Monday, January 25, 2010
အူမတောင့်ခြင်းနှင့် သီလစောင့်ခြင်း
မိမိအနေဖြင့် “အူမ တောင့်မှ သီလစောင့်တယ်” ဆိုသည့် စကားကို သဘောမကျ။ ကိုယ်ကျင့်တရားပျက်မှုအား စားဝတ်နေရေးကို အကြောင်းပြကာ ဆင်ခြေပေးတတ်ကြ၍ ဖြစ်သည်။ ထို့အပြင် အူမ တောင့်ပါလျှက် သီလမစောင့်ပဲ ဝိသမလောဘ နောက်လိုက်နေတတ်ကြ၍ ဖြစ်သည်။
ဤဆိုရိုးစကား၏ မူရင်းဇစ်မြစ်ကို သေချာ မသိ။ သို့သော် စက္ကဝတ္တိသုတ်ကို ကြည့်၍ ရှေးလူကြီးများက ပြောဆိုရေးသားခဲ့ကြသည်ဟု ထင်သည်။ နောင်တွင် မာ့က်စ်ဝါဒလွှမ်းမိုးသော ကွန်မြူနစ် ဆိုရှယ်လစ်တို့ကြောင့် ပို၍ အသုံးတွင်ခဲ့ဟန် ရှိ၏။ စက္ကဝတ္တိသုတ်အရ စကြဝတေးမင်းတို့တွင် (၁) ပြည်သူပြည်သားတို့အား တရားနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရခြင်းနှင့် (၂) စားဝတ်နေရေး ချို့တဲ့သူများအား ငွေကြေးဥစ္စာထောက်ပံ့ပေးရခြင်းဟူသော တာဝန်ဝတ္တရားနှစ်ပါးရှိသည်။ အကယ်၍ ဒုတိယတာဝန်ဖြစ်သော ထောက်ပံ့မှုပျက်ကွက်ပါက ဆင်းရဲမွဲတေမှုသည် ပိုမိုကျယ်ပြန့်လာမည်။ ဆင်းရဲမွဲတေမှု ကျယ်ပြန့်လာပါက ခိုးယူခြင်းအစ ကိုယ်ကျင့်တရားပျက်ပြားမှု ထူပြောလာမည်။ ကိုယ်ကျင့်တရားပျက်ပြားမှုကို အချိန်မီ မကုစားပါက, သို့မဟုတ် ကုစားနည်းမမှန်ပါက ကိုယ်ကျင့်တရားပျက်ပြားမှုအပြင် အကြမ်းဖက်မှုများပါ တိုးပွားလာမည်။ ဤကား စက္ကဝတ္တိသုတ်မှ စီးပွားရေးနှင့် ကိုယ်ကျင့်သီလတို့ဆက်နွယ်ပုံဖြစ်သည်။
စီးပွားရေး အရင်းခံပြဋ္ဌာန်းမှုသဘော(economic determinism) ကို ယုံကြည်သည့် မာ့က်စ်ဝါဒအရ စီးပွားရေးသည် အခြေခံ အဆောက်အအုံဖြစ်၍ အသိပညာ, ကိုယ်ကျင့်တရား, ယဉ်ကျေးမှုတို့သည် စီးပွားရေးပုံစံပေါ်တွင် မှီတည်နေသော အပေါ်ထပ် အဆောက်အအုံဖြစ်သည်။ “အူမ တောင့်မှ သီလစောင့်တယ်” ဟူသောစကားအား စီးပွားရေး အရင်းခံပြဋ္ဌာန်းမှုသဘောကို ဖော်ညွှန်းသည့် ဆောင်ပုဒ်အဖြစ် တွင်တွင် သုံးခဲ့ကြဟန်တူသည်။
စီးပွားရေးသည် လူ့ယဉ်ကျေးမှု အဖွဲ့အစည်းတစ်ခု၏ အခြေခံမဏ္ဍိုုင်ဖြစ်သည်ဟူသော အချက်ကို လက်ခံသည်။ သို့သော် ကိုယ်ကျင့်သီလသည် ထိုအခြေခံတစ်ခုတည်းပေါ်တွင် ရပ်တည်နေသည်ဟု ယူဆခြင်းသည် မိမိတို့၏ “လွတ်လပ်စွာ ရွေးချယ်ခွင့်” ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ ကျွန်ပိုင်ရှင်စနစ်, မြေရှင်စနစ်, အရင်းရှင်စနစ်စသော စီးပွားရေးပုံစံပေါ်တွင်တည်၍ လူတို့ စဉ်းစားတွေးခေါ် ပြုမူကျင့်ကြံတတ်ကြသည်ကို လက်ခံသည်။ သို့သော် လူတို့၏ အတွေးအခေါ်ဓလေ့စရိုက်များနှင့် လူ့ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုကို စီးပွားရေးတစ်ခုတည်းကသာ သတ်မှတ်ပြဋ္ဌာန်းထားသည်မဟုတ်။ အခြားသော အချက်အလက်များစွာကလည်း လွှမ်းမိုးထားပါသည်။ ထိုအထဲတွင် ကိုယ်ကျင့်သီလသည်လည်း (စားဝတ်နေရေးနှင့် စီးပွားရေးတို့ထက် မလျော့ပဲ) အပါအဝင်ဖြစ်သည်။ ကိုယ်ကျင့်သီလ ပျက်ပြားသော လူ့အဖွဲ့စည်းတွင် စီးပွားရေးအခြေခံကောင်းများ ဖြစ်ထွန်းလာရန် မဖြစ်နိုင်ပါ။ စီးပွားရေးနှင့် ကိုယ်ကျင့်သီလသည် လူ့ယဉ်ကျေးမှုအဖွဲ့အစည်း၏ အခြေခံမဏ္ဍိုင်နှစ်ခု (the twin pillars of civilization) ဖြစ်သည်။ ထို့ကြောင့် “အူမ-တောင့်မှ သီလစောင့်တယ်” ဟူသောစကားအား လူ့အဖွဲ့အစည်းတစ်ခုတွင် ဖြစ်လေ့ဖြစ်ထရှိသော “ရေစုန်သဘော” အဖြစ်လက်ခံသော်လည်း၊ လူတစ်ဦးချင်း တစ်ယောက်ချင်းစီ အနေဖြင့် လိုက်နာကျင့်သုံးထိုက်သော ထုံး, ဆင်ခြေပေးထိုက်သော စကားအဖြစ်မူ လက်မခံနိုင်ပါ။
ဧရာ (မန္တလေး)
စာညွှန်း
၁။ ဒီဃနိကာယ်၊ ပါထိကဝဂ်၊ စက္ကဝတ္တိသုတ်
၂။ Gold, The Golden Rule and Government: The civil society and the End of the State – D.G. White.
Labels:
အတွေးအမြင်,
ဧရာ
Subscribe to:
Post Comments (Atom)
7 comments:
ကိုဧရာရဲ့ ရေးသားချက်က အင်မတန် ကောင်းပါတယ်။
ဒီစကားရပ်ရဲ့ နောက်ကွယ်မှာ ဘာသာရေးတွင်မက ယဉ်ကျေးမှု၊ စီးပွါးရေးနဲ့ နိုင်ငံရေးတွေပါ ပါနေတယ်ဆိုတာ ကိုဧရာရေးမှ ကျမ စဉ်းစားမိပါတော့တယ်။
စက္က၀တ္တိသုတ်ကိုလည်း အချိန်ရရင် ဖတ်ရှုလေ့လာချင်ပါသေးတယ်။
ဗဟုသုတများအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
Thanks so much for this post. I totally agreed with the view of author.
With Regards,
Zun Moe Sett
ကိုဧရာ ထောက်ပြတာကို သဘောကျပါတယ်။
ဒီစကားပုံက စားဝတ်နေရေးကျပ်တည်းတဲ့အခါ ရပ်ရွာမှာ ခိုးဆိုးလုယက်မှုတွေ၊ မတရားမှု၊ မလိမ့်တစ်ပတ်မှုတွေ ပေါလာတတ်တာကို သတိပြုစေချင်လို့ ရေးခဲ့သုံးခဲ့ကြတာဖြစ်နိုင်ပါတယ်။
မပြည့်စုံတဲ့လူတွေကို တလွဲလျှောက်လုပ်အောင် အားပေးတဲ့အဓိပ္ပာယ်မျိုး မဟုတ်ပေမယ့် စကားပုံလည်း အလွဲသုံးခံရတယ်လို့ ထင်ပါတယ်။
အသုံးပြုတဲ့ သူအပေါ်မှာ မူတည်သွားတယ် ထင်ပါတယ် ..
မရွှန်းမီပြောသွားသလိုပေါ့ ..း)
ကောင်းလိုက်တာ . ။ ကိုဧရာလိုတွေးတတ်ချင်တယ်.. ။ စီးပွားရေးဟာ အရေးကြီးတဲ့ မှန်ပေမဲ့ ဘဝရဲ့ တစိတ်တဒေသပဲပါ ။အားလုံးမဟုတ်ပါဘူး ။ အဲ့ဒါကြောင့် ကိုဧရာပြောတဲ့ “လူတို့၏ အတွေးအခေါ်ဓလေ့စရိုက်များနှင့် လူ့ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုကို စီးပွားရေးတစ်ခုတည်းကသာ သတ်မှတ်ပြဋ္ဌာန်းထားသည်မဟုတ်။“ဆိုသော ယူဆချက်ကို ထောက်ခံမိပါ၏ ။
ကိုဧရာ ရေးတဲ့ပို့စ်တွေက ပို့စ်တိုင်းမှာ ကျွန်မအတွက် မှတ်သားစရာ တခုခု အမြဲရပါတယ်။ မင်းကျင့်တရား ၁၀ ပါးအကြာင်းကို သိပေမဲ့ ဘုရားဟော တဲ့ စက္က၀တ္တိသုတ်မှာ ဒီလို ချို့တဲ့သူကို ကျွေးမွေးထောက်ပံ့ဖို့ ပါတယ် ဆိုတာ ကျွန်မ အခုမှပဲ သိရလို့ သိပ်ပြီး ကျေးဇူးတင်ပါတယ်။
ဟုတ်တယ်။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတာ ဆင်ခြေပေးစကားလို့ မငုံလဲ မြင်တယ်။ မှတ်သားသွားပါတယ်။
Post a Comment