Friday, August 15, 2008

Freethinkers နှင့် မြတ်ဗုဒ္ဓ

“လွတ်လပ်စွာ တွေးခေါ်မှု”ကို ဘာသာရေး၏ ဆန့်ကျင်ဖက်ဟု လက်ခံကြသောကြောင့် လွတ်လပ်စွာ တွေးခေါ်လိုသူ အချို့က ဘာသာတရားကို ဆန့်ကျင်ကြသည်။ ဘာသာမဲ့ အချို့ကလည်း လွတ်လပ်စွာ တွေးခေါ်သူများဟု အမည်ခံကြသည်။ စင်စစ် ဘာသာတရား ကင်းမဲ့ခြင်းမျှသည် လွတ်လပ်စွာ တွေးခေါ်ခြင်း မဟုတ်။ ကြောက်၍ လက်ခံရခြင်းဟူသော ဘယာဂတိ၊ မသိနားမလည်ပဲ တွေဝေသော မောဟာဂတိ၊ မိမိအကြိုက်လိုက်၍ တွေးခေါ်သော ဆန္ဒာဂတိ၊ အမုန်းတရားဖြင့် ရှုမြင်သော ဒေါသာဂတိ စသည့် အဂတိတရား လေးပါး ကင်းအောင် တွေးခေါ်မှသာ လွတ်လပ်စွာ တွေးခေါ်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာသည် လွတ်လပ်စွာ တွေးခေါ်မှုကို အလေးပေးသော ဘာသာတစ်ရပ် ဖြစ်သည်။

ဗုဒ္ဓမြတ်စွာနှင့် ထိုခေတ်က freethinker တစ်ဦးတို့၏ တွေ့ဆုံခန်းကို မဇ္ဈိမနိကာယ် ဒီဃနခသုတ္တန်တွင် တွေ့နိုင်သည်။ အနောက်တိုင်းတွင် ခရစ်ယာန်တို့၏ သမ္မာကျမ်းစာများ၊ ဘုရားကျောင်းများကို ဆန့်ကျင်သော freethought လှုပ်ရှားမှု ပေါ်ပေါက်ခဲ့သည့် နည်းတူ၊ မဇ္ဈိမဒေသခေါ် အိန္ဒိယနိုင်ငံတွင်လည်း ဗြာဟ္မဏတို့၏ ဝေဒကျမ်းစာများ၊ ယဇ်ပူဇော်ခြင်းများကို ဆန့်ကျင်သော လှုပ်ရှားမှု ပေါ်ထွန်းခဲ့သည်။ သမဏ ခေါ် ရဟန်းများ, ပရိဗ္ဗာဇက ခေါ် တစ်နေရာမှ တစ်နေရာ လှည့်လည်၍ တရားရှာဖွေသော ပရိဗိုဇ်များသည် ထိုခေတ်၏ thinkers များဖြစ်ကြသည်။

