Thursday, September 4, 2008

ထို နှစ်ယောက်

မိဘများ အနေနှင့် သားသမီးတို့၏ ပညာရေးကို အလေးထားတတ်ကြခြင်းသည် အထူးပြောစရာ မလိုသော အချက်ပင်ဖြစ်သည်။ သားသမီးတို့ ဆွတ်ခူးသည့် အောင်ပွဲများကိုလည်း ကြည်နူး ကျေနပ်တတ်ကြပါသည်။
...............
အဖေသည် ကျမတို့ မောင်နှမများကို ကျောင်းပို့ကျောင်းကြိုနေ့တိုင်း မလုပ်သော်လည်း စာမေးပွဲရက်များနှင့် မိုးချုပ်သော ကျူရှင်ချိန်များကိုတော့ မပျက်မကွက် ကြိုပို့တတ်သည်။ သို့သော် ဆုပေးပွဲနှင့် ယှဉ်တွဲလုပ်သည့် မိဘဆရာ အသင်း အစည်းအဝေးပွဲများကိုတော့ တစ်ခါဘူးမှ မတတ်ရောက်စဖူး။ (အမေသာ သူ့ သားသမီးတွေ ထည်လည်းနှင့် ထိုပွဲမျိုးနွဲခြင်းဖြစ်သည်။) အဆုံးစွန်ဆုံး ဘွဲ့နှင်းသဘင် အခန်းအနားမျိုးတွင်လည်း ဘယ်တော့မှ အထဲမဝင် အပြင်တွင်သာ ဓါတ်ပုံရိုက်ခံပြီး ပြန်တတ်သည်။ ပထမတစ်ယောက် အလှည့်လည်းမဝင်၊ ဒုတိယတစ်ယောက် အလှည့်မှာလည်းမဝင်။ သူ့ကိုမေးတော့လည်း "အထဲမှာ အကြာကြီးထိုင်ရမှာ အဖေ အအိုက်မခံနိုင်ဘူး" ဟုသာ ပြောတတ်သည်။ တတိယ တစ်ယောက် အလှည့်ကျတော့လည်း ကာယကံရှင်က အမျှော်လင့်ကြီး မျှော်လင့်သည်။ သူက M. B, နဲ့ B. S ကိုယူမှာကိုး … သို့သော်လည်း အဖေ့ဘက်ကတုန့်ပြန်မှုကတော့ ရှေးနည်းအတိုင်း။ ဓါတ်ပုံတွေထဲတွင်လည်း ရွှင်ရွှင်ပျပျ မရှိလှ သဖြင့် ကျမတို့ မောင်နှမများကြားတွင် “ဘာကြောင့်လဲ? ဘာအတွက်လဲ?” ဟူသော မေးခွန်းများဖြင့်သာ နောက်လူတွေရဲ့ အလှည့်တွေမှာတော့ မမျှော်လင့်ကြတော့ပါ။

အသက်မွေး ဝမ်းကျောင်းဖို့ရန်အတွက် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ဖြတ်သန်းခဲ့ရသည့် သူ့ဘဝကို ငြီးတွားသည့်အသံ အဖေ့ထံမှ ကြားရခဲသော်လည်း၊ ထမင်းစားရေသောက် ပညာလောက်သာ တတ်ခဲ့ရခြင်းကိုတော့ မချဉ့်မရဲ ဆိုသလို မကြာခဏ ငြီးတွားတတ်သည်။ အခြေအနေပေးသလောက်ကို ရိုရိုသေသေ၊ လေးလေးစားစား ခံယူခဲ့သည်မှာတော့ အလွန်သေချာသည်။ ပရိတ်ကြီး(၁၁)သုတ်ကို ကျမ စာအုပ်ကြည့်၍ ပူဇော်သော အခါမျိုးတွင် သူက ဘေးမှ အလွတ်ပူဇော်သည်။ ကျမ၏အသံထွက် အမှားများ ပြင်ပေးတတ်သည်။ ဘယ်နေ့သားက ဘာစီးပွားရေးမျိုး လုပ်သင့်သည်။ ဘယ်နေ့သားနဲ့ ဘယ်နေ့ သမီး အိမ်ထောင်ပြုလျှင် သင့်မြတ်သည်။ ကလေးနံမည် အညွန့်တတ်အောင် ဘယ်လိုမှည့်မည် အစရှိသည့် ဗေဒင် ဂါထာများကိုလည်း အကြောင်းသင့်လျှင် နှုတ်တတ်ရွတ်သည်။ ဘယ်ဟာက ဘယ်ဆရာဘုန်းကြီးက သင်ပေးတာဟုလည်း သူ့ဆရာသမားများကို အလျဉ်းသင့်သလို သတိရတတ်သည်။ သူ့ကုန်သည် အရင်းအခြာကြီးတွေဆီ နေ့တိုင်းလိုလို စာရေးသည် (အနည်းဆုံးတော့ လျှောက်လွှာစာရွက်သုံးမျက်နှာ)။ တနေ့စာအတွက် အလုပ်ငွေစာရင်း မချုပ်ရသေးသ၍တော့ အိပ်လိမ့်မည် မထင်လေနှင့်။
တခါတော့ … “အဖေတို့ ပညာမတတ်လို့ပါ သမီးရာ၊ ပညာများတတ်လို့ကတော့ ဘယ်သူ့မှ အဖေ မကြောက်ပါဘူး။ မတတ်တာကလည်း အခြေအနေ မပေးလို့ပါ။ ဒါပေမဲ့ ဘယ်သူနဲ့ ဘယ်လို စကားမျိုးပြောရမယ်ဆိုတာ အဖေသိပါတယ်။ အခုခေတ်ကြီးထဲမှာတော့ သိုင်းကျူး၊ ရက်၊ နိုး လေးမှ မပြောနိုင်တော့ လူတောလည်း မတိုးချင်တော့ပါဘူးကွာ။” ဟု ဆိုလေရာ အမေ့ဆီမှ “နင်တို့အဖေက နင်တို့ မောင်နှမတွေကို မနာလိုဖြစ်နေတာဟေ့” ဟူ၍ အဖေ့ကို မျက်စောင်းထိုးရင်း ပြောလိုက်သော အသံကြားမှပင် ကျမတို့လည်း တစ်ချိန်တခါဆီက သံသယတို့ကို “သြော်.. အဖေရယ်” ဟု ငြီးတွားရင်းသာ မေ့ဖျောက်ပစ်လိုက်ကြကုန်လေရာ၏။
...............
အမေကတော့ သူ့နာမည် နှစ်လုံးကိုပင် ဖြောင့်အောင်တန်းအောင် အတော်လေး အားစိုက်ရေးရသူ ဖြစ်သည်။ မှတ်မိပါသေးသည်။ ကျမကို ရပ်ကွက်ထဲက မူလတန်းကျောင်းလေးမှာ သူငယ်တန်းအပ်တော့ ဆရာကြီး ဦးအေးကြည် ရုံးခန်းထဲမှာ ကျမရယ်၊ အမေရယ်၊ ဆရာကြီးရယ်။ အမေဈေးသွားလျှင် ကျမတို့ ညီအမတွေထဲမှ တစ်ယောက်ယောက်က ဈေးခြင်းတောင်းဆွဲ လိုက်ရသည်။ ကျမအထက်က အမ တက္ကသိုလ်တက်တော့ ခြင်းဆွဲတာဝန် ကျမဆီကျသည်။ ဈေးရောင်းဈေးဝယ် အမေ့မိတ်ဆွေတွေက မျက်နှာသစ်ကျမကို မြင်တော့ “ဟိုသမီးလေးကော”လို့ အလာပ သလာပ စကားစလိုက်ပြီ ဆိုရင်ဖြင့် “မီးမီးလား၊ မီးမီး ပလယ်တီကယ်ရှိလို့ စောစောသွားရတယ်လေ”ဟု ဟန်ပါပါဖြင့် ဖြေပါလေတော့သည်။ အမေ၏ အသံထွက် အမှားများကို အလယ်တန်းကျောင်းသူ ကျမ မျက်နှာပူပူနှင့် ဈေးခြင်းဆွဲရင်း နေ့တိုင်းလိုလို ရင်ဆိုင်ခဲ့ရသည်။ တခါတော့ အမေသည် သူ့ရင်ဘတ်မှ အသားပို အဖုကို ဆေးရုံကြီး အရေပြားဌာန၌ ဆေးထိုးနေရ၏။ ဆေးထိုးရန် ရက်ချိန်းကျသည့် အင်္ဂါ တနေ့၌ ကျမနှင့် အငယ်မတို့ အမေနှင့် အဖော်လိုက်ခွင့်ရကြသည်။ သားအမိတွေ ဘတ်စကားဂိတ်ကို လမ်းလျှောက်ရင်း လမ်းတဝက်ရောက်မှ အမေထိုးရမည့် ဆေးပုလင်း ပါမလာကြောင်းသိကြသည်။ အပြစ်ရှိသူ ကျမတို့နှစ်ယောက် အိမ်ပြန်ပြေးပြီး မြန်မြန်ယူရန် “အမေ ဆေးပုလင်းက ဘယ်နားမှာလဲဟင်” ဟု မျက်နှာငယ်လေးနှင့် မေးမိသည်။ “ငါ့အိပ်ယာဘေးက စင်ပေါ်မှာ၊ ကနယ်ကော့ လေ နင်တို့ စာ မဖတ်တတ်ကြဖူးလား” ဟူသတည်း… ပြောပြီးမှ သူ့ဖာသူ ပြုံးဖြီးဖြီးဖြစ်သွားသည်။ ကျမတို့နှစ်ယောက်လည်း တခွီးခွီးရယ်ရင်း အိမ်ဖက်တချိုးတည်း ပြေးကြလေတော့သည်။

ကျမတို့ဘယ်လိုမှ လိုက်မမှီအောင် စည်းစနစ်ကောင်းလှသော ဖခင်ကြီး သိမ်းဆည်းထားသည့် ကျမ ဆယ်တန်းနှစ်က ကျူရှင်Report Card

နောက်ပြီးကျမမှာကြွားစရာကလည်း ဒါလေးတွေပဲရှိလို့ပါ။
သင်္ချာ ရာပြည့် ကျူရှင် တက်ဖူးသူများ အတွက်လည်း ဆရာ့ကျေးဇူးကို ပြန်ပြောင်းအောက်မေ့ သတိရစေရန်၊ အမှတ်တရလေးများ နောက် Post တစ်ခုရေးပါရစေ။

6 comments:

sonata-cantata said...

Comment Option မှာ allow ဖွင့်မထားမိလို့ CBox ထဲရေးခဲ့တာလေးတွေကို ပြန်ကူးထားပါတယ်။

4 Sep 08, 09:41
မြတ်နိုး: အမ စာလာဖတ်တယ်။ အမဘွဲ့ယူတော့ရော အမဖေဖေ မလိုက်ဘူးလား။

4 Sep 08, 14:17
S-C: မြတ်နိုးရေ လိုက်တော့ပို့တယ်။ ခန်းမထဲတော့ မ၀င်ခဲ့ပါဘူးကွယ်။

tg: သီတာ့ဖေဖေနဲ့ မေမေက အစစအရာရာ အကောင်းဆုံးဖြစ်အောင် ပျိုးထောင်ပေးနိုင်ခဲ့တယ်နော်.. လေးစားစရာပါပဲ။ သီတာ့စာထဲက ချစ်ခင်ရယ်ရွှင်တဲ့ အရေးအသားလေးကို ခံစားသွားရပါတယ်...

တန်ခူး said...

ထိုနှစ်ယောက်ရဲ့ ရင်သွေးတွေ သက်မွေးကျောင်းမှာ ထိပ်ဆုံးတွေဖြစ်နေတာကိုက ထိုနှစ်ယောက်ရဲ့ သွေးတွေကြောင့် မဟုတ်ပါလား… မ ရေ… ပညာတတ်တယ် မတတ်ဘူးဆိုတာ ဘွဲ့ ထူးရာထူးတွေနဲ့  သတ်မှတ်လို့ မရပါဘူးနော်… မ ရဲ့ ဖေနဲ့ မေက ရှေးပညာတတ်တွေပါ….

Yu Wa Yi said...

ပညာဆိုတာက စာသင်ခန်းထဲမှာသင်ခဲ့ရမှပညာမဟုတ်ပါဘူးထင်တယ်နော် မသီတာ။ ဘ၀ကသင်ပေးခဲ့တဲ့ပညာတွေ မှာလည်းအနှစ်သာရတွေရှိကြပါတယ်။ မသီတာရဲ့အမေ
တို့ ကျွန်မတို့ အမေတို့ ဆိုတာကတော့ ဘ၀က သင်ပေးခဲ့တဲ့ပညာတွေပြည့်နေကြသူတွေ
ပါ။ ဒါကြောင့်လည်း ကျွန်မတို့ လို သမီးလိမ္မာလေးတွေ မွေးပေးခဲ့နိုင်တာမဟုတ်လား။အဟ

sonata-cantata said...

သူငယ်ချင်းတို့ရေ လောကဆိုတာ "ကျောင်း" ပါ...တဲ့။ ထိုနှစ်ယောက်ကတော့ "လက်ဦးဆရာ" ပါ။

မေအောင် said...

ပို့စ်လေးကိုဖတ်ရင်း
မသီတာရဲ့ လက်ဦးဆရာများကို
ထပ်တူကြည်ညိုလေးစားမိပါတယ်

A Linn Nyi said...

မသီတာရေ..ကျွန်မလဲ ဆရာဦးကြည်ဝင်းဆီမှာ ရှစ်တန်း၊ ကိုးတန်း နှစ်နှစ်တက်ခဲ့ဖူးတယ် :-)