Wednesday, January 13, 2010
မင်းမဲ့စရိုက် နှင့် အာဏာရှင်စနစ်
ရှစ်လေးလုံးနောက်ပိုင်းခေတ်မှာ “မင်းမဲ့စရိုက်” ဆိုတဲ့ ဝေါဟာရက သတင်းစာ စာမျက်နှာတွေပေါ် အတော်လေး နေရာယူလာပါတယ်။ မင်းမဲ့စရိုက်ဟာ ဘယ်လောက်များ ကြောက်စရာကောင်းလို့လဲ။ အာဏာရှင်စနစ်ကကော ဘယ်လောက်များ ကြောက်စရာကောင်းလို့လဲ။ အကယ်၍ တရားဓမ္မစိုးမိုး နေခဲ့ရင် မင်းမဲ့စရိုက်ရော… အာဏာရှင်စနစ်ရောဟာ ဒီလောက်တော့ မဆိုးပါဘူး။
မြေကြီးမှာ ပဒေသာပင်ထွန်းခဲ့တဲ့ သမိုင်းဦးဘုံမြေခေတ်က မင်းမရှိခဲ့။ ပုဂ္ဂလိကပိုင်ဆိုင်မှု မရှိခဲ့။ လူတိုင်းက မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူကြရတယ်။ သို့သော်လည်း ဖိနှိပ်သူ, အဖိနှိပ်ခံလူတန်းစား ဟူ၍ မရှိခဲ့။ လူသားတိုင်း သာတူညီမျှ တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီ ချစ်ကြည်စွာ နေခဲ့ကြတယ်။ ကားလ်မာ့က်စ်တို့လို ပုဂ္ဂိုလ်ကြီးတွေလည်း ဒီလို မင်းမဲ့ဝါဒမျိုးကို သဘောကျ စိတ်ကူးယဉ်ခဲ့ကြတယ် မဟုတ်လား။
အာဏာကို တစ်ဦးတစ်ယောက်တည်းက ချုပ်ကိုင်ထားတဲ့ အာဏာရှင်စနစ်ကကော။ ဇမ္ဗူဒိတ်ကျွန်းလုံးကို အစိုးရတဲ့ စကြာဝတေးမင်းဟာ သားမယားကအစ တိုင်းသူပြည်သားအားလုံး, ယုတ်စွအဆုံး သားငှက် တိရစ္ဆာန်လေးတွေပါမကျန် အားလုံးအပေါ် တရားဓမ္မနဲ့အညီ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ယူရတယ်။ လုံခြုံမှုပေးရတယ်။ ချို့တဲ့သူကို ချီးမြှောက် ထောက်ပံ့ရတယ် (ဒီဃနိကာယ်- စက္ကဝတ္တိသုတ်ကပါ)။ R2P (responsibility to protect) ဆိုတဲ့သဘောတရားဟာ အနောက်နိုင်ငံတွေမှာ မကြာသေးခင်ကမှ ရေပန်းစားလာခဲ့ပေမယ့် အရှေ့တိုင်း နိုင်ငံရေးသဘောတရားတွေမှာ ရှိခဲ့ပြီးသားပါ။ စက္ကဝတ္တိသုတ်က “ဓမ္မိက ရက္ခာဝရဏ ဂုတ္တိ” ဆိုတာဟာ R2P ပါပဲ။ ဟိန္ဒူတွေရဲ့ မဟာဘာရတကျမ်းမှာလည်း ဒီသဘောမျိုးတွေ တွေ့နိုင်ပါတယ်။ အာဏာရှင်တွေဟာ ဒီတာဝန်ဝတ္တရားတွေကို အပြည့်အ၀ လိုက်နာခဲ့ကြမယ်ဆိုရင်၊ နိုင်ငံမှာ တရားဓမ္မ စိုးမိုးနေခဲ့မယ်ဆိုရင် အုပ်ချုပ်သူ-အုပ်ချုပ်ခံလူတန်းစားရှိပေမယ့် ဖိနှိပ်သူ, ဖိနှိပ်ခံလူတန်းစားရယ်လို့ မရှိပဲ သာယာဝပြောနေမှာပါ။
ဒါပေမယ့် လူတွေက လောဘ, ဒေါသ, မောဟတွေ ထူပြောလာတော့ ပဒေသာပင်ထွန်းခဲ့တဲ့ မင်းမဲ့ဘုံမြေခေတ်ရော, ဇမ္ဗူဒိတ်ကျွန်းလုံးပိုင်သတဲ့ စကြဝတေးမင်းခေတ်ရောဟာ စိတ်ကူးယဉ် အိပ်မက်ဖြစ်ကျန်ခဲ့ပါပြီ။ မိမိကို မိမိ ကာကွယ်စောင့်ရှောက်ရတဲ့ မင်းမဲ့လူ့အဖွဲ့စည်းဟာ ကြီးနိုင်ငယ်ငြှင်း ဇာတ်တူသားကိုတောင်စားမယ့် တိရစ္ဆာန်လောကလို လုံခြုံမှုကင်းမဲ့စေပါတယ်။ လက်နက်ရှိသူက လက်နက်မဲ့သူကို, ခွန်အားရှိသူက ခွန်အားမဲ့သူ အနိုင်ကျင့်ဗိုလ်ကျတာဟာ ခေတ်သစ်မင်းမဲ့စရိုက်ပါ။ ကလေးသူငယ်လေးတွေကို အတင်းအဓမ္မ ပြန်ပေးဆွဲပြီး သူတောင်းစားလုပ်ခိုင်း, ဒမြလုပ်ခိုင်း, စစ်သားလုပ်ခိုင်း ခံရတာဟာ မင်းမဲ့စရိုက်ပါ။ လူ့လောကထဲမှာ သိက္ခာရှိရှိ ရပ်တည်လို့မရပဲ၊ စီးပွားရေး, လူမှုရေး, ကျန်းမာရေးအဖက်ဖက်မှာ လုံခြုံမှုကင်းမဲ့သွားတာ မင်းမဲ့စရိုက်ပါ။
အာဏာရှင်စနစ်မှာလည်း အစိုးရတွေ မင်းတွေဟာ တိုင်းသူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဝတ္တရားတွေ ပျက်ကွက်ယုံမက၊ အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူကို ဖိနှိပ်ချုပ်ချယ်၊ မတရားတဲ့ အဓမ္မကျင့်ထုံးတွေကို ဥပဒေအဖြစ် စိတ်တိုင်းကျ သတ်မှတ်ပြီး မိမိတို့ အာဏာတည်မြဲရေးအတွက် အသုံးချ။ ပြည်သူတွေ ချစ်ကြည် အားကိုးရမယ့် “မင်း” အစစ်မရှိတော့လို့ အာဏာရှင်တိုင်းပြည်ဟာလဲ မင်းမဲ့တိုင်းပြည်ပါပဲ။ အာဏာရှင်စနစ်ရဲ့ စရိုက်တွေကလည်း မင်းမဲ့စရိုက်ရဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။ အာဏာရှင်ခေတ်မှာတော့ အခွန်အတုတ်တွေ တရားဝင် ဆက်သရတာ ပိုပါလိမ့်မယ်။ ဒီတော့ အာဏာရှင်စနစ်ဟာ မင်းမဲ့စရိုက်ထက်တောင် ပိုပြီး ကြောက်စရာကောင်းပါတယ်။ (မဟာဘာရတကျမ်းမှာဆိုရင် ဒီလို တိုင်းသူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ပျက်ကွက်တဲ့ ဘုရင်မျိုးကို ခွေးရူးလို ဝိုင်းသတ်ရမယ်လို့တောင် ဖော်ပြခဲ့ပါတယ်။) သို့သော်လည်း အာဏာရှင်ကို ဖြုတ်ချပြီး အာဏာရှင်စနစ်နေက လွတ်မြောက်ဖို့ဆိုတာက ခွေးရူးကို ဝိုင်းသတ်တာ လောက်တော့ လက်တွေ့မှ မလွယ်လှပါဘူး။
မင်းမဲ့စနစ်နဲ့ အာဏာရှင်စနစ်တွေမှာ တရားဓမ္မစိုးမိုးရေးကို အာမ, မခံနိုင်တဲ့အတွက်၊ “လွတ်လပ်မှု, ညီမျှတဲ့ အခွင့်အလမ်းညီမျှမှု, တရားမျှတမှု” တွေကိုပိုပြီး အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ်ကသာ ကမ္ဘာ့နိုင်ငံတွေအလယ်မှာ မျက်နှာပန်းလှပါတယ်။ အာဏာရှင်တွေတောင်မှ ဒီမိုကရေစီကို ပေါ်ပေါ်တင်တင် မဆန့်ကျင်ရဲပါဘူး။ သူတို့ရဲ့ အုပ်ချုပ်ရေးတွေကို အပိုဆောင်း နာမဝိသေသနလေးတွေ ရှေ့မှာထည့်ပြီး ဒီမိုကရေစီတံဆိပ် ကပ်ကြပါသေးတယ်။ People’s Democracy (ကွန်မြူနစ်နိုင်ငံတွေ), Guided Democracy (အင်ဒိုနီးရှားက Sukarno), Organic Democracy (စပိန်က Franco), Basic Democracy (ပါကစ္စတန်က Ayub Khan), Neo-Democracy (ဒိုမီနီကန်က Trujillo), Presidential Democracy (အီဂျစ် Nasser), Selective Democracy (ပါရာဂွေးက Stroessrner) စသဖြင့် ကင်ပွန်းတပ်ခဲ့ကြတာကို The Man on Horseback စာအုပ်မှာ နမူနာထုတ် ပေးခဲ့ဖူးပါတယ်။
