အပိုင်း (၁)
အသိပညာ သုံးမျိုး
မှန်လျှင်မှန် မှားလျှင်မှားနိုင်သော အကျိုးနှစ်မျိုးရှိ၍ တစ်ထစ်ချအမှန်အဖြစ် မယူနိုင်သော ပမာဏများအား ပြန်လည်သုံးသပ်ပါက နှစ်သက် ယုံကြည်ခြင်းပေါ်တည် မှီ၍နေသည်။ အချို့သည် မိမိ လေးစားကြည်ညိုသော ဆရာ, ကျမ်းဂန်စာပေနှင့် မိရိုးဖလာအစဉ်အလာတို့မှ တဆင့်ကြားသိ၍ လက်ခံ ယုံကြည်ခြင်းဖြစ်သည်။ အချို့သည် ဖြစ်နိုင်ကောင်းသည်ဟု ထင်၍ လက်ခံယုံကြည်ကြသည်။ ယုတ္တိဗေဒကဲ့သို့ နည်းတစ်ခုခုကိုယူ၍ စနစ်တကျ တွေးခေါ်ထားခြင်း, စူးစမ်းဆင်ခြင်ထားခြင်းတို့ကြောင့် မှန်သည်ဟု လက်ခံယုံကြည်ကြသည်။ ထို့ကြောင့် ကာလာမသုတ်နှင့် စင်္ကီသုတ်တို့တွင်လာသော ပမာဏများကို ထပ်မံ၍ အကျဉ်းခြုံးပါက တစ်ဆင့်ကြားမှု (အနုဿဝန) နှင့် စဉ်းစားဆင်ခြင်မှု (တက္က ဝီမံသ) ဟူသော ပမာဏနှစ်မျိုး အဖြစ် တွေ့နိုင်သည်။ တစ်ဆင့်ကြားမှုနှင့် စဉ်းစားတွေးခေါ်မှုသည် စိတ်ချသေချာသော ပမာဏများ မဟုတ်သေးပါက မည်သည့်ပမာဏကို အခြေပြု၍ အမှန်တရားကို သိရှိနိုင်ပါသနည်း။
တခါက ဘာရဒွါဇနွယ်ဖွား သိင်္ဂါရဝလုလင်သည် မြတ်စွာဘုရားအား ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ဝန်ခံကြသူများအနက် အရှင်ဂေါတမသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သနည်း မေးလျှောက်ဖူးသည်။ “မျက်မှောက်၌ တရားထူးသိမြင်ကာ ဆုံးခမ်းတိုင်အောင်ရောက်၍ မြတ်သောအကျင့်၏ အစဦးကို ဝန်ခံသူ (ဒိဋ္ဌဓမ္မဘိညာ ဝေါသာနပါရမိပ္ပတ္တာ အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ)” ဟု သုံးနှုန်းထားသော်လည်း “ဘာသာတရားတို့ကို အစဦးတီထွင်သူ” ဟု အကျဉ်းအားဖြင့် နားလည်နိုင်ပါသည်။
(၁) ဘာရဒွါဇ… တစ်ဆင့်ကြားလက်ခံသူ (အနုဿာဝိက) သမဏ, ဗြာဟ္မဏ အချို့ရှိသည်။ ထိုသူတို့သည် တစ်ဆင့်ကြားဖြင့် ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ဝန်ခံကြကုန်၏။ ဥပမာကား ဝေဒသုံးပုံဆောင် တေဝိဇ္ဇ ဗြာဟ္မဏတို့တည်း။
(၂) ဘာရဒွါဇ… ယုံကြည်မှုသက်သက်မျှဖြင့် (ကေဝလံ သဒ္ဓမ္မတ္တကေန) ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ဝန်ခံသော သမဏ, ဗြာဟ္မဏ အချို့လည်းရှိ၏။ ဥပမာကား စဉ်းစားတွေးခေါ်သူတို့ (တက္ကီ ဝီမံသီ) တည်း။
(၃) ဘာရဒွါဇ… ထို့အပြင် ရှေးကမကြားဖူးသေးသော တရားတို့အား (အနနုဿုတေသု ဓမ္မေသု) ကိုယ်တိုင် ထိုးထွင်းသိမြင်ကာ (သာမံယေ၀ ဓမ္မံ အဘိညာယ) ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ဝန်ခံသော သမဏ, ဗြာဟ္မဏ အချို့လည်းရှိ၏။ ထိုသူတို့တွင် ငါသည် တစ်ပါး အပါအဝင်တည်း။ (မ-၂-၄၇၄၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ သိင်္ဂါရဝသုတ်)
အထက်ပါ ဒေသနာအရ တစ်ဆင့်ကြားမှု (အနုဿဝန), စဉ်းစားဆင်ခြင်မှု (တက္က ဝီမံသ), ကိုယ်တိုင် ထိုးထွင်းသိမြင်မှု (သယံ အဘိညာ) ဟူသော ပမာဏသုံးမျိုးတွင် ဗုဒ္ဓသည် ကိုယ်တိုင် ထိုးထွင်းသိမြင်မှုကို အလေးပေးကြောင်း တွေ့ရသည်။ တစ်ဆင့်ကြားမှုဖြင့်ရသော သုတမယပညာ, စဉ်းစားဆင်ခြင်မှုဖြင်ရသော စိန္တာမယပညာနှင့် သီလ, သမာဓိ, ပညာတို့ကို အဆင့်ဆင့် ပွားများအားထုတ်၍ ကိုယ်တိုင်ထိုးထွင်းသိမြင်သော ဘာဝနာမယပညာတို့တွင် ဘာဝနာမယပညာကသာ စိတ်ချရသော အသိပညာဖြစ်သည်။
သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓတို့မှလွဲလျှင် သူတစ်ပါးထံမှ တစ်ဆင့်ကြားနာမှု မပါပဲ သစ္စာတရားအား ကိုယ်တိုင် ထိုးထွင်းသိနိုင်ခြင်းမရှိ။ “ယောနိသော မနသိကာရ” ခေါ် မှန်ကန်သော နှလုံးသွင်းမှုဖြင့် ပြည့်စုံလျှင် သူတစ်ပါးထံမှ တစ်ဆင့်ကြားနာခြင်းသည် သမ္မာဒိဋ္ဌိဖြစ်စေရန် အခြေခံ အကြောင်းရင်းဖြစ်သည်။ သို့သော် နှလုံးသွင်းမှားပါက မိစ္ဆာဒိဋ္ဌိပင် ဖြစ်စေနိုင်သည်။ မိရိုးဖလာအစဉ်အလာသမားများ, ကျမ်းဂန်စာအုပ်သမားများသည် သုတမယပညာမျှကို တရားသေဆုပ်ကိုင်ကာ (မိုးကုတ်ဆရာတော်ကြီး၏ စကားဖြင့် ပြောရလျှင်) “သူတစ်ပါး ပါးစပ်ဖျားတွင် လမ်းဆုံးနေကြသူများ” ဖြစ်သည်။
ဗုဒ္ဓဝါဒသည် ပိုင်းခြားဝေဖန်၍ ဆိုလေ့ရှိသော “ဝိဘဇ္ဇဝါဒ” ဖြစ်သည့်အားလျှော်စွာ ပိုင်းခြားဝေဖန်ခြင်း, စူးစမ်းဆင်ခြင်ခြင်းတို့သည် အရေးပါသည်။ ဆရာကောင်း ဟုတ်မဟုတ်ကိုလည်း စူးစမ်းဆင်ခြင်ရသည်။ မိမိဝါဒ, သူတစ်ပါးတို့၏ ဝါဒကိုလည်း ကွဲပြားအောင် စူးစမ်းဆင်ခြင်ရသည်။ ကုသိုလ်, အကုသိုလ်, အကြောင်း, အကျိုးစသဖြင့် တရားသဘောတို့ကိုလည်း စူးစမ်းဆင်ခြင်ရသည်။ သို့သော် သစ္စာတရားကို စဉ်းစားတွေးခေါ်မှုသက်သက်ဖြင့် ချဉ်းကပ်မရ။ စဉ်းစားတွေးခေါ်မှုနယ်ကိုကျော်လွန်သော (အတက္ကာဝစရ) တရားဖြစ်သည်။ ထို့ကြောင့် ကာလာမသုတ်မှ ပမာဏ (၁၀) မျိုး (တနည်း စင်္ကီသုတ်မှ ပမာဏ ငါးမျိုး) တို့ဖြင့်ရသော သုတမယပညာ, စိန္တာမယပညာတို့သည် အသိဉာဏ်စာရင်း သွင်းရသော်လည်း ကိုယ်ပိုင်ဉာဏ်အစစ် မဟုတ်သေး။
