မန္တလေးမြို့ဆိုသည်မှာ သာသနာထွန်းကားရာ မြို့တော်ကြီး ဖြစ်သည်နှင့်အညီ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် မည်သူမဆို ကျောင်းရိပ်၊ ကန်ရိပ်၊ ဘုရားရိပ်နှင့် နီးစပ်ကြသူများချည်းသာ ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ ကျနော်သည်လည်း ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် မိဘ၊ ဘိုးဘွားများ ဆည်းကပ် ကိုးကွယ်ရာ မြတောင်ကျောင်းတိုက်ကြီးသို့ ဝင်ချည် ထွက်ချည်ဖြင့် ဘုရားရှိခိုးမှအစ မင်္ဂလသုတ်အလယ် ဗုဒ္ဓစာပေများကို အားလပ်သည့် ဦးပဉ္ဇင်းတပါးပါးထံမှ လေ့လာ ဆည်းပူးရင်း ကြီးပြင်းလာခဲ့ရပါ၏။ တခါတွင်တော့ မှတ်မှတ်ယယဖြစ်ရသည့် နိုင်ငံခြားသား အမေရိကန်ဇနီးမောင်နှံ နှစ်ယောက်သည် ကျောင်းတိုက်သို့ ဧည့်သည်အဖြစ်ရောက်ရှိလာ၏။ ဖော်ရွေပျူငှာသော မန်းသားတို့ ဓလေ့ထုံးစံအတိုင်း ဧည့်သည်များကို မြို့တော်တခွင်နှင့် ရောက်သင့် သွားသင့်သော ဝန်းကျင်တဝိုက်ကို အလည်အပတ်လိုက်ပို့ရန် ဦးပဉ္ဇင်းတပါး တာဝန်ကျလေ၏။ ဦးပဉ္ဇင်းသည် ရင်းနှီးရင်းစွဲရှိပြီးဖြစ်သော ကိုးတန်းကျောင်းသားရင့်မာကြီး ကျနော့်ကို စကားပြန်အဖြစ် လိုက်ပါရန် အဖော်ခေါ်လေ၏။
ပထမနေ့မှာတော့ မြို့တော်တခွင် လှည့်လည်စဉ် အစီအစဉ်အရ ဘုရားကြီးသွားမည်၊ မန္တလေးတောင်တက်မည် ဖြစ်သည်။ စာသင်ထားသော်လည်း ပြောစမရှိသော ဘာသာစကားသည် အစပိုင်း၌ နှုတ်ဖျားမှ တလုံးတပါဒမှ တိုး၍ ထွက်မလာပါ။ ဦးပဉ္ဇင်း၏ “ပြောပြလိုက်လေ၊ ရှင်းပြလိုက်လေ” ဆိုသည့် တိုက်တွန်းစကားများအောက်မှာ နေရထိုင်ရ အလွန်ခက်လှ၏။ ထိုအခြေအနေမှ ဧည့်သည် ဇနီးသည် ဖြစ်သူသည် မြန်မာစကားကို စတင်လေ့လာ သင်ကြားနေသူမို့ မြန်မာလို မတောက်တခေါက် ပြောခြင်းဖြင့် တဖြေးဖြေး ချောမွေ့လာ၏။ မန္တလေးတောင်ပေါ် တက်သောအခါတွင်တော့ အတော်လေး အရှိန်ရလာပေပြီ။ ကျန်စစ်သား လှံထောက်သောနေရာ ရောက်သောအခါ ကျနော်က ဦးပဉ္ဇင်းကို “ဦးဇင်း… ဒါတော့ ယုတ္တိမရှိဘူးနော် ရှင်းပြမနေပါနှင့်တော့” ဟု (ကျနော်လည်း ဘယ်လို ပြောရမည်မှန်းမသိ၍) ပြောသော်လည်း၊ ဦးဇင်းက လက်မခံပါ။ “ရှင်းပြလိုက်၊ ရှင်းပြလိုက်ပါ” ဟုသာ ဆိုသဖြင့် ကျနော်လည်း ပြောတော့ ပြောပြလိုက်ပါသေးသည်။ မြွေကြီး နှစ်ကောင်ကိုလည်း Two Guardian Snakes ဆိုတော့ သူတို့ ဇနီးမောင်နှံက ခေါင်းတငြိမ့်ငြိမ့်နဲ့ ဟုတ်လို့…။ ဦးပဉ္ဇင်းက သူတို့ကို ဓာတ်ပုံရိုက်ပေးသည့်အခါမျိုးတွင်လည်း ဧည့်သည်ဇနီးဖြစ်သူက “ဦးဇင်းက လိမ္မာတယ်၊ သိပ်လိမ္မာတယ်” ဟု ပြောတတ်သေးသည်။ သူ ထိုသို့ပြောတိုင်း ကျနော့်ရင်ထဲ ခိုးလို့ခုလု ဖြစ်ရသော်လည်း ဘယ်လို ပြောရမယ် ဟုတော့ ပြင်မပေး ဖြစ်ခဲ့ပါ။ (ပြင်မှ ပြင်မပေးတတ်တာ)
ဒုတိယနေ့တွင်တော့ ကျနော်တို့ စစ်ကိုင်းဘက်ကို ကူးကြမည်ဖြစ်သည်။ ဧည့်သည်ယောကျ်ားသည် ဇနီးသည်ကဲ့သို့ မြန်မာစကားကို လေ့လာသင်ကြားခြင်း မပြုရသေးသော်လည်း အချိန်အား ရလျှင်ရသလို တရားထိုင်ခြင်းအလုပ်၌ ပျော်မွေ့သူဖြစ်ရကား သူတော်ကောင်းတို့ ကိန်းအောင်းမွေ့လျော်ကြသည့် နေရာသို့ သွားရတော့မည်ဟူသော အသိဖြင့် စိတ်ဇောတက်ကြွ ရွှင်လန်းနေပုံရပါ၏။ ဒီလိုနှင့် ကျနော်တို့ စစ်ကိုင်းတောင်ရိုးတွင် စေတီပုထိုးများသာမက ရဟန်း၊ သီလရှင်တို့ သီတင်းသုံးနေထိုင်ရာ ချောင်တွေပါလည်ကြသည်။ ချောင်တခုတွင်တော့ လူအရိုးစု အပုံလိုက်ကြီးရှိနေ၏။ အနီး၌လည်း ဆေးကျောင်းသားများသုံးသည့် လူတယောက်၏ ခန္ဓာဗေဒ ရုပ်ပုံကားချပ်ကြီးကို ချိတ်ဆွဲထားလေ၏။ ထိုချောင်၌ သီတင်းသုံးနေထိုင်သူ တရားအားထုတ်ရာတွင် အထောက်အကူအဖြစ် အသုံးပြုခြင်းဖြစ်ဟန်တူ၏။ ဤနေရာတွင်လည်း ဦးပဉ္ဇင်းက “သုံးဆယ့်နှစ် ကောဋ္ဌာသ ဆိုတာ ရှင်းပြလိုက် ရှင်းပြလိုက်” ဟု ဆိုလာပြန်၏။ ကျနော်မှာ ဤရုပ်ပုံကြီးကြည့်ပြီး အစိတ်အပိုင်း အားလုံးကို ဘယ်နေရာက ဘာဆိုတာ အင်္ဂလိပ်လိုမဆိုထားနှင့် မြန်မာလိုပင် မသိပါသဖြင့် ကြီးစွာသော အခက်ကြုံရလေ၏။ သို့သော် ကျနော်တို့ မြန်မာလူမျိုးများသည် ဆရာသမားစကားကို ပယ်ရှားဝံ့ရိုးထုံးစံမရှိရကား… အားလုံးကို သိမ်းကျုံး၍ “thirty two parts of body for meditation” ဟု အားယူပြောလိုက်ရာ ဧည့်သည်ဆရာဝန်ဇနီးမောင်နှံသည် ခေါင်းတငြိမ့်ငြိမ့်နှင့် ပြုံးပြုံး ပြုံးပြုံး ရှိကြလေ၏။
တတိယနေ့တွင်တော့ ကျနော်တို့ မင်းကွန်းဘက် ခရီးဆက်ကြပြန်ပါ၏။ မင်းကွန်းတွင်တော့ ဘာပြောကောင်းသလဲ မမေးပါနှင့်။ ပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး တို့၌ The greatest … The biggest... ဆိုသည့် စကားလုံးများကို ထပ်ခါ ထပ်ခါ ဆိုသလို၊ ပိန်ရှုံ့ရှုံ့ ရင်လေးကို ကော့ကာကော့ကာဖြင့် ပြောခဲ့ရသည်ကို ကျနော် စကားပြန်ဆရာ ကောင်းကောင်းကြီး မှတ်မိနေပါသေး၏။ သို့သော်… ခေါင်းလောင်းကြီးမှ အပြန် ကျနော်တို့သည် လည်ပတ်စရာ နောက်တနေရာကို ဦးတည်သွားနေပါပြီ။ ဧည့်သည်များက “ဒါဘယ်ကို သွားနေတာလဲ” ဟု မေး၏။ ကျနော်မှာ ချက်ချင်းဖြေစရာ ခေါင်းထဲက ထွက်မလာ…။ သွားနေသည်ကတော့ ဒေါ်ဦးဇွန်း ဘိုးဘွားရိပ်သာ ဖြစ်သည်။ ထိုစဉ်က အခေါ်အရ ဒေါ်ဦးဇွန်း လူအိုရုံ…။ “အင်း လူအိုရုံကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါလိမ့်…” ဘယ်လိုမှ စဉ်းစားလို့မရ။ သူတို့ကလည်း ထပ်ခါထပ်ခါမေးနေ၏။ မေးဖန်များတော့ ကျနော်လည်း စိတ်ထဲမှ “လူအိုရုံ”၊ နှုတ်မှ “Old Man Station” ဟု ဖြေလိုက်၏။ ထိုအခါ ဇနီးမောင်နှံနှစ်ယောက်သည် တယောက်မျက်နှာ တယောက်ကြည့်ကာ “Old Man Station … Old Man Station…” ဟု နှုတ်မှဖွဖွ ရွတ်ရင်း၊ မျက်မှောင်များလည်း ကျုံ့ကြလေ၏။ လူအိုရုံတွင် လှည့်လည် ကြည့်ရှုရင်းမှ ဧည့်သည်များလည်း Old Man Station ၏ အဓိပ္ပါယ်ကို သဘောပေါက်သွားကြဟန်ပေါ်၏။ အပြန်လမ်းတွင်တော့ “အဲ့ဒါ Retirement Home လို့ခေါ်တယ်။ Man ဆိုပေမဲ့ Woman တွေလည်း နေပါတယ်ကွာ” ဟု ဧည့်သည်ဇနီးသည်က ရယ်ရယ်မောမောနှင့် စကားပြန်ပါလေ၏။

15 comments:
Old Folks Home ဆိုရင်ကော..
ကောင်းပါလေ့။ မန္တလေးသားရဲ့ ငယ်စဉ်က အတွေ့အကြုံလေးပေါ့။ လူအိုရုံကို ဘာသာပြန်ပုံတွေ့တော့
အောက်က ခက်ဆစ်ဖွင့်ပုံလေးတောင် ပြေးသတိရမိတယ်။
ချွတ်ခြုံကျ = ချွတ်ကနဲ ခြုံပေါ်သို့ ကျရောက်သည်။
သီတာရေးတာ သဘောကျလို့
ရယ်ရတာက တမျိုး...
ကိုပေါမှတ်ချက်က ခက်ဆစ်က
ရယ်ရတာက တမျိုး...း))
ဒီမှာကတော့ Hmoe for Age လို့ ပြောကြတယ်နော်...
မမရေးတာ ဖတ်လို့ကောင်း၊ ခက်ဆစ်အဖွင့်လေးပါ မှတ်သွားကြောင်း။း)
အမရေးတာ အရေးကောင်းလိုက်တာ... ဆရာ့ပုံ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းကိုပေါ်လာတာပဲ... ဟီး...
စုချစ်လဲ ဘယ်လို ဘာသာပြန်ရမလဲ မသိတာ ခဏခဏ ကြုံဖူးတယ်...
ရှက်စရာပြောရရင် ... ခုထက်ထိကို အင်္ဂလိပ်စာက သိပ်မကောင်းတော့ တချို့ စကားလုံးတွေ မသိလို့ သူငယ်ချင်း နိုင်ငံခြားသားတွေက မြန်မာအကြောင်းမေးလာရင် တခါလေ စကားလုံးကို ခေါင်းကုပ်စဉ်းစားပြီး အခက်အခဲတွေ့တုန်း...
း-)
သီတာလေး...အမယ် ခုတလော တက်ကြွနေတဲ့ သဘောပေါ့...စာတွေ အများကြီး ပြန်ရေးလို့၊ ကောင်းပါလေ့...။ ဖတ်ရတဲ့ စာလေးတွေကလည်း သဘောကျစရာလေးတွေချည်းပဲ...။ ဒါ ကိုဧရာ ရဲ့ ဘေ့စ်အွန် ထရူးစတိုရီပေါ့ ဟားဟား တကယ်ရီရတယ်....သီတာကိုက ရေးတတ်တာပါ...ရုံးကနေ ဖတ်ဖြစ်တာများနေလို့ သီတာရေ....ကော်မန့် မရေးခဲ့ရတာ....စာတွေတော့ အကုန် ဖတ်ဖြစ်ပါတယ်...
