Sunday, September 7, 2008
ကျွန်မ၏ အကြောင်း
အမှားပါရင် ခွင့်လွှတ်နော် လို့ စလိုက်ရရင်တော့ ဘယ်လိုကြီးလည်း ဖြစ်တော့မှာဘဲ။
ကိုယ့်အကြောင်း ကိုယ်ရေးတဲ့ဟာ..နော်။ (တန်ခူးရေ "ကျွန်မ၏အကြောင်း" ရေးရတာ ခက်ပုံများ ကမ်းကုန်ရော။ )
ကိုယ့်ရဲ့နာမည် - ပထမဆုံး မွေးစာရင်းလုပ်တော့ ကိုယ့်နာမည်က သင်းသင်းခိုင် တဲ့။ အဖေ့ကို ပြိုင်နေတဲ့ တစ်ယောက်က သူ့သမီးကို အဲ့ဒီနာမည်ပဲပေးတော့ အခုလက်ရှိ နာမည်ကို ပြောင်းခဲ့ကြတယ် တဲ့။ ကိုယ့်နာမည်မို့ ပြောတာ မဟုတ်ဘူး သိပ်အေးချမ်းတဲ့ နာမည်လေး။ (ငယ်ငယ်က ကျောင်းပိတ်ရက်မှာ အဖေက တရားရိပ်သာ ပို့ထားတာ တဖက် အခန်းက ယောဂီတွေ၊ ဟို အခန်းက ယောဂီကို ဘာ အတင်းပြောတာလို့ မွှေနှောက်လို့ ရိပ်သာ တာဝန်ခံ လူကြီးတွေက နာမည်နဲ့ လိုက်အောင်နေ လို့ ခေါ်သတိပေးခံရဖူးတယ်။)
ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ကိုယ့်နာမည်ပဲခေါ်ကြတယ်။ (ဟိုလေ Surname ကို ဖြုတ်ခေါ်တယ် လို့ပြောတာ။)
ကိုယ်ဒီမှာနေတယ် - ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းလေ။ (မြောက်ကျွန်းကနေ လွင့်လာတာ။:P)
ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ဆိုင်တာတွေရော မဆိုင်တာတွေရော တောင်ရောက်လိုက် မြောက်ရောက်လိုက် ဗာရာဏသီအစချီမှာတွေ သည်းခံနိုင်ရင်တော့ ဆက်သာဆက် မူးနောက်သွားစေရမယ်။
ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက
အရောင်ဆိုရင် - စကြိုက်တုန်းက အနီရောင်၊ ကွန်ပါဘူး အနီ၊ ကော်လက်ကောက် အနီ (ကျိုးသွားရင်လည်း အနီရောင်ဘဲ ထပ်ဝယ်ပေးရတာနော်။) သစ်ရွက်လှုပ်ရင် ရင်ခုန်နေတဲ့ အရွယ်တုန်းကတော့ အဖြူနဲ့အပြာ။ အခုတော့ အဝါကနေ အညိုထိ spectrum ထဲက အရောင်တွေ။
အဝတ်အစားဆိုရင် - လွတ်လပ်ပေါ့ပါးတာလေးတွေ ကြိုက်တတ်နေပြီ။
အစားအစာဆိုရင် - ငယ်ငယ်က ဂျီးများသလောက် အခုတော့ ရေသောက်ရတာတောင် ချိုနေလို့။
ပစ္စည်းဆိုရင် - ရိုးရှင်း၊ အသုံးဝင်၊ maintain လွယ်။ (အတိတ်ကံက ကောင်းတော့ ကိုယ့်လက်နဲ့ ထိတာမှန်သမျှ ပျက်လွန်းလို့။)
သီချင်းဆိုရင် - အောင်ခြင်းရှစ်ပါး။
စာရေးဆရာ - သူတို့ပေးလိုတဲ့ စေတနာကောင်းလေးတွေကို ခံစားမိရသည့် စာရေးသူတိုင်း။
စာအုပ် - ဖတ်ပါတယ်။ တခါတခါများ ထမင်းဆာသလိုဆာလို့ တစ်အုပ် အုပ်ဖတ်လိုက်ရမှ နေသာထိုင်သာရှိသွားတယ်။
Life style - တစ်နေ့ (၈)နာရီ မအိပ်ရရင် ငိုချင်တယ်။
ကိုယ့်ရဲ့ဝါသနာ - အထုံဝါသနာ မပေါ်လွင်ပါ။ (စွဲစွဲမြဲမြဲလုပ်ရတာဆိုရင် အားဆေးတောင် မသောက်ပါ။)အလိုချင်ဆုံးလက်ဆောင် - လိုချင်တယ်။ လိုချင်တယ်။ သေလောက်အောင် လိုချင်တယ်။ ရလည်းရရော မလိုချင်တော့ဘူး။ (ဖြစ်ဖူးကြပါသလားဟင်။) တဖက်လှည့်နဲ့ ဘယ်လို ပြန်ထုတ်ရမလဲ ခေါင်းခြောက်ရပြန်ရော။ ကိုယ့်ရဲ့အချစ်ဆုံးသူက - ရှာနေတုန်း။ (တလွဲမထင်ပါနဲ့။ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ကြားဖူးလို့ ဟုတ်မဟုတ် ဆန်းစစ်နေတုန်းပါ။)
ကိုယ့်ရဲ့အလေးစားဆုံးသူက - မြတ်ဗုဒ္ဓ။
ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - သူငယ်ချင်းတိုင်း တန်းတူပါဘဲ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - အနီးဆုံးလူလေ။
ကိုယ့်ရဲ့အမုန်းဆုံးသူက - မုန်းရမှာ ကြောက်ပါတယ်။
ရင်အခုန်ဆုံးအချိန် - heart beat မမှန်တာ မွေးရာပါ။ ယဲ့ယဲ့လေးနော်။ ရင်တွေ အရမ်းခုန်အောင် မလုပ်နဲ့ နောက်မှ နောင်တရနေရမယ်။
အကြောက်ဆုံးအချိန် - အသိဉာဏ်တရားကင်းလွတ်ချိန်။
အမှတ်တရနေ့ - အစွဲအလန်းကြီးသူ မဖြစ်လိုပါ။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - အခါအားလျော်စွာ တောင်းပါရစေနော်။
အချစ်ဆိုတာ - မရေးတတ်လို့ သူများရေးထားတာလေး link ပေးပါရစေ။
အမုန်းဆိုတာ - မသိလိုပါ။
အလွမ်းဆိုတာ - ကိုယ့်ကိုယ်ကိုမှ မပိုင်တော့၊ အလွမ်းစေရာ မျှော၍သာ မျောလိုက်ကာ၊ မျက်ရည်တွေနဲ့ နစ်ဦးမှာ။ (ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင်။)
သံယောဇဉ်ဆိုတာ - အစိမ်းမဟုတ်အကျက် ဖြတ်ရမည့်အရာ။
ဘဝဆိုတာ - စိတ်ဝင်တစား လေ့လာစရာပါ။
သူငယ်ချင်းဆိုတာ - ဓာတ်သဘောတွေ ဆက်သွယ်မှုရှိလို့၊ သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့ရတာလေ။
ချစ်သူဆိုတာ - signal တွေ ဖမ်းကြည့်။ ကိုယ့် formula နဲ့ ကိုယ်စစ် ဒီလောက်ပဲ ပြောချင်တယ်။
ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - ကိုယ့်ကိုယ်ကို သိပ်ချစ်တယ်။ (ငယ်ငယ်တုန်းက စာမရလို့ အဆူခံ ရမှာတောင် ကြောက်လို့ ကျောင်းအဝင်ခြေလှမ်းတိုင်း ဆရာတွေကို မေတ္တာပို့တယ်။ အခုတော့ ကိုယ့်ကို သဘောထားကြီးသူ၊ အေးချမ်းသူ၊ စိတ်ကောင်းရှိသူ အထင်ခံချင်လွန်းလို့ ပြုံးထားရတဲ့ မျက်နှာကြီးက မျက်စိပေါက်တောင် မရှိချင်တော့ဘူး။ မုန်းစရာကြီး။) အတ္တကြီးတယ်။ ဒေါသကြီးတာလေးပါ အဆစ်ထည့်လိုက်။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ငါလိုသေးတယ်။
အပြောချင်ဆုံးစကားတခွန်း - မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ မုဒိတာ ဆိုတဲ့ atmosphere ထဲမှာ ကျင်လည်ရင်း ဉာဏ်ကြီးအောင် ကြိုးစားကြရအောင်နော်။
ကျေးဇူးတင်ပါတယ်ရှင်။
10 comments:
tg.nwai said...
khin oo may said...
ရိုးသားစွာဖြေထား တာ ကို နှစ်သက်စွာ ဖတ်သွားပါတယ်။ အညွန်းနောက်လဲ လိုက်ဖတ်ရသေးတယ်။
khin oo may said...
ရိုးသားစွာ ဖြေထားတာ ကို နှစ်သက်စွာဖတ်သွားပါတယ်။ link နောက်လဲ လိုက်ဖတ်ရသေးတယ်။
စူး said...
ဖြစ်တာမှ ဟိုဖက်ကမ်းတောင်လွန်သေး။
လိုချင်တာကို လိုချင်တဲ့အချိန်မရရင် ရအောင်လုပ် ရပီးသွားရင် ကိုယ့်တာဝန်ကျေသလိုခံစားပီး မလိုချင်တော့တာ။
လိုချင်တဲ့အချိန်ရရင်တော့ တန်ဖိုးထားပါတယ်.ဟီး
တန်ခူး said...
လက်ဆွဲဆောင်ပုဒ်လေးနဲ့ အပြောချင်ဆုံးစကားတခွန်းကိုတော့ ကြိုက်သွားပြီ မ ရေ… ဖတ်လို့ ကောင်းတဲ့ ကျွန်မအကြောင်းရေးရတာ ခက်တာ စာပေစီစစ်ရေးကြောင့်လား(နောက်တာနော်)… နားလည်မှုအများဆုံးပေးနိုင်တဲ့ အနီးဆုံးလူကြီးရှိနေမှတော့ မ ဘ၀က ပျော်စရာပေါ့… ဒါကြောင့် ရေသောက်တောင်ချိုနေတာ…
မေအောင် said...
ကျွန်မအကြောင်းက
ဖတ်လို့ကောင်းတုန်းပြီးသွားတယ်
ရေးရခက်တယ်ဆိုတော့လဲ ဒီလောက်နဲ့ပဲ
ကျေနပ်လိုက်ပါမယ်
အောင်ခြင်ရှစ်ပါး ကို မေရှင်အသံအတိုင်း
ဆိုတာလား၊ဟေမာနေဝင်းလိုလား
ဒါမှမဟုတ် ကိုယ်ပိုင်ကီး၊ကိုယ်ပိုင်သံဇဉ်နဲ့လား
နားထောင်ချင်လိုက်တာ
sonata-cantata said...
ကျွန်မ၏အကြောင်းအဆက် ဆိုပြီး တင်ရဦးမလားဟင်။ ဟီးဟီး စတာ။ အောင်ခြင်းရှစ်ပါး ကိုယ်တိုင်ပူဇော်ထားတာလေး အသံသွင်းပြီး တင်ထားလိုက်ရမလား။ studio နဲ့ စကားပြောကြည့်လိုက်ဦးမယ်နော်။ တော်ကြာ လာနေကျ အရင်းခေါက်ခေါက်ကြီးတွေပါ ပစ်ထားတော့ရင် ဒုက္ခ။
သက်ဝေ said...
ရေသောက်ရတာတောင် ချိုနေတယ်လို့ ထင်နေတာ ဘာကြောင့်များပါလိမ့် လို စဉ်းစားခန်းဝင်နေမိတယ်...။
ဘေးနားက အနီးဆုံးလူကြောင့်လား.. ဟီဟိ။
မသီတာရေ... ဟုတ်ပနော်..
ဒေါ်တန်ခူးတစ်ယောက် Tag တဲ့ ပိုစ့်ရယ်၊ သူ့ အသက် အကြောင်းရေးထားတဲ့ ပိုစ့်ရယ်နဲ့  လုပ်ချလိုက်တာ.. များတို့  အသက်ကြီးပုံတွေ အဖွားကြီးဖြစ်ပုံတွေ ပေါ်ကုန်တော့တာပါဘဲ...။
ဒီကြားထဲ မကေ ကလဲ ပြောသွားသေး... အခုတလော လေဒီ ဘလော့ဂ်ဂါကြီးတွေ အကြောင်းဖတ်ရတာ စိတ်ဝင်စားစရာကောင်း ဆိုဘဲ...။ ဟင့်.. ဟင့်...
များတို့  တန်ခူးကို အလျော်ပြန်တောင်းကြရင် ကောင်းမလား ဟင်...။
Ko Paw said...
အခုတလော ကိုယ့်အကြောင်းကိုယ်ရေးကြတဲ့အထဲမှာ (ကိုယ်ရေးတဲ့ပို့စ် အပါအ၀င်)…….ဖတ်မိသမျှ….. ဒီပို့စ်ကို အကြိုက်ဆုံးပါဘဲ။
လေးမီ said...
ကျေးဇူးတင်ပါတယ် အမှန်တရားတွေဖြေလို့ ..၊
နင်ဆိုတာ ငါလဲ မကြားဘူးသေးဘူး......