Wednesday, March 2, 2011

အပြောင်းအလဲများ

၂၀၁၁-ခု နှစ်ဦးတွင် အပြောင်းအလဲ သတင်းများစွာကို မီဒီယာမျိုးစုံပေါ်တွင် တွေ့နေရသည်။ မြန်မာပိုင်း ရေဒီယိုအသံများတွင် မြန်မာပြည် လွတ်တော် နိုင်ငံရေး သတင်းနှင့် တူနီရှားနိုင်ငံ စံပယ် တော်လှန်ရေးမှသည် တစ်နိုင်ငံပြီး တစ်နိုင်ငံ တမဟုတ်ချင်း ပြန့်နှံ့သွားသော အရှေ့အလယ်ပိုင်း လူထု တော်လှန်ရေး သတင်းတို့က နေရာယူထားသည်။

အပြောင်းအလဲတို့သည် အပေါ်ယံ အသွင်ပြောင်းခြင်းမျိုး ရှိတတ်သလို၊ အခြေခံ အဆောက်အအုံပါ ပြောင်းလဲသော အပြောင်းအလဲများလည်း ရှိသည်။ တိုးတက်သော အပြောင်းအလဲများ ရှိသလို ဆုတ်ယုတ်သော အပြောင်းအလဲများလည်း ရှိသည်။ အပြောင်းအလဲများ ကိုယ်တိုင်ကလည်း ပြောင်းလဲနေတတ်သေးသည်။

တော်လှန်ရေးသတင်း, အပြောင်းအလဲ သတင်းများကို နားထောင်ရင်း George Orwell ရေးသားသည့် Animal Farm ကို သခင်ဘသောင်း ဘာသာပြန်သည့် “ခြေလေးချောင်းတော်လှန်ရေး” သရော်စာပုံပြင်မှ ဇာတ်သိမ်းပိုင်းနှင့် သရုပ်ဖော်ပုံကို သတိရမိ၏။

မွေးမြူရေးခြံတစ်ခုတွင် ဝက်တို့ ဦးဆောင်သော ခြေလေးချောင်း သတ္တဝါများက လူသားတို့အား တော်လှန်ကြသည်။ တိရစ္ဆာန်အားလုံး တန်းတူညီမျှရေးကို ကြွေးကြော်ခဲ့ကြသည်။ တိရစ္ဆာန် အချင်းချင်း မသတ်ဖြတ်ရန် ဥပဒေပြုခဲ့ကြသည်။ သို့သော် တဖြည်းဖြည်း ဝက်တို့က နေရာယူ ကြီးစိုးလာသည်။ ဆန့်ကျင်သည့် တိရစ္ဆာန်များကို သုတ်သင်လာသည်။ တိရစ္ဆာန် အချင်းချင်း “အကြောင်းမဲ့ မသတ်ဖြတ်ရ” ဟု ဥပဒေကို ပြင်သည်။ တိရစ္ဆာန် အားလုံး တန်းတူညီမျှသည်ဟူသော ဥပဒေတွင် “အချို့တိရစ္ဆာန်များသည် အခြားတိရစ္ဆာန်များထက် ပို၍ တန်းတူညီမျှသည်” ဟု ပြင်လိုက်ကြသည်။ နောင်တွင် ဝက်တို့သည် တိရစ္ဆာန်များ၏ ရန်သူဖြစ်သော လူသားများနှင့် ဖက်လှဲတကင်း ပေါင်းသင်း လာကြတော့သည်။ ဝက်တို့သည် လူသားပိုဆန်လာကြ၍ တချိန်က “ခြေလေးချောင်း ကောင်းတယ်။ ခြေနှစ်ချောင်း မကောင်းဘူး” ဟူသော ကြွေးကြော်သံသည် “ခြေလေးချောင်း ကောင်းတယ်။ ခြေနှစ်ချောင်း ပိုကောင်းတယ်” ဟု ပြောင်းလဲသွား၏။ စားပွဲဝိုင်းတွင် အတူစားသောက် ငြင်းခုန်နေကြသော ဝက်နှင့် လူသားတို့အား ဘေးက တိရစ္ဆာန်များက ချောင်းကြည့်လိုက်သော အခါတွင် …

“… ဝက်နှင့် လူသားမှာ ခြားနားခြင်း မရှိတော့။ မွန်မြတ်သော ဝက်တို့သည် ယုတ်ညံ့သွား၍ လူသားနှင့် ခြားနားခြင်း မရှိလေသလော။ သို့မဟုတ် ယုတ်ညံ့သော လူသားတို့သည် ဝက်တို့ကဲ့သို့ မွန်မြတ်လာ၍ ခြားနားခြင်း မရှိလေသလော။ ဘေးကချောင်းကြည့်နေသော တိရစ္ဆာန်တို့သည် ဝက်များမျက်နှာကို ကြည့်လိုက် လူသားများမျက်နှာကို ကြည့်လိုက်နှင့် အပြန်ပြန်အလှန်လှန် ကြည့်ကြသည်။ သို့ရာတွင် ဝက်နှင့်လူသား, လူသားနှင့်ဝက် ဘယ်ဒင်းက ဝက် ဘယ်ဒင်းက လူသား၊ ဘယ်ဒင်းက လူသား ဘယ်ဒင်းက ဝက်ဟု ခွဲခြား၍ မရအောင် ရှိလေတော့သတည်း။”

9 comments:

မေဓာဝီ said...

အဲဒီ ခြေလေးချောင်းတော်လှန်ရေးကို သိပ်ကြိုက်တာပဲ။
အခု ကိုဧရာ ကောက်နုတ်ထားတာကို ပြန်ဖတ်ပြီး လက်တလော အခြေအနေတွေနဲ့ ဆက်စပ် စဉ်းစားနေမိတယ်။
သရုပ်ဖော်ပုံကလဲ တကယ်ပီပြင်ပါပေ့။

ကိုအောင်(ပျူနိုင်ငံ) said...

စာလာဖတ်တယ် ကိုဧရာရေ၊ ခက်တာက
သူတို့က sucide လုပ်ရင် အပေါ် ရောက်တယ်
ဗျ၊ ကျနော်တို့လည်း အပေါ်တက်နိုင်ကြောင်း
ပြောဖို့တော့ လိုမယ်ထင်တယ်။

Kay said...

ကိုဧရာ ပြန်လာပြီ..း)
သတင်းများ ကြိတ်နားထောင်နေရာမှ..
ကြိတ်စာ လေး တွေ ထွက်လာတယ်..။
း)
“အချို့တိုင်းပြည် များ သည် အခြားတိုင်းပြည်များထက် ပို၍ တန်းတူညီမျှသည်”

အိမ့်ချမ်းမြေ့ said...

မလေး ဖတ်သွားပါတယ်။ အော်ဝဲက ခေတ်တိုင်းကို ပုံဟပ်နိုင်အောင် ရေးသွားသလားလို့တောင် ထင်ရပါတယ်

ShwunMi- said...

အပြောင်းအလဲ မှသည် အပြောင်အလွဲဆီသို့ ...
-_-!! (စိတ်လေသွားပုံ)

လသာည said...

ကိုဧရာ..

ဒီပုံပြင်အခုမှ ကြားဖူးပေမယ့် ခပ်ဆင်ဆင်ပုံပြင်လေးတစ်ခုကို အိပ်ရာဝင်ပုံပြင်အဖြစ် ဖေဖေက ပြောဖူးတယ်။
ခွေးနဲ့လူတဲ့..

ဒီပုံပြင်ထဲမှာ...


ဒီစကားပိုင်းကို သဘောအကျဆုံးပါပဲ။

လသာညဖြစ်ပါတယ်။

Anonymous said...

Since i've read "Animal Farm", i liked the scentence"all are equal but some sre more equal".
We can see how it happened.It's still up to date.That's why i like George Orwell.

Gyidaw

ချော(အစိမ်းရောင်လွင်ပြင်) said...

လူနဲ့ဝက်
ဝက်က ပိုတော်တာလား
လူက ညံ့သွားတာလား
စဉ်းစားစရာနော်။
ရှေ့ဆက်ပြီး လူတွေ ပိုညံ့လာဦးမယ်လိုတော့ မြင်နေသလိုဘဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

လူနဲ့ဝက်
ဝက်က ပိုတော်တာလား
လူက ညံ့သွားတာလား
စဉ်းစားစရာနော်။
ရှေ့ဆက်ပြီး လူတွေ ပိုညံ့လာဦးမယ်လိုတော့ မြင်နေသလိုဘဲ။