Thursday, January 22, 2009

Free English Course for Parents - Day 2

Day 1
Day 2
စုစုပေါင်း (၁၂)ယောက်ရှိတဲ့ List က ကိုယ့်နာမည်ကို ကြည့်ပြီး အခန်းထဲဝင်တော့ အထဲမှာ ကိုရီးယားသူတွေရောက်နှင့်နေတယ်။ အခန်းအပြင်ပြန်ထွက်ပီး နာမည်စာရင်းကို တစ်ခါပြန်ကြည့်သေးတယ်။ ဓာတ်လှေကားအတူ စီးခဲ့တဲ့ တိုင်ဝမ်က PhD တရုတ်အမျိုးသမီး အခြားအခန်းထဲ ဝင်သွားလို့ အဲ့ဒီအခန်းရှေ့က နာမည်စာရင်း List ကို သွားဖတ်တော့ Singaporean တွေရဲ့ နာမည်တွေ အစဉ်လိုက်တွေ့တယ်။ ငါတော့ Basic အတန်းရောက်ပြီလို့ သုံးသပ်မိပါပြီ။ ဘယ်တော့မှလည်း တိုးတက်တော့မှာ မဟုတ်ပါဘူးလို့ ဆုတ်နစ်သော နှလုံးသားဖြင့် တွေးထင်ရင်း ပို၍ပင် ဝမ်းနည်းလာမိသလိုခံစားရပါတယ်။

သင်တန်းသား ၁၂ယောက်ကို စားပွဲ တစ်ခုလျှင် ၄ယောက်ကျစီဖြင့် အုပ်စု ၃စု ခွဲလိုက်ပါတယ်။ ကျမ ထိုင်မိတဲ့ စားပွဲမှာ ကိုးရီးယားသူ ၃ဦးနှင့် ဖြစ်ပါတယ်။ (သင်တန်းနေ့တိုင်းကို ဒီအုပ်စု အတိုင်းထိုင်စရာမလိုပါ။)
ဒီနေ့မှာတော့ ဆရာမ ၆ယောက်က တစ်ယောက်လျှင် မိနစ်၂၀စီဖြင့် ၁၂၀-မိနစ် (၂-နာရီ)ကို ဆက်တိုက် သင်သွားမှာဖြစ်ပါတယ်။

ပထမဦးဆုံး စသင်တဲ့ ဆရာမက Kim ဆိုတဲ့ Singaporean တရုတ်လူမျိုးပါ။ စာသင်ကြားမှု အတွေ့အကြုံမရှိသေးသူလို့ ခန့်မှန်းရပါတယ်။ (နောင်မှာ ကျမရဲ့ မူပိုင်ဆရာမ ဖြစ်လာမည့်သူပါ။ ကျမ ခန့်မှန်းချက် မှန်ကန်ကြောင်းကို နောက်ပို့စ်တွင် အကျယ်ရေးပါမည်။) နီပြီး အနည်းငယ်ပြူးကျယ်နေတဲ့ သူမျက်လုံးတွေနဲ့ တုံ့ဆိုင်းနေတဲ့ သူ့အသံက nervous ဖြစ်နေတာကို ဖေါ်ပြနေပါတယ်။ တနည်းအားဖြင့်သူဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့လည်း ခံစားလို့ရပါတယ်။

Getting to know you ဆိုတဲ့ topic အတွက် Kim က
1. Can you speak 3 languages?
2. Do you like to eat durians?
3. Can you cook?
4. Do you like to eat chocolates?
5. Do you have more than 3 children?
6. Do you like shopping?
7. Can you drive?
8. Do you like to sing?
9. Do you have more than 20 pairs of shoes?
10. Can you swim?
ဆိုတဲ့ outline မေးခွန်းတွေထဲကမှ ကျမကို မေးခွန်း သုံးခု ကောက်နုတ်ပြီး မေးပါတယ်။
Can you speak 3 languages? my answer is No.
Can you drive? No.
Kim: Ok, Ok..the last question, Can you swim? No.
ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလိုက်ပါသလဲ … ?
ကိုရီးယားသူ သုံးဦးစလုံး language ၃-ခုမတတ်ပေမဲ့ ကားတော့ မောင်းတတ်ကြပါတယ်။
အစကတည်းကမှ စိတ်အားငယ်ချင်နေတာ ပိုလို့ down သွားပါတယ်။

နောက် ဒုတိယအနေနဲ့ အလှည့်ကျတဲ့ ဆရာမကတော့ Mei Leen ပါ။ သူကလည်း Singaporean တရုတ်လူမျိုးပါပဲ။ သူကတော့ အသက်-၅၀ ဝန်းကျင်လို့ ခန့်မှန်းရပြီး သင်ကြားမှု အတွေ့အကြုံရှိသူလို့ သူ့ရဲ့ ဟန်ပန်အရ ခန့်မှန်းရပါတယ်။ English သင်ဖို့ သင်တန်းတက်နေသူဆိုတော့ ဆရာမဖြစ်မယ်ဆိုလျှင် အခြားဘာသာရပ်ကို သင်တာဖြစ်လိမ့်မယ်လို့ အတွေးဝင်နေမိပါတယ်။
သူကတော့ ကျောင်းသူတွေကို စာရွက်အဝါ အပိုင်းလေးတွေတစ်ယောက် တစ်ရွက်စီဝေပေးပြီး အဲဒီစာရွက်ပေါ်မှာ အောက်ပါ မေးခွန်းတွေရဲ့ ကိုယ်ပိုင် အဖြေကို ရေးပါတဲ့။

1. Who is someone famous that you would like to meet?
2. What is your Favourite dish?
3. Where do you usually shop?
4. What is your hobby?
5. Which country would you like to visit?

ပြီးတော့မှ ကိုယ့် group ထဲမှာ ဘာကြောင့် ဆိုတာကို အချင်းချင်း ဆွေးနွေးပါတဲ့။

ကျမတို့ အဖွဲ့ထဲမှာ No. 1 မေးခွန်းအတွက် ကျောင်းသူနှစ်ဦးရဲ့ အဖြေဟာ စိတ်ဝင်စားစရာကောင်းစွာ တူနေပါတယ်။ Barack Obama ပါတဲ့။ Why Obama? ကျမကမေးပါတယ်။ He is the first African American President in United State and he looks intelligent. နောက်တစ်ယောက်ကတော့ ရုပ်ရှင်မင်းသား Nicolas Kage ပါတဲ့။ Why? ဆိုတော့ သူ့ရဲ့ ဇနီးက ကိုရီးယားသူမို့ပါတဲ့။ ဘဝတူ အိမ်ထဲနေသည့် အိမ်ရှင်မတွေ ဖြစ်ပေမဲ့ ခေသူတွေတော့ မဟုတ်ကြဘူးနော်။

နောက်ဆရာမကတော့ ရှေ့ကဆရာမ တွေလို “Good morning!” တို့… “Hello everybody” တို့လို အားလုံးကို သိမ်းကျုံး နှုတ်ဆက်တဲ့ အသုံးအနှုံးမျိုးတွေနဲ့ မစပါဘူး။ ကျမတို့တွေရှေ့မှ ရေးပြီးချထားရတဲ့ နာမည်တွေကို လိုက်ဖတ်ပြီး Hello Thida...Hello Mi Ae စသဖြင့် တစ်ယောက်ချင်းစီကို နာမည်ခေါ်ပြီး နှုတ်ဆက်ပါတယ်။ ပြီးတော့မှ I’m Christina. I’m from England. နောက်ပြီး တဆက်တည်း ဆိုလိုက်ပါသေးတယ်။ Do you know England? တဲ့.. ကျမလည်း သူ့လို ဒါတောင်မသိဘူးလားဆိုတဲ့ သဘောမျိုးပါတဲ့ အဖြေပါပီးသား မေးခွန်းကို လူတွေရှေ့မှာ မထေ့တထေ့ပုံစံလေးနဲ့ Do you know Burma? လို့ မေးလိုက်ချင်စမ်းပါတော့တယ်။

အံ့သြစရာကောင်းတာက သင်တန်းသူတွေရဲ့ နာမည်ကို သူအလွတ်မှတ်မိသွားပါပြီ။ စာသင်ရင်း အလျဉ်းသင့်သလို နာမည်တွေခေါ်ပြီး မေးခွန်းတွေမေးတော့တာပဲ။ (သူတို့တွေဟာ တော်ကို တော်နေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ တဖက်စောင်းနင်း အထင်ကြီးနေတာ မဟုတ်ကြောင်း ဒီနေရာမှာ မရှင်းပါရစေနဲ့ဦး။)

To have in common with friends ဆိုတဲ့ ခေါင်းစီးအောက်မှာ သူက သင်တန်းသား တွေမှာ ဘယ်လို တူညီတဲ့ အချက်တွေရှိပါသလဲလို့ မေးခွန်းလေးမေးလိုက်တော့ သင်တန်းသူ တစ်ယောက်က ဖြေပါတယ်။
We all are women တဲ့။ ဟုတ်ပါတယ်။ တာဝန်ခံဆရာ Mr. Keith ကလွဲရင် စာသင်ခန်းထဲမှာ ဆရာတပည့် အားလုံးဟာ အမျိုးသမီးတွေချည်းပါ။ ဒီတော့ Christine က Mr. Keith ဟာ ဒီသင်တန်းအတွက် Special woman ပါဆိုတော့ သူကလည်း သူစားပွဲမှာ ထိုင်နေရင်း ကနွဲ့ကလျဟန်လေး လုပ်ပြလေရဲ့။

နောက်တော့ ဒီလို
-Movies
-Foods
-Shopping
-Holidays
-Sport
စသဖြင့် topics လေးတွေ ချပေးလိုက်ပြီး ကိုယ့် partner နဲ့ ဆွေးနွေးခိုင်းပါတယ်။ ကျမနဲ့ ကျမရဲ့ partner (Mi Hyun) တို့ Shopping နဲ့ Sport မကြိုက်တာ တူလို့ နှစ်ယောက်သား တပြုံးပြုံးနဲ့ပေါ့

နောက် တစ်ယောက် အလှည့်ကျတဲ့ ဆရာမကတော့ Olivia ဆိုတဲ့ ချောမောလှပ ပြုံးချိုသွက်လက်နေသူလေးပါ။ သူက ဒီစာလုံးလေးတွေကို ချရေးလိုက်ပါတယ်။ အဲ့ဒါ သူ့အကြောင်းတွေပါတဲ့။ သူ့ဆီက ဒီလိုအဖြေတွေ ကြားရဖို့ ဘယ်လိုမေးခွန်းတွေ မေးရမလဲဆိုတာကို စာရွက်မှာ ချရေးစေပါတယ်။
Singaporean
Clementi
30 years old
white
Chinese
နောက် အဲ့ဒီမေးခွန်းတွေအတွက် ကိုယ်နဲ့ သက်ဆိုင်တဲ့ အဖြေတွေကိုလည်း ချရေးစေပါတယ်။ တစ်ယောက်ချင်းစီရဲ့ အဖြေတွေကို လိုက်ကြည့်နေခဲ့ပြီးမှ Nilsa (ဖိလစ်ပိုင်မှ) for your favourite colour, I saw very strange answer, pink/orange. why? Nilsa က ပြန်ဖြေတာကတော့ pink က သူ့အမျိုးသားစိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ သူတို့ မင်္ဂလာဝတ်စုံ အရောင်ပါတဲ့။ orange ကတော့ သူ့ရဲ့ favourite ပါတဲ့။

နောက်လာသူကတော့ HuiYing ဆိုတဲ့ ယောက်ျား ဆန်ဆန် ဆရာမလေးပါ။ သူကတော့
Learn about…
Share with…
Note down… လို့ ရေးချလိုက်ပြီး

My Learning experiences…အကြောင်း
1. What are your reasons for learning English:
2. What were your previous English language learning experience(s):
3. How you were taught in a class
4. What did you enjoy in the process?
5. What are the areas you need to practice:
4. Others
စတဲ့ အချက်တွေ ဆွေးနွေးပါတယ်

ဒီနေ့ အတွက် နောက်ဆုံး သင်မဲ့ ဆရာမကတော့ အိန္ဒိယ လူမျိုး Rashmi ပါ။ သူကတော့ ဒီသင်တန်းမှာ တွေ့ဆုံရတဲ့ ကျောင်းသားတစ်ယောက် အကြောင်းကို သူ့ဆီကို စာတစ်စောင်ရေးခိုင်းပါတယ်။
ပြီးတော့ ကိုယ်ရေးထားတဲ့ စာကို တစ်တန်းလုံးကြားအောင် ပြန်ဖတ်ပြစေပါတယ်။
ကျမတို့ အုပ်စုထဲက Mi Ae ကတော့ ကျောင်းခန်းထဲ ဝင်လာရင် တံခါးကို ဒုံးဒိုင်မြည်အောင် ကြမ်းတမ်းတဲ့ အမူအယာရှိတဲ့ ပီကေ အမြဲ ဝါးနေတဲ့ ကျောင်းသားအကြောင်း Complain letter မျိုးရေးပါတယ်။ (တကယ်တော့ အတန်းထဲမှာ မရှိပါဘူး။ သူ စိတ်ကူးယဉ်ပြီးရေးတာပါလို့ စာကိုမဖတ်ခင်အရင် ရှင်းပြပါသေးတယ်။ သူတို့ ဉာဏ်သွားပုံကို ကျမ တိတ်တခိုး အတုယူမိပါတယ်)

Writing letter informal ဆိုတဲ့ ခေါင်းစဉ်နဲ့ Personal စာတစ်စောင်ရဲ့ ရှိသင့်တဲ့ အင်္ဂါရပ်တွေကို ရှင်းပြပါတယ်။
1. greeting and name of recipient
2. Introductory sentence
3. Body
4. Closing sentence
5. Complimentary close
6. Signature

--Day 2 ပြီး၏။--

ကျစ်လစ်ခိုင်မာတဲ့ Syllabus ကို Interactive System နဲ့ သင်ပေး သင်ယူနေတယ်လို့ နားလည်ခဲ့ပါတယ်။
(ရှင်းလင်းချက်တွေကို English ဘာသာဖြင့် မရေးပြနိုင်ခြင်းအား သည်းခံပါရန်)

ဆက်ရန်

10 comments:

ဇနိ said...

ဗဟုသုတရပါတယ်.. ကျနော်လည်း အဲသလိုအတန်းတွေ တက်ချင်သေးတယ်
း)
အင်္ဂလိပ်စကားကို ကောင်းကောင်မပြောတတ်လို့ပါ။
**
ကလေးကတည်းက သင်လာတဲ့ အင်္ဂလိပ်စာက ကျောင်းမှာလည်း ကျောင်းစာအုပ်ဖတ်ယုံပဲ ရှိခဲ့တယ်.. အင်္ဂလိပ်စာအုပ်တွေ ဖတ်ပေမယ့် - အပြောတွေလည်း ပါမလာခဲ့ဘူး။ အခု ဒီနိုင်ငံရောက်တော့လည်း အင်္ဂလိပ်လိုက ယောင်လို့တောင် မပြောမိဘူး။ နှုတ်အကျင့်မရှိတော့ အပြောလည်း မရဲဘူး။

ဆက်ပါဦး ဖတ်ပါဦးမယ်

မီယာ said...

မြန်မာလိုရေးထားတာ အသေးစိတ် ရှင်းပြထားသလိုပဲမို့ ပိုကြိုက်ပါတယ်။ ကိုယ်လည်း အဲ့လိုမျိုး သင်ယူချင်လိုက်တာ။ အားကျတယ်။

tg.nwai said...

စိတ်ဝင်စားဖို့ကောင်းတယ် သီတာရေ..သီတာနဲ့အတူ လိုက်တက်နေရသလိုပဲ...လူတွေရဲ့ ပုံစံအမျိုးမျိုးပါ သိခွင့်ရတာပေါ့နော်.. ဟိုအမျိုးသမီးကလည်း သူ့ယောကျာင်္းစိတ်ကြိုက် နေရတဲ့ပုံပဲ..အဲဒီလိုမျိုး favorite colour ရွေးလိမ့်မယ်မထင်မိဘူး.. ကောင်း၏။ ဆက်ပြောဦးနော်.. နားထောင်နေတယ်..

မဇနိ said...

အမနဲ့တူတူ သင်တန်းလိုက်တက်နေတာ။ မေးခွန်းတွေလည်း ဖြေကြည့်သွားတယ်။ ကျေးဇူးပါနော်။

Republic said...

ဗဟုသုတရပီး စိတ်ဝင်စားဖို့ကောင်းတယ်ဗျာ၊၊

SDL said...

မသီတာ..
day 1 နဲ့ 2 ကို တစ်ထိုင်တည်းဖတ်သွားတယ်...။
နောက်ရက်တွေလည်းစောင့်ဖတ်နေမယ်..။

Craton said...

ဟုတ်တယ်.. မေးခွန်းလေးတွေက Simple Qတွေပေမယ့် သေချာဖြေရင်တော့ အများကြီးထွက်လာမှာ။ ပျော်ဖို့လည်းကောင်းမှာနော် အန်တီတာ။း)

ဒါနဲ့ သားမေးတာလည်းမဖြေပေးသေးဘူး။း(

သက်ဝေ said...

Very interesting Ma Thida...
I am waiting for your Day 3...

ဟီးဟီး...
Comment ကို အင်္ဂလိပ်လို ရေးကြည့်တာ...

သင်းနွယ်ဇင် said...

သူတို့ရဲ့သင်ပုံသင်နည်းလေးတွေက လက်တွေ့နဲ့လေ့ကျင့်မူ့ပိုများတယ်နော်

Yu Wa Yi said...

ကျောင်းသူကြီးပြန်ဖြစ်နေသော မမသီတာ...