Saturday, April 19, 2008

သုတ္တန် နှင့် အဘိဓမ္မာ

မြတ်ဗုဒ္ဓ၏ ဒေသနာတော်သည် အနတ္တဒေသနာဖြစ်သည်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟူသော သင်္ခါရဓမ္မတို့၏ လက္ခဏာရေးသုံးပါးတို့တွင် အနိစ္စ နှင့် ဒုက္ခတရားတို့ကို ဗုဒ္ဓမြတ်စွာမပေါ်ထွန်းမီ ခေတ်ကာလကပင် ရှေးပညာရှိ သမဏ, ဗြာဟ္မဏတို့ ဖော်ထုတ်နိုင်ခဲ့ကြသည်။ အနတ္တတရားကိုမူ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူမှသာ ဟောကြားနိုင်စွမ်းရှိခဲ့သည် ဟု အဆိုရှိလေသည်။ ‘အနတ္တ’တရားဟူသည်ကား အလုံးစုံသောတရားတို့သည် မိမိ၊ ငါ၊ သူတစ်ပါးစသဖြင့် ခေါ်ဝေါ် သမုတ်အပ်သော မြဲမြံသည့် အနှစ်သာရတရားမျိုး မဟုတ်။ ငါ့ကိုယ်၊ ငါ့ဟာဟူ၍ အစိုးရသော တရားမျိုး မဟုတ်။ အတ္တ မဟုတ်။ သို့ဖြစ်၍ ထိုတရားတို့အား “ဧတံမမ, ဧသောဟမသ္မိ, ဧသောမေ အတ္တာ” (ငါ့ဟာ, ငါ, ငါ၏ အတ္တ) ဟု စွဲလမ်းသုံးသပ်ခြင်းငှာမထိုက် ဟူ၍ ဟောကြားသောတရားဖြစ်သည်။

ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားစုတို့ကား ဉာဏ်ဖြင့် သိနိုင်သော အစစ်အမှန်တရားအစုဖြစ်သည်။ သို့သော် ပုထုဇဉ်တို့သည် ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားတို့အား “ငါ့ဟာ, ငါ, ငါ၏ အတ္တ”ဟု “တဏှာ, မာန, ဒိဋ္ဌိ”ဟူသော ပပဉ္စတရားတို့ဖြင့် စွဲလမ်း သုံးသပ် ထင်မှတ်မှားကြသည်။ ထို့ကြောင့် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”ဟု မမြင်နိုင်။ “နိစ္စ, သုခ, အတ္တ”ဟု ဆန့်ကျင်ဖက် တလွဲဖောက်ပြန်၍ မြင်သည်။ ထို ဝိပ္ပလ္လာသခေါ် ဖောက်ပြန်သော အသိအမြင်တို့သည် ပုထုဇဉ်၏ သန္တာန်တွင် အမြစ်တွယ်နေရကား အမှန်သိမြင်သော အမြင်ပေါ်ရန် ကြီးစွာသော လုံ့လဝီရိယ၊ ပညာ၊ သတိတို့ ဖြင့် အဖန်ဖန်အားထုတ်ရန် လိုအပ်သည်။ ရုပ်နာမ်သင်္ခါရတရားတို့၏ သဘောအစစ်မှန်အား အမှန်ကို အမှန်အတိုင်း ယထာဘူတဉာဏ်ဖြင့် သိမြင်ပါက၊ ထို ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ တပ်မက်စွဲလမ်းသော စိတ်ကင်းကာ ငြီးငွေ့သော နိဗ္ဗိန္ဒဉာဏ်အမြင် ဖြစ်ပေါ်လာပေမည်။ ရုပ်နာမ်သင်္ခါရတရားတို့အပေါ် ငြီးငွေ့ စွန့်ပယ်လိုသော အမြင်သန်လာပါက ရုပ်နာမ်သင်္ခါရတရားတို့၏ ဆန့်ကျင်ဖက်သဘာဝဖြစ်သော ဖြစ်ပျက်ချုပ်ငြိမ်းသော နိဗ္ဗာန်ကိုမြင်သည့် တပ်မက်ခြင်းကင်းသော ဝိရာဂ ခေါ် မဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုနိုင်ပေမည်။ ဤသည်ကား ဗုဒ္ဓမြတ်စွာ ၄၅-ဝါကာလပတ်လုံး အဖန်တလဲလဲ နည်းပရိယာယ်မျိုးစုံဖြင့် ဟောကြားတော်မူခဲ့သော သုတ္တန်ဒေသနာတော်၏ အချုပ် ဖြစ်သည်။

“ယထာဘူတ၊ နိဗ္ဗိန္ဒ၊ ဝိရာဂ” (မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေါဟာရဖြင့်ဆိုပါက ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး) ဟူ၍ အဆင့်ဆင့် ကြိုးပမ်းအားထုတ်ခြင်းအား ဝိပဿနာတရား ပွားများသည်ဟု ခေါ်သည်။ ဤတွင် ရုပ်နာမ်တရားတို့၏ သဘာဝအမှန်ကို သိမြင်ရန် အားထုတ်ရာတွင် ရှေးဦးစွာ “ဃန”ခေါ် တစ်ပေါင်းတည်း၊ တစ်သားတည်းဟု ထင်မှတ်ထားသော အထင်မှားကို ပြိုကွဲအောင် ကြိုးပမ်းရသည်။ ယောက်ျား, မိန်းမ, ငါ စသဖြင့် အသွင်အပြင်အားဖြင့် တစ်ပါင်းတည်း သမူဟဃန ထင်မှတ်ခြင်းကို ပယ်ဖြောက်ရန် “ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း...” စသဖြင့်ဖြစ်စေ၊ “ပထဝီ, တေဇော, ဝါယော, အာပေါ” စသဖြင့်ဖြစ်စေ တစ်စစီ ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ ဤကားရုပ်, ဤကားနာမ် စသဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ ယခင်နေ့က ငါသည် ယနေ့ငါပင် ဖြစ်သည်စသဖြင့် ကာလအားဖြင့် တစ်သားတည်းမြဲမြံနေသည်ဟု ထင်မှတ်သော သန္တာနဃနကို ကွဲရန် ဤရုပ်, ဤနာမ်တို့သည် ဤနေရာတွင်ဖြစ်၍ ခဏအတွင်းမှာပင်ချုပ်ကြသည်ဟု ကာလအားဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ “ခံစားခြင်းသည် ဝေဒနာဖြစ်သည်၊ မှတ်သားခြင်းသည် သညာဖြစ်သည်” စသဖြင့် ကိစ္စဃန ကွဲအောင်ရှုရသည်။ “ဤကား အဆင်း, ဤကား အသံ, ဤကား အနံ...” စသဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ယောက်ျား, မိန်းမဟု အာရုံအားဖြင့် ရောထွေးနေသော အာရမ္မဏဃန ကိုကွဲအောင် ရှုရသည်။ အချုပ်အားဖြင့် ဝိပဿနာ၏ ရှေးဦးအလုပ်မှာ နေ့စဉ်တွေ့မြင်ကြုံတွေ့နေရသော တရားတို့အား တစ်စစီဖြစ်အောင် ခွဲခြမ်းစိတ်ဖြာရသော အလုပ်ဖြစ်သည်။ ဒေသနာတော်တွင် နာကြားသူတို့၏ အလိုအာသယအလိုက် ခန္ဓာ ၅-ပါးအဖြစ်၊ အာယတန ၁၂-ပါး အဖြစ်၊ ဓာတ် ၁၈-ပါး အဖြစ် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားသည်။ အကြောင်းမှာ အတ္တဟု မှတ်ယူထားခြင်း၊ ငါ့ဟာဟု နှစ်သက်တပ်မက်သော စိတ်ဖြင့် မှတ်ယူထားသောတရားတို့သည် အမှန်တကယ်ရှိသော အရှိတရားများ မဟုတ်။ အထင်တရားများသာ ဖြစ်သည်ဟု သဘောပေါက်နားလည်စေရန်ဖြစ်သည်။

ထို့နောက် ထို ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသော အမှန်တကယ်ဖြစ်ပျက်နေသောတရားတို့သည် မိမိတို့၏ ပင်ကိုယ်အစွမ်းအားဖြင့် ဖြစ်လာကြသည် မဟုတ်။ တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ ဖန်ဆင်းလိုက်သည် မဟုတ်။ အကြောင်းတရားတို့ ပေါင်းဆုံ၍ ဖြစ်ပေါ်လာရပြီး၊ ထိုအကြောင်းတရားတို့ ချုပ်ငြိမ်းသောအခါ၊ အကျိုးတရားတို့လည်း ချုပ်ပျက်ရသည် ဟူသော အကြောင်းအကျိုးဆက်နွယ်မှု ပစ္စယသဘောကို ထင်အောင်ရှုရလေသည်။ ပထမအဆင့်တွင် ခွဲခြမ်းစိတ်ဖြာ၍ ရှုမြင်ခဲ့သော တရားတို့သည် မည်သို့ အချင်းချင်းအပြန်အလှန် အကြောင်းကျိုးဆက်စပ်၍ နေပုံကို ဤဒုတိယအဆင့်တွင် ရှုမြင်ရန်အားထုတ်ရသည်။ စာပေတွင် ပထမအဆင့်အား နာမ်ရုပ်အား ပိုင်းခြားသိသော နာမရူပပရိစ္ဆေဒဉာဏ်၊ ဒုတိယအဆင့်အား အကြောင်းတရားကို သိမ်းဆည်းသော ပစ္စယပရိဂ္ဂဟဉာဏ်ဟု ခေါ်သည်။ ထိုသို့ တစ်စစီ ခွဲခြားစိတ်ဖြာခြင်း နှင့် ထို တရားအစိတ်တို့ မည်သို့ အကြောင်းအကျိုးအားဖြင့် ဖွဲ့စည်းဆက်စပ်ခြင်းတို့ကို သုတ္တန်ဒေသနာတော်တွင် ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ၊ သစ္စာ ဟူ၍ ဖွဲ့၍ ဟောကြားတော်မူသည်။

သုတ္တန်ဒေသနာတော်သည် မျက်စိဖြစ်လျှင်၊ အဘိဓမ္မာဒေသနာတော်သည် အလွန်အားကောင်းသော မှန်ပြောင်းတလက် ဟုဆိုရပေမည်။ သုတ္တန်ဒေသနာတော်တွင် သတ္တဝါတို့၏ အလိုအဇ္ဈာသယစသည်တို့ကို လိုက်၍ တစ်စိတ် တစ်ဒေသအားဖြင့်သာ ဟောကြားရသော်လည်း၊ အဘိဓမ္မာဒေသနာတော်တွင်ကား မည်သည်ကိုမျှမငဲ့ဘဲ ယထာဓမ္မ သဘာဝရှိသည့်အတိုင်း နည်းမျိုးအသွယ်သွယ်ဖြင့် ဟောကြားတော်မူထား၏။ ဤသို့ သုတ္တန်ဒေသနာတော်ထက် နက်ရှိုင်း သာလွန်၍ပင် အဘိဓမ္မ (အဘိ – သာလွန်သော+ ဓမ္မ – တရား)ဟု အမည်ရခြင်း ဖြစ်ပေသည်။ အဘိဓမ္မာဒေသနာတော်သည်လည်း သုတ္တန်ဒေသနာတော်ကဲ့သို့ပင် “ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ၊ သစ္စာ” တရားတို့အား “ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ” မဟုတ်၊ “နိသတ္တ၊ နိဇီဝ၊ အနတ္တ”သက်သက် ဖြစ်ကြောင်း ပေါ်လွင်စေရန် ဟောကြားထားခြင်း ဖြစ်သည်။

အဘိဓမ္မာပိဋကတ်တော်တွင် ကျမ်း ၇-ကျမ်းရှိရာ၊ ပထမဆုံးဖြစ်သော ဓမ္မသင်္ဂဏီကျမ်းသည် ဓမ္မတရားအစုစုတို့ကို ခွဲခြမ်းစိတ်ဖြာ၍ ရေတွက်ပြသောကျမ်းဖြစ်သည်။ အလုံးစုံသောတရားတို့အား “ကုသိုလ်, အကုသိုလ်, အဗျာကတ” စသဖြင့် သဘောတူရာ, တူရာအုပ်စု သုံးအုပ်စုစီခွဲ၍၎င်း၊ “ဟိတ်တရားအစု, ဟိတ်မဟုတ်သောတရားအစု” စသဖြင့် နှစ်အုပ်စုစီခွဲ၍၎င်း၊ မာတိကာခေါ် ဇယားချ၍ ပြသည်။ သုံးအုပ်စုဖွဲ့သော ဇယားအား “တိကမာတိကာ”၊ နှစ်အုပ်စုဖွဲ့သော ဇယားအား “ဒွိကမာတိကာ”ဟုခေါ်သည်။ ထို့နောက် ထိုအုပ်စုတစ်ခုချင်းစီမှ တရားတို့ကို –


“ယသ္မိံ သမယေ ... စိတ္တံ ဥပ္ပန္နံ ဟောတိ ... ။ တသ္မိံ သမယေ ... ဟောတိ။ ... ဟောတိ။ ...”
“အကြင်အခါ၌ (ဤမည်သော) စိတ်သည်ဖြစ်၏။ ထိုအခါ၌ (ဤတရားသည်) ဖြစ်၏။ (ဤတရားသည်) ဖြစ်၏။ ...”

စသဖြင့် ရေတွက်ပြခြင်းဖြစ်သည်။ ဤသို့အားဖြင့် စိတ်အမျိုးပေါင်း ၁၂၁-မျိုးအား ထိုစိတ်ဖြစ်ခိုက် အတူဖြစ်ကြသော (စေတသိက်)တရားများဖြင့် တွဲ၍ရေတွက်ပြသည်။ ရုပ်တရားတို့အား ရေတွက်ပြသည်။ အဘိဓမ္မာဝိဘင်း စသော နောက်ကျမ်းများတွင် ထိုတရားတို့အား ပိုင်းခြားဝေဖန်၍၊ အဓိပ္ပါယ်ကိုတိကျအောင် သတ်မှတ်ပေးသည်။ ဤသို့ဖြင့် အမှန်တကယ်ရှိသော ပရမတ္တတရားတို့အား အစိတ်စိတ် ပိုင်းခြားဝေဖန်ကာ အတ္တဟု ထင်မှတ်အပ်သောတရား ရှာမရနိုင်ပုံကို အသေးစိတ် ဟောကြားထားသည်။

“ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ, အတ္တ” တို့သည် အစစ်မှန်အားဖြင့် မရှိ။ အထင်ပညတ် တရားများသာဖြစ်သည်။ “စိတ်၊ စေတသိက်၊ရုပ်၊ နိဗ္ဗာန်”ဟူသော ပရမတ္ထတရား လေးပါးသည်သာ အစစ်မှန်အားဖြင့် ဉာဏ်တွင် သိရှိနိုင်သော တရားများဖြစ်သည်။ သို့သော်လည်း ထိုပရမတ္ထတရားတို့သည် အနုမြူဝါဒ (Atomism) တွင်ကဲ့သို့ သီးခြားစီ မိမိအစွမ်းအားဖြင့် ဖြစ်တည်ကြသော တရားများမဟုတ်။ သိကြား၊ ဗြဟ္မာ၊ တန်ခိုးရှင်များက ဖန်ဆင်းထားခြင်းမျိုးလည်း မဟုတ်။ “စိတ်၊ စေတသိက်၊ ရုပ်” ဟူသော သင်္ခါရတရားတို့သည် အကြောင်းတရားကိုမှီ၍ ဖြစ်ပျက်ကြရသည်။ ယုတ်စွအဆုံး အကြောင်းတရားဆိုရာ၌ပင် တစ်ခုတည်းသော အကြောင်းကိုသာမှီ၍ ဖြစ်ပျက်ကြခြင်း မဟုတ်။ တစ်ပါးမကသည့် အကြောင်းတရားများ ညီညွတ်မှသာ ဖြစ်တည်နိုင်ကြလေသည်။ နောက်ဆုံး ခုနှစ်ကျမ်းမြောက်ဖြစ်သော ပဋ္ဌာန်းကျမ်းတွင် ရှေ့ကျမ်းများက အစိတ်စိတ် အမွှာမွှာပြု၍ ခွဲခြားဝေဖန်ပြထားသော “ခန္ဓာ, အာယတန, ဓာတ်” တရားတို့သည် တစ်ပါးနှင့် တစ်ပါးမည်သို့ ဆက်နွယ်ပတ်သက်၍ ထောက်ပံ့နေကြပုံ အသေးစိတ် စနစ်တကျ ဟောကြားထားပေသည်။ သုတ္တန်ဒေသနာတော်က ညွှန်ပြပေးသော (၁) ပိုင်းခြားဝေဖန်၍ သိသည့် နာမရူပပရိစ္ဆေဒ အသိ၊ (၂) ထိုတရား အစိတ်တို့ တစ်ပါးနှင့် တစ်ပါး ထောက်ပံ့ကျေးဇူးပြုနေပုံ အကြောင်းတရားကို သိမ်းဆည်းသည့် ပစ္စယပရိဂ္ဂဟ အသိ တို့ကိုပင်၊ ဓမ္မသင်္ဂဏီအစ ပဋ္ဌာန်းအဆုံး အဘိဓမ္မာဒေသနာတော်က ညွှန်ပြပေးပေသည်။ ခြားနားချက်ကား အဘိဓမ္မာဒေသနာတော်သည် သတ္တဝါတို့၏ အလိုကိုလိုက်၍ ဟောခြင်းမျိုး မဟုတ်ဘဲ၊ ဓမ္မသဘောသက်သက်ကို လိုက်ကာ၊ နည်းအမျိုးမျိုးဖြင့် အသေးစိတ် ဟောကြားထားခြင်းပင်ဖြစ်သည်။

ထို့ကြောင့်ပင် ကိုလံဘိုမြို့ရှိ ဝဇီရာရာမကျောင်းတိုက်မှ ဝဇီရဉာဏ မဟာထေရ်က “အဘိဓမ္မာသည် အားကောင်းသော မှန်ပြောင်းတစ်လက်နှင့် တူ၏။ သို့သော် သုတ္တန်ဒေသနာတော်မှရသော အသိဉာဏ်သည် မြင်ခြင်းအမှုကို ပြီးစေသည့် မျက်စိပင်ဖြစ်လေသည်။ တစ်နည်းအားဖြင့် အဘိဓမ္မာသည် ဆေးပုလင်း တံဆိပ်ပေါ်မှ ဆေးဖော်စပ်ပုံအညွှန်းဖြစ်လျှင်၊ သုတ္တန်ဒေသနာတော်မှရသော အသိပညာသည် ရောဂါနှင့် လက္ခဏာတို့ကို ပျောက်ကင်းစေနိုင်သော ဆေးနှင့်တူပေမည်။” ဟု မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ဧရာ(မန္တလေး)

ကျမ်းကိုး။
(၁) ပါဠိတော်ကျမ်းများ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ နှင့် အဋ္ဌသာလိနီ
(၂) Abhidhamma Studies: Buddhist Explorations of Consciousness and Time by Venerable Nyanaponika Thera.
(၃) A Comprehensive Manual of Abhidhamma by Bhikkhu Bodhi.

0 comments: