Monday, November 24, 2008

ချင်

စိတ်မချမ်းမြေ့စရာတွေရဲ့ အရင်းအမြစ်ကို ရှာဖွေမိတော့ ယေဘုယျအားဖြင့်တော့ ရချင်တာရယ်၊ ဖြစ်ချင်တာရယ်၊ လုပ်ချင်တာရယ် စသဖြင့်ပေါ့လေ.. ‘ချင်’ တွေကို တွေ့ရတယ်။

ကျမကို ဒုက္ခ အပေးဆုံးကတော့ ‘ဖြစ်ချင်တာ’ ။ ကျမဟာ result oriented တစ်ယောက်ဖြစ်တယ်။ ကျမ ကိုဧရာကို ပြောလေ့ရှိတဲ့ စကားက “စမှတ်နဲ့ ဆုံးမှတ်တူနေရင်တော့ work done 'zero' ပဲနော်။ power တွေ အကုန် lost ဖြစ်တယ်။” ပြောဖန်များလွန်းတော့ (ဘာမှမဖြစ်ချင်နေ တစ်ခုခုကို လုပ်နေဖို့က အရေးပိုကြီးတယ်လို့ ဆိုတတ်တဲ့) သူတောင် ဒီ zero ကြီးကို ကြောက်ချင်ချင် ဖြစ်နေပြီထင်တယ်။ ဒါကလည်း ပင်ကိုယ်ဗီဇနဲ့ ငယ်ငယ်ထဲက စွဲခဲ့တဲ့ အဆုံးအမတွေနဲ့ သက်ဆိုင်နေတယ်လို့ ဆိုချင်တယ်။ အရာရာမှာ အကောင်းဆုံး ဖြစ်ချင်တာဟာ အပြစ်တစ်ခု မဟုတ်ခဲ့ပေမဲ့၊ ကျမရဲ့ ငယ်ရွယ်နုနယ်တဲ့ ဘ၀အစိတ် အပိုင်း တစ်ခုလုံးကို ပျော်ရွှင်မှုဆိုတာ ဘာမှန်း မသိအောင် ရက်စက်စွာ ၀ါးမြို ခံခဲ့ရတာဟာ… အဲဒီ အဲ့ဒီ ‘ဖြစ်ချင်တာ’ ပါဘဲ။

ကျမလေ ဖြစ်ချင်ခဲ့တယ်။ ဆရာဝန်မလေး တစ်ယောက်ပေါ့။ ကျမမှာ မေတ္တာတရား ဘယ်လောက်ကြီးမားလဲ မသေချာပေမဲ့ ယဉ်ကျေးမှုမှာ သိမ်မွေ့မှုပါမှ နှစ်သက်နိုင်တာ သေချာတယ်။ နောက်ပြီး ဆန်းသစ်မှုလေးတွေ ရောစွက်နေတဲ့ အလှတရားကိုမှ ကျမ မြတ်နိုးတယ်။ အဲဒီ အချက်တွေကပဲ ကျမရဲ့ ဆရာဝန်မ တစ်ယောက် ဖြစ်လိုမှုအတွက် လုံလောက်တဲ့ အကြောင်းပြချက်တွေ ဖြစ်တယ်။

ဘုရားဟောခဲ့တဲ့ အနတ္တ ဆိုတဲ့တရားကို လက်ခံဖို့ သတိပေး ခံလိုက်ရတာကတော့ စက်မှုတက္ကသိုလ် ၀င်ခွင့်ရ ခဲ့ခြင်း ပါဘဲ။ ဆယ်နှစ်တာကာလ တစ်ခုမှာ ကျမကိုယ် ကျမ ပျောက်နေခဲ့တယ်။ ပြန်ရှာဖို့လည်း ဘယ်တော့မှ အတွေးထဲတောင် မရောက်ခဲ့ဘူး။ အအေးကြောက်တဲ့ ကျမ အတွက် RIT ဟာ နှင်းတောထဲမှာ ဖြစ်နေတယ်။
အင်ဂျင်နီယာလား။ ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့သလို၊ ဘယ်တော့မှလည်း မဖြစ်တော့ပါဘူး။ ဆရာဝန်နဲ့ ရှေ့ စာလုံးနှစ်ခုတူတဲ့ ဆရာမတော့ ဖြစ်ခဲ့ဖူးတယ်။ အဲဒီ ဖြစ်ချင်တာတွေ မဖြစ်ရတဲ့ ဆင်းရဲမှုတွေ (ကိုဧရာ ပြောသလို ဆိုရင်တော့ လုပ်ယူထားတဲ့ ဒုက္ခတွေ) ပွေ့ရင်းပိုက်ရင်း ကျမရဲ့ အချိန်တွေဟာ ရှက်စရာကောင်းစွာ ကုန်ဆုံးနေပါတယ်။

