Friday, April 11, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး-၂



ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
 
[...]
၂။ အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့့်မြတ်သောသူတို့သည်၊ မာန်မူဖက်ပြိုင်ခြင်းငှာမထိုက်၊ မကိုဋ်မင်္ဂလာ၊ ဤကမ္ဘာနှိုက်၊ ပထမာဒိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြုပြည်ပြု၊ သမ္မုတိဒေဝရာဇ်၊ နေနွယ်ဖြစ်၍၊ စင်စစ်အမျိုးတော်အားဖြင့် မြတ်သော ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွှတ်ရုံးကော်ရော်၊ ပူဇော်ဦးညွှတ်ရာဖြစ်၍၊ စင်စစ်ဘုန်းတော်အားဖြင့် လွန်မြတ်သော ပုညမဟတ္တဂုဏ်၊ ဝသုန်သေလာ၊အဏ္ဏဝါကို၊ မြူလွှာပြုလျက်၊ နှိုင်းတုစက်လည်း၊ ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည်ဖြစ်၍၊ စင်စစ်ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တဂုဏ်၊ ဤသုံးစုံကြောင့်၊ လူ့ဘုံနတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ၊ တစ်ဆူတည်းသော အပ္ပဋိပုဂ္ဂိုလ်ဖြစ်တော်မူထသော-

မကိုဋ်မင်္ဂလာ=ထူးခြားမွန်မြတ်သည့် မကိုဋ်သရဖူ။
ပထမာထိက=အစဦးဆုံး။
ဘူမိပါလ=မင်း။ (ဤ၌ သမ္မတမင်းကို ဆိုလိုသည်။)
အာဒိစ္စဂိုဏ်း=နေမျိုးမှ ဆင်းသက်ပေါက်ဖွားလာသော။
သမ္မုတိဒေဝရာဇ်=မင်း။ မင်းကို သမ္မုတိနတ်ခေါ်သည်။
ဇာတိမဟတ္တဂုဏ်=အမျိုးဇတ်အားဖြင့် ကြီးမြတ်သောဂုဏ်။
ပုညမဟတ္တဂုဏ်=ဘုန်းတော်အားဖြင့် ကြီးမြတ်သောဂုဏ်။
ဝသုန်=မြေ။
သေလာ=ကျောက်တောင်။
အဏ္ဏဝါ=သမုဒ္ဒရာ။
ဂုဏမဟတ္တဂုဏ်=ဂုဏ်အားဖြင့်ကြီးမြတ်သောဂုဏ်။
အပ္ပဋိပုဂ္ဂိုလ်=ယှဉ်ဘက်မရှိသော ပုဂ္ဂိုလ်။

0 comments: