Thursday, April 17, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၉

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
...

၉။ လေးအသချေင်္၊ လွန်လေတစ်သိန်း၊ တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း၊ ဖြည့်စွမ်းဆည်းပူးတော်မူခဲ့သော ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ်လီသုံးစုံ ကုသိလ်ဟုန်ကြောင့်၊ လူ့ဘုံစံပျော်၊ အလောင်းတော် ဖြစ်ခါစပင်၊ ကာဠာဝက၊ ဂင်္ဂေယျနှင့်၊ ပဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏ ဆယ်ဆတက် ဆယ်ဆတက် စီသော အားကို ဆောင်နိုင်သည်ဖြစ်၍၊ ယောကျ်ားဗိုလ်ခြေ၊ ကုဋေတစ်သောင်းတို့၏၊ ကာယဗလ၊ ဌာနာဌာန ကောသလ္လဉာဏ်၊ ၀ိပါကဉာဏ်၊ သဗ္ဗတ္ထဂါမိနီဉာဏ်၊ နာနာဓာတုဉာဏ်၊ အဓိမုတ္တိဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ စျာနာဒိသံကိလေသဉာဏ်၊ ပုဗ္ဗေနိ၀ါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်တည်းဟူသော ဆယ်ပါးသော ဉာဏဗလကို ရတော်မူသည်ဖြစ်၍၊ လူ့ပြည် နတ်ရပ်၊ ခေတ်သုံးထပ်ကို၊ အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣဿရိယဘုန်းတော်။ လောကုတ္ထရာတရား၊ မြတ်ကိုးပါးသို့၊ ထင်ရှားစွာရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်။ နရတ်ဘဝဂ်၊ အောက်ထက်ပျံလှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စောတော်မူခြင်းတည်းဟူသော ယသဘုန်းတော်။ သုံးဆယ့်နှစ်ပါး၊ သမိုက်ထားသော၊ ယောက်ျားမြတ်တို့၏ လက္ခဏာ၊ ရောင်ဝါမြုတေ၊ ကျက်သရေအပေါင်းနှင့် ပြည့်စုံတော်မူခြင်းတည်းဟူသော သီရိဘုန်းတော်။ အလိုတော်ရှိသမျှ၊ တစ်ခဏခြင်းဖြင့်သာ၊ ပြည့်စုံလာခြင်းတည်းဟူသော ကာမဘုန်းတော်။ နိဗ္ဗာန်ရောက်ရာ၊ ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့ကို၊ ကြည်ဖြူစွာလှ၊ သင်ဆုံးမ, သောကြောင့်၊ လောကလုံးကိုးကွယ်ရာ၊ ဆရာအဖြစ်သို့ ရောက်တော်မူခြင်းတည်းဟူသော ပယတ္တဘုန်းတော်။ ဤခြောက်ဖော်သော၊ ဘုန်းတော်အမြတ်၊ ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး၊ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါဟူသော ဘွဲ့ပုံတော်အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပ, အပ်သည်လည်းဖြစ်ထသော-

ဌာနာဌာန ကောသလ္လဉာဏ်=အရာဟုတ်သည် မဟုတ်သည်ကို သိတတ်သောဉာဏ်။
ဝိပါကဉာဏ် (ကမ္မဝိပါကန္တရဉာဏ်)=ကံအထူးကို သိတတ်သောဉာဏ်။
သဗ္ဗတ္ထဂါမိနီဉာဏ်=ကံ၏ အပိုင်းအခြားကို သိတတ်သောဉာဏ်။
နာနာဓာတုဉာဏ်=ဓာတ်တို့၏ အထူးအပြားကို သိတတ်သောဉာဏ်။
အဓိမုတ္တိဉာဏ်=သတ္တဝါတို့၏ အလို နှလုံးသွင်းကို သိတတ်သောဉာဏ်။
ဣန္ဒြိယပရောပရိယတ္တိဉာဏ်=ဣန္ဒြေရင့်မရင့်ကို သိတတ်သောဉာဏ်။
စျာနာဒိသံကိလေသဉာဏ်=စျာန်စသည်တို့၏ ညစ်ညူးခြင်းကို သိတတ်သောဉာဏ်။
ခေတ်သုံးထပ်=ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ် သုံးပါး။
လောကုတ္ထရာတရား မြတ်ကိုးပါး=မဂ် ၄ပါး+ ဖိုလ် ၄ပါး +နိဗ္ဗာန် ၁။(အချို့ မူ၌ ၈-ပါးဟုဆိုသည်။)
နရတ်=ငရဲဘုံ။
သုံးခရိုင်=ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ ၃ ပါး။
ဂုဏ်အရဟတ်=မြတ်သောဂုဏ်။

0 comments: