Tuesday, June 2, 2009

နောင်အနှစ်နှစ်ဆယ်မှာ

ငါ့မျက်လုံးတို့ကား မွဲကြပေမည်။ သို့သော် ငါ့အမြင်များ သဲကွဲလိုသည်။

နားတွေကလည်း လေးပင်းကြပေဦးမည်။ ကလိမ်စေ့ ငြမ်းဆင် မုသာဝါဒတို့ တိုးသဲ့သဲ့မျှ မကြားချင်ပြီ။ သို့သော် အကင်းလေးတော့ ပါးလိုသည်။

ပိတ်ထားရပါများလို့ ပုတ်ညှီနေတဲ့ မွေးရာပါ ထိုပါးစပ်။ စည်ကြီးလိုပါတဲ့ တီး၍လာတိုင်း တဒိန်းဒိန်းပ မြည်ချင်သည်။ ကြာညိုနံ့တို့သင်းလိုသည်။

အနံ့ခံ အမဲလိုက်ခြင်းအတတ်နဲ့ အသက်မမွေးခဲ့ရခြင်းအတွက် လိပ်ပြာကြီးငယ် သန့်လိုသည်။
မသင့်မတင့် မခိုးမခန့် မလိမ့်တပတ် မိန်းမမိုက်တယောက် မဖြစ်လိုသည်။

သံဝေဂကို အဖေါ်ပြုရငြား၊ နောင်တတို့မှ ဝေးလိုသည်။
ဦးခေါင်းကိုမော့ ရင်ကိုကော့၍ အသက် ၀ ၀ ရှူချင်သည်။

17 comments:

အိမ့်ချမ်းမြေ့ said...

တိုတိုလေးနဲ့ အလွန်လေးနက်ပါတယ်..

မလေးကတော့ ခုထဲက မျက်စိက မွဲချင်နေပြီ :D

Rita said...

တိုက်ရိုက် ထိ သွားပါတယ် မမရယ်

MANORHARY said...

မသီတာ
နောင်အနှစ် ၂၀မှာ
လိပ်ပြာသန့်သန့်နဲ့အသက်ဝဝရှူနိုင်သူပဲဖြစ်ချင်
တာချင်းတော့တူတယ်..

အောင်သာငယ် said...

လိုတိုရှင်းစွာ လေးနက်ကောင်းမွန်ပါပေတယ် မသီတာ...

ခင်မင်းဇော် said...

ဖတ်ရတာ အဓိပ္ပါယ် ရှိုလိုက်တာ ကျေးဇူးနော်။ အမလဲ ဘာရေးရမယ်တောင် မသိသေးဘူး။ ဒီခေါင်းစဉ်နဲ့ တက်လာလို့ လာဖတ်တာ

ရွာသားလေးဝိုင်တီယူ said...

တိုထိမိ ကျလိကျလိဖြစ်စေပါသည်

Moe Cho Thinn said...

နောင်အနှစ်နှစ်ဆယ်မှာ မျှော်လင့် ယုံကြည် ထားသလို ဖြစ်ပါစေ။ ဖြစ်မယ်လို့လဲ ယုံကြည်ခိုင်မြဲလျက်..

Anonymous said...

သံဝေဂကို အဖေါ်ပြုရငြား၊ နောင်တတို့မှ ဝေးလိုသည်။
ဦးခေါင်းကိုမော့ ရင်ကိုကော့၍ အသက် ၀ ၀ ရှူချင်သည်။

i like.

myatnoe

တန်ခူး said...

ရေးတတ်လိုက်တာ မ ရေ… လေးနက်လိုက်တာ… ရိုးရိုးကျင့် မြင့်မြင့်ကြံပါပဲ မ ရယ်… မြင့်မြတ်တဲ့ မ တောင့်တမှုတွေက ခုကတည်းက မှန်မှန်ကန်ကန် ကျင့်ကြံမှုကြောင့် ဧကန်မုချ ရမှာပါ… ကျေးဇူးပါ မ ရေ…

tg.nwai said...

သီတာပြောတဲ့အတိုင်းပဲ တို့လည်း ဖြစ်ချင်ပါသည်။
လိပ်ပြာသန့်သန့်နဲ့ လေကောင်းလေသန့်တွေကိုသာ တ၀ကြီး ရှူရှိုက်လိုပါသည်။
နောင်တတွေ တလှေကြီးကို သံသရာထဲ ယူမသွားချင်..။

Ko Paw said...

ကျွန်ုပ်အဖို့မူကား နောင်အနှစ် ၂၀ တွင် အရိုးဆွေးချင်လည်း ဆွေးနေပေရော့မည်။ နောက်တစက္ကန့်တိုင်းအတွက်ပင် လူ့ဘ၀သည် မသေချာ။ မရေရာ။ ဇရာနှင့် သေခြင်းတရားသည် မွေးကတည်းက နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလျက် ရှိချေသည်။ ဤအချက်ကိုလည်း သတိပြုကြကုန်လော့။

ကျွန်ုပ်ကိုယ်တိုင်ပင်လျှင် ရှိရင်းစွဲအသက်ထက် ငယ်ရွယ်သည်ဟု အများက ထင်မှတ်ကြသော်ငြား (ဤကားစကားချပ်။ ဟုတ်ဟုတ် မဟုတ်ဟုတ်….အဟီး)း-)…..

ကျွန်ုပ်တို့သည်လည်း အိုခြင်းသဘောရှိ၏။ နာခြင်းသဘောရှိ၏။ သေခြင်းသဘောရှိ၏၊ ကျွန်ုပ်တို့ချစ်မြတ်နိုးသူများနှင့် သေကွဲသော်လည်းကောင်း၊ ရှင်ကွဲသော်လည်းကောင်း ကွဲရချေမည်။ ကံသာလျှင် အမိအဖဖြစ်၏။ ကံသာလျှင် အားကိုးရာရှိ၏။…….ဆိုသည်ကို နေ့နေ့ညည ဆင်ခြင်ကြပါကုန်လော့။

မိုးခါး said...

တိုတိုလေးနဲ့ အရမ်းလေးနက်ပါတယ်း)

ရွှန်းမီ said...

နောင်လာမယ့် အနှစ်၂၀ မှာ .. .
မသီတာ တွေးပုံလေး ကောင်းတယ်..
အဆင်ပြေပါစေ =)

သက်ဝေ said...

မသီတာရေ...
ရေးထားပုံလေးကို ကြိုက်လိုက်တာ...
ဖတ်ရတာလဲ တိုတိုရှင်းရှင်းနဲ့ လိုရင်းကို ထိထိမိမိနဲ့ အဓိပ္ပါယ် ရှိုလိုက်တာ...
ကိုယ်တိုင်ကတော့ အသိသာရှိပြီး အကျင့်မရှိသေးလို့ ဒီလိုမျိုးတွေ မတွေးတတ် မရေးတတ်သေးတာလို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်သွားပါတယ်...

sonata-cantata said...

2 Jun 09, 23:19
အပြုံးပန်း: ရောက်လာပါတယ် မသီတာ။
2 Jun 09, 23:22
S-C: အပြုံးရေ ပန်းတွေပဲ ကြည့်နေတုန်းလား

3 Jun 09, 02:41
ုkom: kom: ရောက်စ်

3 Jun 09, 04:37
ဆောင်း: ကျမက ခုထဲက သိပ်မမြင်ချင်တော့ဘူးး-) ၀ါးလဲမ၀ါးနိုင်တော့ဘူး (သွားကွဲနေလို့ ) .... သြော် နောင် အနစ်၂၀..

3 Jun 09, 09:10
ယုဝရီ: ကျွန်မလည်း ရောက်စ်။ “ကလိမ်စေ့ ငြမ်းဆင်” တော့ အပေါ်ရောက်အောင်မတတ်နိုင်ပဲ ချော်ချော်ကျတယ် လို့ မှတ်သား
3 Jun 09, 09:12
ယုဝရီ: ဖူးကြောင်း မတီးပဲမြည်ခဲ့ပါတယ်မသီတာ။ ခင်မင်မှုနှင့်ပါ။

JulyDream said...

အနှစ် ၂၀ ရေးတဲ့အထဲမှာ အရှင်းဆုံးပဲ...

ဧရာဝတီသား said...

သိပ်လေးနက်ပြီး၊ တန်ဖိုးရှိပါတယ်။
ကဗျာလေး အတွက်ကျေးဇူးပါ။