Tuesday, August 2, 2011

ဒါနပြုသည် ဆိုရာဝယ် (၂)

မြန်မာနိုင်ငံတွင် ဒါနပြုပုံနှင့် ပတ်သက်၍ စနစ်တကျ စစ်တမ်းများ ကောက်ယူ၍ လေ့လာသုံးသပ်ထားသော စာတမ်းများ ရှိကောင်း ရှိနိုင်မည် အထင်နှင့် ရှာဖွေမိသော်လည်း Melford E. Spiro ပြုစုသော Buddhism and society: a great tradition and its Burmese vicissitudes ဟူသော စာအုပ်မှ လွဲ၍ အခြားစာအုပ်, စာတမ်းများ မတွေ့မိပါ။ ထိုစာအုပ်ပါ စစ်တမ်းများသည် ၁၉၆၂-ခုနှစ် မတိုင်မီက ကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းအတွက် မေးခွန်းနှင့် ကောက်ယူသည့် လူဦးရေ ပမာဏသည် ကျေနပ်ဖွယ်မရှိလှ၍ မြန်မာလူမျိုးအများစုအား ကိုယ်စားပြုမည်ဟု မယူဆနိုင်ပါ။
ထိုစစ်တမ်းအရ လူနည်းစုသည်သာ ဉာဏ်လမ်း ဗုဒ္ဓဘာသာဝင်များ (Nibbanic Buddhists) ဖြစ်ကြ၍ လူများစုဖြစ်သော ကံလမ်း ဗုဒ္ဓဘာသာဝင် (Kammic Buddhists) တို့သည် ဒါနအား သီလထက်ပင် ပို၍ ပဓာနထားကာ ကုသိုလ်ကောင်းမှု ပြုကြသည်။ စင်စစ် ဒါနပြုရခြင်း၏ အဓိကရည်ရွယ်ချက်သည် မိမိတို့၏ ကိုယ်ကျင့် သီလ ချိုးဖောက်မှုှုကြောင့် ရရှိလာသည့် အကုသိုလ်များအား ကျေစေရန်အတွက် လုံလောက်သော ကုသိုလ်ကောင်းမှု စုဆောင်းရန် ဖြစ်သည်ဟု ဤစာတမ်းတွင် ဖော်ပြထား၏။ ထို့နောက် သီလထက် ဒါနပြုမှုက ပို၍ အရေးပါရသည့် အကြောင်းရင်း ၅-ခုကို ဆက်လက် ဖော်ပြထားပါသည်။

(၁) The Dāna is psychologically more satisfying than morality, as a mean of acquiring merit - မြန်မာတို့သည် ကုသိုလ်ရခြင်းကို ပမာဏပြုတိုင်းထွာ လိုကြ၏။ သီလ စောင့်ထိန်းခြင်းသည် ဒါနကဲ့သို့ အနည်း အများ ပမာဏတိုင်းထွာ မရသဖြင့် ကုသိုလ် မည်ရွေ့မည်မျှ ရသည်ဟု စိတ်ကျေနပ်မှု မဖြစ်စေပါ။ ထို့ကြောင့် သူ့အသက်သတ်ခြင်းကို ရှောင်ရန်အား ဆောင်ရန် အဖြစ် ပြောင်း၍၊ အသတ်ခံရမည့် တိရစ္ဆာန်များအား ဝယ်ယူ၍ ဘေးမဲ့ပေးခြင်း ပြုလေ့ရှိသည်။ ဤသို့ ပြုခြင်းဖြင့် “ဘယ်နှစ်ကောင်, ဘယ်လောက်ဖိုး” လွှတ်လိုက်သည်ဟု တိုင်းထွာနိုင်သည်။

(၂) In sermons, the fruits of giving are always explicit and clear, while those of morality are clear only for moral dereliction, not for moral conformity - တရားပွဲအများစုမှာ အလှူပွဲများတွင် ဟောကြားသည့် တရားများ ဖြစ်သဖြင့် သီလထက် ဒါန၏ အကျိုးတရားကို ဟောကြားသည်က ပို၍ များ၏။ တဖန် ဒါနတရားများတွင် ဒါနပြုခြင်း၏ အကျိုးနှင့် ဒါနမပြုခြင်း ဆိုးကျိုးများသည် ရှင်းလင်းထင်ရှား၏။ သီလတရားများတွင်မူ သီလချိုးဖောက်ခြင်း၏ ဆိုးကျိုးသည် ထင်ထင်ရှားရှားရှိသော်လည်း သီလစောင့်ထိန်းခြင်း၏ အကျိုးတရားများသည် ဒါန၏ အကျိုးတရားများလောက် ရှင်းလင်းထင်ရှားခြင်း မရှိ၍ ဖြစ်သည်ဟု ဖော်ပြထားသည်။

