“စာ ဘယ်လို ဖတ်မလဲ” ဆိုတာကို ရေးထားတဲ့ စာအုပ်တွေ ရှိပါတယ်။ မြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ် ဆိုရင်တော့ ဆရာဦးရွှေအောင် ရေးတဲ့ “စာဖတ်သူများ” ဆိုတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဆိုရင်တော့ Mortimer Adler ရေးတဲ့ How to Read a Book ကို ညွှန်းရပါလိမ့်မယ်။ ဒီစာအုပ် နှစ်အုပ်ရဲ့ သဘောသဘာဝက သိပ်တော့ မတူလှပါဘူး။ ဒါပေမယ့် အဆင့် သုံးဆင့်ကို သုံးပြီး စာကို ဘယ်လို နားလည်သဘောပေါက်အောင် ဖတ်ရမလဲ ဆိုတာကို ညွှန်ပြသွားတာကတော့ သွားဆင်ပါတယ်။
“ဒီစာအုပ်က စာမဖတ်တတ်သေးသူတွေ အတွက် ရည်ရွယ်ပါတယ်။ ဒီလိုဆိုတော့ မရည်ရွယ်ပေမယ့်လည်း နည်းနည်း ရိုင်းရာကျမယ် တူတယ်” လို့ Mortimer Adler က သူ့စာအုပ်ကို စဖွင့်ပါတယ်။ သူကိုယ်တိုင် စာ ကောင်းကောင်း မဖတ်တတ်သေးတာကို ကိုလံဗီယာတက္ကသိုလ်မှာ ဆရာပြန်လုပ်တော့မှ သတိပြုမိတယ်လို့ ဆိုပါတယ်။ စာကို ပုံသဏ္ဍာန်ပိုင်းအရ ခွဲခြမ်း စိတ်ဖြာပြီးဖတ်တဲ့ အဆင့် (structural or analytic stage)၊ စာတပုဒ်လုံးကို ခြုံပြီး ဆက်စပ် အဓိပ္ပါယ်ဖော်တဲ့ အဆင့် (interpretative or synthetic stage) နဲ့ နောက်ဆုံး အဖြစ် ဝေဖန်သုံးသပ်တဲ့ အဆင့် (critical or evaluative stage) ဆိုတဲ့ အဆင့်သုံးဆင့်နဲ့ ဖတ်ရှုပုံ ဖတ်ရှုနည်းတွေကို ပေးထားပါတယ်။ Mortimer Adler ပြောခဲ့တဲ့ အဆင့်သုံးဆင့်ကို လစ်ဘရယ်ပညာရေးက အခြေခံအရေးအဖတ် အဆင့် (grammar stage), ယုတ္တိနည်းကျ ဝေဖန်ပိုင်းခြားတဲ့ အဆင့် (logical stage) နဲ့ မိမိရဲ့ အမြင် မိမိရဲ့ ဝေဖန်သုံးသပ်ချက်တွေကို သူတပါးကို ပြန်ပြီး ရှင်းလင်း ဟောပြော တင်ပြတဲ့ အဆင့် (rhetoric stage) တွေနဲ့လည်း နှိုင်းယှဉ် လေ့လာကြည့်နိုင်ပါတယ်။
စာကို စနစ်တကျ ဖတ်တတ်အောင် သင်ယူလေ့ကျင့်ထားသူရဲ့ စိတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းကို လေ့ကျင့်ပြီး ဖြစ်စေတယ်။ အခြားသူတွေနဲ့ ဝေဖန်ဆွေးနွေးကြရာမှာလည်း သူတပါးအပေါ် နားလည်သည်းခံပြီး စာနာမှုအပြည့်နဲ့ ဆွေးနွေးနိုင်စွမ်း ရှိလာမယ်။ စာဖတ်ခြင်းနဲ့ စိတ်ကို ရင့်ကျက်စေပြီး၊ ဒီရင့်ကျက်တဲ့ စိတ်က သူ့ရဲ့ တွေးခေါ်မြော်မြင်မှုတွေကို လွတ်လပ်စေမယ်လို့ ဆိုပါတယ်။ စာအုပ်ရဲ့ နိဂုံးမှာတော့ Mortimer Adler က သူ တည်းဖြတ်ပြီး Encyclopedia Britannica ကနေ ထုတ်ဝေခဲ့တဲ့ “Great Books of the Western World” စာစဉ်က ဂန္ထဝင်စာအုပ်တွေကို ဖတ်ဖို့ ညွှန်းခဲ့ပါတယ်။ ဒီစာအုပ်စာရင်းမှာ ဂရိခေတ်ကနေ စပြီး ဒီနေ့ခေတ် အထိ ကာလအတွင်း ထင်ရှားကျော်ကြားခဲ့တဲ့ ကဗျာ၊ ဝတ္ထု၊ ပြဇာတ်၊ သမိုင်း၊ အတွေးအခေါ်နဲ့ သိပ္ပံ စတဲ့ နယ်ပယ်စုံက စာအုပ် ၁၀၀ ကျော်လောက် ပါဝင်ပါတယ်။
ဆရာဦးရွှေအောင်ရဲ့ “စာဖတ်သူများ” စာအုပ်မှာတော့ မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းတိုက် အရှင်ကုမာရ ရေးတဲ့ “ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း”၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးတဲ့ “ရတနာ့ဂုဏ်ရည်”၊ “ကိုယ်ကျင့်အဘိဓမ္မာ” နဲ့ “အနာဂတ်သာသနာရေး” ဆိုတဲ့ စာအုပ်တွေကို ဖတ်ဖို့ မိတ်ဆက်ပေးထားတဲ့ အခန်းနဲ့ စဖွင့်ပါတယ် (တကယ်တော့ ဒီစာအုပ်က ခန်းဆက်ဆောင်းပါးတွေဖြစ်ပြီး ပထမဆုံး အခန်းက စာအုပ်ထုတ်တော့မှ ထည့်ရေးထားတာ ဖြစ်နိုင်ပါတယ်)။ ဒီတော့ ဘာသာရေး စာပေတွေကို ဘယ်လို ဖတ်မလဲဆိုတာကို အဓိကထား ရေးသားထားတယ်လို့ ဆိုနိုင်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ သင်ကြားတဲ့ နေတ္တိနည်း၊ အလင်္ကာနည်း၊ ကျမ်းတက်နည်းတွေကို သုံးပြီး စာဘယ်လို ဖတ်ရမလဲဆိုတာ ရှင်းလင်းထားတာပါ။ ဘာသာရေး စာပေ ဖတ်ရှုနည်းကို အဓိက ရည်ရွယ်တယ် ဆိုပေမယ့်လည်း၊ ကဗျာ၊ ဝတ္ထုတွေ ဖတ်ရှုရာမှာလည်း ဒီနည်းလမ်းတွေကို သင့်သလို ယူသုံးသွားနိုင်တာကို တွေ့ရမှာပါ။
ဆရာဦးရွှေအောင်က စာဖတ်သူများကို စာကို နောက်ကလိုက်၍ ဖတ်သူ၊ စာကို ရင်ပေါင်တန်း၍ ဖတ်သူ၊ စာကို ရှေ့ကကြိုပြီး ဖတ်သူရယ်လို့ သုံးမျိုး ခွဲပြထားပါတယ်။ စာရဲ့ သဒ္ဒါအနက်ကိုသာ သိပြီး သဒ္ဒါအနက်အတိုင်းသာ ခံယူ ကျင့်သုံးသူတွေကို ပထမအဆင့်စာဖတ်သူ အမျိုးအစားမှာ ထည့်သွင်းထားပါတယ်။ ဒုတိယအဆင့် အနေနဲ့စာရေးသူရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ နှလုံးသွင်းကို သိပြီး အဲဒီအတိုင်း ခံယူကျင့်သုံးသူတွေကို စာကို ရင်ပေါင်တန်း၍ ဖတ်သူလို့ သတ်မှတ်ပါတယ်။ တတိယအဆင့် ဖြစ်တဲ့ စာကို ရှေ့ကကြိုပြီး ဖတ်သူတွေကတော့ စာရေးသူရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ နှလုံးသွင်းကို ထိုးဖောက်သိရုံသာမကဘဲ စာရဲ့ အနတ္တအနက်ကိုပါ သိမြင်နိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာဦးရွှေအောင်က ဒီအဆင့် သုံးဆင့်ကို ဝါစ္စတ္ထ၊ လက္ချတ္ထ၊ ဗျင်္ဂျတ္ထ ဆိုတဲ့ အနက်သုံးမျိုးနဲ့ ရေးသွားတာကို တွေ့ရပါတယ်။ ဒီဝေါဟာရတွေကို ရသစာပေရဲ့ သဘောကို ရှင်းလင်းဖွင့်ဆိုတဲ့ မမ္မဋရဲ့ ကာဗျပကာသကျမ်းနှင့် ဝိသွနာထရဲ့ သာဟိတဒပ္ပဏ ဆိုတဲ့ ကျမ်းတွေမှာ တွေ့ရပါတယ်။ ဆရာဦးရွှေအောင် ကိုယ်တိုင်ကလည်း ကာဗျာပကာသကျမ်းနဲ့ သာဟိတဒပ္ပဏကျမ်း နှစ်စောင်ကို ပေါင်းပြီး “ရသစာပေ၏ ရသ” ဆိုတဲ့ အမည်နဲ့ စာအုပ် တအုပ်ရေးဖူးပါတယ်။ အဲဒီစာအုပ်မှာတော့ ဝါစ္စတ္ထကို တိုက်ရိုက်အနက်၊ လက္ချတ္ထကို တင်စားအနက်၊ ဗျင်္ဂျတ္ထကို သိဆက်အနက်လို့ ဘာသာပြန်သွားပါတယ် (အင်္ဂလိပ်ဘာသာပြန်ထားတဲ့ စာအုပ်တွေမှာတော့ ဒီအနက်သုံးမျိုးကို denoted meaning, indicated meaning, suggested meaning လို့ ပြန်ထားတာ တွေ့ဖူးပါတယ်)။ တိုက်ရိုက် အနက်ဆိုတာက စာမှာပါတဲ့ စကားတွေကို အဘိဓာန်မှာ ဖွင့်တဲ့အတိုင်း၊ သဒ္ဒါကျမ်းတွေက လမ်းညွှန်တဲ့အတိုင်း တိုက်ရိုက် နားလည်တာမျိုးပါ။ တင်စားအနက်ကတော့ စာမှာ တိုက်ရိုက်မလာပေမယ့် စာရေးသူရဲ့ စေတနာနဲ့ နှလုံးသွင်းကို ထောက်ပြီး သိရတဲ့ အနက်မျိုးပါ။ သိဆက်အနက်တော့ စာရေးသူ ရေးသားဖော်ပြထားတာအပြင် စာရေးသူ မြုတ်ထားတာတွေ၊ စာရေးသူ ပြောမသွားတာတွေကိုပါ ဆက်သွယ်ပြီး စာဖတ်သူ ရလိုက်တဲ့ အသိသဘောပါ။ စာဖတ်သူက သိဆက်အနက် တခုခု ရသွားအောင် ရေးနိုင်ပါမှလည်း စာက အနုပညာလက်ရာ မြောက်တယ်လို့ ရှေးပညာရှိတွေက သတ်မှတ်ခဲ့ပါတယ်။
ဒီတော့ စာတပုဒ်ကို ဖတ်တဲ့အခါ စာရေးသူ ဆိုလိုရင်းကို တကယ်သဘောမပေါက်ဘဲ စကားလုံးတွေ၊ ဝေါဟာရတွေမှာတင်ပဲ ပြီးသွားတဲ့ သူတွေလည်း ရှိတယ်။ စကားလုံးတွေကို ကျော်လွန်ပြီး စာရဲ့ အနက်သဘော၊ စာရေးသူရဲ့ နှလုံးသားကို မြင်နိုင်သူတွေလည်း ရှိတယ်။ အချို့စာဖတ်သူတွေကတော့ စာကို သဘောပေါက်ရုံသာမက လောကသဘာဝကိုပါ ထိုးထွင်း သိမြင်သွားပြီး၊ ဘဝ အပြောင်းအလဲကိုတောင် ဖြစ်စေနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။