မရွက်ဝါ ဒီကမ္ဘာကြီးထဲမှာရှိနေတယ်။ သီတာလည်း ဒီကမ္ဘာကြီးထဲမှာ ရှိနေတယ်။
...............
မရွက်ဝါနဲ့တွေ့ဆုံခဲ့ရပုံက ဒီလို...
...............
ဒီနေ့လေဆိပ်ကို အပြေးအလွှားဆင်းလာခဲ့ရပါသည်။ (ကိုဧရာ့ညီ၏ သူငယ်ချင်း) တစ်ခါမှမမြင်ဖူးသည့် ဧည့်သည်တစ်ယောက်ကို ကြိုဖို့ပါ။ မြန်မာပြည်က ၂၅ရက်နေ့ ၁၀နာရီထွက်လာမဲ့လေယာဉ်နဲ့ သူလာမယ်။ ကျွန်မအိမ်မှာတည်းမယ်။ အဆင်မပြေက အကြောင်းပြန်ပါတဲ့။ အကြောင်းပြန်ချိန် မရှိတော့ပါ။ လွန်ခဲ့သည့် ၂ရက်ကပို့ထားသည့် သူ့email ကို ယခုမှ စစ်မိပါသည်။
လေဆိပ်ကို ဒီကအချိန် ၂း၃၀pm မှာရောက်သည်။ Yangon က လာသည့် MAI/Jetstar လေယာဉ်မဆိုက်သေး။ ok။ နေဦး နေဦး Silkair ရော ဆိုက်သွားပြီလားဟင်။ ကျွန်မလိုပင် လာကြိုကြဟန်ရှိသော လူရွယ်များကိုမေးမိသည်။ အစ်မ Silkairက Terminal 2 မှာလေ။ (ကိုယ်ရောက်နေတာ Terminal 1)၊ ဗုဒ္ဓေါ။ ကိုယ့် ကိုယ်ကို နှစ်ခြမ်းဘယ်လိုခွဲရပ။ Just try my luck ဒီမှာပဲ စောင့်တော့မည်။ အိမ်မှ သားကြီးဆီက ဖုန်းဝင်လာသည်။ မေမေ ဖွားဖွားကြီးကပြောခိုင်းတယ်။ ဦးဦးကြီးက Bangkok Transit နဲ့လာမှာတဲ့။ ဟေ...။ Bangkok Transit နဲ့ဟာက ဘယ်အချိန်ဆိုက်မှာတုံး။ air-ticket ရောင်းသည့် ဆိုင်ကို ဖုန်းဆက်မေးလိုက်သည်။ Bangkok Transitဆိုရင်တော့၊ ညနေ ၄နာရီခွဲမှာဝင်တဲ့ TG တော့ရှိတာပဲ bye။ (ဤဖုန်း call မျိုးသည် ဖြေဆိုသူအတွက် $ မဝင်သော call မျိုးဖြစ်ကြောင်း၊ ခေါ်ဆိုသူကျွန်မ နားလည်ပေးရပါသည်။) ရောက်လက်စနဲ့ မထူးဘူး... ဆက်စောင့်လိုက်ပါမယ်လေ။
...............
Yangon က လာသည့် MAI/Jetstar လေယာဉ်ဆိုက်လာသည်။ ကျွန်မ၏မျက်စိသည် အဝေးမှုံပါသည်။ မျက်မှန်ပါမလာ၍ မှုံဝါးဝါးမြင်ကွင်းဖြင့် မိမိကြိုရမည့်သုူ မပါ၍ အားစိုက်စရာမလိုဘဲ လေယာဉ်မှဆင်းလာသည့်လူများကို ငေးနေမိသည်။ ထိုသောအခါ ကျွန်မ၏အတွေးများသည် အားစိုက်၍ တွေးကြလေတော့သည်။
“ပြည်ထောင်စု မပြိုကွဲရေး၊ ဒို့အရေး” ဆိုတာကို ကျွန်မ နားမလည်ပါသဖြင့် နေ့စဉ်နှင့်အမျှ နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးကြောင့် နည်းမျိုးစုံဖြင့် ထွက်လာနေကြခြင်းသည်ပင် ပြည်ထောင်စု ပြိုကွဲနေခြင်းတစ်မျိုးပေလောဟု တွေးမိပါ၏။
လူတော်တော်များများ ထွက်လာပြီးသောအခါ ဒီမှာ Work permit ဖြင့် အလုပ်လာလုပ်ကြသည့် လူရွယ်များ အုပ်စုလိုက်ထွက်လာကြ၏။ သူတို့ အသွင်မှာ လန်းဆန်းမနေ၊ လေးလံနေကြ၏။ သူတို့ကို ကျွန်မနားလည်နိုင်ပါသည်။ သူတို့ ဒီလိုအလုပ်ရရှိရေး အတွက် ပေးထားကြရသော Agent Fee သည် တနင့်တပိုးဖြစ်၏။ သူတို့၏နောက်မှလည်း အုပ်စုလိုက် ထွက်လာကြပြန်၏။ ဤအုပ်စုမှာ အမျိုးသမီးငယ်လေးများ အုပ်စုဖြစ်၏။ ရင်ဘတ်တွင် တူညီတံဆိပ်ဝိုင်းလေးများ တပ်ထားကြသည်။ ထိုအုပ်စုထဲမှ အမျိုးသမီးလေးများကိုတော့ ကျွန်မပြတ်သားစွာမြင်နေရသည်။ သူတို့ကို ကျွန်မ အာရုံအပြည့်စူးစိုက်နေမိသည်မှာ သေချာသည်။ ဤမြင်ကွင်းသည် ကျွန်မအတွက် ဆန်းသစ်၏။ ကျွန်မတို့နိုင်ငံမှ ဒီမှာ maid လုပ်ရန် ထိုကဲ့သို့ အစုလိုက်လာကြခြင်းမျိုးကို အခုမှမြင်ဖူးခြင်းဖြစ်သည်။
ငယ်ငယ်ရွယ်ရွယ် သေးသေးညှက်ညှက်လေးများဖြစ်သည်။ လူကောင်သေးတာ ကိစ္စမရှိပါ။ ကျွန်မလိုချင်သည်မှာ မျက်လုံးတောက်တောက်လေးများသာ ဖြစ်သည်။ ဒီမှာ Domastic helper လာလုပ်ကြသည့် Filipino မလေးများ၊ Bar Assistant လာလုပ်ကြသည့် Vietnamese မလေးများ၏ မျက်လုံးတောက်တောက်မျိုးမဟုတ်ပါ။ ဖြူစင်သော သီလကိုအခြေခံသည့် ဖော်ရွေသော စိတ်နှလုံး၊ ခိုင်မာသော ယုံကြည်ချက်တို့၏ ရောင်ပြန် မျက်လုံးတောက်တောက်မျိုး ဖြစ်ပါသည်။ ကျွန်မ ဘာတွေကို ရှာဖွေမိနေပါလိမ့်။ ခေတ်ဆိုတာကြီးထဲမှာ ကျွန်မတို့ရောက်နေကြတာလား။ ကျွန်မတို့က ခေတ်တွေကို ဖန်တီးနေတာလား။ ကျွန်မ မသိ။ ကျွန်မ၏ အာရုံကို စွဲကျုံးယူငင်ထားသော ထိုအမျိုးသမီးငယ် လူစုသည် သူတို့ကို လာကြိုသည့် Agent နောက်သို့ တန်းစီ၍ လိုက်ပါ သွားကြလေတော့သည်။ ကျွန်မလည်း ထိုနေရာမှလေးကန်သော ခြေလှမ်းဖြင့် ဦးတည်ရာမဲ့ ထွက်လာခဲ့သည်။ မြန်မာလူရွယ်တစ်စု၏ သဲ့သဲ့ပြောလိုက်သော စကားသံကို ကြားလိုက်ရသေးသည်။ “ဒီအစ်မကြီး အခုထိမတွေ့သေးဘူးနဲ့တူတယ်။ ငါတို့ခေါ်သွားမှပဲ” တဲ့။ ထိုလူငယ်စုထံ ပြန်လှည့်၍ သူတို့နားလည်သော၊ ကျွန်မရည်လည်စွာ ပြောတတ်သော စကားများဖြင့် သူတို့ပြောလိုက်သော စကားနှင့်ပတ်သက်၍ အခြေအတင် ဆွေးနွေးချင်စိတ် ပေါ်မိသေး၏။ များသောအားဖြင့် မိမိနားမလည်သော ဘာသာစကားများကြားတွင် အနေကြာနေပြီဖြစ်သော ကျွန်မ။ ယခုကဲ့သို့ သူတို့၏ စကားကို နားလည်၍ အဓိပ္ပါယ်တွေ ကောက်တတ်နေခြင်းသည်ပင် ကျွန်မအမှားဖြစ်ပါ၏ ဟု ကိုယ့်ကိုကိုယ် ဆုံးမ၍ ဒေါသကို မျိုချလိုက်ရ၏။ မရှေးမနှောင်းဆိုသလို ဆက်တိုက်ခံစားလိုက်ရသော ‘ကျ’ ဒေါသနှင့်၊ ‘တက’် ဒေါသကို အအေးနှင့်မျှောချရန် Burger King ဆိုင်သို့ ဦးတည်လိုက်ပါ၏။
...............