(၃) The mechanical acquisition of merit is more important than development of spiritual character - သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေး ဟူသော ဉာဏ်လမ်းမှသည် ကံလမ်းဗုဒ္ဓဘာသာသို့ ဦးတည်လာသော အရွေ့အား တတိယအကြောင်းအဖြစ် ဖော်ပြထား၏။ ထို့ကြောင့် ကုသိုလ်ပြုရာတွင် မိမိ၏ အဇ္ဈတ္တ အတွင်းသန္တန်၌ သူတော်ကောင်းတရားများ ပြည့်ဝလာစေရေးထက် အသိဉာဏ်မပါသော ကောင်းမှုပြုနည်းများ (mechanical acquisition of merit) ကိုသာ ဦးစားပေးကြ၏။ မြန်မာပြည်တွင် ရှင်ပြုပေးခြင်းဖြင့် ရသောကုသိုလ်အား အလွန်ပင် တန်ဖိုးထားကြသည်။ သားမရှိသူများကပင် အခြားကလေးငယ်များအား ရှင်ပြုပေးကာ ကုသိုလ်ယူတတ်ကြ၏။ သို့သော် ရှင်ပြုခြင်းသည် ကလေးသူငယ်များအား ကိုယ်ကျင့်တရား၏ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ပေးခြင်းဖြစ်သင့်သော်လည်း ရှင်ပြုပွဲများအား အပေါ်ယံဆန်ဆန်သာ ကျင်းပကြသည်က များသည်။ အလွန် ငယ်လွန်းသေးသည့် နှစ်နှစ်သားအရွယ် ကလေးငယ်များအားလည်း ရှင်ပြုပေးတတ်၏။ ဘာသာရေး အခြေခံရစေရန် တစ်ဝါစသည် အချိန်ကြာကြာ သင်္ကန်းဝတ်လေ့မရှိဘဲ ရက်သတ္တ တစ်ပတ်, နှစ်ပတ်မျှသာ ဝတ်ကြသည်။ အချို့ ကလေးငယ်များဆိုလျှင် တစ်ညတာမျှသာ ရှင်အဖြစ်နေတော့သည်ဟု ဖော်ပြထားသည်။

(၄) The importance of sacrifice as dominant theme in Burmese culture - မြန်မာလူမျိုးတို့သည် စည်းစိမ်ဥစ္စာနှင့် တန်ခိုးအာဏာအား အလွန်တန်ဖိုးထားကြသူများဖြစ်သော်လည်း၊ တဖက်တွင် စွန့်လွှတ်အနစ်နာခံခြင်းကိုလည်း ဂုဏ်ယူကြသည်ကို တွေ့ရ၏။ မြန်မာလူမျိုးတို့ လှူဒါန်းသော ပမာဏသည် သူတို့၏ ဝင်ငွေ, စုဆောင်းငွေ ပမာဏနှင့် နှိုင်းစာပါက မိမိတို့၏ စားဝတ်နေရေးအတွက် ခြိုးခြံ ချွေတာကာ စွန့်လွှတ်အနစ်နာခံသည့် သဘောကို တွေ့နိုင်ပါသည်။ လူဝတ်ကြောင်တို့သည် သီလအနေအားဖြင့် ရဟန်းတော်များကဲ့သို့ သိက္ခာပုဒ်များဖြင့် တင်းကျပ်စွာ ကျင့်ကြံရန် မလိုသဖြင့်၊ ဒါနအနေအားဖြင့် များများလှူဒါန်းကာ ဘာသာရေး ကိုင်းရှိုင်းမှုကို ဖော်ပြကြသည်။

(၅) The honor and prestige that attached to giving in Burmese society - ထင်ပေါ်ကျော်ကြားခြင်းစသော ဂုဏ်ပကာသနအတွက် အလှူဒါနပြုခြင်းအား ပဉ္စမမြောက် အကြောင်းတရား အဖြစ် ဖော်ပြထားသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း Spiro ၏ သုံးသပ်ချက်များသည် အဆိုးမြင်ဘက်သို့ အားသာပြီး၊ မြန်မာအများစု၏ အလှူဒါန အပေါ် သဘောထားအား ကိုယ်စားပြုသည်ဟု မယူဆနိုင်သော်လည်း ဗဟုသုတ အလို့ငှာ ဖော်ပြအပ်ပါသည်။

ဆက်ရန်

စာညွှန်း
Melford E. Spiro - Buddhism and society: a great tradition and its Burmese vicissitudes

3 comments:

တန္ခူး said...

မှတ်သားသွားပါတယ်ဆရာ... ခုခေတ်ရှင်ပြုပွဲတွေက မင်္ဂလာဆောင်တွေလို trader,Sedona မှာလုပ်ပြီး လျှောင်လမ်းကနေ ရှင်လောင်းတွေကွဲထုတ်တာ သွားသတိရမိတယ် ဆရာ...

SHWE ZIN U said...

ဆရာ ရေ

အကျိုးရှိတာလေးအတွက် ကျေးဇူးပါ

ရွှေစင်ဦး

Sonata Cantata said...

CBox မှ

2 Aug 11, 23:04
seesein: ဒါန ပြုတာလေး ဖတ်သွားပါတယ်
2 Aug 11, 23:05
seesein: အမသီတာ နေကောင်းတော်မူပါစ
2 Aug 11, 23:59
S-C: နေကောင်းပါတယ် စစရေ... ပို့စ်တင်တာ အဆက်ပြတ်သလို ဖြစ်နေပေမဲ့ တင် တင်ချင်း လာဖတ်လို့ ကိုဧရာ့ ကိုယ်စား ကျေးဇူးပါနော် ... ဆက်ရန် ရှိသေးတယ် :glad:
3 Aug 11, 18:40
seesein: ကျန်းမာတော်မူကြောင်းသိရ၍ ၀မ်းမြောက်တော်မူပါသည်။ ဒါန ဒါန နဲ့ ငါရချင်တာတွေ များနေသလားလို့ ကိုယ့်ဘာသာကိုယ်တောင် မလုံမလဲး)
3 Aug 11, 21:54
Gyidaw: Visited and read Dana.Thanks Ko Ayar.I will check what kind of donator myself.
3 Aug 11, 22:18
ချစ်ကြည်အေး: ဖတ်သွားပါတယ် တီတာရေ...အကိုဧရာကိုလည်း ပြောလိုက်ပါနော်...:)