ဒီတော့ ခေတ်တစ်ခု, စနစ်တစ်ခုရဲ့ အကောင်းအဆိုးကို မင်းမဲ့စနစ်, အာဏာရှင်စနစ်, ဒီမိုကရေစီစနစ်စတဲ့ အမည်နာမတွေ သက်သက်နဲ့ တိုင်းထွာလို့ မရပါဘူး။ ရွေးကောက်ပွဲတွေ ရှိခြင်း, မရှိခြင်းသက်သက်နဲ့ တိုင်းထွာလို့ မရပါဘူး။ တရားဓမ္မစိုးမိုးမှုတကယ် ရှိ, မရှိနဲ့ တိုင်းထွာရပါမယ်။ အဲဒီခေတ် အဲဒီစနစ်ဟာ တရားဓမ္မစိုးမိုးမှုအတွက် ဘယ်လောက် အာမခံချက်ပေးနိုင်မလဲဆိုတဲ့ ပေတံနဲ့ တိုင်းထွာရပါမယ်။ စည်းကမ်းဥပဒေတွေ ရှိမရှိ, ဥပဒေတွေကို လိုက်နာမှု ရှိမရှိသက်သက်နဲ့ တိုင်းထွာလို့မရပါဘူး။ အဲဒီဥပဒေတွေဟာ တရားမျှတမှုရှိရဲ့လား ဆိုတဲ့အချက်နဲ့ တိုင်းထွာရပါလိမ့်မယ်။
ဧရာ (မန္တလေး)
စာညွှန်း။
၁။ ဒီဃနိကာယ်၊ မဟာဝဂ်၊ စက္ကဝတ္တိသုတ်
၂။ ပါရဂူ - မဟာသမ္မတ
၃။ International Coalition for Responsibility to Protect - http://www.responsibilitytoprotect.org/
၄။ Samuel Finer – The Man on Horseback : The Role of The Military in Politics
Labels:
အတွေးအမြင်,
ဧရာ
Subscribe to:
Post Comments (Atom)
10 comments:
အခုမှ ကွဲကွဲပြားပြားနားလည်သွာလို့ ကျေဇူးတင်ပါတယ်။
လေးလေးနက်နက် ဖတ်သွားပါတယ်။
ပဒေသာပင်ခေတ်ကနေ.. ရွှေ့လျောလာလိုက်တာ.. ကမ္ဘာကြီး တခုလုံး..လှိုင်းတွေ တလုံးပြီးတလုံး နဲ့.. နောက်ဆုံးတော့.. လူတွေ အစွယ်ပေါက် တဲ့ ခေတ် ထိ ရောက်လာတော့တာပါပဲ..။
သိပ်ကောင်းတဲ့ စာတပုဒ်ပဲ ကိုဧရာ ..
ကျေးဇူးတင်လိုက်တာ .. စိတ်ထဲက သိနေပေမယ့် ခုလို ရှင်းရှင်းလင်းလင်းဖြစ်အောင် မရေးနိုင်ဘူး။ ဒါက ကိုယ်တိုင်လဲ ရှင်းရှင်းလင်းလင်း မမြင်တာပဲ ဖြစ်မယ် ထင်တယ် ။ သိပ်ကျေးဇူးတင်တယ်။
ဆောင်းပါးကောင်းတပုဒ်ပါ။
ကိုဧရာရေ
ကျွန်မက စစ်အုပ်စုက ဒီမိုကရေစီကို မြန်မာမှုပြုဖို့ လုပ်နေတာကိုပဲ သိပြီး သူများနိုင်ငံအကြောင်းတွေ သိပ်မသိလို့ သူများနိုင်ငံတွေက ဒီမိုကရေစီအကြောင်းတွေကိုပါ ဥပမာတွေပေးပြီး ရှင်းပြထားတာ ကျေးဇူးတင်ပါတယ်။
အဲဒီလို ရှင်းပြမှပဲ မင်းမဲ့စရိုက် နဲ့ အာဏာရှင် စံနစ် ကွဲပြားသွားသလို တရားဓမ္မကြီးစိုးဖို့ အရေးကြီးဆုံး ဆိုတာ သိသွားတယ်....ကျေးဇူးပါကိုဧရာ၊ မသီတာပြောတော့ ဒစ္စကိုတွေမှာ လိုက်ဖမ်းနေရမယ် ဆိုလားလို့....။
ဒါမျိုး ဖတ်ခွင့်ရလို့ ကျေးဇူးတင်မိပါတယ် ဆရာ..
ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ် တရားဓမ္မစိုးမိုးမှုက အဓိကလို့ နားလည်သွားပါတယ်။ ဇွန်ကြားဖူးတာ စင်္ကာပူနိုင်ငံက ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်က အနောက်နိုင်ငံက စနစ်လောက် ဒီမိုကရေစီ မစစ်ဘူးလို့ ပြောကြတယ်။ ကိုဧရာသိသလောက် ရှင်းပြပေးစေချင်ပါတယ်။
ခင်မင်လေးစားလျက်
ဇွန်မိုးစက်
ကောင်း၏။
တိုတိုနဲ့ထိထိမိမိ သေချာရှင်းပြထားတဲ့ စာကောင်းတပုဒ်ကို ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင့်
Post a Comment