Burger meal one set မှာ၍ ချောင်ကျသော ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ကျွန်မ၏ ရှေ့စားပွဲတွင် ကျွန်မကို ကျောပေး၍ ထိုင်နေသော အစ်မကြီးတယောက် ဖုန်းပြောနေသည်။ သူမြန်မာလို ပြောနေတာပါလား။ သူဖုန်းပြောအပြီးတွင် ကျွန်မ သူ့ဘေးမှခုံကို ပြောင်းထိုင်၍ “အစ်မမြန်မာလားဟင်” ဟုမိတ်ဆက်လိုက်သည်။ (မြန်မာမှန်းသိလျှင် အနည်းဆုံးတော့ ပြုံးပြမည်။ အပြုံးထဲတွင် ကျွန်မ မြန်မာပါဟူသော ဖေါ်ရွေမှုတွေ စီးဝင်နေရမည်။ ဤအကျင့်ကို ကျွန်မတမင်တကာပင် မွေးမြူထားသည်ဟု ဆိုနိုင်ပါသည်။ အကြောင်းရှိပါသည်။ ဤနိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်နေကြသော ရွှေမြန်မာများတွင်၊ မိမိကိုယ်မိမိ မြန်မာနှင့် မတူအောင်နေ။ မိမိ သားသမီးများကိုလည်း မြန်မာဇာတ် ဖျောက်၍၊ မြန်မာမှန်း မသိရအောင် အထူး အာရုံစိုက်ကြလေသော လက်ယာစွန်းရောက်များနှင့်၊ ဘယ်သူက ဘာထင်ထင် ကိုယ်နေချင်သလို (စည်းမရှိ၊ ကမ်းမရှိ) နေမည်၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ ဆိုသောအချိုးနှင့် နေကြသော လက်ဝဲစွန်းများဟူ၍ နှစ်မျိုးနှစ်စားတွေ့ရလေသည်။ ဤသည်မှာလည်း သူတို့ အကြောင်းနှင့်သူတို့ ဖြစ်ပါသည်။ ကျွန်မ၏ ခံယူချက်မှာမူ ဘယ်နေရာဘဲ ရောက်ရောက် ကျွန်မတို့သည် လူတွေထဲနေခြင်းဖြစ်၍ မြန်မာနဲ့ မတူမှ လူနဲ့တူမှာ မဟုတ်။ မိမိဘာဆိုတာကို မိမိ၏ ကိုယ်ကျင့်သိက္ခာနှင့် ကိုယ်ရေးကိုယ်သွေးတို့ ဖြင့်သာ ဖေါ်ပြရပေမည်။)
ထိုအစ်မကြီးက နှစ်လိုဖွယ် အပြုံးဖြင့် ပြန်ပြုံးပြရင်း၊ “ဟုတ်တယ်။ သူ ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ” ဟုနှုတ်ဆက်စကားကိုဆို၏။
“သီတာ(ကျွန်မစကားပြောလျှင် ကိုယ့်နာမည် ကိုယ်ထည့်ပြောတတ်၍) ဒီရောက်တာ ဆယ်နှစ်ကျော်သွားပြီအစ်မ။ အခု အမျိုးသားရဲ့ ညီရဲ့သူငယ်ချင်း လာမှာမို့ လာကြိုတာ။”
“အမျိုးသားရဲ့ ညီကို မြန်မာလို ဘယ်လိုခေါ်လဲ။”
“ညီဆိုတော့ ‘မတ်'၊ အစ်ကိုဆိုရင်တော့ ‘ခဲအို' လို့ခေါ်တယ်။”