ပျော်ခဲတဲ့ကျမ ပျော်ရွှင်မှုတွေနဲ့ ဘာကြောင့် ဝေးရပါသလဲ။ အခုတော့ သိပါပြီ။ ရင်ထဲမှာ ရှိမှန်း မသိအောင် ကိန်းအောင်းနေတဲ့ အယူမှားတစ်ခုကြောင့်ပါ။ ဘာလဲသိလား။ ပျော်ရတာကို မလေးနက်ဘူးလို့ လွဲမှားစွာ စွဲထင်ထားတာလေ။ အခုတော့ ကျမဟာ ပျော်ရွှင်မှုရဲ့ လေးနက်မှုကို တစ်စတစ်စ ခံစားတတ်လာနေပါပြီ။ ပျော်ရွှင်မှုဟာ တန်ဖိုးတစ်စုံတရာ ရှိတယ်။ ပျော်ရွှင်မှုဟာ ကျမနဲ့ တစ်သားတည်းဖြစ်စေဖို့ ဖြစ်ချင်တာတွေကို လုပ်ချင်တာတွေနဲ့ အစားထိုး၊ ရချင်တာတွေကို ဖြစ်နေတာတွေနဲ့ ချင့်ချိန်… ဒီလိုလေးပေါ့နော်...

13 comments:

khin oo may said...

စဉ်းစားဖတ်သွားသည်။

PAUK said...

အမရေ...
ဆရာဝန်မဖြစ်လိုက်ရလို့အဲ့လောက်တောင
်စိတ်မကောင်းမဖြစ်ပါနဲ့..
အမတို့များ..ဆေးကျောင်းမတက်လိုက်ရလို့
၁၀နှစ်လောက်ခံစားရတယ်..ပြောတယ်..
ကျနော်တို့၁၀တန်းအမှတ် အမသိလိုက်ရရင်
မူးမေ့သွားနိုင်တယ်..ဟီးးဟိ
၁၀တန်းပထမနှစ်က အမ်အိုင်တီရူးပြီး..
နောက်ဆုံးနေ့ဘိုင်အိုမဖြေခဲ့တာကို..သတိရပြီးရီချင်တယ်
အခုတော့လည်း..မသီတာပျော်ရွှင်နေတာပဲ..မဟုတ်လား
ဖြစ်ချင်တာကိုဖြစ်လိုက်ရတာအဓိကမဟုတ်ပါဘူး..
ဖြစ်နေတာကို..လက်ခံနိုင်ဖို့အဓိကပါ..
(ပြောတတ်သလိုပြောလိုက်တာ..စိတ်မရှိပါနဲ့မသီတာရေ..)

Soe Mya Nandar Thet Lwin (Borros Roxo) said...

ပျော်ရွှင်မှုဟာ ဘဝမှာ သိပ်အရေးကြီးတယ် မသီတာရေ။

ဒီပိုစ့်ထဲမှာ ဆိုအလို ''ချင်'' တွေကြောင့် လူတွေ တော်တော်များများရဲ့ ဘဝတွေမှာ ပျော်ရွှင်မှုဟာ ပျောက်ဆုံးနေသလိုပဲ။

ကိုယ်ရဲ့ လက်ရှိ ဖြစ်နေတဲ့ ဘဝမှာ တင်းတိမ် ရောင့်ရဲနိုင်ခြင်း (Content) ဆိုတာသာ ရှိရင် ပျော်ရွှင်မှုဟာ More or less တော့ ကိုယ်နဲ့ ရှိနေမှာပဲလို့ နန္ဒာထင်တယ်။

ပျော်ရွှင်နိုင်ပါစေ။
SMNTL

sonata-cantata said...

25 Nov 08, 09:38
ုယုဝရီ: မသီတာရေ မောနင်းပါ။ ကော်မန့် ဝင်ရေးတာ မတက်ဘူးထင်ပါရဲ့။ ဒါနဲ့ ကျွန်မဘလော့ဂ် မှာအဲဒီကော်မန့် လေးတင်ခဲ့၏



Happiness

ကျွန်မတို့ ငယ်ငယ်က အိမ်မှာ အဖေရေးထားလေ့ရှိတဲ့စာလေးက
“ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့ တဲ့လူနဲ့ သင့်အောင်ပေါင်း
ရှိတာလေးနဲ့ လှအောင်ဝတ်
ရတာလေးနဲ့ ဝအောင်စား
ပြုပြင်မှူက အနိစ္စ
မခံသာမှူက ဒုက္ခ
ကိုယ့်သဘောနဲ့ ကိုယ်မဖြစ်တာက အနတ္တ
ပြိုင်လာလျှင်အရှုံးပေး
နှလုံးအေးတဲ့ဆေး” တဲ့ မသီတာ။

အဖေဟာ သုံည ထဲမှာပဲ ပျော်အောင်နေတယ်။ သုံညနဲ့ ပဲနှလုံးအေးချမ်းနေခဲ့သူပါ။ အဲလို
တရားသဘောတွေနဲ့ ထိမ်းကွပ်ခံထားရတဲ့ ကျွန်မရဲ့ ငယ်စဉ်ဘ၀မှာ ကြိုးစားရုန်းကန်မှူဆို
တာတွေကို အဖေ့ရဲ့ ဆန္ဒနဲ့ ဆန့် ကျင်ပြီးလုပ်ခဲ့ရတာတွေပါ။ ကျွန်မတို့ ကတော့ ကိုယ်လို
ချင်တာ ကိုယ်ရမှ ပျော်တတ်ကြတာကိုး နော်။

ဒါကြောင့် လူအချို့ ကပြောတယ် ဘာသာတရားကို တအားလုပ်လွန်းရင်မတိုးတက်မကြီး
ပွားဘူး တဲ့။ ရုပ်ပိုင်းဆိုင်ရာတိုးးတက်မှူတွေမှာတော့ ခေတ်နောက်မှာကျန်ချင်ကျန်ခဲ့ပေ
မယ့် အမှန်တော့ ဘာသာတရားလက်ကိုင်ထားသူဟာ စိတ်ပိုင်ဆိုင်ရာတိုးတက်မှူမှာအမြင့်
ဆုံးပါမသီတာ။ ဒါဟာ ပျော်ရွှင်ငြိမ်းချမ်းစရာအကောင်းဆုံးပါ။ တပ်မက်မှူ(ချင်ခြင်း) တွေ
ကင်းနေတဲ့လူတွေမှာလည်း နှလုံးငြိမ်းချမ်းခြင်း ဆိုတဲ့ ငြိမ်းချမ်းမှူကို တပ်မက်နေလို့ သာပဲ
ပေါ့နော်။ ပြောရင်းရှုတ်ကုန်ပြီ။

ဒါနဲ့ ယဉ်ကျေးမှူမှာသိမ်မွေ့ မှူပါတယ်ဆိုတဲ့ခံယူချက်ကြောင့် ဆရာဝန်မ,ဖြစ်လာရင်လည်း
မြနှောင်းညို လို စာရေးဆရာမ ပဲဖြစ်မယ်ထင်တယ်။ ဆေးရုံမှာ လူနာတွေကိုဟောက်နေ
တဲ့ ချာဝန်မကြီးတွေကို မီးမီးကြောက်ကြောက်။(ပြောဆိုမရတဲ့ လူနာတွေနဲ့ ဆက်ဆံရတာ
များတော့ ဂရုနာတောသောတွေနဲ့ ဆရာဝန်မတွေ အမေဂျမ်း ဖြစ်ကုန်တာနော်)။

မသီတာပြောတဲ့“ချင်ခြင်း” ကိုနူးညံ့သိမ်မွေ့ စွာရယူမယ်ဆိုရင်တော့ လူတွေပြောပြောနေ
ကြတဲ့ “အပျော့ဆွဲ” လေးနဲ့ ပေါ့။ ဆိုင်လားတော့မသိဘူး မသီတာရေ။ နောက်မှာအဲဒီအ
ကြောင်းတွေးတွေးဆဆရေးပါဦးမယ်။ ကျေးဇူးနော်။ ခုတော့ ရုံးသွားလိုက်ပါဦးမယ်။ ပျော်
ရွှင်ပါစေ မသီတာ။

SDL said...

အစ်မရေ...
ဒီပို့စ်လေးဖတ်ပြီး ကိုယ့် အကြောင်းကိုယ်တွေးမိတယ်...
"ချင်"တွေ နည်းလွန်းလို့ ခုလို သာမန်ဘ၀လေးဖြစ်နေတာလားလို့....

tg.nwai said...

သီတာရေ.. သီတာ.လိုတော့ တစ်စုံတစ်ခု လိုချင်တာမဖြစ်ခဲ့လို့ ခံစားခဲ.ရတာတော့ မရှိဘူးထင်တယ်။ ဒါပေမယ့် ရနေတဲ.အရာတွေကို မကျေနပ်နိုင်လို့ စိတ်ဆင်းရဲရတာတွေတော့ ပွစိပွစိလေးတွေ ရှိနေတော့လည်း ပျော်ရွှင်ခြင်းက ကြာကြာနေရတယ်ကို မရှိခဲ့ဘူးပေါ့..။ ဟဲဟဲ။ ကိုယ့်ကိုယ်ကိုလည်း ပြန်ဆင်ခြင်သုံးသပ်သွားပါတယ်။ နေတတ် နှလုံးသွင်းတတ်ဖို့က အဓိကပဲဖြစ်မယ်ထင်ပါတယ်။