“ဒီဃနခ”သည် ပရဗိုဇ်တစ်ဦးဖြစ်သည်။ ဒီဃနခဟူသော အမည်သည် အမည်ရင်း ဟုတ်ဟန် မတူ။ “လက်သည်းရှည်”ဟု အဓိပ္ပါယ်ရ၍ လက်သည်းအရှည်ထားသော ပရိဗိုဇ်တစ်ဦး ဖြစ်ပေလိမ့်မည်။ အရှင်သာရိပုတ္တရာ၏ တူတော်စပ်သဖြင့် အရှင်သာရိပုတ္တရာ၏ ယခင်က ဆရာဖြစ်ခဲ့ဖူးသော သိဉ္ဇည်းဆရာ၏ ဂိုဏ်းမှ ပရိဗိုဇ်တစ်ဦး ဟုလည်း ခန့်မှန်းရ သည်။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်အနီးရှိ ဂိဇ္ဈကုဋ်တောင် လှိုဏ်ဂူတစ်ခုတွင် သီတင်းသုံးနေစဉ် ဒီဃနခ ရောက်လာခြင်းဖြစ်သည်။ နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် ဒီဃနခက မိမိသည် “အယူအားလုံးအား (မနှစ်သက်) လက်သင့်မခံ”ဟု ဆို၏။ ယနေ့ခေတ် ဘာသာတရား မယုံကြည်သူ အများအပြားသည် ဤသို့ နှင်နှင်သော အယူအဆရှိ ကြသည်။ ဒီဃနခသည်သာ ယနေ့ခေတ်တွင် ရှိပါက မိမိကိုယ် မိမိ freethinker အဖြစ် ကင်ပွန်းတပ်ကောင်း တပ်ပေ လိမ့်မည်။ ဗုဒ္ဓက “အဂ္ဂိဝဿန (ဒီဃနခ၏ မျိုးရိုးအမည်)… ဤသို့ဆိုက ‘အယူ အားလုံးအား လက်သင့်မခံ’ ဟူသော အယူကိုလည်း လက်မခံနိုင်ပါ သလော”ဟု မေးခွန်း တုန့်ပြန်၏။ ဗုဒ္ဓက ဒီဃနခ၏ အဆိုသည် အချင်းချင်း ဝိရောဓိ ဖြစ်နေသည်ကို ထောက်ပြ လိုက်ခြင်းဖြစ်သည်။ “ငါ ပြောသမျှအားလုံး အမှားချည်း ဖြစ်သည်”ဟူသော အဆိုကဲ့သို့ ဒီဃနခ၏ စကားသည် အဓိပ္ပါယ်ဆန့်ကျင်ဖက် ဖြစ်နေသည်။ ဒီဃနခကလည်း ထိုအချက်ကို ရိပ်မိသည်။ “လက်ခံသည်ဟု ဆိုပါက (အခြား အယူရှိသူတို့နှင့်) အတူတူပင် ဖြစ်နေပါလိမ့်မည်” ဟု ဆို၍ မိမိ စကား၏ ချို့ယွင်းချက်ကို ဖုံးကွယ်ကာ မိမိ အယူအဆအား ဆက်လက် ဆုပ်တွယ် ထား၏။

လောကတွင် မိမိ၏ အယူအဆ၌် အချင်းချင်း မညီမညွတ် ဝိရောဓိရှိနေသည်ကို ရိပ်မိကြသော်လည်း၊ မိမိ၏ အယူကိုလည်း မစွန့်လွတ်, အခြားသော အယူတစ်ပါး အားလည်း စွဲလမ်းနေကြသည်သာ များ၏။ မိမိ၏ အယူအား စွန့်လွတ်၍ တစ်ပါးသော အယူအားလည်း မစွဲလမ်းသူတို့သည် အလွန်နည်းပါး ကြ၏။

အယူဝါဒများနှင့်စပ်၍ အချို့သည် (၁) အားလုံးအား နှစ်သက် လက်ခံ၏။ အချို့က (၂) အားလုံးအား မနှစ်သက်။ အချို့ကား (၃) အချို့ကို နှစ်သက်၍ အချို့ကို မနှစ်သက်။ ဤသုံးမျိုးတို့တွင် အားလုံးအား နှစ်သက်သော ပထမအယူသည် တပ်မက်ခြင်း, အစွဲအလမ်း, အနှောင်အဖွဲ့တို့နှင့် နီးစပ်၏။ အားလုံးအား မနှစ်သက်ဟူသော ဒုတိယအယူသည် တပ်မက်ခြင်း, အစွဲအလမ်း, အနှောင်အဖွဲ့တို့ ကင်းခြင်းနှင့် နီးစပ်၏။ ဗုဒ္ဓက ဤသို့ မိန့်ကြားသောအခါ ဒီဃနခပရိဗိုဇ်သည် “အရှင်ဂေါတမသည် မိမိ၏ အယူဆအား ချီးမွမ်းပေ၏” ဟု ဝမ်းသာအားရ ဖြစ်လေသည်။