ရဟန်းတို့ … “အတ္တသည်လည်းကောင်း, လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၍ အခြားအယူတို့သည် အချီးနှီးသာတည်း” ဟုပြောဆိုလေ့ရှိသော သမဏ, ဗြာဟ္မဏတို့အား စင်စစ် ယုံကြည်ခြင်း, နှစ်သက်ခြင်း, တစ်ဆင့်ကြားခြင်း, အခြင်းအရာကို ကြံစည်ခြင်း, အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံခြင်း ဟူသောအကြောင်းတို့မှ လွဲ၍ စင်ကြယ်ပြည့်စုံသော ကိုယ်ပိုင်ဉာဏ် (ပစ္စတ္တံယေ၀ ဉာဏံ) ဖြစ်ရန် အကြောင်း မရှိ။ စင်ကြယ်ပြည့်စုံသော ကိုယ်ပိုင်ဉာဏ်မရှိသဖြင့်၊ ဤအယူတို့၌ အသိဉာဏ်အဖို့သို့ (ဉာဏဘာဂမတ္တမေဝ) သက်ဝင်ငြားသော်လည်း၊ ထိုသို့သက်ဝင်ခြင်းအား အစွဲအလန်း (ဥပါဒါန်) ဟုသာ ဆိုအပ်၏။ (မ-၃-၂၈၊ မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ဒေဝဒဟဝဂ်၊ ပဉ္စတ္တယသုတ်)
သုတမယဉာဏ်နှင့် စိန္တာမယဉာဏ်တို့ကို ငြင်းပယ်ရန် မဟုတ်သော်လည်း ထိုအသိဉာဏ်သက်သက်မျှကို အားကိုးကာ “ဤသည်သာ အမှန်”ဟု တရားသေစွဲယူပါက အစွဲအလန်းဥပါဒါန်သာ ဖြစ်လေသည်။ ထို့ကြောင့် ကိုယ်တိုင်သိမြင်မှုဖြင့် သိသောအသိဉာဏသည်သာ အားထားရာဖြစ်၏။ “ကိုယ်တိုင်သိမြင်မှု” ဆိုသော်လည်း “မျက်စိဖြင့် မြင်သိခြင်း, နားဖြင့် ကြားသိခြင်း, နှာခေါင်းဖြင့် နံသိခြင်း, လျှာဖြင့် အရသာသိခြင်း, ကိုယ်ဖြင့် ထိသိခြင်း” ဟူသည့် အာရုံခံအင်္ဂါ (ပသာဒ) ငါးပါးဖြင့် ကိုယ်တိုင် သိသော ပဉ္စာရုံသိမျိုး (Empirical Knowledge) မျိုးမျှကို ဆိုလိုသည် မဟုတ်။ ထိုအသိတို့သည် အဖြူ, အနီစသဖြင့် ခွဲခြားမှတ်သားမှု သညာကိုအခြေခံသည့် အသိမျိုးသာ ဖြစ်သည်။ သညာသိတို့သည် (တံလျှပ်မြင်က ရေရှိသည်ဟု ထင်အောင်) လှည့်ဖျားတတ်သော အသိမျိုးဖြစ်၍ အားကိုးနိုင်သော အသိမဟုတ်သေး။ ပညာအစစ် မဟုတ်သေး။ ဗုဒ္ဓအဆုံးအမအရ သင်္ခါရတရားအားလုံးတို့၏ “အနိစ္စ, ဒုက္ခ, အနတ္တ” ဟူသည့် လက္ခဏာကို မြင်အောင် သိနိုင်သော အသိမျိုးသည်သာ ပညာအစစ်ဖြစ်သည်။ သစ္စာလေးပါးအား ပိုင်းခြားသိမြင်သော အသိမျိုးသည်သာ မဂ္ဂင်ထိုက်သော ပညာအစစ်ဖြစ်သည်။ ထိုအသိပညာသည် ထိုးထွင်းသိခြင်း, ပိုင်းခြားသိခြင်း, ကိလေသာကို ပယ်စွန့်ခြင်းဟူသော အကျိုးရှိသည် (အဘိညတ္ထာ, ပရိညတ္ထာ, ပဟာနတ္ထာ)။ ထိုအသိပညာမျိုးသည် မနောဝိညာဏ်၌သာ ဖြစ်ပေါ်နိုင်သည်။ ပညာနှင့် ဝိညာဏ်တို့၏ ခြားနားချက်မှာ ပညာသည် ပွားများရသော ဘာဝေတဗ္ဗတရားဖြစ်၍ ပညာနှင့် ယှဉ်သောအသိ ဝိညာဏ်သည် ပိုင်းခြားသိသော တရားဖြစ်သည်။ (မ-၁-၄၄၉၊ မ-၁-၄၅၁၊ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ စူဠယမကဝဂ်၊ မဟာဝေဒလ္လသုတ်)
