ယေ ဓမ္မာ ဟေတုပ္ပဘဝါ, တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။
အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကုန်၏။ ထိုအကြောင်းတရားတို့ကို လည်းကောင်း, ထိုတရားတို့ ချုပ်ခြင်းကို လည်းကောင်း တထာဂတသည် ဟောတော်မူ၏။ ရဟန်းမြတ်သည် ဤသို့အယူရှိ၏။
ဗုဒ္ဓ၏ လက်ယာတော်ရံမထေရ် ဖြစ်လာမည့် အရှင်သာရိပုတ္တရာပရိဗိုဇ်အား ပဉ္စဝဂီငါးပါးအနက်မှ တစ်ပါးဖြစ်သော အရှင်အဿဇိမထေရ် အကျဉ်းဟောကြားသော ဂါထာဖြစ်သည်။ အကြောင်းကိုမှီ၍ဖြစ်သော (ဟေတုပ္ပဘဝါ) တရားများဟူသည်မှာ ခန္ဓာငါးပါးကို ဆိုလိုသည်။ တစ်နည်းလည်း ဒုက္ခသစ္စာကိုဆိုလိုသည်။ ယင်းခန္ဓာငါးပါး၏ အကြောင်းတရားသည် ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာဖြစ်၏။ ဒုက္ခ၏အကြောင်းနှင့် ဒုက္ခတို့ ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာဖြစ်သည်။ ထိုကြောင့် ထိုဂါထာလေးသည် ဒုက္ခ, သမုဒယ, နိရောဓတို့ကို ဟောကြားခြင်းဖြစ်သည်။ နောက်ဆုံး မဂ္ဂသစ္စာအား တိုက်ရိုက် ဟောမထားသော်လည်း၊ သစ္စာလေးပါးတို့သည် တပြိုင်နက်တည်းသိသော (ဧကပဋိဝေဓ) သဘောရှိ၍ အရိယသစ္စာလေးပါးလုံးအား ဟောကြားသော ဒေသနာဟု ဆိုနိုင်သည်။
“ယော, ဘိက္ခဝေ, ဒုက္ခံ ပဿတိ, ဒုက္ခသမုဒယမ္ပိ သော ပဿတိ, ဒုက္ခနိရောဓမ္ပိ ပဿတိ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒမ္ပိ ပဿတိ။ … ”
ရဟန်းတို့ … အကြင်သူသည် ဒုက္ခကို မြင်၏။ ထိုသူသည် ဒုက္ခဖြစ်ခြင်းကိုလည်း မြင်သည်။ ဒုက္ခချုပ်ခြင်းကိုလည်း မြင်သည်။ ဒုက္ခချုပ်ခြင်းသို့ ရောက်သောအကျင့်ကိုလည်း မြင်သည်။ …
ဒုက္ခသစ္စာမြင်သူသည် သမုဒယ, နိရောဓ, မဂ္ဂသစ္စာတို့လည်း တပြိုင်နက်မြင်သည်။ ထို့အတူ သမုဒယကိုမြင်သူသည် ဒုက္ခ, နိရောဓ, မဂ္ဂသစ္စာတို့ကိုလည်း မြင်သည်။ သစ္စာတစ်ပါးကို မြင်လျှင် ကျန်သစ္စာသုံးပါးအား တပြိုင်နက် မြင်သည်။ ထို့ကြောင့် ဒုက္ခသစ္စာဟူသော ဥပါဒါနက္ခန္ဓာငါးပါးအား ထိုးထွင်းသိမြင်ခြင်းသည် သစ္စာလေးပါးလုံးအား သိမြင်ခြင်းပင် ဖြစ်သည်။
သစ္စာလေးပါးအား မသိမြင်သော ပုထုဇဉ်သည် ဥပါဒါနက္ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ, ငါ့အတ္တ” ဟုရှုမြင်သည်။ တိုင်၌ချည်ထားသော ခွေးသည် တိုင်ကိုသာပတ်၍ ရပ်ခြင်း, ထိုင်ခြင်း, ပြေးခြင်းပြုသကဲ့သို့ ပုထုဇဉ်သည် ဥပါဒါနက္ခန္ဓာငါးကိုသာ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ရစ်ပတ်လှည့်လည်ကာ မလွန်မြောက်နိုင်ပဲ ရှိသည်။ အချို့က ဘဝကို ကပ်ငြိသောအမြင်ဖြင့် ဘဝတွင် ပုန်းအောင်းကြသည် (သြလီယန္တိ)။ အချို့က ဘဝကိုစက်ဆုတ်သော အမြင်ဖြင့် ဘဝကို လွန်ပြေးကြသည် (အတိဓာဝန္တိ)။ တိုင်မှ မလွတ်နိုင်ပဲ တိုင်ကိုသာ ပတ်ပြေးနေရသော ခွေးကဲ့သို့ ပုထုဇဉ်သည် ဘဝမှ မလွတ်နိုင်ပဲ ဘဝတွင် ပုန်းအောင်း၍ဖြစ်စေ, ဘဝကို လွန်ပြေး၍ဖြစ်စေ အစွန်းတစ်ဖက်ဖက်သို့ ရောက်နေကြသည်။ ဤသည်ကိုပင် ဓမ္မစကြာဒေသနာတွင် အစွန်းတရား (အန္တာ) နှစ်ပါး ဟုဟောကြားခဲ့သည်။
ဒွေ မေ, ဘိက္ခဝေ, အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။ ကတမေ ဒွေ?
ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တသံဟိတော၊
ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္တသံဟိတော။
ရဟန်းတို့… အိမ်ယာစွန့်ခွာ ရဟန်းပြုလာသူတို့ မမှီဝဲအပ်သော အစွန်းတရား နှစ်ပါးရှိ၏။ အဘယ် နှစ်ပါးတို့နည်း။
(၁) ယုတ်ညံ့၍ အိမ်ယာထူထောင်သူ လူများစုတို့၏ အလေ့အကျင့်သာဖြစ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘ကာမချမ်းသာကိုလိုက်စားခြင်း’ (ကာမသုခလ္လိကာနုယောဂ)
(၂) ကိုယ်စိတ်ဆင်းရဲခြင်းကိုဖြစ်စေတတ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘မိမိကိုမိမိ ပင်ပန်းဆင်းရဲအောင် အားထုတ်ခြင်း’ (အတ္တကိလမထာနုယောဂ) နှစ်ပါးတို့တည်း။
ဤတွင် လူအများစုတို့သည် ဘဝတွင် ပုန်းအောင်းနေသူများ ဖြစ်ကြသည်။ ကာမဂုဏ်ချမ်းသာတွင် နစ်မျောကာ ကာမဂုဏ်အာရုံများနောက် လိုက်စားပျော်မွေ့နေကြသည်။ ကာမသုခလ္လိကာနုယောဂ (ကာမသုခ+ လိက - ကပ်ငြိသော + အနုယောဂ - အားထုတ်ခြင်း) အစွန်းဟုခေါ်သည်။ အချို့ကား ဘဝကို စက်ဆုတ်, ရှက်ရွံ့သည်ဖြစ်၍ လွန်ပြေးသူများ ဖြစ်သည်။ ထိုသူတို့သည် မိမိကိုယ် မိမိနှိပ်စက် ညှဉ်းပန်း, ပင်ပန်းဆင်းရဲအောင် ကျင့်ကြံ၍ ဘဝကင်းပြတ်မှုကို ရှာဖွေကြသည်။ အတ္တကိလမထာနုယောဂ (အတ္တ- မိမိ + ကိလမထ - ပင်ပန်းခြင်း + အနုယောဂ - အားထုတ်ခြင်း) အစွန်းဟုခေါ်သည်။ ထိုအစွန်းတရားနှစ်ပါးတို့သို့ မကပ်သော အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) သည် အင်္ဂါ အစိတ်အပိုင်း ရှစ်ပါးပါဝင်သော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ = အဋ္ဌ-ရှစ် + အင်္ဂ-အစိတ်အပိုင်း + ဣက - ရှိသော + မဂ္ဂ - လမ်း) ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်သောအကျင့်လမ်း (ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ) မဂ္ဂသစ္စာပင် ဖြစ်သည်။
(၄) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ရဟန်းတို့… ဤကား ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (ဆင်းရဲချုပ်ခြင်းသို့ရောက်သော အကျင့်လမ်း ဟူသည့် အရိယာတို့သိအပ်သော အမှန်တရား- မဂ္ဂသစ္စာ) တည်း။ ဤသည်တို့ကား -
၁။ သမ္မာဒိဋ္ဌိ (မှန်ကန်စွာ သိမြင်ခြင်း)
၂။ သမ္မာသင်္ကပ္ပ (မှန်ကန်စွာ ကြံစည်ခြင်း)
၃။ သမ္မာဝါစာ (မှန်ကန်စွာ ပြောဆိုခြင်း)
၄။ သမ္မာကမ္မန္တ (မှန်ကန်စွာ ပြုမူခြင်း)
၅။ သမ္မာအာဇီ၀ (မှန်ကန်စွာ အသက်မွေခြင်း)
၆။ သမ္မာဝါယာမ (မှန်ကန်စွာ အားထုတ်ခြင်း)
၇။ သမ္မာသတိ (မှန်ကန်စွာ အောက်မေ့ခြင်း)
၈။ သမ္မာသမာဓိ (မှန်ကန်စွာ တည်ကြည်ခြင်း) ဟူသောအင်္ဂါရှစ်ပါးရှိသော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ) ဖြစ်သည်။
သစ္စာလေးပါးအား ဉာဏ်သုံးပါး, အပြန်သုံးပြန်အားဖြင့် (တိပရိဝဋ္ဋ) သိမြင်ပုံကို ဓမ္မစကြာဒေသနာတွင် ဟောကြားထားသည်။ ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာ၊ တဏှာသည် ဒုက္ခဖြစ်ခြင်း သမုဒယသစ္စာ၊ တဏှာချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ငြိမ်းခြင်း နိရောဓသစ္စာ၊ မဂ္ဂင်ရှစ်ပါးသည် ဒုက္ခချုပ်ခြင်းသို့ရောက်သော အကျင့်လမ်း မဂ္ဂသစ္စာဟု သိခြင်းသည် သစ္စာသိမြင်သော သစ္စဉာဏ် ဖြစ်သည်။
ဥပါဒါနက္ခန္ဓာငါးပါးသည် ပိုင်းခြား၍ သိရမည့်တရား (ပရိညေယျ)၊ တဏှာ (နှင့်တကွသော ကိလေသာတို့)သည် ပယ်သတ်ရမည့်တရား (ပဟာတဗ္ဗ)၊ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့်တရား (သစ္စိကာတဗ္ဗ)၊ မဂ္ဂင်ရှစ်ပါးသည် ကျင့်ကြံပွားများရမည့်တရား (ဘာဝေတဗ္ဗ)ဟု “သိ-ပယ်-ဆိုက်-ပွား” ကိစ္စတာဝန် လေးရပ်နှင့် တွဲဖက် သိမြင်ခြင်းသည် ကိစ္စဉာဏ်ဖြစ်သည်။
ပိုင်းခြားသိရမည့် တရားတို့အား သိပြီးပြီ၊ ပယ်သတ်ရမည့် တရားများအား ပယ်သတ်ပြီးပြီ၊ မျက်မှောက်ပြုရမည့် တရားများအား မျက်မှောက်ပြုပြီးပြီ၊ ပွားများရမည့် တရားများအား ပွားများပြီးဟု သိမြင်ခြင်းသည် ကတဉာဏ်ဖြစ်သည်။ ဤသို့ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟူသောအပြန်သုံးပါးဖြင့် သစ္စာလေးပါးအား အခြင်းရာ ၁၂-ပါး ( ၄ x ၃ = ၁၂ ဒွါရသကာရ) ဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိပြီးမှသာ ဘုရားအဖြစ်ကို ဝန်ခံကြောင်း မိန့်ကြားသည်။
စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပဝတ္တနသုတ်
၂။ ဝိနည်းမဟာဝါ-၆၀၊ သာရိပုတ္တမောဂ္ဂလာနပဗ္ဗဇကထာ
၃။ သံ-၅-၁၁၀၀-သစ္စသံယုတ်၊ ကောဋိဂါမဝဂ်၊ ဂဝမ္ပတိသုတ်
၄။ သံ-၃-၉၉-ခန္ဓသံယုတ်၊ ပုပ္ဖဝဂ်၊ ဂဒ္ဒူလဗဒ္ဓသုတ်
၅။ ဣတိဝုတ္တက-၄၉၊ ဒုကနိပါတ်-ဒုတိယဝဂ်-ဒိဋ္ဌိဂတသုတ်