)ရှိကြီးတို့ရယ်...။။
*****
ပို့စ်ခေါင်းစဉ်ကို ကျမရဲ့ ပညာရှိကြီး အိပ်ယာနိုးလာမှ ပြန်လာတပ်ပါမယ်...:)

Sunday, January 20, 2013

မိခင်ဖြစ်သော ကျမ

မေမေနဲ့ ဖေဖေ နှစ်ယောက်တဘဝထူထောင်တော့ one room one hall အိမ်ခန်းလေးငှားပြီး နေကြတယ်။ မေမေက အသက် ၂၇… ဖေဖေက အသက် ၂၉ ဆိုတော့ သားသားမီးမီးလေးတွေ လာဖို့ သင့်တော်နေပြီဖြစ်တဲ့ အရွယ်မို့ ဘာတားဆေးမှ မသုံးခဲ့ကြပါဘူး။ မကြာပါဘူး ကလေးလေးတယောက် မေမေ့ဗိုက်ထဲရောက်လာတယ်ပေါ့။ မေမေက ငယ်ငယ်ကတည်းက ကျန်းမာရေး ဒေါင်ဒေါင်မမြည်တော့ ဝမ်းကြီးနာ ဆွဲပါလေရော…။ နေ့လည်း အန်... ညလည်းအန်… တနေ့လုံးအန်။ မေမေ့ အလုပ်က ထွက်ထားပြီးသားဖြစ်နေလို့ အလုပ်သွားစရာတော့ မလိုတော့ဘူး။ ဘာမှလည်း မစားနိုင်တော့ဘူး။ ထမင်းအိုးဆူလာရင် ထွက်တဲ့အနံ့တောင် မခံနိုင်ဘူး။ အဲ့ဒီအနံ့ကို စိတ်ထဲက တွေးပြီးတော့တောင် အန်တာပဲ။ လက်ဖက်အသားလေးနဲ့ ထမင်းဖြူနဲ့ စားတယ်။ အာလူးကြော်လေးနဲ့ စားတယ်။ ဘယ်လာ အာဟာရ ပြည့်စုံမှာလဲ။ ဖေဖေလည်း ရုံးက ပြန်လာရင် ကောင်းနိုးရာရာလေးတွေ ဝယ်လာရှာပါတယ်။ ဘာဝယ်လာလာ မစားနိုင်ပါဘူး။ ဘာတွေ ဝယ်လာတာလဲ လို့ မေမေက ဖေဖေ့ကိုရန်လုပ်။ မေမေစားတဲ့ လက်ဖက်အသားလေး ကုန်သွားလို့ ဖေဖေက ပင်နီဆူလာသွားပြီး ဝယ်ပေးပါတယ်။ အခြားဟိုဟာ ဒီဟာလေးတွေလည်း စားဝင်နိုးနိုး ဝယ်လာတာပေါ့။ အဲ့ဒီအချိန် ပင်နီဆူလာက ကုန်စည် စီးဆင်းမှုက အခုလောက် မမြန်ဆန်သေးတော့ ဖေဖေ ဝယ်လာတဲ့ဟာတွေက မှိုတက် ဒိတ်အောက် ဘာမှ စားမရ ဖြစ်ပြန်တယ်။ မှတ်မှတ်ယယ ဖေဖေ့သူငယ်ချင်း သားတို့ အန်တီခိုင် က ကြက်သားပေါင်းလေးချက်ပြီး ဘူးလေးနဲ့ ပေးလိုက်တာ… အဲ့ဒီဟင်းလေးနဲ့ မေမေ ထမင်းစားဝင် လိုက်တာ… အားကို ပြည့်သွားသလို ခံစားခဲ့ရတယ်။
ဒီလို တပိန်ပိန် တလိမ်လိမ်နဲ့ နေလာရင်း… ရေချိုးခန်းထဲမှာ အဝတ်လျော်ရင်း စလစ်ဖြစ်ပြီး ဖင်ထိုင်ရက်လေး လဲတယ်။ မေမေတို့ ငှားနေတဲ့ အိမ်မှာက အဝတ်လျှော်စက် မရှိဘူး။ နှစ်ယောက်တည်းရဲ့ အဝတ်အစား ဘာရှိတာမှတ်လို့ မေမေ ရေချိုးရင်း ဒီလိုပဲ လျှော်လိုက်တာပဲ။ အဲ..အဲ.. လဲပြီး မကြာဘူး… မေမေ သွေးဆင်းလာလို့ ဆေးခန်းပြေးရရော…။ Ultrasound ရိုက်ဖို့ Jurong East က ဆေးခန်းတခုကို လွှတ်တယ်။ ဖေဖေ့သူငယ်ချင်း အန်တီခိုင် ပဲ လိုက်ပို့တယ်။ ရေများများသောက်မှ Ultrasound က ကောင်းကောင်းပေါ်မှာ ဆိုလို့ အန်တီခိုင် က ဆေးခန်းဘေး ကုန်စုံဆိုင်က နှစ်လီတာ ရေပုလင်းကြီး ဝယ်ပြီး မေမေကို အတင်းသောက်ခိုင်းတာပဲ။ ရေသောက်ပြီး ရှူးမပေါက်ရဘူး…။ မေမေမှာ မျက်နှာငယ်လေးနဲ့ ကျိတ်မှိတ်သောက်ခဲ့ရတာ…။ Ultrasound ရိုက်ပြီး သိရတာ..တော်သေးတယ် ကလေးက ဘာမှ မဖြစ်လို့…။ သတိထားပြီး နေဖို့တော့ ဆရာဝန်က မှာလိုက်တယ်။
ဒါနဲ့ ဖေဖေလည်း မေမေ့ကို သူရုံးသွားနေတုန်း တယောက်တည်း ထားခဲ့လို့ မဖြစ်ဘူးဆိုပြီး မေမေတို့ အိမ်ပြောင်းကြတယ်။ မေမေ အိမ်ထောင်မကျခင်က အတူနေခဲ့တဲ့ မိသားစုနဲ့ အတူ ပြန်နေဖို့ပါပဲ။ ဟိုမိသားစုကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတယ်။ ဖေဖေလည်း ရုံးသွားရင် အဲ့ဒီအိမ်က ဦးဦးရဲ့ ရုံးကားနဲ့ အကြုံလိုက်ရင်း သက်တောင့်သက်သာ သွားရတယ်။ အဲ့ဒီ ရုံးကားလေးက မေမေတို့နဲ့ တိုက်ရိုက်မပတ်သက်ပေမဲ့၊ မေမေတို့ဘဝရဲ့ အမှတ်တယတွေထဲမှာ သူပါဝင်ခဲ့တယ်။ ဖေဖေလူပျိုဘ၀ သူငယ်ချင်းတွေနဲ့ စုနေတဲ့ အိမ်ကနေ မေမေနဲ့ နှစ်ယောက်နေဖို့ အိမ်ပြောင်းလာတော့ အဲ့ဒီကားလေးနဲ့ ကူပြောင်းပေးတာပေါ့။ ဖေဖေပိုင်ဆိုင်တဲ့ တပိုင်တနိုင် ပစ္စည်းလေးတွေအပြင် အိုးသစ်အိမ်သစ် ထူထောင်မည့် ဖေဖေ့ကို သူ့အခန်းဖော် သူငယ်ချင်းတွေက ရေနွေးအိုးကအစ မကျန်ရအောင် ဝိုင်းဝန်းဖြည့်ဆည်းပေးလိုက်ကြတာ အဲ့ဒီကားလေးနဲ့ အပြည့်အသိပ်ပါပဲ။
ကိုယ်ဝန်လေးလမှာ ultrasound ရိုက်ပြန်တော့ သားသားလေးလား မီးမီးလေးလား သိရမယ်လေ…။ မေမေမှာ စိတ်လှုပ်ရှားလိုက်တာ…။ ဖေဖေက သားလေးပဲ လိုချင်တယ်တဲ့လေ။ သမီးလေးဆို သူစိတ်ပူတတ်ပုံနဲ့ နေစရာရှိမှာမဟုတ်ဘူး ပြောထားတော့ မေမေမှာ ultrasound ရိုက်ရင်း အဆက်မပြတ် ဆုတောင်းရတာ။ ရိုက်ပေးတဲ့သူက ဘာလေးလဲ နင်သိချင်တယ် မဟုတ်လားလို့ မေးပြီး…ယောကျ်ာလေးလို့ ပြောလိုက်တော့။ အားကြီးတောင် မပျော်နိုင်တော့ဘူး… စိတ်မောပြီး ထူထုံနေလို့လေ။
မေမေလည်း စားနိုင်သောက်နိုင်ဖြစ်လာပါပြီ။ မေမေချင်ချင်းတက်ခဲ့တဲ့ အစာတွေကတော့ ဂရိတ်ဖရုသီး… တခါစားတထိုင်တည်း တလုံး… ဖေဖေ့ကို ဖဲ့ကျွေးရမှာ စိုးလို့ ကျောနဲ့ကာပြီး တဖက်လှည့်စားတာ။ နောက် ကြက်ကြော် တခါစားရင်…တကောင်။ နောက်ပြီး မေမေ လမ်းလည်း အများကြီးလျှောက်ဖြစ်တယ်။ မန္တလေးသား ဖြစ်ပြီး စက်ဘီးတောင် ကောင်းကောင်း မစီးတတ်တဲ့ ဖေဖေက တပြနှစ်ပြသုံးလေးပြ လမ်းချည်း လျှောက်ပစ်လိုက်တဲ့ အမျိုးဆိုတော့… လျှောက်သလားမမေးနဲ့။ ဟိုဟိုဒီဒီသွားစရာရှိရင် ခြေလျင်သာ လျှောက်တော့တာပဲ။ မေမေကလည်း ဖေဖေနဲ့ဆို လျှောက်ပြီးသားမို့ ဘာပြောကောင်းမလဲ ဗိုက်ချွန်ချွန်ကြီးက အောက်ဆိုက်ဆိုက်လာပြီး လမစေ့သေးပဲ ဗိုက်နာတော့တာပဲ။
အဲ့ဒီနေ့ ညနေစာကို ကုလားပဲဟင်းနဲ့ စားပြီး တအောင့်နေ ဗိုက်နာလာတာဆိုတော့… ဝမ်းမကောင်းလို့ပဲ ဗိုက်နာတာလား…မွေးချင်လို့ပဲ နာတာလား…ဝေခွဲမရပဲ ဆေးရုံသွားခဲ့ကြတယ်။ အိမ်ကဦးဦးကပဲ အဲ့ဟိုကားလေးနဲ့ ဆေးရုံလိုက်ပို့တာပေ့ါ။ လမ်းခုလတ် အဝေးပြေးလမ်းကြီးမှ အန်ချင်ပြန်လို့ လမ်းဘေးခဏ ရပ်ကြရပြန်တယ်။ နောက်ဆေးရုံရောက်တော့ ကုလားထိုင်မှာ ဗိုက်ပတ်ကြီး ပတ်ပေးထားပြီး…contraction ကို တိုင်းတယ်။ contraction က မွေးမည့်အတိုင်း တိုးနေပြီတဲ့..။ ကိုယ်ဝန်က ၃၄ပတ်ပဲ ရှိသေးတယ်။ အဲ့ဒါနဲ့ ကုတင်ပေါ်မှာ ငြိမ်နေပြီး ၂၄နာရီ ဆေးသွင်းတယ်။ နောက် မနက်တခြမ်း ညတခြမ်း သောက်ဖို့ နှစ်ပတ်စာ သောက်ဆေး ပေးလိုက်ပြီး အိမ်ပြန်ခဲ့ကြရတယ်။
ဆေးသောက်တာ နှစ်ပတ်အတိပြည့်ပြီး ညဖက်လိုဆေးကုန်တယ်… မနက်ဖက်မှာ အစောကြီး ရေမွှာပေါက်လို့ ဆေးရုံပြေးခဲ့ကြရရော…။ ဗိုက်က အနာ တဖြေးဖြေး စိတ်လာတယ်။ ဗိုက်နာလာရင် ပုရွက်ဆိတ်ကိုက်တာတောင် ဆတ်ဆတ်ထိ မခံတဲ့ မေမေက ရှုံမဲ့နေတော့တာပေါ့။ laughing gas ဆိုတာလည်း မရှူတတ်ဘူး။ သူနာပြုဆရာမကြီးက တော်ရှာပါတယ်။ နင့်အမေတောင် ခုနစ်ယောက် မွေးလာတာ..နင်လည်း ဘာလို့ မမွေးနိုင်ရမလဲလို့ မေမေကို အားပေးတယ်…။
မေ့ဆေးဆရာဝန်နဲ့ Epidural တင်ဖို့ လက်မှတ်ထိုး… ခါးထဲကို ဆေးသွင်းပြီး နောက်တော့ လျောလျောရှူရှူပဲ မွေးပါတယ်။ မွေးကင်းစ သားသားလေးကို သန့်ရှင်းရေးလုပ်ပေးနေတဲ့ ဆရာမကြီးကို ရှူရှူနဲ့ ပန်းလိုက်လို့ တခန်းလုံး ဝါးကနဲ ရယ်ကြရသေးတယ်။ ဆရာမကြီးက သားသားကို high nose…high nose နဲ့ လှလို့တဲ့။

*****
ဒီအပိုင်းက စပြီး မိဘတယောက်ဖြစ်လာပြီ ဖြစ်တဲ့ မေမေရဲ့ လိုအပ်ချက်လေးတွေကိုပဲ ရွေးထုတ်ရေးသွားပါတော့မယ်။ ဆေးရုံက ဆင်းလာတဲ့ သားသားလေးမှာ အနှီးတထည်မှ မရှိသေးဘူး။ အိမ်ကိုကလေးလာကြည့်တဲ့ ဖေဖေ့သူငယ်ချင်းတွေထဲက အန်တီထွေး က ဖေဖေ့ကချင်ပုဆိုးကို ကမန်းကတန်း မီးပူတိုက်တယ်။ ကလေး အနှီးထုတ်ဖို့လေ…။ အဲ့ဒီအချိန်မှာ အိမ်က အန်တီမော်က သူ့ရဲ့ လေးနှစ်သမီးငယ်လေး မွေးစကနေသုံးလာတဲ့ အခုလည်း ရေချိုးပြီးရင် ပတ်တဲ့ အနှီးကို လျှော်ထားတာပါ ဆိုပြီး ကမန်းကတန်း ယူလာတယ်။ "သုံးလေးထည်ပါတဲ့ တထုတ်လုံးမှ ဘယ်လောက်မှမပေးရတဲ့ အနှီးကို ကြိုတင်ဝယ်မထားဘူး… သီတာတို့ကတော့ လုပ်မယ်" ဆိုပြီး မေမေ့ကို နည်းနည်းဆူတာပေါ့။ မွေးဖွားပြီးမေမေ့ကို ပြုစုဖို့ ရန်ကုန်ကနေ အန်တီကေလာရင် ဖွားဖွားကြီးထည့်ပေးလိုက်တဲ့ အနှီးတွေ ယူလာမှာလေ…။ အဲ့ဒါကြောင့် မေမေက ပေကပ်ပြီး ဒီမှာ မဝယ်တာ။ သားသားက စောရောက်လာပြီး အန်တီကေက ဒီကို ရောက်မလာသေးတော့ သားကို အနှီးလေးနဲ့ ထွေးပြီး ဆီးမကြိုနိုင်ဖြစ်သွားရတာပါ။ နောက်ပြီး ဒီက အနှီးစနဲ့ မြန်မာပြည်မှာ သုံးကြတဲ့ အနှီးစတွေက အသား မတူဘူး… ဒီက အနှီးက ပိုကောင်းတယ်တဲ့။ ဟုတ်ပါတယ်…။ ဒါပေမဲ့ ဖွားဖွားကိုယ်တိုင် သူသိမ်းဆည်းထားတဲ့ ပိတ်အုပ်ကြီးကနေ သားသားထွေးဖို့ စိတ်တိုင်းကြ ပိုင်းဖြတ်ပေးလိုက်တဲ့ အနှီးစကြီးတွေထက်တော့ ဘယ်လိုမှ ပိုမကောင်းနိုင်ဘူးလို့ စိတ်ပိုင်းဖြတ်ထားတဲ့ မေမေက ကပ်ပြီဟေ့ ဆိုရင်… အဲ့လို ကပ်တာ။
အန်တီကေ ရောက်လာပြီး အိမ်ခန်းလေးထဲမှာ တယောက်အိပ်ကုတင်ရယ်… နှစ်ယောက်အိပ်ကုတင်ရယ်…ဖေဖေ့ စာကြည့်စားပွဲရယ်နဲ့ ပြည့်ညက်နေတာပဲ။ သားသားလေးအတွက် အိပ်ယာနေရာကုတင်…။ ဟဲဟဲ..မေမေ ဝယ်မထားပါဘူး။ သားသားဘယ်လို အိပ်ခဲ့ရလည်းသိလား။ သားသားမမွေးခင်ကတည်းက အသိအမတယောက်က သူ့သားလေး ငယ်ငယ်က သုံးခဲ့တဲ့ ကလေး လက်တွန်းလှည်းကို ပေးတယ်။ မေမေကလည်း မယူချင်ဘူးလို့ ငြင်းရမှာ အားနာတာနဲ့ ယူထားလိုက်တယ်။ စေတနာနဲ့ ပေးတာကို လက်ခံနိုင်တဲ့ စွမ်းရည် ရှိရမယ် မဟုတ်လား။ သက်ဦးကလေးကို အားလုံး အသစ် အသစ် အညွတ်အဖူးတွေနဲ့ပဲ ပြည့်စုံစေရမယ်ဆိုတဲ့ အယူအဆတွေလည်း မေမေမစွဲချင်ဘူး။ ည ည ဆိုသားက အဲ့ဒီ လက်တွန်းလှည်းလေးထဲမှာ အိပ်ရတယ်။ အဲယားကွန်း..ဟင့်အင်း မရှိပါဘူး။ သဘာဝလေနဲ့ နေတတ်အောင် နေပါသားရယ်။ နောက်ပိုင်း တခါတလေ စကားစပ်မိရင်တော့ ဖေဖေက ပြောတယ်… မတတ်နိုင်တာလည်း မဟုတ်ပဲနဲ့ သူ့သားကို သီတာ့ ဆုံးဖြတ်ချက်တွေနဲ့ မပြည့်မစုံ ထားခဲ့ရတာကို တစက်မှ စိတ်မကောင်းဘူးတဲ့…။
သားသားက မအေနို့ကို တိုက်ရိုက်မစို့တတ်ဘူး။ မေမေကလည်း မတိုက်တတ်ဘူး။ ဒီတော့ မေမေ့ဆီက ချိုချိုကို ပြွန်ကြီးနဲ့ စုတ်ပြီးမှ သားသားကို တိုက်ရတယ်။ မိခင်နို့ဟာ ကလေးအတွက်အကောင်းဆုံးဖြစ်ပေမဲ့ တခုခုကို မဖြစ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဇွဲမရှိပဲ ဖြစ်သလိုနဲ့ ပြီးလိုက်တတ်တဲ့ မေမေဟာ ကိုယ့်ရင်သွေးကိုတောင် ကိုယ့်နို့ရအောင်မတိုက်နိုင်ပဲ လွယ်လွယ်ကူကူ အရှုံးပေးပြီး နို့ဗူးပဲ တိုက်ခဲ့ပါတော့တယ်။ မနှစ်က မမစံ ကလေးမွေးတော့ နို့ရည်စုတ်တဲ့ ပြွန်ကို ပေးလိုက်မယ် လုပ်တော့ ဖေဖေက ခဏ ခဏ နေဦး ဆိုပြီး ဓာတ်ပုံရိုက်ယူထားသေးတယ်။ (နောက်သူ့မှာလည်း ရှိနေတာနဲ့ မပေးဖြစ်တော့ပါဘူး)။
အဆုပ်ထဲမှာ ချွဲတွေကို ယက်တင်တဲ့ အမွေးလေးတွေ မစုံလင်သေးပဲ စောမွေးခဲ့တဲ့သား… ရင်ဘတ်ထဲမှာ ချွဲတွေနဲ့ ခဏခဏ ဖျားတတ်တယ်။ Poly Clinic ကိုသွား nebulizer ရှူ ..အဲ့ဒီကနေမှ KK ဆေးရုံကို သွားရတယ်။ အဲ့ဒီအချိန်မှာ ဖေဖေတို့က EP status ပဲရှိသေးတာမို့၊ ဆေးရုံတက်ရင် ဈေးကြီးတာကြောင့် ဆရာဝန်တွေက သားကို ဆေးရုံတော့ မတက်ခိုင်းဘူး။ ဖေဖေရုံးပိတ်တဲ့ စနေ၊ တနင်္ဂနွေတွေဆို ဆေးရုံပြင်ပလူနာဌာနကို မနက် ၁၀နာရီလောက်က ရောက်ပြီး တနေ့လုံး ဆေးရုံမှာ သားကို nebulizer ရှူခိုင်းလိုက်၊ ဆရာဝန်က ချွဲတွေ ရှင်းသွားပြီလား နားကြပ်နဲ့ နားထောင်လိုက်.. အဖျားတွေ တက်လာပြန်ရင်… ရေချိုးပေးလိုက်နဲ့ ညနေစောင်းမှ အိမ်ပြန်ရတယ်။