ထို့ကြောင့် ကိုယ်တိုင် ထိုးထွင်း၍ သိမြင်သော ဉာဏ်ရရှိရန် သီလ, သမာဓိ, ပညာဟူ၍ အဆင့်အဆင့် ပွားများအားထုတ်ခြင်း ဘာဝနာအမှုကို ပြုကြရသည်။ လောဘ, ဒေါသ, မောဟတရားတို့ ကိုယ်နှင့်နှုတ်တွင် မလွန်ကျူးစေရန် အားထုတ်ရသည်။ စိတ်အစဉ်တွင် မထကြွစေရန် အားထုတ်ရသည်။ အကြွင်းမဲ့ ပယ်သတ်နိုင်ရန် အားထုတ်ရသည်။ ထိုသို့အားထုတ်မှု အဆင့်ဆင့်တွင် လောဘ, ဒေါသ, မောဟတို့ ဖြစ်လျှင် ဖြစ်ပေါ်သည်, မဖြစ်လျှင် မဖြစ်ပေါ်သည်ကို မိမိတို့ အားထုတ်နေသော ဉာဏ်အဆင့်အလျှောက် ကိုယ်တိုင် သိရှိနိုင်ပေသည်။ ထိုသို့သိသော အသိတို့သည် “ယုံကြည်ခြင်း, နှစ်သက်ခြင်း” စသည်တို့ သက်သက်ပေါ်တွင် အခြေခံသော အသိများမဟုတ်တော့ပဲ ပညာဖြင့် ကိုယ်တိုင် သိမြင်သော အသိများဖြစ်လေသည်။
ရဟန်းတို့ … ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်စဉ် မိမိတို့၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ ထင်ရှားရှိသော် “ငါ၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ ရှိသည်” ဟု သိ၏။ မိမိတို့၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ ထင်ရှား မရှိသော် “ငါ၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ မရှိ” ဟု သိ၏။ ရဟန်းတို့ … ဤသို့သိခြင်းသည် ယုံကြည်မှုဖြင့် သိခြင်းလော၊ နှစ်သက်မှုဖြင့် သိခြင်းလော၊ တစ်ဆင့်ကြားဖြင့် သိခြင်းလော၊ အခြင်းရာအား ကြံစည်၍ သိခြင်းလော၊ အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံကာ သိခြင်းလော။ မဟုတ်ပါအရှင်ဘုရား… ။ ရဟန်းတို့ … ဤတရားတို့ကို ပညာဖြင့် သိမြင်သည် မဟုတ်လော။ မှန်ပါသည် အရှင်ဘုရား။ (သံ-၄-၁၅၃၊ သဠာယတနဝဂ္ဂသံယုတ်၊ သဠာယတနသံယုတ်၊ နဝပုရာဏဝဂ်၊ အတ္ထိနုခေါပရိယာယသုတ်)
ကုသိုလ်နှင့် အကုသိုလ်
မြတ်စွာဘုရားသည် ကာလာမတို့အား ယုံမှားသံသယဖြစ်ဖွယ် ပမာဏများပေါ်တွင် တစ်ထစ်ချ ကောက်ယူခြင်း မပြုရန် ဟောကြားပြီးနောက် မိမိတိုအဆင့်အားလျှော်စွာ ကိုယ်တိုင်သိနိုင်သည့် အကုသိုလ်တရားတို့ကို ပယ်စွန့်ရန်, ကုသိုလ်တရားတို့ကို ပွားများရန် ဆက်လက် ဟောကြားတော်မူ၏။
[…] ကာလာမတို့ … “ဤတရားတို့သည် အကုသိုလ်တရားတည်း။ အပြစ်ရှိသော တရားတည်း။ ပညာရှိတို့ ကဲ့ရဲ့အပ်သောတရားတည်း။ လက်ခံကျင့်သုံးပါက အကျိုးစီးပွားမဲ့ခြင်းငှာ, ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏။” ဟု
သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိငြားအံ့ (အတ္တနာ၀ ဇာနေယျာထ)၊ ထိုတရားတို့အား ပယ်စွန့်ကြရာ၏။
ကာလာမတို့… “မိမိတို့၏ အတွင်းသန္တာန်၌ လောဘ, ဒေါသ, မောဟ ဖြစ်သော် အကျိုးစီးပွားရှိခြင်းငှာ ဖြစ်သလော၊ အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်သလော” အဘယ်သို့ ထင်မှတ်သနည်း။ (အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ပါသည် အရှင်ဘုရား။ )
