Wednesday, November 12, 2008

ရင့်ကျက်မှုဆယ်စုနှစ်ခရီးအစ

အမြန်ရထားတစ်စီးလို
ဘူတာတွေကို တရိပ်ရိပ် ဖြတ်ကျော်ပြီး၊
ညနေခင်းရဲ့ ကျနေဟာ
ပြင်းပြစွာ လောင်မြိုက်နေဆဲ၊
အမှတ်တမဲ့ပဲ ရောက်လာခဲ့တယ်။


ရင့်ကျက်မှုဆီ လှမ်းမဲ့
မင်္ဂလာခရီးရဲ့ အစခြေလှမ်းအဖြစ်
‘ဗာလ’ဆိုတဲ့ လူ့အချည်းနှီးကို
အဝေးကရှောင်ရမယ်လို့ ဆုံးမခဲ့တယ်။


“တောင်ကို ဖြည်းဖြည်း တက်ရာ၏။
ကာမဂုဏ်ကို ဖြည်းဖြည်း ခံစားရာ၏။
အမျက်ကို ဖြည်းဖြည်း ထွက်ရာ၏”
လောကနီတိစကား မနာကြားပဲ
ကြံကို အရင်းကစ ဝါးမြိုနေခဲ့တယ်။


“အတ္တာဟိ အတ္တနော နာထော”လို့
နှုတ်ကတဖွဖွ ရွတ်ဆိုရင်း၊
တာဝန်တွေကို မျက်ကွယ်ပြု
လွတ်လပ်မှုကို ငြင်းဆန်၊
ပတ်ဝန်းကျင်ကို ရိုးမယ်ဖွဲ့နေခဲ့ပြန်တယ်။


အဓမ္မတွေ တိုက်စားလို့
ခပ်ပါးပါးလေး ကျန်ရစ်တဲ့
အမှန်တရား မြေပြင်ပေါ်ကို
ရဲဝံ့စွာ ခြေစုံရပ်ဖို့ကိုလည်း
တွန့်ဆုတ်နေမိသေးတယ်။


အပေါင်းအသင်းတွေက
“အမျိုး၊ ဘာသာ၊ သာသနာအတွက်
ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ”တဲ့။


ရောင်းရင်းတို့ရေ…
ခင်ဗျားတို့ မိတ်ဆွေကြီး ကျွန်တော်ဟာ
‘ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ’ တေးသွားကို
တသသ ညည်းတွားရင်း၊
အပြစ်မသိသေးတဲ့ ကလေးတို့ဘ၀မှာ
နုံ့နဲစွာ ရပ်တန့်နေသေးတယ်။


ဗာလ = လူမိုက် (သို့မဟုတ်) ကလေး

ဧရာ (မန္တလေး)

7 comments:

khin oo may said...

12 Nov 08, 19:07
kom: ကောင်းတယ်ဗျာ
12 Nov 08, 19:07
kom: ထင်သားဘဲ ဖတ်နေရင်းက ဒါကိုဧရာဘဲဖြစ်ရမယ်။ လို့။

Yu Wa Yi said...

‘ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ’ ကိုပြန်ရှာတွေ့ လို့ တွေ့ ငြား ကျွန်မတစ်ခုခုရေးတင်ထားပါတယ် ကိုဧရာနဲ့ မသီတာရေ။

ThuHninSee said...

ကလေးဘ၀မှာတုန်းကလဲ ၀၀မဆော့ရတာ၊
စာကျက်ရတာ.. သူ့ဒုက္ခနဲ့သူလားလို့ ကိုဧရာရယ်။

တက်လူငယ် said...

လေးနက်တဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ တစ်ပုဒ်လုံးကောင်းတယ်။

ခင်မင်လေးစားလျက်..
တက်လူငယ်...

စူး said...

ရောင်းရင်းတို့ရေ…
ခင်ဗျားတို့ မိတ်ဆွေကြီး ကျွန်တော်ဟာ
‘ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ’ တေးသွားကို
တသသ ညည်းတွားရင်း၊
အပြစ်မသိသေးတဲ့ ကလေးတို့ဘ၀မှာ
နုံ့နဲစွာ ရပ်တန့်နေသေးတယ်။

ဟီး ခွင့်လွှတ်ပါ...
နားမလည်ချင်ယောင် ဆောင်ပါရစေဦးး
အသိလေးတော့ ရင်ထဲရှိသားးး

တန်ခူး said...

ဆရာရေ… ကဗျာလေးက ကောင်းလိုက်တာ…
ရင့်ကျက်တည်ငြိမ်ပြီး ကြီးသူတွေကတောင် လေးစားရတဲ့ ဆရာက ရင့်ကျက်မှုခရီးအစဆို ကျွန်မတို့ က ရင့်ကျက်ဖို့ ပြင်တုန်းဆင်တုန်းပေါ့ဆရာရယ်… အပြစ်မသိသေးတဲ့ ကလေးဘ၀က ရပ်တန့် နေစရာကောင်းလောက်အောင်ကို ဖြူစင်မက်မောတွယ်တာ စရ်ာကောင်းပါတယ်… ကျွန်မကတော့ ဗာလ ဘ၀က မတက်ချင်သေးဘူးဆိုရင် မိုက်မဲတယ်ဆို ဆူခံရမလားမသိ…

Kay said...

ပို့စ် အသစ်ကနေ..အဟောင်းစီ ပြန်ရောက်လာဖတ်တာ- ကိုဧရာ-
အင်းး- လူတွေကတော့..ပျောက်ဆုံးသွားသော နိဗ္ဗန်ဘုံကို တမ်းမက်ကြတာချည်းပါပဲ။ ရင့်ကျက်မူကို Decipline နဲ့ပုံဖော်ရမယ်ဆိုတော့လည်း..ဒရွတ်တိုက်ရင်း..လိုက်ပါကျ။ တခါတလေလည်း..အရွယ်က စကားပြောတဲ့..စိတ်လိုလက်ရ.. ခပ်မြန်မြန်လှမ်းမိ..။ ဒီလိုပါပဲ---