နောက်ပိုင်းမင်းသားကြီး ကိုဧရာ မထွက်ခင်မှာ ရှေ့ထွက်မင်းသမီးကြီး မသီတာ ကပဲ ပရိသတ်ကြီးကို အသုံးတော်ခံရပါဦးမယ်။ နောက်ပိုင်းမင်းသားတို့ သဘာဝအတိုင်း ဇာတ်စာတွေ ကျက်နေတာ မကျေသေးလို့ သူ့ခမျာ ထွက်ချင်ရက်နဲ့ မထွက်နိုင်သေးပဲ အထွက်ခက်နေရှာပါတယ်။ လင်နဲ့ မယား ဖြစ်နေတော့လည်း ပွဲမလန့်ရ ပွဲမဆူရလေအောင် အခြေအနေကို ထိန်းဖို့ မသီတာပဲ ပြောင်သလင်းခါနေတဲ့ မျက်နှာကို မျက်နှာချေတွေ ဖို့သိပ် နယ်စောင့်ပြီး ထွက်လာရပြန်ပေါ့…:D
*****
မြရဲ့လ… ဆရာမဂျူး ဝတ္ထုကို ထူးအိမ်သင်က အသံနဲ့ ဇတ်လမ်းဖတ်ပြတာ ပို့စ်အဖြစ် တင်လိုက်မိပါတယ်။ ဒီမှာပဲ ထူးအိမ်သင်ကို အူထဲ အသည်းထဲက စွဲနေတဲ့ ကိုဧရာတယောက်… ထူးအိမ်သင်ချီးမွမ်းခန်း မနားတမ်း လွှင့်ပါတော့တယ်။ သားကြီးကို ခေါ်ပြီး နားထောင်ခိုင်းပါတယ်။ သား ဘယ်လိုနေလဲ ကောင်းတယ်နော် သူ့အသံက… လို့ အစဖော်ပေးတော့ သားဖြစ်သူကလည်း အင်း ကောင်းတယ်… သူ့အသံက လူငယ်လေး အသံမျိုး... ချိုချို အေးအေးလို့ ပြန်ပြော။ နောက်သားအဖ နှစ်ယောက် အပြောတင်မကဘူး၊ အလုပ်ပါ ပါလာကြရော။ အသံသွင်းကြတာတဲ့ အဲ့ဒီ မြရဲ့လ ကိုပဲ ဖအေလုပ်သူက သူ့အသံကြီးနဲ့ ဖတ်၊ ဖအေတလှည့်နားတော့ သားလုပ်သူက youtube ကနေ မေဆွိရဲ့ မောင်၊ မနဲ့မောင် သီချင်းတွေ ဖွင့်ပြီး အသံသွင်းသတဲ့။ အပေါက်အလမ်း မတည့်လိုက်ပုံများ…။ ညဉ့်တော်တော်နက်လာမှ သားတော်မောင်က တစခန်းရပ်ပြီး သူတို့အခန်းပြန်တယ်။ အရှိန်မသေသေးတဲ့ ကိုဧရာ ကွန်ပြူတာရှေ့ထိုင်ပြီး အသံသွင်းလိုက်တဲ့ အခါမှာတော့ အိပ်ယာပေါ် ဆန့်ဆန့်ကြီး ဇိမ်ယူနေပြီ ဖြစ်တဲ့ မသီတာ ကမန်းကတန်းထပြီး အဲ့လူကြီး ပါးစပ်ထပိတ်ရတယ်။ မသီတာကို အဲ့ဒီလောက် တုန်လှုပ်ချောက်ခြားသွားစေရလောက်အောင် ကိုဧရာ ဟဲလိုက်တာက
အချစ်ဆိုတာ ကိုင်တွယ် ပြလို့မရပေမဲ့၊ ခံစားသိလို့ ရတဲ့အရာမို့ စိတ္တဇနာမ်အုပ်စုထဲ သွတ်သွင်း သတ်မှတ်လိုက်ပါတယ်…
မသီတာရေးတဲ့
အချစ်အကြောင်း ပြောရအောင် ပို့စ်ကို အသံသွင်းတာတဲ့လေ… ဘလော့ဂ်ရှေ့ထွက် မင်းသမီးကြီးက ဘလော့ဂ်ပေါ်သာ ဟန်တလုံး ပန်တလုံး လုပ်နေပေမဲ့၊ အိမ်မှာတော့ ရှက်တယ်တော့ မျက်နှာမပြောင်ရဲဘူး။
တယောက်က အချစ်အကြောင်းပြောလို့ တယောက်က ကာတွန်းပုံဆွဲပေးရ၊ အသံသွင်းရနဲ့ ပျာယာခပ်နေလို့ ဒီနှစ်ယောက် သိပ်အဆင်ပြေနေကြတယ် ထင်ရင်တော့ မှားပါလိမ့်မယ်။ လင်နဲ့ မယား ဆိုတာကတော့ လျှာနဲ့သွားပါပဲ။ ဒီလောက် နီးကပ်နေမှတော့ ငြိတာမဆန်းပါဘူး။ အသက်လေးတွေ ရလာတော့ ပြောတဲ့သူက ပြော၊ ကြားတဲ့သူက ကြားချင်ရာကြား။ တို့များ ဘလော့ဂ်မှာ တခါတုန်းက တဂ်ပို့စ်အဖြစ် ရေးခဲ့ကြတဲ့
တခါတုန်းက အလွဲ၊ အခုတော့ အမှတ်တရ ဆိုတာနဲ့ ပြောင်းပြန်… ဟိုတုန်းက အမှတ်တရ၊ အခုတော့ အလွဲ ဆိုတာမျိုး ဖြစ်မှဖြစ်ပဲ။ လောလောလတ်လတ် လွဲပုံလေး ရေးပြဦးမယ်။ ကြင်စဦးတွေ အတုခိုး မမှားကြပါနဲ့။ Don’t try this at home ပေါ့။*****
ကိုဧရာနဲ့ မသီတာတို့ shopping center ကြီးတခုထဲ ရောက်နေစေ
Sale တွေလည်း ချနေစေ
မသီတာ။ ။ ရှင် အင်္ကျီ၊ ဘောင်းဘီလေး ဝယ်ချင် ဝယ်ဦးလေ
ကိုဧရာ။ ။ နောက်မှ နောက်မှ
ချက်ချင်းဆိုသလိုပဲ ဆက်ပြော…
ကို ဘောင်းဘီတော့ လိုချင်တယ်… ကို့ ဘောင်းဘီတွေက မကောင်းတော့ဘူး
မသီတာ။ ။ အင်း..ဝယ်လေ…ဘောင်းဘီတွေနားရောက်သွား…
ကိုဧရာ။ ။ သီတာ ကို့ခါး ဘယ်လောက်လဲ
မသီတာ။ ။ မသိဘူးလေ (အခုတလော ကိုဧရာ တော်တော်၀ လာပြီး ဗိုက်ကြီးတလုံးနဲ့ဖြစ်နေတော့၊ မသီတာလည်း အယင် အတိုင်းအတာ အဟောင်းကို ပြန်စဉ်းစားမနေတော့ပဲ လွယ်လွယ်ပဲ ပြောလိုက်ပါတယ်။)
ကိုဧရာ။ ။ ဒါဆိုလည်း မဝယ်တော့ဘူး နောက်မှပဲ
မသီတာ။ ။ ရှင့်ခါး ပါမလာဘူးလား)))
(ဟုတ်တယ် တခွန်းပဲ ပြောပလိုက်တော့တယ်။ တယ်စိတ်မရှည်ချင်ဘူး။)
*****
ကြင်စဦးတုန်းက လွဲပုံ
မသီတာ အတွက် ရန်ကုန်မှ ပါးလိုက်သော လူကြုံကို မသီတာ့ သူငယ်ချင်းထံ ကိုဧရာ ရုံးမှ အပြန် ဝင်ယူစေ
မသီတာ အိမ်၌ ရှိနေစေ
ကလင် ကလင် .. အိမ်ဖုန်းမြည်လာ
မသီတာ။ ။ ဟယ်လို… ကို လား ပြော
ကိုဧရာ။ ။သီတာ့ သူငယ်ချင်း အိမ် ဖုန်းဆက်လို့လည်း မရဘူး။ ကို့ ဖုန်းကလည်း ဘက်ထရီကုန်နေလို့ အခု ဘူတာက ဖုန်းနဲ့ ဆက်နေတာ
မသီတာ။ ။ အင်း ကိုတို့ကတော့ ဖြစ်ရမယ်။ အဲ့ဒါ ဘယ်လိုလုပ်မလဲ။
ကိုဧရာ။ ။ ပြန်လာတော့မယ်။ သူတို့ဆီလည်း မဆက်တော့ဘူး။ xx မရှိဘူး။
မသီတာ။ ။ ဘာပြောတယ်))) မိန်းမအတွက် လုပ်ပေးရတာကို ဆန္ဒ မရှိဘူးလေး ဘာလေးနဲ့
တဖက်မှ ကိုဧရာကလည်း ကုန်းအော်စေ
ကိုဧရာ။ ။ ဘယ်မှာ ဆန္ဒမရှိဘူး ပြောလို့လဲ။ ဆယ်ပြား မရှိတော့ဘူး ပြောတာ။ ဖုန်းဆက်ဖို့ ဆယ်ပြားစေ့