ဘာသာအယူဝါဒတို့အပေါ် စွဲလမ်းဆုပ်တွယ်ထားခြင်းထက် လွတ်လပ်စွာ တွေးခေါ်ခြင်းသည် အနှောင်အဖွဲ့ကင်းသည်။ စိတ်ဖိစီး လွမ်းမိုးခံရမှု ကင်းသည်။ သို့သော် အမှန်တကယ် လွတ်လပ်စွာ တွေးခေါ်ခြင်းမဟုတ်ပဲ၊ အခြားသော အယူဝါဒ အားလုံးတို့အား ငြင်းပယ်မှုကိုသာ ရှေ့တန်းတင်၍၊ “ဤအယူသာ မှန်၍ အခြားအယူတို့သည် အချည်းနှီးတည်း” (ဣဒမေ၀ သစ္စံ, မောဃမညံ)ဟု တရားသေ ဆုပ်ကိုင်လိုက်ပါက ဝိဝါဒကွဲပြားခြင်း၊ အငြင်းပွား ရန်များခြင်းတို့၏ အကြောင်းသာ ဖြစ်ပေမည်။ ထို့ကြောင့် ထိုသို့ တထစ်ချ ဆုံးဖြတ်ခြင်း မပြုပဲ အယူဝါဒ အနှောင်အဖွဲ့တို့မှ ကင်းအောင် တွေးခေါ်သူတို့ကိုသည်သာ ဗုဒ္ဓ သဘောကျ, ချီးမွမ်းသော freethinkers များဖြစ်လေသည်။

ထို့နောက် ဗုဒ္ဓမြတ်စွာသည် ဒီဃနခအား ရုပ်ကမ္မဋ္ဌာန်းနှင့် ဝေဒနာကမ္မဋ္ဌာန်းတို့ကို ဆက်လက် ဟောကြားတော်မူသည်။ ဒီဃနခ၏ ဦးရီးတော်ဖြစ်သော အရှင်သာရိပုတ္တရာသည် ဗုဒ္ဓမြတ်စွာအား ယပ်ခတ်ပေးနေရင်း၊ တရားနာကြားခွင့် ရ၏။ ထိုစဉ်က ရဟန်းသက် သီတင်းနှစ်ပတ်မျှနှင့် သောတာပန်အဆင့်တွင်သာ ရှိသေး၏။ တရားတော်ကို နာကြားရင်း တရားသဘောတို့ကို အဖန်ဖန် ဆင်ခြင်၍၊ အရှင်သာရိပုတ္တရာသည် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်လေသည်။ ဒီဃနခသည်လည်း မှားယွင်းသောအယူ (မိစ္ဆာဒိဋ္ဌိ) နှင့် သို့လော သို့လော ယုံမှားသော (ဝိစိကိစ္ဆာ)တို့ကို အမြစ်မှ ပယ်သတ်၍ သောတာပန်အဖြစ်သို့ ရောက်၏။ အယူအားလုံးတို့အား မှားယွင်းစွာ စွဲလမ်းဆုပ်ကိုင်ခြင်း ကင်းသော freethinker အစစ်သို့ ရောက်သည်ဟုလည်း ဆိုနိုင်ပါသည်။
စာညွှန်း။
၁။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ပရိဗ္ဗာဇကဝဂ်၊ ဒီဃနခသုတ်
၂။ Early Buddhist Theory of Knowledge, K. N. Jayatilleke

ဧရာ (မန္တလေး)

3 comments:

Yu Wa Yi said...

မသီတာ ဆီကပညာတွေပဲ မသိအောင်တမျိုး သိအောင်တဖုံ လာလာယူနေမိပြီ။ သားကြီးလည်း အသက်ရှည် ကျန်းမာလို့ လိုရာဆန္တတွေ ပြည့်ဝနိုင်ပါစေရှင်။

Ko Paw said...

တချို့သော ဖရီးသင့်ကာ တွေသည် တကယ့်တကယ် လွတ်လပ်စွာတွေးခေါ်ကြသူများမဟုတ်။ တွေးခေါ်ရမည်ကို ပျင်းရိသော Lazy Thinker များ ဖြစ်သည်ဟု ဝေဖန်ပြောဆိုသည်ကို တနေရာမှာ ဖတ်ဘူးသည်။

ကျနော်သည်လည်း ဗုဒ္ဓဘာသာဝင်အမည်ခံလျက်ရှိသော်လည်း တွေးတောရမည်ကို ပျင်းရိသူ အမျိုးအစားတွင် ပါဝင်မှန်းမသိ ပါဝင်နေမိသည်ကို သတိပြုမိပါသည်။

တန်ခူး said...

freethinker ရဲ့အနက်ကို ခုမှ ပိုသဘောပေါက်သွားတယ် ဆရာ... ဗဟုသုတ အလွန်ရတဲ့postလေးမို့ မျှဝေပေးတာ ကျေးဇူးပါ...