Wednesday, April 16, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၇

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
...
၇။ ဂင်္ဂါ၀ါဠု၊ သဲစုမြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန် ယူကုန်သော၊ ဆူဆူမြတ်စွာ၊ စောသတ္ထာတို့၏၊ သွားရာလမ်းကြောင်း၊ စရိုက်ကောင်းမူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယသံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယာနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟီရိ၊ သြတ္တပ္ပ၊ ဗာဟုဿစ္စ၊ ဝီရိယ၊ ပညာ၊ လေးဖြာစျာန်တည်းဟူသော စရဏတရား တစ်ဆယ့်ငါးပါးတို့ကို၊ အားသစ် ကျင့်ဆောင်တော်မူသဖြင့်၊ သယမ္ဘူတကာ၊ ပြည့်စုံရာသား၊ နာနာကုလတို့၏၊ ဝေါဟာရ သဒ္ဒါအနက်ကို၊ အချက်ကျသိနိုင်သော အတ္ထပဋိသမ္ဘဒါ၊ ၀ါစာဂီရတ်၊ နှုတ်သံလွှတ်က၊ ဇတ်တူတူ မတူတူ၊ ဘာသာဟူသမျှတို့က၊ ဧကန္တသိနိုင်သော ဓမ္မပဋိသမ္ဘိဒါ၊ တစ်ခုတစ်ခုသော ပုဒ်အက္ခရာကို၊ သဒ္ဒါ၏အလို၊ ၀ိဂြိုလ်, ဝစနတ်, ဓါတ်, ပစ္စည်း, လိင်အန်ဖြင့်၊ ဝေဖန်၍ သိနိုင်သော နိရုတ္တိပဋိသမ္ဘိဒါ၊ ကိုယ်တိုင်သိသမျှ တရားတို့ကို၊ သူတပါးသိစိမ့်သောငှာ၊ သဒ္ဒါပညတ်သို့တင်၍၊ စုံလင်စွာမြွတ်ဆိုတတ်သော ပဋိဘာနပဋိသန္ဘိဒါတည်းဟူသော သမ္ဘိဒါလေးပါး။ ဣဒ္ဓိ၀ိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗေနိ၀ါဿနုဿတိ၊ ယထာကမ္မုပဂ၊ အနာဂတံသတည်းဟူသော အဘိညာဉ်ခုနစ်ပါး။ ရူပစျာန်လေးရပ်၊ အရူပစျာန်လေးရပ်အားဖြင့်၊ သမာပတ်ရှစ်ပါး။ ကျေးဇူးတော်တစ်ဆယ့်ရှစ်ပါး၊ ထူးပြားဆန်းကြယ်၊ အံ့ဖွယ်တော်တစ်ဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို၊ ဥဿုံ စိုးပိုင်တော်မူပြီးထသော-