“ဒို့က ညီမလေးရဲ့ အမျိုးသားကို လာကြိုတာ။ ညီမလေးရဲ့ အမျိုးသားကိုရော ဘယ်လိုခေါ်လဲ။”
“ညီမလေးရဲ့ အမျိုးသားဆိုရင်လဲ ‘မတ်’ ပဲအစ်မ။”
အစ်မကြီးသည် သူ့လက်ကိုင်အိတ်ထဲမှ စာအုပ်သေးသေးလေး (diary) ကိုထုတ်၍ မှတ်၏။ တရုတ်စာလုံးများရေးပြီး ဘေးကမြန်မာလိုရေးသည်။ “စာရေးချင်တယ်ဆိုရင် ဒီလိုဘဲ တစ်နေ့၊ တစ်နေ့ ကိုယ်တွေ့ကြုံတာလေးတွေကို ရေးမှတ်ထားရတယ် သီတာရဲ့။ ဒီမှာ အစ်မ name card၊ အဲ့ဒီမှာတော့ တရုတ်လိုရေးထားတယ်။ မြန်မာလိုတော့ ရွက်ဝါလို့ အသံထွက်နဲ့တူတယ်။ ‘ရွက်ဝါ’ လို့ပဲခေါ်ပေါ့။”
“သီတာနဲ့မတွေ့ရင် ဒို့ ဒါကိုပဲဖတ်နေတော့မှာ၊” တရုတ်ဘာသာဖြင့် ထုတ်ဝေသော “i weekly” မဂ္ဂဇင်းကိုပြ၏။ “ဒီမှာ ဒို့ရေးထားတာ။ ကိုယ်ရေးထားတာလေးတွေ ပါလာတော့။ ဘယ်လိုပြောမလဲ ဖတ်ရတာ ပျော်တယ်လေ။ သီတာကတော့ နားလည်မှာ မဟုတ်ဘူး။ ဒို့ မြန်မာလို ရေးထားတဲ့ စာတွေလည်းဖတ်ချင်တယ်။ Internet နဲ့ ဘယ်မှာဖတ်ရမလဲ။”
“အိမ်ကဆရာကြီးကလေ...xxxx xxxx
“သားက မြန်မာပြည်ကို သူ့ဖာသူလည်းသွားတယ်။ xxxx xxxx
“သမီးကတော့ ကလေးတွေကို ကျူရှင်လိုက်ပြတယ်။ သူတို့ကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တတ်အောင် xxxxx xxxx
မရွက်ဝါနဲ့ ကျွန်မ စကားတွေ အများကြီးပြောဖြစ်ခဲ့ကြပါသည်။
...............
ရုတ်တရက် မရွက်ဝါက-
“သီတာ အသက်ဘယ်လောက်ရှိပြီလဲ။”
“သီတာ က 1969 မွေးတာဆိုတော့...”
“1969? ဒို့မြန်မာပြည်ကထွက်လာခဲ့တာ အဲ့ဒီနှစ်ပဲ။ အဲ့ဒီတုန်းက ဒို့က ဆယ့်လေးနှစ်။ ရန်ကုန် ဘယ်နားနေလဲ။”
“သီတာက အလုံမှာနေတာ။”
“ဒို့က အ.ထ.က(၄)အလုံမှာ ကျောင်းတက်ခဲ့တာ၊ ဟိုတုန်းကတော့ ကူရှင်ကျောင်းပေါ့။ ဒို့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် နာမည်ကလဲ သီတာပဲ၊ သီတာ စာသိပ်တော်တယ်။ ကြက်တောင်ရိုက်လည်း တော်တယ်။ ဒို့တွေ ကျောင်းတွေ ကျောင်းတွေ လိုက်ပြိုင်ကြတာ ဆုတွေ နှစ်တိုင်းရတယ်။ သိပ်ပျော်တာဘဲ။ အင်း သီတာ၊ သီတာ သူ့ကို သိပ်တွေ့ချင်တာပဲ။ ဘယ်မှာ ရှာရမလဲ။ ဘယ်လို ရှာရမလဲဟင်?”
0 comments:
Post a Comment