သားသားတနှစ်ခွဲလောက်ကပေါ့ …ဖေဖေရုံးသွားနေချိန် သားအမိနှစ်ယောက်တည်းရှိတာ…တညနေတော့ အပြင်သွားဖို့ မေမေက သားကို အယင်ရေမိုးချိုးပေး အဝတ်အစားတွေ အကျအန ဝတ်ပေးပြီး အိပ်ယာပေါ်ထားခဲ့ပြီး၊ ရေချိုးခန်းထဲဝင် မေမေရေချိုးတယ်။ မေမေရေချိူးခန်းထဲက ထွက်လာတော့ လား..လား…. သားကလေ ဟင်းချက်တဲ့ နှစ်လီတာ ဆီပုလင်းကြီးကို ဖွင့်ပြီး ကြမ်းပြင်ပေါ် မှောက်ချထားပြီး အဲ့ဒီ ဆီအိုင်ထဲ ပယ်ပယ်နယ်နယ် ထိုင်ကစားနေတာ…။ မေမေ့မှာ စိတ်တိုတိုနဲ့ သားကို ရေပြန်ချိုးပေးရ ကြမ်းဆေးရနဲ့ …ဟူးးးး
သားသား ငါးနှစ်သားလောက်.. ရန်ကုန်အိမ်မှာ… နေမကောင်းလို့ သားကို ဆေးတိုက်တယ်။ ရန်ကုန်မှာ ဆိုတော့လည်း သီးသန့် စပ်ပေးတဲ့ ကလေးဆေး ချိုချိုရယ်လို့ မရှိပေဘူး။ အခဲတွေပဲ ခပ်သေးသေးဖဲ့ပြီးတိုက်တယ်။ သားသားက ဆေးတိုက်ရခက်တယ်။ ကောင်းကောင်း မသောက်ချင်ဘူး။ မေမေကတော့ မရဘူး…ဒီငါးနှစ်အရွယ်ကလေးလေး ကိုလည်း မေမေက လိုအပ်လို့ ဆေးတိုက်တယ်.. သားသားက မြိုချရမယ်… ဒီလိုပဲ နားလည်တယ်။ မအေကို ကြောက်တဲ့သားက မအေရှေ့မှာတော့ မြိုချရှာပါတယ်။ မအေ ပန်းကန်သွားဆေးတုန်း အန်ချပစ်တယ်။ မေမေက အဝတ်စ သားကို ပေးပြီး၊ အန်ချတာတွေကို သားကို ပြန်သုတ်ခိုင်းတယ်။ သားသား အဝတ်စလေးနဲ့ ကြမ်းပြင်သုတ်နေတာကို အန်တီကေ ရောက်လာပြီ မြင်တော့… သီတာ နင် သိပ်ရက်စက်တယ်… သိပ်ရက်စက်တယ်… ကလေးကို ဒီလိုလုပ်တယ် ဆို… ငိုယိုပြီး… သူ့တူလက်ထဲက အဝတ်ကို ယူပြီး ကြမ်းတွေ ဖိသုတ်တော့တာပဲ။
မေမေဟာ သူများတစိမ်းတွေနဲ့ဆို ပျော့ပျော့ပျောင်းပျောင်း လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားပေမဲ့ သားတို့ အပေါ်မှာ ခက်ထန်တယ်… မာကျောတယ်။ လူးလူးလဲလဲ မချစ်တတ်ဘူး။ မေမေ့ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို သားတို့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်လို့ ဒီစာတွေကို ရေးခဲ့တာ မဟုတ်ဘူး။ မေမေ့ရဲ့ အဇ္ဈတ္တကို အသိပေးဖို့ ဆန္ဒသက်သက်ပဲ မေမေမှာ ရှိပါတယ်။
လူ့ဘ၀ ဆိုတာ တိုတိုလေးပါပဲ။ ဒီတိုတိုလေး အတွင်းမှာမှ မဖြစ်မနေ အပိုင်းတွေ အကန့်တွေ ခွဲကို ခွဲရဦးမယ်။ ပတ်သက်မှု ပုံစံမျိုးစုံနဲ့ တွေ့ကြုံဆုံခဲ့ရတဲ့ လူတွေကို ကိုယ့်ဖက်က မမှားအောင် သတိထားဆက်ဆံသင့်ပေတယ် မဟုတ်လား။ သားသမီးနဲ့ မိဘဆိုတဲ့ အနီးကပ်ဆုံးနဲ့ အရှည်ကြာဆုံး ဆုံစည်းမှုမှာ အမှားကင်းနိုင်သလောက် ကင်းအောင် ကြိုးစားဖို့ သင့်ကို သင့်တာပါပဲ။