btw, အခုတလော..ကြားနေရတာကတော့ ဗုဒ္ဒရဲ. ရောင့်ရဲတင်းတိမ်မှုကို တိုးတက်မှုကို တားဆီးတဲ.အနေနဲ. လူငယ်တွေကို ပြောဆိုနေတာ ကြားနေရတော့ စိတ်ထဲ မကောင်းဘူး။ တို.နားလည်တာကတော့ လွဲနေတယ် ထင်တာပဲ။ လူတိုင်းကတော့ ကိုယ်လုပ်နေတဲ. ကိစ္စတိုင်းကို တရားနည်းလမ်းကျကျနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ရမှာပဲ..။ ဖြစ်လာသမျှတွေပေါ် တွယ်ငြိမနေရင် ၀မ်းသာခြင်း ၀မ်းနည်းကြေကွဲခြင်းတွေ ဆိုးဆိုးဝါးဝါးဖြစ်မလာနိုင်ဘူးထင်တာပဲနော်။ သိပ်တော့ နားမလည်ပါဘူး။ ကိုဧရာများ သည်အကြောင်း ကြုံလို. ရှင်းပြနိုင်ရင် သိပ်ကောင်းမှာပဲ။ တင်းတိမ်ရောင့်ရဲတာနဲ. မကြိုးစားပဲ နေတာ.. မတူဘူးဆိုတာကိုလေ..

Taungoo said...

အင်ဂျင်နီယာဖြစ်ခဲ့ရတာကိုတော့ စိတ်တိုင်းမကျမဖြစ်ပါနဲ့ အမရယ်။ ဆရာဝန်ဖြစ်မှ လူတွေကို ဆေးကုနိုင်တာမဟုတ်ပါဘူး။ အင်ဂျင်နီယာလည်း သွယ်ဝိုက်ပြီး ဆေးကုသတဲ့နေရာမှာ ပါဝင်နိုင်ပါသေးတယ်။ ဆရာဝန်နဲ့ အင်ဂျင်နီယာ လက်တွဲလုပ်ဆောင်ရင် ဆေးလောကအတွက် ရလဒ်ကောင်းတွေ ထွက်လာမှာပါ။ (ဥပမာ Biomedical Engineering) အဲ.. ပြောနေရင်းနဲ့ နည်းနည်းများ လိုရာဆွဲပြောမိသလားမသိဘူး။ အခုမြန်မာပြည်ပြန်ရင် ဆေးကျောင်းသူလေးတစ်ယောက်ကို....

ဇနိ said...

ဆရာတော် ရှင်ဉာဏိဿရ က ဟောတာကို သတိရတယ် ငရုတ်သီးအစပ်တောင်းကြီးထဲမှာ အချိုတောင့်လေးများ တစ်တောင့်တလေပါမလားလို့ စားနေကြတာတဲ့..း)

sonata-cantata said...

သင်းနွယ်ဇင် said...
တစ်ချိန်က ခံစားမှုခြင်းတူလို့ ကိုယ်ချင်းစာမိပါတယ်။

(Thinn Kyi ရေ မျက်နှာ မသစ်ရသေးဘူး blog အယင်စစ်တာ comment တွေ့ပြီး accidentallyဘာတွေနှိပ်မိမှန်းမသိပဲ ဖြစ်သွားလို့ ခွင့်လွှတ်နော်)

Anonymous said...

ဟိုပို့စ်က အစ်မကို ရေးတာမဟုတ်ပါဘူး။
ကိုယ့်ကိုကိုယ်ဆုံးမတာပါ အစ်မရဲ့။
မမွန်

Welcome said...

အစ်မ
ဖြစ်ချင်တာတာထက် ဖြစ်သင့်တာကိုပဲ ဘ၀ကို ပျော်ရွှင်စွာနဲ့ ဆက်လက် ရှင်သန်သွားဖို့ မျှော်လင့်ပါတယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com/

သက်ဝေ said...

အသိတရားနဲ့  ချင့်ချိန်ပြီး ရလာတဲ့ ပျော်ရွှင်မှုတွေက အဖိုးတန်ပါတယ် သီတာ...
အစဉ်ပျော်ရွှင်ပါစေ...။

မေအောင် said...

“ချင်”နဲ့က ဝေးဝေးနေလို့မရပါဘူး။
ဒီမှာလဲ “ချင်”တွေနဲ့ပေါ့။
ခုလဲ “ချင်”ပို့စ်ကိုဖတ်ပြီး ဖတ်ပြီးရင်းဖတ်ချင်လာတယ်။
ရှည်ရှည်ရေးပါဗျို့ .......