ပင်ကိုယ်အားဖြင့် ဒေါသစရိုက်ကြီးတဲ့ ကျမကို ခင်ပွန်းသည်က မေတ္တာပွားဖို့ ပြောတတ်ပါတယ်။ “ဘယ်လိုပွားရမှာလဲ မပွားတတ်ဘူး” လို့ တုံးတိတိ ချေပတတ်ခဲ့ပါတယ်။ ပြည်ပမှာနေပြီး မြန်မာပြည်ပြန်တဲ့အခါ မိသားစု အပျော်ခရီးလေးတွေကို အစ်ကိုကြီးက စီစဉ်ပို့ပေးရင်း အသက်လေးဆယ် ကျော်မှ ဟိုဟိုဒီဒီ ခရီးတွေ စ,သွားဖြစ်ခဲ့ပါတယ်။ ခရီးလမ်းတလျှောက် တွေ့ကြုံရသူတွေ နေပုံ စားပုံ ဒေသန္တရ ဗဟုသုတ ရရုံတင်မက၊ သူတို့ကို မေတ္တာထား မေတ္တာပွားတတ်ဖို့ လမ်းညွှန်ပေးပါတယ်။ ကိုယ်မရောက်ဖူးသေးတဲ့ ဒေသ၊ ကိုယ်နဲ့ အကျွမ်းတဝင်မရှိလှတဲ့ နေရာတွေမှာ မေတ္တာခြုံသွားတာ ကိုယ့်အတွက် အလုံခြုံဆုံးမို့ မေတ္တာပွားတတ်တဲ့ အကျင့်လေးရလာခဲ့ပါတယ်။ မေတ္တာကမ္မဌာန်းကို စ ပွားသူတွေအတွက် ရွေးချယ်သင့်တဲ့ ချစ်ခြင်း၊ မုန်းခြင်း ကင်းသူတွေကို အာရုံပြုရတာမို့ အခက်အခဲမရှိ အဆင်ပြေပါတယ်။
ဂျပန်နိုင်ငံကို ၂၀၁၅ နှစ်ကုန် ၂၅ ဒီဇင်ဘာ ကနေ ၂၀၁၆ခုနှစ်ဦး ၄ ဇန်နဝါရီထိ - ၉ ရက်ကြာ အလည်အပတ်ရောက်ရှိခဲ့ပါတယ်။ (ဂျပန်နိုင်ငံက Lunar ပြက္ခဒိန်ကို သုံးပေမည့် သူတို့ရဲ့ နှစ်သစ်ကူးက အင်္ဂလိပ်တွေသုံးတဲ့ ခရစ်သက္ကရာဇ် နှစ်သစ်ကူးနဲ့ တူပါတယ်။ သိပ်တော့ နားမလည်ပါ။) ဂျပန်မှာနေတဲ့ သူငယ်ချင်းက သွားလိုတဲ့နေရာတွေကို အစီအစဉ်ဆွဲစေပါတယ်။ မနှစ်ကသွားထားတဲ့ သူငယ်ချင်းက သူသွားခဲ့တဲ့အစီအစဉ်ကို ပေးလို့ အဲ့ဒီအပေါ်မှာ အခြေခံပြီး ကိုယ်သွားလိုရာကို လျာထားပါတယ်။ ကိုဧရာက စာကြည့်တိုက်ကနေ ဂျပန်နိုင်ငံ ခရီးသွားခြင်းနဲ့ သက်ဆိုင်တဲ့စာအုပ် ၇အုပ် ငှားလာပါတယ်။ ရေချမ်းနဲ့ ရေစင်ကတော့ Youtube ကနေ Video တွေ ရှာကြည့်ကြပါတယ်။ ဒီလိုနဲ့ သွားလိုတဲ့ နေရာတွေကို လျာထားပြီးတဲ့ အခါမှာတော့ သားအဖတွေဆီက ထွက်လာတဲ့ မှတ်ချက်က “ဂျပန်သွားမှာ တို့တွေ မြန်မာပြည် ဘုရားဖူးခရီးထွက်သလိုနေမှာပဲ… စာရင်းထဲမှာ Daibutsu (ဘုရားကြီးတွေ) များနေတယ်…” တဲ့ ။
ကဲ… ဘယ်တွေ ရောက်ခဲ့လဲ။
26 December 2015
ဝယ်ထားတဲ့ လေယာဉ်လက်မှတ်က Taipei transit မို့ Taoyuan International Airport, Taipei Taiwan ကို မနက်လင်းအားကြီး ၆ နာရီခန့်မှာ ရောက်ပါတယ်။ Taiwan မှာ မြူတွေ မှောင်နေတယ်။ ရတဲ့အချိန် တနာရီအတွင်း လေဆိပ်ထဲမှာပဲ ဖက်ထုတ်ပျော့လိုဟာမျိုးလေးကို ပါဆယ်ဆွဲပြီး လမ်းသွားရင်းနဲ့ပဲ သားကြီးရေချမ်းက ပါးစပ်ထဲလိုက်ခွံပေးတဲ့ နံနက်စာ စားခဲ့ရပါတယ်။
Tokyo Narita လေဆိပ်ကို ၁၁း၃၀ နာရီမှာ ရောက်ပါတယ်။ (ဂျပန် Timeline က စင်္ကာပူ၊ တိုင်ဝမ်ထက် အချိန် ၁နာရီတိတိစောပါတယ်။) သူငယ်ချင်းက လာကြိုနေပြီး၊ လေဆိပ်ထဲမှာပဲ Japan Rail ရဲ့ ရုံးခန်းမှာ စင်္ကာပူကနေ ကြိုတင်ဝယ်သွားတဲ့ Japan Rail (JR) pass ရထားလက်မှတ် Activate လုပ်ခြင်း၊ သွားမည့် ခရီးတွေအတွက် နေရာ reservation လုပ်ခြင်း၊ နောက် သူငယ်ချင်းက သူအတူလိုက်ပါမည့် ခရီးတွေအတွက် လက်မှတ်ဝယ်ခြင်းတွေ လုပ်ပါတယ်။ ပထမဦးဆုံးတွေ့ရတဲ့ ဂျပန်နိုင်ငံက ဝန်ဆောင်မှု… သင် ဘာဖြစ်ချင်ပါသလဲ? ဖြစ်ချင်တာကို စေ့စေ့စပ်စပ် ဖြစ်အောင်လုပ်ဆောင်ပေးတာ… ရင်ထဲမှာ (ကျေနပ်တယ်ဆိုတဲ့အသုံး ရောက်ရောက်ချင်းကြီးမို့ မသုံးလိုသေးသမို့) အေးအေးဆေးဆေးနဲ့ ရှင်းရှင်းလင်းလင်း ခံစားရတယ်။ ဂျပန်က ကိုယ့်ကို ဒီလိုကြိုတယ်လို့ မှတ်ချက်ပေးချင်ပါတယ်။
နေ့လည်စာကို တူမနဲ့ ဆက်လို့ တော်ရတဲ့ တူက Ikebukuro ဘူတာမှာရှိတဲ့ Shopping mall က ထိုင်းဆိုင်မှာ အဝ ကြွေးပါတယ်။ ခရီးပန်းသမျှတွေအတွက် အားပြန်ဖြည့်နိုင်ခဲ့တဲ့ နေ့လည်စာပါ။
ညနေပိုင်းမှာ Tokyo skytree ကို ရောက်ခဲ့ပါတယ်။ အပေါ်ကို တက်ချင်သူတွေ များလွန်းလို့ တက်ခွင့်လက်မှတ်ဝယ်ဖို့ကိုတောင် ကြိုတင်တုံကင်ယူထားရပါတယ်။
| Skytree ပေါ်က မြင်ရတဲ့ Tokyo မြို့၏ ညရှုခင်း |
*****
27 December 2015
တရက်လုံးလည်ဖို့ ငှားထားတဲ့ ကားက မနက် ၇နာရီ အိမ်အောက်ကို လာကြိုပါတယ်။ (တည်းခိုခဲ့တဲ့ သူငယ်ချင်းရဲ့အိမ်က Tokyo မြို့ရဲ့ အထင်ကရတွေကို ဆက်သွယ်ထားတဲ့ Yamanote မြို့ပတ်ရထားလမ်းရဲ့ Ōtsuka ဘူတာအနီးမှာ ရှိပါတယ်။)
ခရီးစဉ်ရဲ့ ပထမဦးဆုံးနေရာ
Ushiku Daibutsu
ဂျပန်မှာတည်လေ့ရှိတဲ့ ဆင်းတုတော်တွေ မူအတိုင်း Amida (အမိတာဘ ဗုဒ္ဓ) The Buddha of Infinite Light - မဟာယာနဗုဒ္ဓဘာသာ သုခဝတီဂိုဏ်း (Pure Land Buddhism) ဉာဏ်တော် 120m (390 ft) ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး ဘုရား ဖြစ်ပါတယ်။
1993 ခုနှစ်က သင်္ချိုင်းအနီးမှာ တည်ခဲ့ပါတယ်။ သင်္ချိုင်းမှာသီတင်းသုံးတဲ့ ရဟန်းတွေက တည်လေ့ရှိတာမို့ ဂျပန်မှာ သင်္ချိုင်းနဲ့ဘုရား တွဲလျက် တွေ့ရတတ်ပါတယ်။ ဗုဒ္ဓနုဿတိ၊ မရဏနုဿတိ အလျဉ်းသင့်သလို ပွားနိုင်တာမို့ အလွန်လိုက်ဖက်တယ်လို့ ဆိုချင်ပါတယ်။ မြို့နဲ့ သိပ်မနီး၊ ယခင် Overstay တွေကို ထိမ်းသိမ်းတဲ့ Ushiku Detention Center အနီးမှာ ရှိပါတယ်။
(မုံရွာလေးကျွန်းစကြာဘုရားက ဉာဏ်တော် 116m၊ ပလ္လင်တော်ကိုပါ ထည့်တွက်ရင်တော့ 130m ပဲ ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ တတိယအမြင့်ဆုံး ဖြစ်ပါတယ်။ )
ဘုရားကြီးရဲ့ အောက်ခြေအနောက်ဘက်မှာ ရှိတဲ့ ဝင်ပေါက်တံခါးပွင့်သွားတဲ့အခါ ဝန်ထမ်းအမျိုးသမီးတယောက်က ဂျပန်လို နှုတ်ဆက်ပြီး ဘာတွေလည်းမသိ ပြောပါတယ်။ လှမ်းဝင်လိုက်တဲ့ ဆယ်ပေပတ်လည်လောက်ကျယ်တဲ့ အခန်းဟာ ဓာတ်လှေကားရဲ့ အတွင်းခန်း ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားဓာတ်လှေကားထဲမှာ ရွှေပန်းတွေ စပယ်ပန်းတွေ ဘုရားပန်းရောင်းတဲ့ သူတွေကို သတိရလိုက်ပြီး၊ သူလည်း ငါတို့ကို ဘာတွေ ရောင်းဖို့ ပြောနေတာပါလဲလို့ စိတ်ကူးဝင်ပါတယ်(အတွေးအကြံတွေဆိုတာ အတွေ့အကြုံမှာ အခြေခံပါတယ်။) ဝင်ပေါက်တံခါးကို ပိတ်လိုက်တဲ့အခါ အခန်းဟာ ပိန်းပိန်းပိတ်မှောင်သွားပါတယ်။ နောက် ညဉ့်နက်နက် ကောင်းကင်မှာ ကြယ်ပွင့်လေးတွေ လက်နေသလိုမျိုး မြင်ရပြီး၊ ဝန်ထမ်းအမျိုးသမီးက “သေခါနီးမှာ မြင်ရမည့် နိမိတ်ကို မြင်ရပါမယ်” လို့ ပြောနေတာလို့ သူငယ်ချင်းက ဘာသာပြန်ပေးလိုက်မှ အာရုံတွေကို ကမန်းကတန်း စုစည်းရပါတယ်။ အာရုံတခုကို ဖမ်းဆုတ်မိပါတယ်။ ဘာလိုဆိုတာကိုတော့ ဒီမှာ မပြောတော့ပါဘူး။
မြေညီထပ် (Infinite Light and Infinite Life) အမှောင်ခန်း ထဲက ထွက်လာတဲ့ တေးသံ၊ အလင်းရောင်၊ အမွှေးတိုင်ရနံ့ တို့ဟာ အဓိပ္ပါယ်ရှိစွာ စီစဉ်ထားခြင်းဖြစ်ပါတယ်။
လေးထပ် (၈၅ မီတာ) ဂိဇ္ဈကုဋ်တောင်အခန်း (Room of Mt. Grdhrakuta) - ရုပ်ပွားတော်ရဲ့ ရင်ဘတ်မှာ ရှိတဲ့ ပြူတင်းပေါက်ကကြည့်ရင် Tokyo Sky Tree နဲ့ ဖူဂျီတောင်ကို မြင်နိုင်တယ်လို့ ဆိုပါတယ်။ အောက်က မုခ်ဦးနဲ့ ပန်းခြံကို တွေ့ရတယ်။
ဓာတ်လှေကားနဲ့ ပြန်ဆင်းတော့ ရုပ်ပွားဆင်းတု သုံးထောင်ကျော်ရှိတဲ့ တတိယထပ်ကို - World of the Lotus Sanctuary ရောက်တယ်။ မြန်မာတွေ လှူထားတဲ့ ဆင်းတု ရုပ်ပွားတော်တွေလည်း ဖူးတွေ့ခဲ့ရပါတယ်။
ဒုတိယထပ် - World of Gratitude and Thankfulness ပိဋကတ် စာပေသင်ကြားပို့ချတဲ့ အခန်း။
ဂျပန်တွေက “နမော အမိတာဘဗုဒ္ဓ” ဆိုတာကို ဂျပန်ရိုးရာ စုတ်တံနဲ့ မှင်သုံးပြီး ကူးယူကြတယ်။ (ဝီရိယကောင်းစွာ ဘုရားကြီးမဖွင့်သေးခင် စောရောက်နေလို့ အနီးအနားမှာ ရှိတဲ့ Ami Outlet ကို အရင် ရောက်ခဲ့ရသေးတယ်။)
***
Tokyo Daibutsu (Joren-Ji Temple)
ဉာဏ်တော် 13m ရှိပြီး၊ ကမာကူရဘုရားက ဉာဏ်တော် 15m ရှိပါတယ်။
မြန်မာနိုင်ငံနဲ့ အာရှမှာ ရှိတဲ့ ဘုရားတွေက ဈာနမုဒြာဆိုရင် ဘယ်လက်ပေါ် ညာလက်တင်ပြီး လက်မနှစ်ခုကို ထိထားပါတယ်။ ဂျပန်က အမိဒ(အမိတာဘ) ဘုရားတွေမှာတော့ အဲဒီ မုဒြာမျိုး တွေ့ခဲတယ်။ လက်ချောင်းတွေကို ခေါက်ပြီး အပေါ်ကို ထောင်ထားပြီး လက်မနှစ်ခု ထိပ်ခြင်းထိထားတဲ့ မုဒြာမျိုးကို တွေ့ရတယ်။
| Seven lucky gods (shichifukujin) |
****
Imperial Palace ဘုရင့်နန်းတော်
Nijubashi Bridge နောက်က မြင်ရတဲ့ နန်းဆောင်ကနေ ဘုရင်က သူ့မွေးနေ့ 23 December နဲ့ 2 January မှာ ပြည်သူကို နှုတ်ဆက်လေ့ရှိပါတယ်။
****
Umihotaru (sea firefly)
| ပင်လယ်ရေအောက်က မောင်းနေတယ် |
| ရေအောက်အထွက် တံတားရဲ့အစပ် လမ်းခုလတ်က Car parking Island |
| လမ်းဖောက်ခဲ့စဉ်က သုံးခဲ့တဲ့ မြေတူးဒလက်ကြီး |
ပင်လယ်ရေအောက်မှာ 9.6 km ရှည်တဲ့ ဥမင်လှိုင်ခေါင်း၊ ပင်လယ်ရေ အထက်မှာ 14 km ရှည်တဲ့ တံတားနဲ့ တိုကျိုပင်လယ်ကွေ့ကို ဖြတ်ကူးထားတဲ့ အမြန်လမ်းရဲ့ အလယ်မှာ ဂျပန်တွေရဲ့ နည်းပညာတော်ချက်ကို ဦးညွတ်အလေးပြုပါတယ်။
****
Odaiba
လူလုပ်ကျွန်း
| rainbow bridge |
| Statue of liberty |
Odaiba မှာ Car show ရှိနေတဲ့အတွက် ကားစိတ်ဝင်စားတဲ့ သားတို့ တကားဝင် တကားထွက် ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ တည်းခိုအိမ်ပြန်ရောက်တော့ ကျမက ဘက်ထရီဒေါင်း ဖလက်ပြသွားပေမည့် ကျမသူငယ်ချင်းက Bowling ပစ်တဲ့ဆီ သားတို့ကို ခေါ်သွားပြန်တာမို့ အလိုလိုက်ခြင်းခံရတဲ့ သားတို့လည်း မေတ္တာခြုံခွင့်ရခဲ့ပါတယ်။
1 comments:
ဒုတိယအကြိမ်ပြန်ဖတ်မှ ကွန်မန့်ပေးဖြစ်တော့တယ် သီတာရေ...
ပင်ကိုယ်အားဖြင့် ဒေါသစရိုက်ကြီးတယ်ဆိုတာ မယုံလို့ ကွန်မန့််ချန်ခဲ့တယ် :P
ဂျပန်အလွမ်းပြေ နောက်တိုးဗဟုသုတတွေအများကြီးရသွားလို့ ကျေးဇူးနော်။
မေတ္တာဖြင့်
တီတင့်
Post a Comment