Tuesday, April 15, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၆

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး

...

၆။ ပရဗိုဇ်တက္ကတွန်း၊ ရဟန်းရသေ့၊ မုနေ့အရည်း၊ ဦးပြည်းတပသီ၊ ဗေရာဂီတို့၏၊ ၀ါဒီအလိုက်၊ စရိုက်ဘာဝ၊ ကျင့်ဆောင်ကြသော၊ သာသနာ့ဗာဟီ၊ လောကီသီလတို့ထက်၊ ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလဟု သမုတ်အပ်သော၊ အာပတ်ခုနစ်ပုံကို၊ လုံခြုံစွာ စောင့်ကြောင်းဖြစ်သော ပါတိမောက္ခသံဝရသီလ၊ ဣန္ဒြေခြောက်ပါးကို၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော ဣန္ဒြိယသံဝရသီလ၊ မိစ္ဆာဇီဝမှ ကြဉ်ခွာလျက် စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စည်းလေးဖြာကို၊ ပစ္စဝေက္ခဏာတင်၍၊ ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော ပစ္စယသန္နိဿိတသီလ၊ ဤလေးဝသော စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန်ဖြူစင်၊ မြူမတင်ခြင်း တည်းဟူသော သီလဝိသုဒ္ဓိ၊ မဟဂ္ဂုတ်လောကုတ္တရာစျာန်၊ မြဲမြံစွာ လေ့လာခြင်းတည်းဟူသော စိတ္တဝိသုဒ္ဓိ၊ ခြောက်ဆယ့်နှစ်ဖြာသော၊ မိစ္ဆာဝါဒီ၊ ၀ိတဏ္ဍီညစ်ကြေးမှ၊ ကင်းဝေးဖြူစင်လျက် အယူ၏စင်ကြယ်ခြင်းတည်းဟူသော ဒိဋ္ဌိ၀ိသုဒ္ဓိ။ တစ်ဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာကို၊ ဖြတ်ခွာလွန်မြောက်နိုင်သော၊ ဉာဏ်၏စင်ကြယ်ခြင်းတည်းဟူသော ကင်္ခါ၀ိတရစဝိသုဒ္ဓိ။ မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင်သော၊ ဉာဏ်၏စင်ကြယ်ခြင်းတည်းဟူသော မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ။ မဂ်သို့ရောက်ကြောင်း၊ အကျင့်ကောင်းကို မြင်နိုင်သော၊ ဉာဏ်၏စင်ကြယ်ခြင်းတည်းဟူသော ပဋိပဒါဉာဏဒဿန ၀ိသုဒ္ဓိ။ မဂ်လေးရပ်နှင့်၊ သဟဇတ် သမ္ပယုတ်ဖြစ်၍၊ သစ္စာလေးတန်ကို၊ ဆယ့်ခြောက်နက်ဝေဖန်၍၊ ဧကန်သိမြင်နိုင်သော ဉာဏဒဿနဝိသုဒ္ဓိတည်းဟူသော ၀ိသုဒ္ဓိ ခုနစ်ပါး၊ တရားဘွဲ့ဖြူ၊ သရဖူမကိုဋ်၊ ဦးစိုက်မင်္ဂလာ၊ မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်၊ တဒင်္ဂဝိမုတ္တိ၊ ၀ိက္ခ မ္ဘနဝိမုတ္တိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိပဿမ္ဘန ၀ိမုတ္တိ၊ နိဿရဏဝိမုတ္တိ တည်းဟူသော ၀ိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓါတ်အလုံး၊ ညွှတ်ကျုံးပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိတို့ထက်၊ ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ၊ အတုလမုနိလည်း ဖြစ်တော်မူထသော-


ပရဗိုဇ်=သာသနာ့ပြင်ဘက် ရဟန်းတစ်မျိုး။
တက္ကတွန်း=သာသနာ့ပြင်ဘက် ရဟန်းတစ်မျိုး။
မုနေ့=သူမြတ်။
အရည်း=ရသေ့ရဟန်း။
ဦးပြည်း=ခေါင်းတုံးရိတ်ထားသော ရသေ့ရဟန်း။
တပသီ=ရသေ့တစ်မျိုး။
ဗေရာဂီ=သာသနာပ ရသေ့တစ်မျိုး။
၀ါဒီ=အယူဝါဒရှိသူ။
စရိုက်ဘာဝ=အပြုအမူ အလေ့အကျင့်။
သာသန့ာဗာဟီ=သာသနာတော်ပြင်ဘက်။
အဓိသီလ=လွန်ကဲသော သီလ။
အာပတ်ခုနစ်ပုံ=
(၁) ပါရာဇိက၊
(၂) သံဃာ ဒိသိသ်။
(၃) ထုလ္လစ္စဉ်း၊
(၄) ပါစိတ်။
(၅) ပါဋိဒေသနီ။
(၆) ဒုက္ကဋ်။
(၇) ဒုဗ္ဘာသီ။
ပါတိမောက္ခသံဝရ=ရဟန်းကျင့်ဝတ် ပါတိမောက် သိက္ခာပုဒ်ကို စောင့်စည်းခြင်း။
ဣန္ဒြေခြောက်ပါး=မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်။
ဣန္ဒြိယသံဝရ=ဣန္ဒြေခြောက်ပါးကို စောင့်စည်းခြင်း။
မိစ္ဆာဇီဝ=တရားနှင့်မညီသော အသက်မွေးခြင်း။
အာဇီဝပါရိသုဒ္ဓိသီလ=သက်မွေးဝမ်းကြောင်း စင်ကြယ်မှု။
ပစ္စဝေက္ခဏာ=ဆင်ခြင်သုံးသပ်ခြင်း။
ပစ္စယသန္နိဿိတသီလ=ပစ္စည်းလေးပါးကို ဆင်ခြင်၍ မှီဝဲခြင်း။
စတုပါရိသုဒ္ဓိသီလ=အလွန်စင်ကြယ်သော သီလလေးပါး။
(၁) ပါတိမောက္ခသံဝရသီလ၊
(၂) ဣန္ဒြိယသံဝရသီလ၊
(၃) အာဇီဝပါရိသုဒ္ဓိသီလ၊
(၄) ပစ္စယသန္နိဿိတသီလ၊
သီလဝိသုဒ္ဓိ=သီလစင်ကြယ်မှု။
မဟဂ္ဂုတ်=ရူပ၊ အရူပ။
စိတ္တဝိသုဒ္ဓိ=စိတ်စင်ကြယ်မှု။
မိစ္ဆာဝါဒီ=ဖောက်ပြန်သော အယူရှိသူ။
၀ိတဏ္ဍီ=ဆန့်ကျင်သော အယူရှိသူ။
ဒိဋ္ဌိ၀ိသုဒ္ဓိ=အယူအမြင် စင်ကြယ်မှု။


ကင်္ခါ၀ိတရဏဝိသုဒ္ဓိ=တစ်ဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာကို လွန်မြောက်သော ဉာဏ်၏ စင်ကြယ်မှု။
တစ်ဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာ=ယုံမှားခြင်း တစ်ဆယ့်ခြောက်ပါး။
(၁) ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့သလော။
(၂) ငါသည် အတိတ်ကာလ၌ မဖြစ်ခဲ့သလော။
(၃) ငါသည် အတိတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်ခဲ့သနည်း။
(၄) ငါသည် အတိတ်ကာလ၌ အဘယ်သို့ ဖြစ်ခဲ့သနည်း။
(၅) ငါသည် အတိတ်ကာလ၌ အဘယ်သူဖြစ်ပြီးနောက် အဘယ်သူ ဖြစ်ခဲ့သနည်း။
(၆) ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံလော။
(၇) ငါသည် အနာဂတ်ကာလ၌ မဖြစ်လတ္တံလော။
(၈) ငါသည် အနာဂတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်လတ္တံနည်း။
(၉) ငါသည် အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံနည်း။
(၁၀) ငါသည် အနာဂတ်ကာလ၌ အဘယ်သူဖြစ်ပြီးနောက် အဘယ်သူ ဖြစ်လတ္တံနည်း။
(၁၁) ငါသည် ဟုတ်ပါလေ၏လော။
(၁၂) ငါသည် မဟုတ်လေသလော။
(၁၃) ငါသည် ဘယ်သူဖြစ်သနည်း။
(၁၄) ငါသည် အဘယ်သို့ဖြစ်သနည်း။
(၁၅) ငါသည် အဘယ်မှ လာသနည်း။
(၁၆) ငါသည် အဘယ်သို့ သွားလတ္တံနည်း။


မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ=မဂ်ဟုတ်မဟုတ် သိမြင်နိုင်သော ဉာဏ်အမြင် စင်ကြယ်မှု။
ပဋိပဒါဉာဏ ဒဿနဝိသုဒ္ဓိ=မဂ်ရောက်ကြောင်း ကျင့်စဉ်ကို သိမြင်သော ဉာဏ်စင်ကြယ်မှု။
သဟဇတ်=တကွဖြစ်သော။
သမ္ပယုတ်=အတူယှဉ်သော။
သစ္စာလေးတန်ကို ဆယ့်ခြောက်နက်ဝေဖန်၍=သစ္စာအနက် ဆယ့်ခြောက်ချက်။
ဉာဏဒဿနဝိသုဒ္ဓိ=သစ္စာလေးပါး အမှန်တရားကို သိမြင်သော ဉာဏ်အမြင် စင်ကြယ်မှု။


တဒင်္ဂဝိမုတ္တိ=ကာမ ကုသိုလ်ဖြင့် ကိလေသာမှ အခိုက်အတန့်မျှ လွတ်မြောက်မှု။
ဝိက္ခမ္ဘနဝိမုတ္တိ=မဟဂ္ဂုတ်ကုသိုလ်ဖြင့် ကိလေသာကို ပယ်ခွာ လွတ်မြောက်မှု။
သမုစ္ဆေဒဝိမုတ္တိ=မဂ်ဖြင့် ကိလေသာမှ အကြွင်းမဲ့ လွတ်မြောက်မှု။
ပဋိပဿမ္ဘနဝိမုတ္တိ=ဖိုလ်ဖြင့် ကိလေသာမှ ထပ်မံ လွတ်မြောက်မှု။
နိဿရဏဝိမုတ္တိ=ကိလေသာမှ လုံးဝလွတ်မြောက်မှု။


အာဂါရမုနိ=လူဝတ်ကြောင်သူမြတ်။
အနာဂါရမုနိ=ရဟန်းသူမြတ်။
သေက္ခမုနိ=အရိယာပုဂ္ဂိုလ် ခုနစ်ယောက်။
အသေက္ခမုနိ=ရဟန္တာပုဂ္ဂိုလ်။
ပစ္စေကမုနိ=ပစ္စေကဗုဒ္ဓါ။
မုနိန္ဒာဘိပရဝ=မုနိငါးပါးတို့ထက်မြတ်သော။
အတုလမုနိ=အတုမရှိသော မြတ်စွာဘုရား။

0 comments: