Sunday, April 13, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၅

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
...

၅။ ပလ္လင်အနိမိသ၊ စင်္ကမမှသည်၊ စတုတ္ထသတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်နှိုက်၊ မွေ့သိမ်စံပယ်တော်မူကာ၊ အဘိဓမ္မာ ခုနစ်ကျမ်းတွင်၊ ပဋ္ဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူသော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော်အသားတော်၊ အရိုးတော်စု၊ ဝတ္ထုပဿဒိန္ဒြေအလုံးမှ၊ ပြိုးပြုံးပြိုးပြက်၊ ရိုးရိုးရက်တောက်ပလျက်၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဥ္ဇိဋ္ဌ၊ ပဘာသရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသောရောင်ခြည်တော်၊ ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊ ရွှေသော ရောင်ခြည်တော်၊ ကသစ်ခေါင်ရန်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ၊ နီသောရောင်ခြည်တော်၊ သာခွာဘော်ကြူ၊ ဖွေးဖွေးလူသကဲ့သို့၊ ဖြူသောရောင်ခြည်တော်၊ ပြာလျှံညိုလျှံ၊ ခိုလျှံစုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်၊ ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့၊ ပြိုးပြိုးပြက်သော ရောင်ခြည်တော်တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို၊ တစ်ပြိုင်တည်းကွန့်မြူးစေလျက်၊ လ-နေ အတိ၊ လျှံငြိပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင်စကြဝဠာ၊ ထွန်းလင်းဖြာသော ဗြဟ္မာကြီးတို့၏ ကိုယ်ရောင်ကိုလျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော ကိုယ်တော်ရောင်တို့ဖြင့်၊ အထောင်အသောင်းသော လောကဓါတ်ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသော-

ပလ္လင်=ဘုရားဖြစ်ရာ အပရာဇိတပလ္လင်။
အနိမိသ=ပလ္လင်တော်ကို မမှတ်သောမျက်စိဖြင့် ခုနစ်တိုင်တိုင် ရပ်၍ ရှုစားတော်မူရာဌာန။
စင်္ကမ=ခုနစ်ရက်ပတ်လုံး စင်္ကြံကြွရာဌာန (စင်္ကမ သတ္တာဟ)။
စတုတ္ထသတ္တာဟ=လေးပတ်မြောက် ရက်သတ္တပတ်။
ရတနာရွှေအိမ်=ရတနာဃရ သတ္တာဟ။
အဘိဓမ္မာခုနစ်ကျမ်း=
(၁) ဓမ္မသင်္ဂဏီ
(၂) ဝိဘင်း
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ်
(၅) ကထာဝတ္တု
(၆) ယမိုက်
(၇) ပဋ္ဌာန်း။

ဝတ္ထုပသာဒိန္ဒြေ=အထည်ကိုယ်ဒြဗ် ဖြစ်သည့် တစ်ကိုယ်လုံး။
နီလ=အညို။
ပီတ=အဝါ၊ အရွှေ။
လောဟိတ=အနီ။
သြဒါတ=အဖြူ။
မ ဉ္ဇိဋ္ဌ=အနီနု။
ပဘာသရ=ပြိုးပြိုးပြက်။
ဂီဝါ=ရွှေ။
သာခွာ=ဘော်ငွေ။

0 comments: