Saturday, January 15, 2011

Abhidhamma Books In English


စိတ်ဝင်စားသူများအတွက် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အဘိဓမ္မာ စာအုပ်အချို့ကို ပြန်လည် မျှဝေလိုက်ပါတယ်။

1. Compendium of Philosophy - U Shwe Zan Aung

သင်္ဂြိုဟ်ကျမ်းဟု အသိများသော အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ ပထမဆုံး အင်္ဂလိပ်ဘာသာပြန်ကို ဆရာဦးရွှေဇံအောင် (၁၈၇၁-၁၉၃၂) က လန်ဒန် ပါဠိအသင်းတော်ကြီး (PTS) အတွက် “Compendium of Philosophy” ဟူသော အမည်ဖြင့် ရေးသား ပြုစုခဲ့သည်။ သင်္ဂြိုဟ် မိတ်ဆက် Essay ကို စာမျက်နှာ ၇၅-မျက်နှာမျှ အကျယ်တဝင့် ရေးသား၍ ကျမ်းဦးနိဒါန်းအဖြစ် ဖော်ပြထားပါသည်။ ထို့အပြင် ဘာသာပြန်ရာ၌ ခက်ခဲသော အဘိဓမ္မာ ဝေါဟာရများ၏ အဓိပ္ပါယ်ကို ရှင်းလင်းရန် အောက်ချေ မှတ်စုများ ရေးထိုးထားသည်။


*****

2. Abhidhammattha Sangaha: A Manual of Abhidhamma - Nārada Mahāthera

သီရိလင်္ကာ ရဟန်းတော် အရှင်နာရဒ မဟာထေရ် (၁၈၉၈-၁၉၈၃) ကလည်း Abhidhammattha Sangaha - A Manual of Abhidhamma ဟူသော အမည်ဖြင့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို အင်္ဂလိပ် ဘာသာပြန်ဆို၍၊ စာကိုယ် တစ်ပိုဒ်ချင်းစီ၏ အဓိပ္ပါယ် အဖွင့်များကို ရေးသားခဲ့သည်။ ကျမ်းပြုရာတွင် ဆရာဦးရွှေဇံအောင်၏ သင်္ဂြိုဟ်ဘာသာပြန်နှင့် Mrs. Rhys Davids ၏ Buddhist Psychology (ဓမ္မသင်္ဂဏီဘာသာပြန်) စာအုပ်တို့၏ အကူအညီကို ရယူခဲ့ကြောင်း ဖော်ပြထား၏။


*****

3. A Comprehensive Manual of Abhidhamma - Bhikkhu Bodhi

အရှင်နာရဒ မဟာထေရ် ရေးသားပြုစုသော ”Manual of Abhidhamma” ကို အခြေခံကာ၊ အမေရိကန် ရဟန်းတော် ဘိက္ခုဗောဓိ (၁၉၄၄ - ) က အသစ်ပြန်လည် ရေးသား တည်းဖြတ်ခဲ့သည်။ အဘိဓမ္မာ ဝေါဟာရများကို ဘာသာပြန်ရာ၌ အင်္ဂလိပ် ရဟန်းတော် ဘိက္ခုဉာဏမောဠိ ၏ Path of Purifications (ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဘာသာပြန်)နှင့် အတတ်နိုင်ဆုံး ကိုက်ညီစေရန် ပြင်ဆင် တည်းဖြတ်ထား၏။ ထို့အပြင် အဓိပ္ပါယ် ရှင်းလင်းချက်များတွင် ဋီကာကျော် ခေါ် အဘိဓမ္မတ္ထဝိဘာဝိနီ ဋီကာကျမ်းနှင့် လယ်တီဆရာတော်၏ ပရမတ္တဒီပနီ ဋီကာကျမ်း နှစ်စောင်၏ အဆုံးအဖြတ်များကိုပါ ထည့်သွင်း၍ ရေးသားထားပါသည်။
Ebook-Link: A Comprehensive Manual of Abhidhamma

*****

4. Guide Through the Abhidhamma Piṭaka - Nyanatiloka Mahāthera

ဂျာမန် ရဟန်းတော် အရှင်ဉာဏတိလောက မဟာထေရ် (၁၈၇၈ - ၁၉၅၇) က အဘိဓမ္မာ ၇-ကျမ်း၏ အနှစ်ချုပ်မှတ်စုများအား အဘိဓမ္မာပိဋက လမ်းညွှန် အဖြစ် ရေးသား ထားသည်။ အဘိဓမ္မာ တစ်ကျမ်းလျှင် အခန်းတစ်ခန်းစီ ရေးသားထား၍၊ နောက်ဆက်တွဲအဖြစ် ပဋိစ္စသမုပ္ပါဒ် ဒေသနာကိုလည်း ဖော်ပြထားပါသည်။
Ebook-Link: (ရှာမတွေ့သေးပါ)
*****

5. Abhidhamma Studies: Buddhist Explorations of Consciousness and Time – Ven. Nyanaponika Thera
အရှင်ဉာဏတိလောကထံတွင် ပညာသင်ယူခဲ့သည့် ဂျာမန် ရဟန်းတော် အရှင်ဉာဏပေါဏိက မဟာထေရ် (၁၉၀၁-၁၉၉၄)သည် အဘိဓမ္မာကျမ်း၏ ပထမဆုံးကျမ်း ဖြစ်သော ဓမ္မသင်္ဂဏီကျမ်းနှင့် ယင်း၏ အဋ္ဌကထာဖြစ်သော အဋ္ဌသာလိနီတို့ကို ဂျာမန် ဘာသာ ပြန်ခဲ့သည်။ အကြောင်းမညီညွတ်သဖြင့် ပုံနှိပ် ထုတ်ဝေနိုင်ခြင်း မရှိခဲ့သော်လည်း ယင်းကျမ်း နှစ်စောင်အား ဘာသာပြန်စဉ် လေ့လာခဲ့သည်များကို ပြန်လည်သုံးသပ်သည့် စာတမ်း ၄-စောင်ကို ရေးသားခဲ့သည်။ ယင်းစာတမ်းများအား စုပေါင်း၍ အဘိဓမ္မာ လေ့လာသုံးသပ်ချက် Abhidhamma Studies: Buddhist Explorations of Consciousness and Time ဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေနိုင်ခဲ့သည်။
ဓမ္မသင်္ဂဏီကျမ်းမှ စိတ်ဖြစ်ပေါ်ပုံ အခန်း (စိတ္တုပ္ပါဒကဏ္ဍ)မှ စိတ်, စေတသိက်တို့အား အုပ်စုများခွဲ၍ ပိုင်းခြားဝေဖန်ခြင်းနှင့် အချိန်ကာလကို အဘိဓမ္မာသဘောအရ သုံးသပ် ဝေဖန်ချက်များပါဝင်သည်။ အဘိဓမ္မာ ရှေ့ပိုင်းကျမ်းများတွင် တရားသဘောတို့ကို အုပ်စုများဖွဲ့ကာ ခွဲခြမ်းစိတ်ဖြာ လေ့လာသည့် Analytical approach ကို ပဓာနသုံး၍၊ ပဋ္ဌာန်းကျမ်းတွင် ထိုတရားသဘောတို့သည် သီးခြားမတည်ဘဲ တစ်ခုနှင့် တစ်ခု အကြောင်းအကျိုးအားဖြင့် ဆက်စပ်ဖြစ်ပေါ်နေကို လေ့လာသည့် Synthetical approach အား အသုံးပြုသည်ကို တွေ့ရ၏။ ထို နည်းနှစ်မျိုးတို့အား နှိုင်းယှဉ်လေ့လာသည့် စာတမ်းတစ်ခုကိုလည်း အခန်းတစ်ခန်း အဖြစ် ထည့်သွင်း ရေးသားထား၏။

Ebook-Link: Abhidhamma Studies
*****

6. Abhidhamma In Daily Life - Nina Van Gorkom
ဒတ်ချ်အမျိုးသမီး Nina Van Gorkom ရေးသားသော Abhidhamma In Daily Life မှာ အဘိဓမ္မာကို သင်ရိုး ကျမ်းကြီးများအတိုင်း မလေ့လာဘဲ ပေါ့ပေါ့ပါးပါး ဖတ်ရှုလေ့လာလိုသူများ အတွက်သင့်တော်သော စာအုပ်ဖြစ်သည်။ “နေ့စဉ်ဘဝထဲက အဘိဓမ္မာ” ဟု အမည်ပေးထားသည့် အလျှေက် နေ့စဉ်ဘ၀ တွေ့မြင်နေရသော အဘိဓမ္မာ သဘောတရားများအား သုတ္တန်ဒေသနာများ, ဝိသုဒ္ဓိမဂ်ကျမ်းမှ ကောက်နှုတ်ချက်များနှင့် ယှဉ်တွဲကာ ရေးသားထားသည်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားသည့် “ကိုယ်ကျင့်အဘိဓမ္မာ” စာအုပ်သဘောမျိုး ဖြစ်သည်။
Ebook-Link: Abhidhamma In Daily Life
*****

7. Abhidhamma In Daily Life - U Ko Lay

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားသည့် “ကိုယ်ကျင့်အဘိဓမ္မာ” စာအုပ်အား အငြိမ်းစားပါမောက္ခ ဦးကိုလေး (ဇေယျာမောင်) က အကျဉ်းခြုံး၍ အင်္ဂလိပ်ဘာသာ ပြန်ထားသော စာအုပ်ဖြစ်သည်။

Ebook-Link: Abhidhamma In Daily Life

*****

8. Buddha Abhidhamma: Ultimate Science -  Dr. Mehm Tin Mon

Ebook Link: Buddha Abhidhamma: Ultimate Science


*****

5 comments:

pandora said...

ကျေးဇူးအထူးတင်တယ်
အခုတလော အဘိဓမ္မာအင်္ဂလိပ်ဗားရှင်း စာအုပ်တွေ လိုက်ရှာနေတာ အတော်ပဲ။ ဒေါက်တာမင်းတင်မွန်ရဲ့ စာအုပ်တော့ ၀ယ်ထားခဲ့တာရှိတယ်။

ဒါက တော့ pdf ပါ။

http://www.buddhanet.net/pdf_file/abhidhaultsci.pdf

ပဋိစ္စသမုပ္ပါဒ် ကို အင်္ဂလိပ်ဗားရှင်း လိုချင်ပါတယ်။

Anonymous said...

Mahāthera Nadara = မဟာထေရ နဒရ

ဘယ်စာအုပ်စဖတ်ရမှန်းမသိ။ ရသလောက် အကုန်ယူသွားတယ်။ Ven. Nyanaponika Thera ရဲ့စာအုပ်ညွှန်းပုံလေးသဘောကျလို့ သူ့ကိုအရင်ဖတ်ဖြစ်မိမယ်ထင်တယ်။ အရမ်းကျေးဇူးတင်ပါတယ်။

Sonata Cantata said...

Pandora >>> ကျေးဇူးပါ...။ တစ်စုတည်း ဖြစ်သွားအောင် ဆရာ ဒေါက်တာမင်းတင်မွန်ရဲ့ စာအုပ်ကို ထည့်ထားလိုက်ပါတယ်။

ပဋိစ္စသမုပ္ပါဒ်က သင်္ဂြိုဟ် အခန်း-၈ ပစ္စယသင်္ဂဟပိုင်းမှာ ခပ်ကျဉ်းကျဉ်း ပါပါတယ်။ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ ပညာဘူမိကဏ္ဍမှာ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းဒေသနာနဲ့ ဆက်စပ်ပြီး အကျယ်ရှင်း ထားပါတယ်။ ဘိက္ခုဉာဏမောဠိရဲ့ ၀ိသုဒ္ဓိမဂ် အင်္ဂလိပ်မူကို pdf version မတွေ့မိသေးပါဘူး။

ဆရာကြီး ဦးသံဒိုင်ပြန်ရေးထားတဲ့ မိုးကုတ်ဆရာတော်ကြီးရဲ့ ပဋိစ္စသမုပ္ပါဒ် အင်္ဂလိပ်မူကတော့ ဒီမှာပါ။ http://www.usamyanmar.net/Buddha/Book/THE%20DOCTRINE%20OF%20PATICCASAMUPPADA.pdf

Craton >>> ကျေးဇူးပါဘဲ၊ အမည်မှန် Nārada လို့ပြင်ထားလိုက်ပါတယ်။ Ven. Nyanaponika Thera ရဲ့စာအုပ်ပေါ် အဓိက အခြေခံပြီး “သုတ္တန်နှင့် အဘိဓမ္မာ”, “အဘိဓမ္မာနှင့် ဓမ္မာ” တို့ ရေးခဲ့ဖူးပါတယ်။
http://www.sonata-cantata.co.cc/2008/04/blog-post_5436.html

http://www.sonata-cantata.co.cc/2008/06/blog-post_5957.html

ချစ်ကြည်အေး said...

အင်္ဂလိပ်လို ဖတ်ရတာ အားမသန်လို့ ယူမသွားတော့ဘူး အကိုဧရာ၊ စိတ်ဝင်စားသူရှိရင် ညွှန်းလိုက်ပါ့မယ်။ ၄ပိုင်းထဲက စိတ် စေတသိက် ရုပ်အထိ ဆရာလေးဆီမှာ လေ့လာခဲ့ပြီး နိဗ္ဗာန် အပိုင်းတပိုင်း ကျန်နေတယ်။ တောင်မြို့ဆရာတော်ကြီးရဲ့ ကိုယ်ကျင့် အဘိဓမ္မာကိုတော့ သိတ်ကြိုက်တယ်။ ကြိုးစား လိုက်နာ ကျင့်သုံးတယ်။ ကျေးဇူးပါ အကိုဧရာ...

An Asian Tour Operator said...

အကုန်ယူထား လိုက်တယ်။ တတ်နိုင်သမျှ သာသနာပြုဖို့ ဆုံးဖြတ်ထားလို့။ (တော်တော်ကြီးကျယ်သွားပြီ၊ မေးလာခဲ့ရင် ပေးနိုင်အောင်လို့ပါ)။ :)