ကာလာမတို့…. လောဘ, ဒေါသ, မောဟတို့ ဖုံးလွှမ်းသိမ်းယူထားသည့် တပ်မက်သူ, အမျက်ထွက်သူ, တွေဝေသူသည် အသက်ကို သတ်၏။ မပေးသည်ကိုလည်း ယူ၏။ တစ်ပါးသူ၏ မယားကိုလည်း ပြစ်မှား၏။ မမှန်သောစကားကိုလည်း ဆို၏။ တစ်ပါးသူတို့ကိုလည်း ထို့အတူပင် ပြုစေ၏။ ဤသို့ဖြစ်သော် အရှည်သဖြင့်တွင့် အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ရာသည် မဟုတ်လော။ (ဖြစ်နိုင်ပါသည် အရှင်ဘုရား။)
[…] ကာလာမတို့ … “ဤတရားတို့သည် ကုသိုလ်တရားတည်း။ အပြစ်မရှိသော တရားတည်း။ ပညာရှိတို့ ချီးမွမ်းအပ်သောတရားတည်း။ လက်ခံကျင့်သုံးပါက အကျိုးစီးပွားရှိခြင်းငှာ, ချမ်းသာခြင်းငှာ ဖြစ်ကုန်၏။” ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိငြားအံ့၊ ထိုတရားတို့အား ပြည့်စုံကြစေရာ၏။
ကာလာမတို့… “မိမိတို့၏ အတွင်းသန္တာန်၌ အလောဘ, အဒေါသ, အမောဟ ဖြစ်သော် အကျိုးစီးပွားရှိခြင်းငှာ ဖြစ်သလော၊ အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်သလော?” အဘယ်သို့ ထင်မှတ်သနည်း။ (အကျိုးစီးပွားရှိခြင်းငှာ ဖြစ်ပါသည် အရှင်ဘုရား။)
ကာလာမတို့…. လောဘ, ဒေါသ, မောဟတို့ ဖုံးလွှမ်းသိမ်းယူထားခြင်း မရှိသည့် မတပ်မက်သူ, အမျက်မထွက်သူ, မတွေဝေသူသည် အသက်ကို မသတ်။ မပေးသည်ကိုလည်း မယူ။ တစ်ပါးသူ၏ မယားကိုလည်း မပြစ်မှား။ မမှန်သောစကားကိုလည်း မဆို။ တစ်ပါးသူတို့ကိုလည်း ထို့အတူပင် မပြုစေ၏။ ဤသို့ဖြစ်သော် အရှည်သဖြင့်တွင် အကျိုးစီးပွားရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ရာသည် မဟုတ်လော။ (ဖြစ်နိုင်ပါသည် အရှင်ဘုရား။)
(အံ-၃-၆၆၊ အဂုၤတ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)
ဤတရားဒေသနာသည် အနောက်တိုင်းဒဿနပညာမှ ပဓာနကျသည့် ကိုယ်ကျင့်တရားနှင့်ပတ်သက်သော အယူအဆသုံးမျိုးအား အကျဉ်းအားဖြင့် ခြုံငုံမိနေသည်ကို တွေ့ရပေမည်။ ပထမအုပ်စုသည် အပြုအမူတို့၏ နောက်ဆက်တွဲ အကျိုးဆက်ကို အလေးပေး၍ ကောင်းဆိုးခွဲခြားသော အယူအဆ Consequentialism/Utilitarianism ဖြစ်သည်။ ဒုတိယအုပ်စု Deontological Ethics သည် ကျင့်ဝတ် စည်းမျည်းတို့အား လိုက်နာမှုကို ပဓာနထားသည်။ တတိယအုပ်စု Virtue Ethics က အဇ္ဈတ္တသန္တန်မှ သူတော်ကောင်းတရား (Virtue) တို့ကို မြတ်နိုးတန်ဖိုးထား၍ ယင်းစရိုက်ကောင်းများကို မြှင့်တင်ပေးရန် လေ့ကျင့်ပညာပေးမှုကို အလေးထားသည်။
ကာလာမသုတ်ဒေသနာတွင် “အပြစ်ရှိခြင်း, သူတော်ကောင်းတို့ ကဲ့ရဲ့အပ်ခြင်း, အကျိုးစီးပွားမဲ့၍ ဆင်းရဲကို ဖြစ်စေခြင်း” စသည့် နောက်ဆက်တွဲ အကျိုးဆက်များဖြင့် အကုသိုလ်၏ အနက်ပရိယာယ်ကို ဟောကြားထားသည်။ နောက်ဆက်တွဲ အကျိုးဆက် ဆိုရာတွင် မျက်မှောက်ဘဝ၌ ခံစားရမည့် အကျိုးဆက်နှင့် နောင်တမလွန်ဘဝ၌ ခံစားရမည့် အကျိုးဆက်ဟူ၍ နှစ်မျိုး ရှိသည်။ သုတ္တန်တို့တွင် နာကြားသူ၏ စရိုက်, စကားဆက်စပ်မှုတို့ပေါ်တည်၍ တမလွန်အကျိုးကို ဦးစားပေး၍ ဟောသည်ရှိသလို, မျက်မှောက်အကျိုးကိုဦးစားပေး ဟောကြားသည်လည်း ရှိသည်။ အချို့လည်း မျက်မှောက်, တမလွန်နှစ်မျိုးလုံး ထည့်သွင်းဟောကြားသည်။ ဥပမာ အတ္တာနုဝါဒသုတ် (အံ-၄-၁၂၁၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ ဘယဝဂ်၊ အတ္တာနုဝါဒသုတ်) တွင် (၁) မိမိကို မိမိ ကဲ့ရဲ့စွပ်စွဲအပ်သော အတ္တာနုဝါဒဘေး (၂) သူတစ်ပါးတို့က ကဲ့ရဲ့စွပ်စွဲအပ်သော ပရာနုဝါဒဘေး (၃) အပြစ်ဒဏ်ခတ်ခြင်း ခံရသော ဒဏ္ဍဘေး (၄) သေလွန်က မကောင်းသော လားရာသို့ရောက်သော ဒုဂ္ဂတိဘေးဟူ၍ အကျိုးနှစ်မျိုးလုံး ထင်ရှားအောင် ဟောကြားထားသည်။ ဤကာလာမသုတ်ဒေသနာ၌မူ မျက်မှောက်ဘဝ၌ “မိမိတို့ ကိုယ်တိုင်ပင် သိနိုင်သော” (အတ္တနာ၀ ဇာနေယျ) အကျိုးများကိုသာ ဟောကြားထားသည်ကို တွေ့နိုင်သည်။
ကုသိုလ်, အကုသိုလ်၏ အနက်အား အကျိုးဆက် သက်သက်ဖြင့် ဝေဖန်ခြင်းသည် မပြည့်စုံ။ ကုသိုလ်, အကုသိုလ်၏ မူလအကြောင်းရင်းမြစ်သည်လည်း အရေးပါသည်။ လောဘ, ဒေါသ, မောဟတရားတို့သည် အကုသိုလ်၏ မူလရင်းမြစ်ဖြစ်၍ အလောဘ, အဒေါသ, အမောဟတရားတို့သည် ကုသိုလ်၏ မူလရင်းမြစ်ဖြစ်သည် (မ-၁-၈၉၊ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မူလပရိယာယဝဂ်၊ သမ္မာဒိဋ္ဌိသုတ်) (အံ-၃-၇၀၊ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ အကုသလမူလသုတ္တံ)။ မိမိတို့၏ အတွင်းသန္တာန်တွင် လောဘ, ဒေါသ, မောဟတရားတို့ဖြစ်ပွားပါက အကုသိုလ်ဟု သတ်မှတ်၍ ထိုတရားတို့ကို ပယ်သတ်ရန် ဟောကြားထားသည်။ တစ်ဖန် “အပြစ်ရှိခြင်း, သူတော်ကောင်းတို့ကဲ့ရဲ့အပ်ခြင်း, မိမိကို မိမိ လိပ်ပြာမလုံခြင်း, သူတစ်ပါးက ကဲ့ရဲ့စွပ်စွဲခြင်း” စသည်တို့သည် အကျိုးဆက်ဖြစ်သည် မှန်သော်လည်း၊ တနည်းအားဖြင့် အရှက်, အကြောက်တရားတို့ကို ရည်ညွှန်းသည်။ ဗုဒ္ဓဘာသာတွင် မကောင်းမှုပြုရန် ရှက်ခြင်း (ဟိရီ), မကောင်းမှုပြုရန် ကြောက်ခြင်း(သြတ္တပ္ပ)ကို အလေးပေးတန်ဖိုးထားသည်။ ရှက်ခြင်းသည် မိမိကို မိမိ လေးစားသောအားဖြင့် မကောင်းမှု မပြုခြင်းဖြစ်၍၊ ကြောက်ခြင်းသည် (မိမိမှ တစ်ပါးသော) သူတော်ကောင်းတို့ ကဲ့ရဲ့စွပ်စွဲမည်ကို ငဲ့၍ ကြောက်ခြင်းဖြစ်သည်။ ဤတရားနှစ်ပါးသည် မကောင်းမှုကို ရှောင်ကြဉ်ရန်အတွက် အရေးပါသော လောကပါလတရားများဟု သတ်မှတ်သည် (အံ-၂-၉၊ အင်္ဂုတ္တရနိကာယ် ဒုကနိပါတ်၊ ကမ္မကရဏဝဂ်၊ စရိယသုတ်)။ “သဒ္ဓါ, သီလ, ဟိရီ, သြတ္တပ္ပ, သုတ, စာဂ, ပညာ” ဟူသော သူတော်ကောင်း ဥစ္စာခုနှစ်ပါးတွင် ထည့်သွင်းထားသည်။ လောဘ, ဒေါသ, မောဟ ပယ်သတ်ခြင်း, သူတော်ကောင်းတရားများ ပွားများစေခြင်းတို့အား အနောက်တိုင်းဒဿနမှ Virtue Ethics မှ စာရိတ္တပညာရေးနှင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။ သို့သော်လည်း ဗုဒ္ဓသာသနာ၏ နောက်ဆုံးပန်းတိုင်သည် အရစ္စတိုတယ်၏ Nicomachean Ethics မှ magnanimous man ခေါ် သူတော်ကောင်း ဖြစ်ရေး, သူရဲကောင်း ဖြစ်ရေး သက်သက်မဟုတ်၊ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေး ဝိမုတ္တိရသ အတွက် ဖြစ်လေသည်။
အခြားသောရှုထောင့်သည် ကုသိုလ်အမှု, အကုသိုလ်အမှုတို့ကို ဖြစ်စေသော လမ်းကြောင်း (ကမ္မပထ) မှ ဝေဖန်ခြင်းဖြစ်သည်။ “သူ့အသက်သတ်ခြင်း, မပေးသည်ကိုယူခြင်း” စသည်တို့သည် အကုသိုလ်အမှုတို့ကို ဖြစ်စေသည့် လမ်းကြောင်း (အကုသလ ကမ္မပထ) ဖြစ်၏။ ယင်းတို့ကို ရှောင်ကြဉ်ခြင်းသည် ကုသိုလ်အမှုတို့ကို ဖြစ်စေသည့် လမ်းကြောင်း (ကုသလ ကမ္မပထ) ဖြစ်၏။ သမ္မာဒိဋ္ဌိသုတ်နှင့် အခြားသောသုတ္တန်ဒေသနာများတွင် အကုသိုလ်အား အကုသလကမ္မပထ (၁၀) ပါးဖြင့် သတ်မှတ်၍ ဟောကြားသည်။
(၁) သူ့အသက်သတ်ခြင်း (ပါဏာတိပါတာ)
(၂) မပေးသည်ကို ယူခြင်း (အဒိန္နာဒါန)
(၃) ကာမ၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ)
(၄) မဟုတ် မမှန် ပြောဆိုခြင်း (မုသာဝါဒ)
(၅) ကုန်းချော ပြောဆိုခြင်း (ပိသုဏာဝါစာ)
(၆) ကြမ်းတမ်းစွာ ပြောဆိုခြင်း (ဖရုသာဝါစာ)
(၇) ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း (သမ္ပပ္ဖလာပ)
(၈) (သူတစ်ပါး၏ ပစ္စည်း ဥစ္စာအား) မက်မော ရှေးရှုကြံစည်ခြင်း (အဘိဇ္ဈာ)
(၉) သူတစ်ပါးအား ပျက်စီးစေလိုခြင်း (ဗျာပါဒ)
(၁၀) မှားယွင်းသောအယူရှိခြင်း (မိစ္ဆာဒိဋ္ဌိ)
ကမ္မပထ ဆယ်ပါးအနက် ပထမသုံးပါး (၁ မှ ၃ ထိ) သည် ကိုယ်ဖြင့် ပြုမူသော ကာယကံအမှုများဖြစ်သည်။ ဒုတိယလေးပါး ( ၄ မှ ၇ ထိ) သည် နှုတ်ဖြင့် ပြောဆိုသော ဝစီကံအမှုများဖြစ်သည်။ နောက်ဆုံးသုံးပါး ( ၈ မှ ၁၀ ထိ) သည် မနောဖြင့် ကြံစည်သော မနောကံအမှုများ ဖြစ်ကြသည်။ ဤတွင် ကိုယ်နှုတ်နှစ်ပါးဖြင့် (တနည်း ကမ္မပထအားဖြင့် ၇-ပါးသော အမှုများဖြင့်) အကုသိုလ် မဖြစ်ပွားစေရန် ရှောင်ကြဉ်ခြင်းအား