Friday, February 13, 2009

သမိုင်းသင်ဆရာမ

ဒီနေ့ ကျမ သင်တန်းသွားရသောနေ့ ဖြစ်ပါသည်။ သြစတေးလျသူ Miranda က သူ့ ကိုယ်လုံး ဖိုင့်ဖိုင့်ကြီးကို လိမ်ကာဖယ်ကာဖြင့် အားတက်သရော စာသင်နေသည်။ သူ့ကိုကြည့်ရင်းး ကျမမျက်စိထဲ တစ်ယောက်သောသူ၏ ပုံရိပ်တို့မြင်လာသည်။ ကျမတို့ မောင်နှမတွေထဲမှ အကြီးဆုံးသော ကျောင်းဆရာမ အစ်မကြီး ဖြစ်သည်။

ကျမပေါက်စကွေး ၄, ၅နှစ်သမီး အရွယ်တွင် အစ်မကြီးက ပညာရေးတက္ကသိုလ် တက်နေပြီ်။ အစ်မကြီးနှင့် ကျမ အသက် ၁၈နှစ်ခန့် ကွာသည်။ အိမ်ကိုအ၀င်အထွက်များတဲ့ သူ့ သူငယ်ချင်းတွေထဲက ကချင်အစ်မ နန်းပလီ နဲ့ ချင်းအစ်မ လှေတဲလ် ကို ကောင်းကောင်းမှတ်မိသည်။ ရိုးသားလှသည့် တိုင်းရင်းသူ အစ်မကြီးတွေ ကျမအစ်မကြီး LoveMe - brand နှုတ်ခမ်းနီ ပန်းနုရောင် ဆိုးတာကို တမေ့တမော ၀ိုင်းကြည့်တတ်ကြသည်။ ခြေသည်းရှည်ထားပြီး ပန်းနုရောင်ခြေသည်းနီ ဆိုးသည့် အစ်မကြီးသည် ဒီလို ‘ပျိုမေတို့ လှသထက်လှမယ် ဆိုရင်’ ကဏ္ဍမျိုးတွင် သူ့သူငယ်ချင်းတွေ အလယ်မှာ ဆရာမကြီးဖြစ်သည် ဆိုတာ ငါးနှစ်သမီးလေးကျမပင် ခန့်မှန်းနိုင်သည်။ မကြီးတို့ ကျောင်းပြီးတော့ ချင်းအစ်မ လှေတဲလ် စစ်ဗိုလ် တစ်ယောက်နှင့် အိမ်ထောင်ကျ၍ မှော်ဘီစစ်တပ်ထဲမှာ လုပ်သော မင်္ဂလာ ဧည့်ခံပွဲတောင် ကျမ လိုက်သွားခဲ့ရသေးသည်။ နောက် အစ်မကြီး အလုပ်ဝင်ဖို့ posting ကျတော့ မြစ်ဝကျွန်းပေါ်မှ မြို့လေး တစ်မြို့ ဖြစ်သည်။ အစ်မကြီးကျောင်းပြီးကတည်းက အစိုးရအလုပ်မ၀င်ရန် တားမြစ်သော ပွဲစားကြီးအဖေနှင့် ဘ၀တွင် ဆရာမနှင့် ဆရာမသာလုပ်ရန် မြစ်ဝကျွန်းပေါ်ရွာကလေးတစ်ရွာတွင် မွေးဖွားလာခဲ့သော အစ်မကြီးတို့၏ တိုက်ပွဲသည် နေ့ည မပြတ် ပြင်းထန်လှသည်။ အဖိုးအဖွားတွေက မြေးဦးဘက်က စစ်ကူပေးတော့ အဖေ လက်နတ်ချရသည်။ အလင်းဝင်တာတော့ မဟုတ်ခဲ့ကြောင်းကို ယခု အချိန်အထိ မပြီးပြတ်သေးသော မကြာခဏဆိုသလို ဖြစ်ပွားနေသော ပျောက်ကြားစစ်များကြောင့် (ဒီကိစ္စအတွက် ငြိမ်းချမ်းရေးကို ဘယ်ဖက်ကမှ လက်မှတ်မထိုးနိုင်ကြောင်း) ကျမတို့ (ကုလသမဂ္ဂ) မိသားစုဝင်အားလုံးသိပါသည်။

မကြီး နယ်သွားတော့ ကျမတို့အတွက် သူ့စာအုပ် သေတ္တာကြီး ထားခဲ့သည်။ ကျမနားမလည်ဘဲ မကြာခဏ ဖွင့်ဖတ်ကြည့်သော စာအုပ်မှာ ဦးတိုး၏ ‘ရာမရကန်’ ဖြစ်သည်။ (သိကြမှာပါ ဘာကြောင့် ဒီစာအုပ်ကို ဒီလောက်စိတ်ဝင်စားသလဲဆိုတာ။ ကျမ နာမည် ‘သီတာ’ သည် မကြီးပေးသော နာမည်ဖြစ်ပါသည်။ အဖေပေးသော ပထမနာမည် ‘သင်းသင်းခိုင်’ အဖတ်မတင်ခဲ့ပါ။) ဦးလတ်ရေး ‘စပယ်ပင်’ ဆိုသော စာအုပ်မှာ အဖုံးကိုကြည့်ပြီး ဖတ်ရန် အလွန်ပျင်းခဲ့သော စာအုပ်ဖြစ်သည်။ နောက်တော့ မောင်သိန်းဆိုင်ရဲ့ ‘ရေနံသာ ခင်ခင်ကြီး’၊ သိန်းဖေမြင့်ရဲ့ ‘အရှေ့ကနေ၀န်းထွက်သည့်ပမာ’၊ မြသန်းတင့်ရဲ့ ‘ဓားတောင်ကို ကျော်၍မီးပင်လယ်ကို ဖြတ်မည်’ စသည့် စသည့် စာအုပ်များသည် ဘာမှ နားမလည်သော်လည်း ပေဖတ်ခဲ့သော စာအုပ်များဖြစ်သည်။ နွေရာသီ ကျောင်းပိတ်ရက်တိုင်း ထပ်ကာထပ်ကာဖတ်တော့ ရေးတေးတေး သဘောပေါက်လာသလိုရှိသည်။ နောက်တော့ အစ်မကြီး ကျောင်းပိတ်ရက် ပြန်လာတိုင်း ‘ပညာလောကစာစောင်’များ ပါလာတတ်သည်။ ကျမလည်း ရှစ်တန်း ကိုးတန်းရောက်ပြီမို့ စာစောင်ထဲက အနောက် နန်းမတော်မမြလေး၏ “လာလုငယ် လာလု တမ်းလုလုငေး ...”ဆိုသည့် ကဗျာမျိုးတွေ မှတ်စုစာအုပ်လေးထဲ ကူးရေးတတ်ခဲ့ပြီ။

ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲတွင် နောက်ဆုံးနေ့ သမိုင်း ဘာသာရပ်ဖြေအပြီး လာကြိုနေကျ အစ်မကြီးက ကားပေါ်တွင် ကျမပြောသမျှစကားတွေကို နားထောင်နေပြီး “သီတာ တစ်ပုဒ်မှား ဖြေခဲ့ပြီ”လို့ ပြောလေသည်။ “မကြီးကလည်း သီတာ မမှားပါဘူး။ ဘယ်နှယ့် သမိုင်းကို မှားဖြေရတယ်လို့။” (သမိုင်းရမှတ် ၆၅မှတ်ဖြင့် ပက်ပက်စက်စက် ဖြစ်ခဲ့သော်လည်း သည်ကနေ့အထိ မှားခဲ့သည်ဆိုတာကို ၀န်မခံပါ။ အစ်မကြီးဆီမှလည်း သည်စကား နောက်တစ်ခေါက် ဘယ်တော့မှ မကြားရတော့ပါ။)

စာအုပ်သေတ္တာလို ကျမ မွှေခဲ့သော အစ်မကြီး၏ နောက်သေတ္တာ တစ်လုံးမှာ သူ၏ တိုင်းရင်းသူ သူငယ်ချင်းများ တစ်နှစ်တစ်ခါ ကျောင်းပိတ်ရက် ကိုယ့်ရပ်ရွာ ပြန်ပြီး၊ ကျောင်းပြန်လာတိုင်း လက်ဆောင်ပေးခဲ့သော ရိုးရာလုံချည်များ ထည့်ထားသည့် သေတ္တာဖြစ်ပါသည်။ ဆယ်စုနှစ်ကျော်ကျော် သေတ္တာထဲ အောင်းနေရသော လုံချည်များသည် စက်မှုတက္ကသိုလ် ကျောင်းတော်သူ ကျမ ရှိုးထုတ်ရန်အတွက် အလှည့်ကျလာခဲ့ပါသည်။ သူအမြတ်တနိုး သိမ်းထားခဲ့သော လုံချည်များကို ချစ်ညီမအား ၀တ်ဆင်စေခဲ့သော်လည်း ၀တ်ပြီး ဖြစ်သလိုထားလျှင်တော့ Lecture ကောင်းကောင်း အပေးခံရပါသည်။ စက်မှုတက္ကသိုလ်တွင် နောက်ဆုံးနှစ်ရောက်သည်ထိ စာမေးပွဲရက်များတွင် မပျက်မကွက် လာကြိုလေ့ရှိသော အစ်မကြီးအား မြင်ဖူးသူများက ကျမ အမေဟု ထင်ကြလေသည်။

“ရုံးက အအေးခန်းထဲမှာ တစ်နေကုန် အလုပ်လုပ်ရတာ ကျောနာသည်၊ ရင်အောင့်သည်” စသော မခိုင်မာသည့် အကြောင်းပြချက်များဖြင့် အလုပ်မလုပ်ပဲ အိမ်ရှင်မ အမည်ခံကာ ယောင်ခြောက်ဆယ် ကိုယ့်သမိုင်းကိုယ် ရေးနေသော ကျမ ဒီကနေ့ အထူးသတိရမိသည့် အစ်မကြီးသည် ရင်သား ကင်ဆာကြောင့် နို့တစ်လုံးစိန် ဖြစ်နေပြီဖြစ်သော, ဆီးချိုရောဂါဝေဒနာရှင် တစ်ဦးဖြစ်သော, အသက် ၆၀-နား နီးသည့်တိုင် မပျက်မကွက် ကျောင်းသွားကာ သမိုင်းသင်နေသော ဆရာမ တစ်ဦးဖြစ်ပါသည်။

(အပျင်းထူနေသော မသီတာ၏ ပုံ ကိုဧရာမှတ်တမ်းတင်သည်။)

(ဒီတစ်ခါ အလှည့်ကျတာကတော့ အစ်မကြီး ဖြစ်ပါတယ်။ ပြီးရင် ဆက်တိုက်ဆိုသလို တစ်ယောက်တစ်မျိုးဆီ ချစ်စရာကောင်းတဲ့ အစ်ကို သုံးယောက်ရှိပါတယ်။ ပြီးတော့ ကျမ အထက်က ရိုးလွန်းတဲ့ အစ်မနဲ့ နောက်ကျမ အောက်က ကျမကို ကျမနေရာမှာ ရှိနေအောင် ဖြစ်နေပေးတဲ့ အချစ်ဆုံး ညီမလေးရယ် လို့ စုစုပေါင်း ၇ ယောက်တိတိ အဖေနဲ့ အမေက မွေးပေးထားပါတယ်။)

23 comments:

khin oo may said...

ကောင်းလေစွ..တထောကြီးဘဲ။

Kay said...

စောင့်ဖတ်မယ်။ ကိုဧရာရဲ့လက်ရာက..သေချာပြောလေ..ပုံတူလား..visual art လားcomtemporary လား။

သင်းနွယ်ဇင် said...

ဒီလိုအမကြီးမျိုးလိုချင်လိုက်တဲာ။
မောင်နှမများလို့အားကျတယ်သီတာ။ ဒို့လဲတဉီးတည်းသောအကိုအကြောင်းရေးဉီးမှပဲ :)

tg.nwai said...

သီတာက မကြီးပုံကို မျက်စိထဲ မြင်ယောင်အောင် ပုံဖော်နိုင်သလို ကိုဧရာကလည်း မသီတာ့ပုံကို ပုံဖော်တာ တော်ပါပေ့ကွယ်.. ဒါနဲ့ .. အဲဒါ မိုဒယ် ထိုင်နေရသေးလား..ဒါမှမဟုတ်..စိတ်ထဲရှိတဲ့အတိုင်း ဆွဲပစ်လိုက်တာလား..ဟင်င်င်င်..။

PAUK said...

အားကျလိုက်တာ..အစ်ကိုတွေအစ်မတွေ
တစ်လှေကြီးနဲ့...
ကိုဧရာဆွဲချက်အရဆိုရင်..
မသီတာက
ဆံပင်ကောက်ကောက်..
နုတ်ခမ်းပါးပါး..
ချောချောလှလှပေါ့...

Anonymous said...

၇ယောက်တောင်.........
မောင်နှမ အင်အားတောင့်တယ်နော်။
mm

Moe Cho Thinn said...

မသီတာမှာလဲ မောင်နှမတွေများတာပဲနော်။ ပျော်စရာကြီး။ မောင်နှမအကြောင်းလဲ စိတ်ဝင်စားတာပဲ။ စောင့်ဖတ်မှာပေါ့။

ပုံရိပ် / Pon Yate said...

မသီတာ ဖတ်လို့ကောင်းတယ်။ ဆက်ရေးပါ။

SDL said...

မသီတာ.....မသီတာရဲ့ အစ်မကြီးကို မှန်းကြည့်မိတယ် ။ နောက်ထပ်မောင်နှမတွေ အကြောင်းလည်း စောင့်ဖတ်မယ်..၊ ပျော်စရာကြီး...။ ကိုဧရာဆွဲပေးတဲ့ပုံက တကယ် မသီတာပုံပေါ့... ။
မသိတာရေးတာဖတ်ပြီး ညီမထက် ၁၁ နှစ်ကြီးတဲ့ မမကြီးကိုသတိရသွားတယ်..။ သူကတော့ အပျိုကြီးမလုပ်ဘူး၊ ဒါပေမယ့် ညီမကို သူ့သမီးနဲ့ တန်းတူ ချစ်တယ်...။

မီယာ said...

ဆက်ရေးနော် အမ ဖတ်လို့ကောင်းတယ်။ ပုံတူလေးတွေ ပါ အဲ့သလိုဆွဲပေးတာလည်း အမှတ်တရ သိမ်းထားဖို့ ကောင်းတယ်။

မေအောင် said...

ဖတ်လို့ ရသတွေ ခံစားရတယ်။
အားပေးလျက်ပါ...

တန်ခူး said...

အစ်မကြီးကို မြင်ဖူးတယ်ထင်တယ်…
ချစ်စရာကောင်းတယ်…
မ ရေ… တိုက်ဆိုင်လို်က်တာ… ကျွန်မလဲ ၁၀တန်းအောင်တုန်းက သမိုင်း၆၅မှတ်ပဲ…
မှားဖြေလို့ တော့မဟုတ်ဘူး… စာမေးပွဲခန်းထဲရောက်မှ အကုန်မေ့ကုန်လို့ …
ဆရာက ပုံဆွဲလဲတော်တာကိုး… ပုံလေးက ချစ်စရာလေး… မ နဲ့ တူပေမယ့် အပြင် မ က ပိုလှပါတယ်…

sonata-cantata said...

မမ kom ရေ… ထောမှထော။
ကေရေ… အားပေးတာကျေးဇူးပါ။ ခေတ်ပြိုင်တွေ, မော်ဒန်တွေမဟုတ် ‘ချစ်ခြင်းရဲ့အနုပညာ’ လို့ ပြောတာပဲ။
သင်းကြည်ရဲ့ တစ်ဦးတည်းသော အစ်ကို့အကြောင်း စောင့်ဖတ်မယ်နော်။
tg ရေ… သီတာက မော်ဒယ်အိပ်နေတာ။
ပေါက်ရေ… ကိုဧရာက သူ့လက်ရာ မမီပါဘူးတဲ့..(အဟိ..ယုံလိုက်တော့နော်။)
မွန်ရေ… အင်အားပြတာ။
ချိုသင်းရေ… အားပေးလို့ ပျော်နေတယ်။
ပုံရိပ်ရေ… မင်္ဂလာပါ… ကြိုးစားပါ့မယ်။
စင်စင်ရေ…မသီတာ အစ်မကြီးကလည်း သားနှစ်ယောက်နဲ့ ပါ။ စင်စင်ကို ချစ်တဲ့ အစ်မကြီးကို တို့လည်းလှမ်း ချစ်စ်စ်စ်...
မီယာ, မေအောင်တို့… အားပေးလို့ တောက်ကြွားလာတဲ့ မီးမီးလေး ကျမပါ…(ကျိတ်ထား... သူငယ်မ)
သမိုင်းမှာ မမှားတာကောင်းတာပေါ့ တန်ခူးရေ…။ ပုံကတော့… သူ့လက်ရာ မမီပါဘူးဆို ...(အဟိ...ချိတ်ညစ်တဲ့ အထဲမှာ အဲ့ဒါတွေလည်း ပါတယ်။)

Yu Wa Yi said...

မီးမီးတော့ ရှစ်တန်းထိပဲ သမိုင်းသင်ခဲ့ရတာ။ ဒီထွက်ခဲ့တယ်လေ(ကြွားတာပါ)။ ဒါနဲ့ မသီတာပျင်းနေတဲ့ပုံလေးကို ဦးဧရာက မျက်စိထဲကကိုမထွက်ဘူးဆိုပဲ။

Anonymous said...

အမရေ..စောင့်ဖတ်မယ်နော်..
မြတ်နိုးတို့က ၈တန်းထိပဲ သမိုင်းသင်ခဲ့ရတာ အဲ့တုန်းက မြို့နယ်မှာ အမှတ်အများဆုံး ၈၅ မှတ် ဟီး ဆရာမကျေးဇူးကြောငိ့ ဆရာမက အသင်အပြအရမ်းကောင်းတာ သူ့ကြောင့် သမိုင်းကိုကြေပီး စာမေးပွဲမဖြေခင်ကိုပဲ လက်ရွေးစင် ၁၀ယောက်ရွေးပီး အသေအချာလေ့ကျင့်ခဲ့ရတာ ခဲဖျက်ရာကအစ မပ်ါအောင် လက်ရေးလှတာ စာကြောင်းညီတာ ဆရာမကပဲ သေချာလုပ်ပေးခဲ့တာ။
ဆရာမကျေးဇူးရယ် ဖေဖေ့ကြောင့်ရယ် သမိုင်းကို ကြိုက်သွားတာ..

အမစောင့်ဖတ်နေတယ်နော်

မြတ်နိုး

Anonymous said...

အမ မေ့ခဲ့လို့ အမက ကံထူးသူပဲဟ..ဟီးဟီး

အမ အဲလိုဘာမှမလုပ်ပဲနေနိုင်တယ်ဆိုတာ အခြေအနေကလဲပေးဦးမှ .. အခြေအနေပေးတော့လည်း အမကိုယ်တိုင် မလုပ်ပဲ နေနိုင်တာပါ အမရဲ့

မြတ်နိုးဆို အခြေအနေပေးခဲ့ရင်တောင် ပျင်းမှာ မနေနိုင်ဘူး လုပ်မှာပဲ..ဟီး

ကံကောင်းသူ အမ မသီတာ

Ko Paw said...

ကျနော်ငယ်ငယ်က ပထမဦးဆုံးဖတ်ဖူးတဲ့ ၀တ္ထုတွေထဲမှာ ရေနံ့သာခင်ခင်ကြီး တအုပ်အပါအ၀င်ဖြစ်ပြီး အင်မတန် နှစ်သက်ပါတယ်။

“ခင်ကြီး ပြန်တော့မယ်အကို” ဆိုတဲ့ ရေနံ့သာခင်ခင်ကြီးပြောနေကျ စကားလေးကိုတောင် မှတ်မိနေတယ်။

Welcome said...

ညီအစ်ကို မောင်နှမများတော့ ပျော်စရာကြီး နေမှာပါ။ ဟုတ်ကဲ့ မှန်မှန်လာဖတ် ပါမယ်။ မောင်နှမများ အကြောင်းကို ..

သက်ဝေ said...

မသီတာရေးထားသော အစ်မကြီး အကြောင်းကို ဖတ်သည်...။
ကိုဧရာ မှတ်တမ်းတင်ထားသော မသီတာ၏ ပုံတူ ကို ကြည့်သည်...။ (အမှန်က မသီတာ က ပုံထဲကထက် အများကြီး ပိုလှတာပေါ့...)
ပြီးတော့ အောက်က မှတ်ချက်တွေကို ဖတ်သည်...။
ပျော်စရာ ကြည်နူးစရာ...။

နောက်ဆက်ရေးလာမည့် မသီတာ၏ ချစ်စဖွယ် မောင်နှမများ အကြောင်း ပိုစ့်များကို စောင့်မျှော်နေမည်...။

sonata-cantata said...

ရှစ်တန်းအထိပဲ သမိုင်းသင်ရတဲ့ ယုဝရီနဲ့ မြတ်နိုးတို့က Bio သင်ရမယ်ထင်တယ်။ မသီတာက Bio မသင်ဖူးဘူး။ (လာမမေးနဲ့နော်... အသည်းက ဘယ်မှာ.. နှလုံးက ဘယ်မှာ...သမိုင်းလိုပဲ မှားဖြေပလိုက်မှာ...)

ကိုပေါရေ ..မသီတာ ဖတ်ခဲ့စဉ်က မှတ်မှတ်သားသား မရှိခဲ့ပါဘူး။ အခုများဖြစ်နိုင်ရင်တော့ ထပ်ဖတ်ချင်သား။

ကိုဝင်းဇော်ရေ... မသီတာ မောင်နှမတွေနဲ့ အင်မတန်ကို ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀ကို (ဘလော့မှာ ကိုဝင်းဇော် မကြာခဏ ဆုတောင်းပေးသလို) ရခဲ့တာ အမှန်ပါ။

သက်ဝေ .. သက်ဝေ .. ချစ်သက်ဝေရေ
မသီတာလေ လောလောဆယ်တော့ မောင်နှမတွေ အကြောင်းပို့စ်ဆက်မရေးနိုင်သေးဘူး။ ရေးပြီးရင်တော့ လာဖတ်ပေးပါဦးနော်။

စုချစ် said...

ကိုယ့်မှာ ဟောဒီက သားသားလေးကို ချစ်ရတာကတသွယ်၊ ဟောဒီက ဖေဖေကြီးကို မေတ္တာပိုရတာကတမျိုး၊ ဆိုပြီး ဇာတ်မင်းသား ၂ပါးသွားကနေသလို စတိုင်နဲ့ မမသီတာ လေသံကို အခန်းထဲက နားထောင်ပြီး ပြုံးခဲ့ရတာ ခုချိန်ထိ မှတ်မိနေတုန်း... ဟီး။

မမသီတာ ရေးတာတွေ ဖတ်ရတာ အနားမှာ လာစကားပြောနေသလိုပဲ....

ဆရာ့လက်ရာ တူတယ်တော့... ကယ်ရီကေးချားဆွဲလို့ရပီ။
း-)

ကော်မန့်တွေ သိပ်မရေးဘူးလို့ အမှားပါရင် ခွင့်လွှတ်ပါနော့...

sonata-cantata said...

စုချစ်ရေ လာလည်ရုံတင်မက ကော်မန့်လေးလည်း ရေးသွားလို့ ပျော်နေတယ်

sonata-cantata said...

July 1, 2009 9:00pm
မိဘ ညီအကို မောင်နှမ မိသားစုများအပေါ် တအားသိတတ်၊ အမြတ်တနိုးတန်ဖိုးထားတတ်တဲ့ ညီမလေးရထားလို့ ကျေနပ်နှစ်သက်ကြည်နူးခြင်းဖြစ်ရပါတယ်။
ညီမလေးဘ၀လှပ သာယာချမ်းမြေ့ပါစေ

မကြီး