ဟီးဟီး တို့လည်း ဒီစာကြောင်းလေး ကြိုက်တယ်၊ သိတ်ခံရခက် နေရခက်တာပဲ အဟုတ်...ကြုံဖူးတယ် ကိုယ်တွေ့ ကိုယ်တွေ့ ဟားဟား....
1 May 10, 03:52
ဟန်ကြည်: မတတ်တတ်တဲ့ အင်္ဂလိပ်စကားပြောခဲ့ရတဲ့ ကျောင်းသားဘ၀ကို သတိပြန်ရစေတဲ့ Post ပါ..
ကဆုန်လပြည့်နေ့က ကိုဧရာတယောက် အယင်ရေးထားသည့် ကဆုန်လပြည့် သို့မဟုတ် မြင့်မြတ်ခြင်း၏ သင်္ကေတ ပို့စ်ကို အင်္ဂလိပ်လို ဘာသာပြန်ပြီးတင်ရရင် ကောင်းမယ်ဟု အတွေးပေါ်ပါသတဲ့…နောက်တော့ အင်း ငါရဲ့ အင်္ဂလိပ်ဝေါဟာရကြွယ်ဝပုံနဲ့ မဖြစ်သေးပါဘူး ဟု စိတ်ပြောင်းကာ အဟောင်းလေးအတိုင်းပဲ ပြန်တင်ဖို့ ဘလော့ဂ် Admin မသီတာကို ပြောခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဒီပုံပြင်လေးကို ပြောပြပါသဖြင့် ကျနော် စကားပြန်ဆရာ ပို့စ် ဖြစ်လာရပါသတည်းး))
အားပေးကြတဲ့ သူငယ်ချင်း အားလုံး ကျေးဇူးပါ
ဖတ်လို့ကောင်းလိုက်တာ... ကျွန်မလည်း လေမျိုး ၈၀ လျှက်ဆားကို... (80 Air Powder) လို.ကြားဖူးတယ်ရှင့်... :)))
ရယ်ရတယ်..
ကော်မန့်တွေလဲရယ်ရပါတယ်...
မချစ်ကြည် ပြောသလိုပဲ..
ဆိုတဲ့နေရာ မှာ..ဖတ်ပြီး ပြုံးရတယ်..
(အစက ပြုံးနေအောင် ဖတ်ရတယ် လို့ရေးနေတာ..
ဝါကျ အထားအသို မှားနေသလားလို့ပြန်ပြင်လိုက်တယ်
..)
ပေါက်
အစ်မရေးတာ ဖတ်လို့ကောင်းတယ်။ ရေးစရာ ကိုယ့်အကြောင်း ကုန်ကြမ်းတွေ ပြတ်ကုန်တော့ကိုဧရာကြီး အကြောင်းတွေ ပါသိရရော ... အစ်မ စ တာနော်...
ဟားဟား...မသီတာလည်း ညီမလေးကို ရီရအောင် ပြန်လုပ်တယ်...တကယ်ပါပဲ ရေးတတ်ပ...အောက်က ကွန်မန့်တွေကလည်း ရီရတယ်..ဟီးးးးးးးးး
မနေ့ကပဲ email တစ်စောင်ပြန်ရတော့... ကာယကံရှင်ရဲ့ မေမေက ဆုံးသွားပြီ။
အဲဒါကို "သူ(မ) ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်နေလိမ့်မယ် လို့ ယုံကြည်ပါတယ်" ရေးချင်တာ... peace in heaven လည်း မသုံးချင် (ဆုံးသွားသူရော၊ ကိုယ်တိုင်ကရော ဗုဒ္ဓဘာသာဖြစ်နေတော့)
I wish and believe she would be peace in better new life. ရေးမယ် ဆိုပြီး၊ better new life လား၊ new better life လားနဲ့ ရွာပတ်နေတာ အကြာကြီးပဲ၊ နောက်ဆုံး ပတ်ချာလည်လှည့်မေးပြီး အဖြေလည်း မရတာနဲ့ မှားလည်းဘာဖြစ်သေးလဲ ဆိုပြီး ပထမဆုံးရတဲ့ idea အတိုင်းပဲ ရေးထည့်လိုက်ရတယ်။
နိုင်ငံခြားရောက်မှ အင်္ဂလိပ်စာလည်း မြန်မာပြည်မှာနေတုန်းကလောက်တောင် မတတ်တော့ပါဘူး မမသီတာ။ :(
Post a Comment