သီလစောင့်ထိန်းခြင်းဟု ခေါ်သည်။ ငါးပါးသီလစသဖြင့်သော ကိုယ်ကျင့်သိက္ခာပုဒ်များသည် “မသတ်ရ, မခိုးရ” တားမြစ်ထားသည်များကို ရှောင်ကြဉ်ခြင်း (ဝိရတီ) သဘောဖြင့် ပြလေ့ရှိသည်။ ဤသို့သော သီလတို့အား ဝါရိတ္တသီလဟု ခေါ်သည်။ မြတ်သောအကျင့်၏ အခြေခံအစ ဖြစ်သဖြင့် အာဒိဗြဟ္မာစာရိက သီလဟုခေါ်သည်။ သို့သော် “မသတ်ရန်, မခိုးရန်” သာမက “သတ္တဝါတို့အား လစ်လျူရှုမထားပဲ အစဉ်သနားသောအားဖြင့် သတ္တဝါတို့၏ အကျိုးစီးပွားကို စောင့်ရှောက်ရသည်”။ ဤသို့ ဝတ္တရားများအား ဖြည့်ကျင့်ရခြင်းအား စာရိတ္တသီလဟု ခေါ်သည်။ အခြေခံထက်ပို၍ မွန်မြတ်သောကြောင့် အာဘိသမာစာရိက သီလဟု ခေါ်သည်။ ထို့ကြောင့် မြတ်သောအကျင့်အား ကျင့်သုံးသူသည် အခြေခံဖြစ်သော ရှောင်ကြဉ်မှု အာဒိဗြဟ္မာစာရိကမျှဖြင့် တင်းတိမ်နေရန် မဟုတ်ပဲ၊ ပို၍ မွန်မြတ်သော လိုက်နာကျင့်သုံးမှု အာဘိသမာစာရိကကိုလည်း ဖြည့်ဆည်းရန် လိုအပ်သည်။ မဖြည့်ဆည်းပါက သီလပြည့်စုံခြင်း မဖြစ်နိုင်၊ သီလပြည့်စုံခြင်း မဖြစ်လျှင် သမာဓိပြည့်စုံခြင်း မဖြစ်နိုင်ဟု ဟောကြားထားသည်။ (အံ-၅-၂၁၊ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ပဉ္စင်္ဂိကဝဂ်၊ ပဌမအဂါရဝသုတ်)
ဤသို့ ရှောင်ကြဉ်ရန် စည်းကမ်းများ (ဝါရိတ္တ) နှင့် လိုက်နာရန် စည်းကမ်းများ (စာရိတ္တ) များဖြင့် ကုသိုလ်, အကုသိုလ်အား သတ်မှတ်ခြင်းသည် အနောက်တိုင်းကိုယ်ကျင့်ဒဿနအလိုအရ Deontological Ethics ဖြစ်သည်။ ထို့ကြောင့် ကာလာမသုတ်ဒေသနာတွင် ပယ်စွန့်ရန် အကုသိုလ်နှင့် ဖြည်ဆည်းရန် ကုသိုလ်တရားတို့အား အကျိုး (ဝိပါက), အကြောင်း (မူလ), ကံဖြစ်စေသည့် လမ်းကြောင်း (ကမ္မပထ) ဟူသော ရှုထောင့်သုံးရပ်လုံးမှ ဟောကြားထားသည်ကို တွေ့ရသည်။ သို့သော် အနောက်တိုင်းဒဿနများမှ consequentialism, vritue ethics နှင့် deontological ethics တို့ကဲ့သို့ အမြင်တစ်ခုနှင့် တစ်ခု အငြင်းပွားနေရန်မလိုပဲ ရှုထောင့်သုံးရပ်လုံး တစ်စည်းတစ်လုံးတည်းရှိကာ ကိုယ်ကျင့်သီလထက် ပိုမိုအဆင့်မြင့်သော သမာဓိ, ပညာနှင့် ဝိမုတ္တိတရားတို့သို့ တက်လှမ်းရန် ဖြစ်သည်။
[…] သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များစွာသော အကျိုး အာနိသင်ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များစွာသော အကျိုး အာနိသင်ရှိ၏။ ပညာ၌ တည်၍ဖြစ်သော စိတ်သည် ကာမာသဝ, ဘဝါသဝ, အဝိဇ္ဇာသဝဟူသော အာသဝေါတို့မှ ကောင်းစွာ လွတ်မြောက်၏။ (ဒီ-၂-၁၅၅၊ ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်)