ဂင်္ဂါ၀ါဠု=ဂင်္ဂါမြစ်တွင်းရှိသဲများ။
အနန္တဂူ=အဆုံးမရှိသော နိဗ္ဗာန်သို့ ရောက်တော်မူသော။
သီလသံဝရ=သီလစောင့်ခြင်း။
ဣန္ဒြိယသံဝရ=ဣန္ဒြေခြောက်ပါး စောင့်စည်းခြင်း။
ဘောဇနမတ္တညုတာ၊=ဘောဇဉ်၌ အတိုင်းအရှည်သိခြင်း။
ဇာဂရိယာနုယောဂ=နိုးကြားခြင်းနှင့် ယှဉ်ခြင်း။
သဒ္ဓါ=ရတနာသုံးပါး၊ ကံနှင့်အကျိုးကို ယုံကြည်ခြင်း။
သတိ=တရားမမေ့ခြင်း။
ဟီရိ=မကောင်းမှုကို ရှက်ခြင်း။
သြတ္တပ္ပ=မကောင်းမှုကို ကြောက်ခြင်း။
ဗာဟုဿစ္စ=အကြားအမြင် များခြင်း။
ဝီရိယ=လုံ့လရှိခြင်း။
ပညာ=အသိဉာဏ်ရှိခြင်း။
လေးဖြာစျာန်=ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်ဟူသော စျာန်လေးပါး။
စရဏတရား=အကျင့်တရား။
နာနာကုလ=လူမျိုးအသီးသီး။
ဝေါဟာရ သဒ္ဒါ=ဘာသာစကား။
အတ္ထပဋိသမ္ဘဒါ=အနက်ကိုခွဲခြမ်း၍ သိသောဉာဏ်။
၀ါစာဂီရတ်=နှုတ်ထွက်စကား။
ဓမ္မပဋိသမ္ဘိဒါ=ဓမ္မကို ခွဲခြမ်း၍ သိသောဉာဏ်။
၀ိဂြိုဟ်ဝစနတ်=ပုဒ်၏ အနက်ရင်း။
ဓာတ်=ပုဒ်၏ရင်းမြစ်။
ပစ္စည်း=ပုဒ်၏ နောက်ဆက်စကား။
လိင်=ပုဒ်၏ ဣတ္ထိလိင်၊ ပုလ္လိင်။
အန်=ပုဒ်၏အဆုံး။
နိရုတ္တိပဋိသမ္ဘိဒါ=သဒ္ဒါနည်းကို ခွဲခြမ်း၍ သိသောဉာဏ်။
သဒ္ဒါပညတ်=ဝေါဟာရစကား အဖြစ်။
ပဋိဘာနပဋိသန္ဘိဒါ=ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်။
ဣဒ္ဓိ၀ိဓ=တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း။
စေတောပရိယ=သူတစ်ပါး၏ စိတ်ကို သိသောဉာဏ်။
ယထာကမ္မုပဂ=ကံအတိုင်းဖြစ်နေကြသော (သတ္တဝါတို့ကို မြင်သောဉာဏ်)။
အနာဂတံသ=နောင်ဖြစ်လတ္တံ့ကို မြင်သောဉာဏ်။
ရူပစျာန်လေးရပ်=ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစျာန်။
အရူပစျာန်လေးရပ်=
(၁) အာကာသာန ဉ္စာယတန၊
(၂) ၀ိညာဏ ဉ္စာယတန၊
(၃) အာကိ ဉ္စညာယတန၊
(၄) နေဝသညာနာသညာယတန။
ကျေးဇူးတော်တစ်ဆယ့်ရှစ်ပါး=အတိတ်၊ အနာဂတ်၊ပစ္စုပ္ပန်တိူ့၌ မပိတ်မပင်သော ဉာဏ်ရှိတော်မူသည့် သုံးပါး၊
ကာယကံ၊ ဝစီကံ၊ မနောကံတို့သည် ဉာဏ်တော်လျှင် ပြဋ္ဌာန်း၏။ ဉာဏ်တော်လျှင် အစဉ်လိုက်၏။ သုံးပါး ပေါင်းသော် ခြောက်ပါး၊
ဆန္ဒ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိတို့၏ ယုတ်လျော့ခြင်းမရှိ။ ပေါင်းသော် တစ်ဆယ့်နှစ်ပါး၊
မြူးထူးခြင်းမရှိ၊ မြူးထူးလိုသော စကားမရှိ၊ ချွတ်ယွင်းသည်မရှိ၊ အဆောတလျင်ပြုသော အမှုမရှိ၊ မစုံစမ်း မဆင်ခြင်မှုပြုခြင်းမရှိ၊ ပေါင်းသော် တစ်ဆယ့်ရှစ်ပါး။
အံ့ဖွယ်တော်တစ်ဆယ့်ရှစ်စုံ=
(၁) သင်္ကန်းတော်သည် ဖွပ်ရ၊ ဆိုးရခြင်းမရှိ၊ နွမ်းရိခြင်းမရှိ။
(၂) ဆံတော်သည် တောထွက်စက ဖြတ်သည့်အတိုင်း အသက်တော်ပတ်လုံး လက်နှစ်သစ်မျှသာရှိခြင်း။
(၃) ပရိက္ခရာ ရှစ်ပါးကိုဆောင်ယူတော်မူသော်လည်း ကိုယ်နှိင့် မထိခြင်း။
(၄) သပိတ်တော် ဆေးလျှင် လက်တော်စင်နှင့်၍၊ လက်တော်ဆေးလျှင် သပိတ်တော်စင်နှင့်ခြင်း။
(၅) မုံညင်းသီးခွံတည်းဟူသော ကြုတ်ထဲသို့ ဝင်တော်မူနိုင်ခြင်း။
(၆) ရောင်ခြည်တော်လွှတ်လျှင် အရပ်ဆယ်မျက်နှာတိုင်အောင် နှံ့ခြင်း။
(၇) ကိုယ်တော်ကို အသိန်းအသန်း ဖန်ဆင်း၍ သတ္တဝါကို ချွတ်နိုင်ခြင်း။
(၈) ဇာတိခေတ်၊ အာဏာခေတ်၊ ဝီရိယခေတ်သုံးပါး၌ အမိုက်ကို၎င်း၊ အလင်းကို၎င်း ဖန်ဆင်းနိုင်ခြင်း။
(၉) ကိုယ်တော်ကို အထက်ကောင်းကင်သို့ ရောက်အောင် လဝန်းပေါ်သကဲ့သို့ မြှင့်နိုင်ခြင်း။
(၁၀) သန့်ရှင်းသော၊ သာယာသော၊ သိလွယ်သော၊ နာချင်ဖွယ်သော၊ ပျံ့သော၊ လုံးသော၊ နက်နဲသော၊ ပဲ့တင်ထပ်သော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဖြင့် ဟောတော်မူသည့် တရားတော်သည် ပရိသတ်ရှိလေရာရာကြားနိုင်ခြင်း။
(၁၁) လူနတ်တို့၏ စိတ်ကိုသိနိုင်သော အာသယာနုသယဉာဏ်။
(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို သိတော်မူနိုင်သော မဟာကရုဏာသမာပတ္တိဉာဏ်။
(၁၃) ဤသူကား နက်ဖြန်ကျွတ်လတ္တံ့၊ ဤသူကား သန်ဘက် ကျွတ်လတ္တံ့ စသည်ဖြင့် သိနိုင်သော ဣန္ဒြိယပရောပရိယတ္တိဉာဏ်။
(၁၄-၁၈) ဉေယျဓံတရား ငါးပါး။

0 comments: